Sunday, October 20, 2013

ဆ…ဆရာကြီး…စပ်ဖြီးဖြီး


ဆ…ဆရာကြီး…စပ်ဖြီးဖြီး
ဝေမိုးနိုင်(မုံရွာ)
ယခုတော့ ကျွန်တော်သည် ဆရာတစ်ယောက်၏ ပီတိအဟုန်ဖြင့် ရင်ခုန်နေသော နှလုံးသားအစုံကြောင့် လှုပ်ရှားနေသည့် စိတ်တို့ကို တည်ငြိမ်နိုင်အောင် ထိန်းသိမ်းနေရပါပြီ။
သို့ပေမယ့် သူတို့၏ ရင်းနှီးချစ်ခင်ဟန် အမူအရာလေးများက  ကျွန်တော့်နှလုံးသားကို နွေးထွေးစေသည်။
**ဆရာကြီး လာပြီဟေ့**
**မင်္ဂလာပါ ဆရာကြီး၊ ကြိုဆိုပါတယ် ဆရာကြီး** ဟူသော နှုတ်ခွန်းဆက်စကားတို့သည် မိမိကိုယ်တိုင် ရွတ်ဆိုခဲ့ဖူးရုံသာမက အကြိမ်ကြိမ်အဖန်ဖန် နားထောင်ခဲ့ရဖူးသဖြင့် နားရည်ဝနေပြီဖြစ်သော်လည်း ယခုတစ်ခါမှာတော့ နားဝင်ချိုမြိန်လွန်းနေသည်မှာ သေချာလှသည်။
မျက်တောင်တစ်ချက်မျှ ခတ်လိုကြဟန်မရှိဘဲ တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေကြပုံမှာ ဆရာသစ်မို့ စူးစမ်းဟန်အပြည့် ရှိလေသည်။ ရုပ်လှလှ၊ ရုပ်ဆိုးဆိုး၊ အရပ်ပုပု၊ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ အသားမည်းမည်း၊ ခပ်ပိန်ပိန်၊ ခပ်၀၀၊ သန့်သန့်ပြန့်ပြန့် ၊ နွမ်းနွမ်းဖတ်ဖတ် အစရှိသဖြင့် မတူကွဲပြားသော သွင်ပြင်များ ကိုယ်စီကိုယ်စီ ရှိကြသော်လည်း ကလေးအားလုံး၏ မျက်နှာများ၌   တစ်ထပ်တည်းကျ တူညီနေသည်မှာ အဖြူရောင်မျက်နှာစာများ ကျန်ရှိနေသေးကြောင်းပင် ဖြစ်သည်။ နည်းပညာများ အဆမတန် ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာကြီးသည်   ရှေ့သို့ ပြေးနိုင်သမျှ ဒရောသောပါးပြေးနေသည်နှင့်အမျှ၊ လူတွေ တစ်စ တစ်စ ပိုရွေ့  ပိုရွေ့  တရားမဲ့လာကြသည်နှင့်အမျှ ကလေးများ၏ အဖြူရောင်နှလုံးသားများအပေါ် အရောင်ဆိုးခြင်းသည် ပိုမိုလွယ်ကူလာလျက်ရှိလေသည်။ လူကြီးများ၏ အရောင်ဆိုးနိုင်မှုစွမ်းရည် မြင့်မားလာသလို၊  ကလေးများ၏ အဖြူရောင် မျက်နှာစာ၌   စွန်းထင်းပေကျံနိုင်သော အရာဝတ္ထုများလည်း ပေါများလာသဖြင့် အဖြူရောင်သည် ကလေးတို့၏ စိတ်သန္တာန်၌  ရာခိုင်နှုန်းအနည်းငယ်မျှသာ ကျန်ရှိတော့ကြောင်း ၄င်းတို့၏ မျက်နှာသွင်ပြင်များကို ကြည့်ရုံနှင့် မှန်းဆနိုင်လေသည်။  သို့ဖြစ်ရွေ့ သူတို့၏ ဘ၀လေးများအပေါ် ကရုဏာသက်နေသဖြင့်  နူးညံ့ပျော့ပျောင်းနေသည့် ကျွန်တော့် အမူအရာကို အဖြူသက်သက်နှလုံးသားများနှင့် အတန်ကြာ အကဲခတ်ပြီးနောက် အထာနပ်သွားကြကာ ၄င်းတို့အပေါ် စွန်းထင်းခဲ့ဖူးသည့် အရောင်များထဲမှ ဟိုအရောင်က ဖြတ်ပြေးသလို၊ ဒီအရောင်က ခပ်ရေးရေးထင်သလို အရိပ်ပေါ်လာကြသည်။
ကျွန်တော်က ၄င်းကို ရိပ်စားမိတော့ သူတို့အပေါ် အပျော့ဆွဲချည်း ဆွဲနေ၍ မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ သူတို့ကလည်း ကျွန်တော့်ကိုင်တွယ်ပုံကို လေ့လာလို၍ထင့်၊ သွေးတိုးစမ်းလာကြသည်။ ပညာစမ်းလာကြသည်။ ကျွန်တော်ကလည်း နားလည်သည်မို့ တစ်နှစ်ပတ်လုံး သူတို့အပေါ် ကိုင်တွယ်သွားမည့် နည်းဗျူဟာကို လမ်းပြမြေပုံဆွဲပြလိုက်တော့ လှုပ်လှုပ်ရှားရှား စာသင်ခန်းကလေး ခေတ္တ  တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထို့ကြောင့် အကြောက်တရားကန့်လန့်ကာနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပလိုက်ရသော ကျွန်တော့်စာသင်ချိန်များအပေါ်  တစ်နှစ်တာလုံး သံသယကင်းရှင်းနိုင်ဖို့ ကျွန်တော်ပြန်လည်ရှင်းလင်းဖြေသိမ့်ပါ၏။  ထိုအခါကျတော့လည်း သဘောပေါက် နားလည်လွယ်၊ အထာနပ်လွယ်သားပင်။ သူတို့၏ အမှားကို ပြန်လည် ဆင်ခြင်နိုင်စွမ်းရှိသကဲ့သို့ ကျွန်တော့်အပေါ်၌ လည်း  အာဏာရှင်ဆန်ဆန် ဖိနှိပ်မည့် ဆရာတစ်ဦးမဟုတ်မှန်း နားလည်သွားကြလေသည်။
သို့သော်လည်း မြေဖြူကိုင်မည့်လက်ဖြင့် တုတ်ကိုင်ခဲ့ရသည့် ဆရာဘ၀ပထမအစကတော့ ကျွန်တော့်ကို နောင်တရပ်ဝန်းအဖြစ် လွှမ်းခြုံကာ အမြဲဆင်ခြင်သတိရနေစေတော့သည်။
++++++++++++++++++++++++++++++++

**ငါ မဟာဝံသဘုန်းကြီးကျောင်းမှာ ခုနစ်တန်း သင်္ချာ(၂)သင်ပေးနေတယ်ကွ** ဟု ဆိုလာသော သူငယ်ချင်းတစ်ယောက်၏ စကားကို တလေးတစားနားထောင်နေမိခြင်း၌  မိမိ၏ အားဖြည့်ပါဝင်လိုမှုများ ထက်သန်နေကြောင်း ကျွန်တော့်ကိုယ်ကျွန်တော် ရိပ်စားမိသည်။ ထို့ကြောင့်ပင် သူငယ်ချင်းအား ၀မ်းသာအားရ အားပေးထောက်ခံခဲ့သလို လိုအပ်လျှင်၊ အကူအညီလိုလျှင် အင်အား ဖြည့်တင်းပေးမည့် အကြောင်း ကမ်းလှမ်းစကားဆိုထားခဲ့သည်။
ထိုမှများမကြာမီမှာပင် သူငယ်ချင်းက သူ့တပည့်များ ကျက်စာပိုင်းတွင်လိုအပ်နေကြောင်း ဖွင့်ဟလာသည်။ ကျွန်တော်က လုပ်ပေးမည့် အကြောင်း၊ အချိန်သာ ညှိပေးစေလိုကြောင်း တောင်းဆိုလိုက်သည်။ ထို့နောက် ကျွန်တော်၊ သူငယ်ချင်းနှင့် မဟာဝံသမှ ပညာရေးတာဝန်ခံဦးဇင်းတို့ သုံးဦးသုံးဖလှယ် ညှိနှိုင်းကြတော့ ဦးဇင်းက ရှစ်တန်းကို အားဖြည့်စေချင်နေသည်။ အစိုးရစစ်စာမေးပွဲ ဖြေရမည်မို့ ရှစ်တန်းကျောင်းသားများအပေါ် ပံ့ပိုးပေးစေချင်သည်ဟု ဆိုသည်။ ကျွန်တော်က အဆင်ပြေကြောင်းပြောတော့ ဦးဇင်းက စာသင်ချိန်များ စီစဉ်ညှိနှိုင်းပေးတော့သည်။
သည်လိုနှင့် သူတို့ထံ ကျွန်တော် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်၏ ပထမဆုံးသော တပည့်ရင်းချာများ ဖြစ်လာကြမည့် သူတို့နှင့် မတွေ့မီ ကျွန်တော့်ရင်သည် တဒိတ်ဒိတ်ခုန်ခဲ့သည်။ တလှပ်လှပ်တုန်ခဲ့သည်။ တကယ်တော့ စာသင်ကြားခြင်းသည် ကျွန်တော်နှင့် စိမ်းသော အတွေ့အကြုံတစ်ရပ်တော့ မဟုတ်ချေ။  တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသကဲ့သို့  ထိစပ်နီးကပ်ဆုံးသော ပတ်ဝန်းကျင်အရ ငယ်စဉ်ကတည်းကပင် သူတစ်ပါးအား ပညာဖြန့်ဝေရခြင်း၌ ထုံမွေ့ခဲ့သည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးချိန်မှစ၍လည်း ကိုယ်တိုင်ကူညီသင်ကြားခဲ့သည်။ ကိုယ်က ကလေးများအပေါ် စေတနာထားချစ်ခင်သလို ကလေးများကလည်း ကိုယ့်အပေါ် သံယောဇဉ်တွယ်ကြသော်ငြား ကျွန်တော့်စိတ်ထဲ ခံစားမိသည်က  ကျွန်တော့်အဖြစ်သည် မွေးစားတပည့်များနှင့် ကခုန်နေရသည်ဟု။  သို့သော် သူတို့အပေါ် အချစ်မလျော့သလို ရှိရင်းစွဲစေတနာလည်း တစ်ပြားသားမျှ လျော့ကျသွားခြင်း အလျဉ်းမရှိ။  ထို့အတူ တပည့်အရင်းများ  မွေးထုတ်ပေးနိုင်တော့မည့် အဖြစ်ကိုလည်း  ဂုဏ်ယူဝမ်းမြောက်မိပါ၏။  ရင်ခုန်စိတ်လှုပ်ရှားခြင်း ဖြစ်မိပါ၏။  သို့သော် လှိုက်လှဲပျူငှာသော၊ ချစ်စဖွယ်ကောင်းသော အမူအရာလေးများ၊ ကရုဏာသက်စရာဘ၀လေးများအကြား ကျွန်တော့် စိတ်လှုပ်ရှားမှုများ အရည်ပျော်ကာ သူတို့နှင့် တစ်သားတည်း စီးမျော လည်ပတ်သွားခဲ့တော့သည်။
+++++++++++++++++++++++++++++

ကျွန်တော့်တပည့်လေးများမှာ လှလှပပ၊ ချောချောမွေ့မွေ့ ဘ၀များမှ ပေါက်ဖွားလာသူ တစ်ဦးတစ်ယောက်မျှ မပါ။  ခက်ခဲသော၊ ကြမ်းတမ်းသော၊ ရုန်းကန်ရင်ဆိုင်ရသော မိသားစုများမှ လူဖြစ်လာခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့အထဲ ဆိုကားဆရာ၏ သားသမီးပါသည်။ ပန်းရန်ဆရာ၏ သားသမီးပါသည်။ ပျံကျဈေးသည်၏ သားသမီးပါသည်။  အ၀တ်လျှော်သည်၏ သားသမီးပါသည်။  သန့်ရှင်းရေးဝန်ထမ်း၏ သားသမီးပါသည်။  ထို့ကြောင့် သူတို့အပေါ် အချစ်ပိုရသည်။ စေတနာပိုရသည်။ ကရုဏာသက်ရသည်။
သူတို့တွေကလည်း မေတ္တာ ရောင်ပြန်ဟပ်ပါ၏။  သို့ပေမဲ့ တချို့က စာပျင်းသည့် ဥာဉ်ကို ဖျောက်မရ။ စာမသင်ချင်၊ စာမကျက်ချင်၊ စာမေးပွဲမဖြေချင်၊ စာသင်ခန်းထဲကိုပင် မ၀င်ချင်သည့် ကလေးရှိသည်။ ညံ့သည့်ကလေးက အတော်လေး ဆိုးဆိုးဝါးဝါ ညံ့ကြရှာသည်။  ဒါကို သူတို့တစ်ဦးတည်း အပြစ်ဖို့၍မရဟု ကျွန်တော်ထင်သည်။ မိဘ၏ ပညာရေးကို ပံ့ပိုးနိုင်မှုအား၊ ပညာရေးကို အလေးထားမှု၊ ကလေးကို စိတ်လက်ပေါ့ပါးစွာ ပညာသင်ကြားစေနိုင်သော မိသားစုစီးပွားရေးအခြေအနေ စသဖြင့် ခြေရာကောက်လျှင် အဖြေမဟုတ်သည့် အဖြေပေါင်းများစွာကို တွေ့ရလေသည်။
ကြိုးစားသည့် ကလေးကျပြန်တော့ အတော်လေးကြိုးစားပြန်သည်။ သို့သော်လည်း အုတ်ရောရော၊ ကျောက်ရောရောနှင့် စိတ်ရှိသလောက် ခရီးမရောက်။ ထိုကလေးမျိုးကိုကျ ကျွန်တော်တို့က တတ်နိုင်သလောက် သွေးပေးရသည်။ အများထဲမှပင် မသိမသာ ဆွဲထုတ်ပေးရသည်။ အရောင်တင်ပေးရသည်။ သိသိသာသာတော့ လုပ်မရ။ အခြားကလေးများစိတ်ထဲ ခွဲခြားသည်ဟူ၍ သိမ်ငယ်သွားမှာ စိုးရသည်။ ထို့ထက် ဆရာ့အပေါ် မှားယွင်းအထင်လွဲသွားမှာ စိုးရသည်။ တကယ်တော့ ရွက်ပုန်းသီးကလေးများက နည်းသည်။ အများစုက ထုံ့ပိုင်းပိုင်း ဦးနှောက်များ။
ထုံ့ပိုင်းပိုင်းဟု ဆိုရာတွင် ပင်ကိုအရည်အချင်းညံ့ဖျင်းသည်မဟုတ်ဘဲ  အခြေအနေအရပ်ရပ်ကြောင့် ငုပ်သွားခြင်း ဖြစ်သည်။ ထို အခြေအနေအရပ်ရပ်၌  ကိုယ်တိုင်ပျင်းရိခြင်း၊ စိတ်ပါဝင်စားမှုမရှိခြင်း၊ တို့သာမက  သင်ကြားမှုနည်းစနစ်အပိုင်းသည်လည်း ကလေးများ၏ ဦးနှောက်ကို ဖျက်ဆီးသော အဓိကအချက်အနေနှင့် ပါဝင်လေသည်။ ဒါပေး၊ ဒါကျက်၊ ဒါဖြေ နည်းစနစ်မှာ အလိုက်သင့် မျှောပါတတ်သော ကလေးများအတွက်သာ အဆင်ပြေပြီး ဒါပေး၍ ဒါကိုပင် မကျက်ချင်သော ကလေးများအတွက် ကျောင်းစာနှိုက် စိတ်ပါဝင်စားလာစေရန် အားထုတ်ခြင်းမျိုး၌ အရောင်မှိန်နေတတ်သော ပညာရေးလောက၏ အပြစ်အနာအဆာတစ်ရပ်ဟု ကျွန်တော် ထင်မိသည်။
တကယ်တော့ ကလေးများက ဥာဏ်ရည်နိမ့်ပါးသူများ မဟုတ်ကြဘဲ  စာကိုရှောင်ရင်း စာနှင့် ဝေးသွားသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်တော့်မှာ သင်ကြားရာ၌ ပင်ပန်းအခက်တွေ့ရသည်။ သို့ပေမဲ့ သူတို့အတွက်ဟူသည့်စိတ်ဖြင့် အမြဲတစေ အားထုတ်နေဖြစ်သည်။ ကိုင်တွယ်ရသည်မှာတော့ တကယ့်ကို ချော့တစ်ခါ၊ ခြောက်တစ်လှည့်။ များသောအားဖြင့် လေအေးလေးနှင့် ပြုံးပြုံးရွှင်ရွှင် ကြည်ကြည်သာသာ နားသွင်းရပြီး ပြောမရမှ တုတ်ကိုင်ကာခြောက်ရသည်။ တုတ်မကိုင်၍တော့မရ။ ယောက်ျားလေးအတော်များများက တုတ်နှင့်မှ ငြိမ်တတ်သော ကလေးများအဖြစ် အပိုးကျိုးခဲ့ကြရှာသည်။ သည်တော့ ကိုင်ပေးရသည်။ ရိုက်ဖို့အရေးကိုတော့ အတော်လေး ချင့်ချိန်သည်။ အကြောင်းက ရိုက်၍အပြစ်ပေးသည်ထက် နားဝင်အောင် နားသွင်းခြင်းက သင်ကြားရေးတွင် ပို၍အထောက်အကူပြုသည်ဟု ယုံကြည်သောကြောင့်ပင်။
သို့ဖြစ်၍ နားဝင်အောင် ပြောဖို့အရေး သူတို့အပေါ် ထိထိရောက်ရောက် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေနိုင်မည့် စကားလုံးများ ရှာဖွေရသည်။ စုဆောင်းရသည်။ အစီအစဉ်ချရသည်။ ပြီး ကြုံကြိုက်သော တစ်ရက်နှိုက်  မျက်နှာပေးကို စိတ်ပျက်လက်ပျက်ပုံစံသရုပ်ဆောင်ရင်း -
**ဒီမယ် … မင်းတို့ကို ဆရာမေးမယ်။ အခု မင်းတို့ ဒီမှာ စာလာသင်တဲ့အတွက် ဘုန်းဘုန်းကို ပိုက်ဆံတစ်ပြားတစ်ချပ် ပေးစရာလိုသလား**
**မလိုဘူးဗျ**
**ဟုတ်တယ်ဗျ။ စာအုပ်မစုံရင် ၀ယ်တောင်ပေးသေးတယ်ဗျ**
**အေး ဟုတ်ပြီ။ ဆရာတို့ကရော မင်းတို့ကို စာလာသင်ပေးတဲ့အတွက် ငွေရသလား၊ လခရသလား**
**မရဘူးဗျ။ စာမေးပွဲဖြေရင် ဆုတောင်ပေးတာ ပိုက်ဆံကုန်သေးသဗျ**
**အဟေး …အေး  ဟုတ်ပါပြီ။ ဒီတော့ ဆရာမေးချင်တာက  ဦးဇင်းတို့ ဆရာတို့တတွေဟာ မင်းတို့ဆီက ဘာမျှော်ကိုးလို့ မင်းတို့ကို သင်ပေးနေတာလဲ။ သိလား**
**ဘာမှ မမျှော်ကိုးဘူးဗျ၊ စေတနာနဲ့ဗျ**
**မဟုတ်သေးဘူးလေကွာ။ တစ်ခုခုတော့ မျှော်ကိုးမှာပေါ့။ ဒီခေတ်မှာ ဘာမှ မမျှော်ကိုးဘဲနဲ့တော့ ဘာမှ မလုပ်ကြဘူးကွ**
ကလေးများ ခေတ္တ ငြိမ်သွားကြသည်။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်သည်။ ပြီးမှ ကလေးတစ်ယောက်က
**အော်….သိပြီ။ ကုသိုလ်ရချင်လို့ဗျ ဆရာကြီး**
**ဟုတ်ပါပြီ။ ကဲ….အဲဒီတော့ ဆရာတို့ ကုသိုလ်ရဖို့ပဲထားဦး။ မင်းတို့ တကယ်စာတတ်သွားမှ ဆရာတို့ ကုသိုလ်ရမှာပေါ့ မဟုတ်ဘူးလား**
**ဟုတ်တယ်ဗျ**
**ဆရာတို့က မင်းတို့ကို စာတတ်စေချင်တယ်။ စာတော်စေချင်တယ်။ အဓိကကတော့ ဆရာတို့ သင်လိုက်လို့ မင်းတို့ စာတတ်သွားတယ်ဆိုတာပဲ။ အဲဒီလိုဆိုရင် ဆရာတို့ ကုသိုလ်မရချင်နေပါဦး။  ပီတိနဲ့တင် ဆရာတို့ ကျေနပ်တယ်။ ဒီတော့ မင်းတို့ကို ဆရာပြောချင်တာက ဆရာတို့ စာသင်ပြီဆိုရင် ဂရုတစိုက်နားထောင်ပါ။ နားမလည်ရင် ပြန်မေးပါ။ စာကြိုးစားပါ။ ဆရာတို့ ကြိုးကြိုးစားစားသင်ပေးလျက်နဲ့ မင်းတို့ ဂရုမစိုက်ဘူးဆို ……..အဲဒါ  ဆရာတို့ကို စော်ကားနေတာပဲ**
အကုန်လုံးနီးနီးငြိမ်သွားကြသည်။ မျက်လွှာချထားသူတချို့ မျက်လုံးပြန်လှန်ကြည့်လာကြသည်။ သင်ပုန်းကို ငေးနေသူတချို့ ကျွန်တော့်ထံ အကြည့်ဆိုက်လာကြသည်။ ဒီလိုနှင့် ကျွန်တော်သည် သူတို့ကို ကိုင်တွယ်နိုင်မည့် အချက်အား ကောင်းကောင်းသဘောပေါက်သွားကာ ဆက်လက်ကျင့်သုံးတော့၏။ သူတို့ကို ဒီနည်းဖြင့်သာ ကိုင်တွယ်ရအဆင်ပြေ၏။ အကြမ်းပတမ်းသိပ်လုပ် ရွေ့ မရ။ ထို့အတူ ခပ်ပျော့ပျော့လည်း ကိုင်မရ။  အခြေအနေကို မူတည်ပြီး သင့်လျော်သလို ကျင့်ရသည်။ ကျွန်တော့်မှာ အသက်ကိုပင် မပြောရဲ။ သူတို့တွေထဲ နှစ်ကျတွေနှင့်  အသက်(၁၅)နှစ်သားပင် ပါသည်ဖြစ်ရာ သူတို့နှင့် ကျွန်တော် သုံးလေးနှစ်သာ ကွာမှန်းသိလျှင် မလေးမစားဆက်ဆံလာမှာစိုးသဖြင့် အသက်ကိုမေးတော့လည်း ဝေ့လည်ကြောင်ပတ်ဖြင့် ရှောင်ထွက်ခဲ့သည်။ သူတို့ကလည်း ကျွန်တော့်ကို နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်ဟုထင်သည်ဖြစ်ရာ ကျွန်တော့်အဖို့ ဟိတ်၊ ဟန်နှင့် ဆက်လက် သင်ကြားနိုင်ခဲ့သည်။
စာသင်ရာတွင် အတတ်နိုင်ဆုံး အားလုံးနားလည်နိုင်အောင် ရှင်းပြသည်။ ပြီး နားမလည်သည်ကို ပြန်မေးနိုင်ဖို့ အချိန်ပေးသည်။ တစ်ခေါက် သူတို့ကို ပြန်မေးသည်။ ပြီးတော့မှ အိမ်စာပေးလိုက်သည်။ တစ်ယောက်နှင့် တစ်ယောက် ကူးမချရ။ အတူတူထိုင်ပြီး အမှားတူလျှင် ထိုင်ထလုပ်ခိုင်းသည်။  ဤနည်းဖြင့်  ကျွန်တော် စာသင်စက Sentence တစ်ကြောင်းပင် မတည်ဆောက်တတ်သူတို့  Subject, Verb, Object စသဖြင့် နားလည်လာသည်။ Adverb ကိုဘယ်လိုထည့်ရမလဲ နားလည်လာသည်။ အချိန်ကို ဘယ်နေရာမှာထည့်ရမည်၊ နေရာကို ဘယ်နေရာမှာ ထည့်ရမည် အစရှိသဖြင့် ရေလည်လာသည်။ ကျွန်တော်ကလည်း သမိုင်းစာတစ်ပုဒ်ဘယ်လိုကျက်ရမလဲ၊ ဘယ်လိုကျက်ရင် ပိုမှတ်မိနိုင်မလဲ လမ်းကြောင်းပေးရသည်။ စာစီစာကုံးရေးခိုင်းပြီး အတွေးကွန်ယက်ဖြန့်ကျက်စေရသည်။  အကျွန့်မေမေစာစီစာကုံးရေးခိုင်းတော့ **ကျွန်တော့်အမေ၏ ၀ါသနာမှာ ချဲထိုးခြင်းဖြစ်ပါသည်**ဆိုတာမျိုးကို အမှန်အတိုင်းဆိုပေမဲ့ ဥပဒေနှင့် မလွတ်ကင်းသည့် အကြောင်းအရာမို့ ထည့်မရေးသင့်ကြောင်း ညွှန်ပြရသည်။ ကျောင်းစာနှင့် ပတ်သတ်ရွေ့ ဗဟုသုတအကြောင်းအရာများ နားသွင်းပေးရသည်။ စာမေးပွဲတွေစစ်ပေးသည်။ အမှတ်များသူတွေကို ဆုပေးသည်။ အောင်မှတ်မရသူကို ထိုင်ထလုပ်ခိုင်းကာ အပြစ်ပေးရသည်။ တုတ်ကို ကိုင်သာကိုင်ပြီး တကယ်တမ်းအသုံးမချဖြစ်တော့။ ဒီလိုနှင့် သူတို့တွေ အတန်အသင့် စာကြိုးစားလာ၊ ဂရုစိုက်လာတော့ ကျွန်တော် ပီတိဖြစ်ရသည်။ ကြည်နူးရသည်။ သူတို့နှင့် ကျွန်တော် အပြန်အလှန်ယုံကြည်မှုလေးတစ်ခု တည်ဆောက်လာနိုင်သည်။ သူတို့က ဘာသာရပ်အသီးသီးကို သက်ဆိုင်ရာဆရာများထံမှ သင်ယူလာသည်များကို ကျွန်တော်က ထိန်းကွပ်ပေးရသည်။ ချွန်းအုပ်ပေးရသည်။ အချောကိုင်မွမ်းမံပေးရသည်။ ကျွမ်းကျင်အောင် သွေးပေးရသည်။ ထို့အတွက် သူတို့က ကျွန်တော့်ကို ယုံကြည်အားကိုးသလို ကျွန်တော်ကလည်း သူတို့ ကျွန်တော့်အား ကြည်နူးပီတိဖြစ်စေခြင်းငှာ ပြန်လည်ပေးဆပ်မည်ဟု ယုံကြည်စိတ်ချလေသည်။ ဒီလိုနှင့် ကျွန်တော်တို့ စာသင်ခန်းလေး နွေးထွေးခဲ့သည်။
ကျွန်တော်နှင့် သူတို့ တစ်သားတည်း ထပ်တူကျသွားကြောင်းကို သိလိုက်ရသည့်နေ့က ကျွန်တော့်ကိုယ်ကျွန်တော် အံ့သြသွားခဲ့သည်။ ပုံမှန်အားဖြင့် ကျွန်တော်က သူတစ်ပါးကို ရွံတတ်လေ့ရှိသည်။ သူတစ်ပါးသောက်ပြီးသား ရေခွက်ကိုသောက်ဖို့ မ၀ံ့မရဲဖြစ်တတ်သလို အခြားသူများနှင့် ဇွန်းတစ်ဇွန်းတည်း စားသောက်ရန်လည်း ၀န်လေးတတ်သည်။ တခြားသူမဆိုထားနှင့်၊ ကျွန်တော့်မိခင်နှင့်ပင် သူစားပြီးသော ဇွန်းကို ကျွန်တော် ကောက်မကိုင်တတ်။ သို့ပါလျက် ထိုနေ့က ကလေးတစ်ယောက် ခပ်ပေးလာသော ရေခွက်ကို အားပါးတရ သောက်ခဲ့မိသည်။ ထိုရေခွက်သည် ဘုန်းကြီးကျောင်းဝင်းအတွင်း မုန့်လာရောင်းသော ဈေးသည်ကြီးထံမှ ယူလာခြင်းဖြစ်သည်။ ထိုခွက်နှင့် ခုနစ်တန်းမှ ဆယ်တန်းအထိ ကျောင်းသားကျောင်းသူများ၊ ကိုရင်လေးများ၊ ဦးဇင်းများ လူပေါင်းစုံသောက်သုံးလေ့ရှိသည်ကို သိသိနှင့် ကျွန်တော် သောက်ဖြစ်ခဲ့သည်။ အိမ်ရောက်မှ ပြန်တွေးဖြစ်တော့ ကျွန်တော့်ကိုယ် ကျွန်တော် အံ့သြမဆုံး။
သူငယ်ချင်းတစ်ယောက်ကတော့ **အဲဒါ မင်း ကလေးတွေအပေါ် ထားတဲ့စေတနာကြောင့်** ဟုဆိုသည်။ တစ်ယောက်ကတော့ **အဲဒါ ဆရာစိတ်ပဲကွ** ဟုထောက်ပြသည်။ မည်သို့ဆိုစေ…. သူတို့နှင့် ကျွန်တော်အကြား သံယောဇဉ်ကြိုးတစ်မျှင် ရစ်ပတ်နှောင်ဖွဲ့နေတာကတော့ သေချာလှသည်။
တကယ်တော့ ကျွန်တော်သည် ဆရာတစ်ယောက်ဖြစ်နိုင်ရန် ပြည့်ဝသော အရည်အချင်းများ မရှိပါ။ သူတို့၏ သင်ခန်းစာများကို ကျေလည်ရုံမျှသာရှိပါသည်။ သို့ပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိပါသည်။ ဆရာတစ်ယောက်၏ အဓိက အရည်အချင်းမှာ  ပညာတွေအများကြီးတတ်နေဖို့သာမဟုတ်ဘဲ သင်ခန်းစာကို ကလေးများ နားလည်သဘောပေါက်အောင် ရှင်းလင်းသင်ကြားနိုင်ဖို့လည်းဖြစ်သည်ဟု ကျွန်တော်ခံယူသည်။ ဤသည်မှာ ကျွန်တော်နှင့် အနီးကပ်ဆုံးသော သွေးသားရင်းချာထံမှ ရရှိခဲ့သည့် ခံယူချက်အမွေပင်ဖြစ်သည်။ ထို့ကြောင့် အများသတ်မှတ်သည့် ဆရာစံနှုန်းများနှင့် တိုင်းတာကြည့်လျှင် အံချော်နေမည် ဖြစ်ငြားလည်း ကျွန်တော့်စံနှုန်းအရနှင့် ကလေးများ၏ ခံစားချက်အရ ကျွန်တော်သည် သူတို့၏ စိတ်သန္တာန်၌  ဆရာတစ်ဦးအဖြစ် ပီပီပြင်ပြင် ကြည်လင်ပြတ်သားနေမည်ဟု ယုံကြည်နေမိပါတော့သည်။

ဝေမိုးနိုင်(မုံရွာ)

1 comment:

  1. အသက်နှစ်ဆယ်ကျော်၊ သုံးဆယ်ဟန်ဆောင်ပြီး စေတနာနဲ့ ပညာဒါနပြုနေတဲ့ စာရေးဆရာတစ်ယောက်ကို မျက်စိထဲ မြင်ယောင်မိပါတယ်။ ကိုယ်သိသမျှ၊ ကျေညက်သလောက်ကို စေတနာအပြည့်နဲ့ သင်ပေးနေသမျှဟာ ဆရာတစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေထဲက တစ်ခုပါ။ ယုံကြည်ထားတဲ့အတိုင်း ကလေးတွေ တစ်ထပ်တည်း တွေးနေမှာပါ။ Good deed! Sar Du x 3.

    ReplyDelete