Saturday, July 6, 2013

ဆဲဗင်းဂျူလိုင် (၅၁)နှစ်အလွန် ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားထုကို ဦးထိန်းပဲ့ပြင်ရေး

ဆဲဗင်းဂျူလိုင် (၅၁)နှစ်အလွန် ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားထုကို ဦးထိန်းပဲ့ပြင်ရေး



ဆဲဗင်းဂျူလိုင် ၅၁ နှစ်ပြည့်

ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၅၁)နှစ် ပြည့်မြောက်ပြီ။

၁၉၆၂ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းဦးစီးသော စစ်တပ်သည် တော်လှန်ရေးကောင်စီဟု အမည်ခံလျက် ဖက်ဒရယ်မူကို အဓိပ္ပါယ်တလွဲ တံဆိပ်ကပ်ကာ နိုင်ငံတော် ချောက်ထဲကျရန် လက်တစ်လုံးအလိုတွင် ကယ်တင်လိုက် ရပါသည်ဟူသော အကြောင်းပြချက်နှင့် တိုင်းပြည်ကို အာဏာသိမ်းခဲ့သည်။ ထို့နောက် ယင်းတို့၏ အာဏာတည်တံ့စေရေးအတွက် တက္ကသိုလ်ကျောင်းသားများကို ဦးချိုးထားရမည်ကို သဘောပေါက်သည့် စစ်အာဏာရှင်များကား တက္ကသိုလ်ကျောင်းသားကျောင်းသူများအပေါ် ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများ စတင် ပြုလုပ်လာခဲ့တော့သည်။ စေတနာမှန်သော ရည်ရွယ်လိုရင်းစွဲမရှိပါဘဲလျက် တက္ကသိုလ်ကျောင်းသားများ အပေါ် တရားမဲ့စွာ ပြဋ္ဌာန်းလာသော စည်းမျဉ်းစည်းကမ်းများကို လက်မခံနိုင်သည့် ကျောင်းသားများကား ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့မှ စတင်ပြီး ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ကျောင်းသားများသည် မိမိတို့ နေချင်သလို မနေရသဖြင့် တော်လှန်ရေးကောင်စီမှ ပြဋ္ဌာန်းလာသော ကျောင်းဆောင်စည်းမျဉ်း စည်းကမ်းများအပေါ် ဆန့်ကျင်ကြခြင်းမဟုတ်။ ကျောင်းသားများ၏ ခံယူချက်ကား စည်းမျဉ်းစည်းကမ်းဟူသည် လိုက်နာရမည့်သူများ၏ ဘ၀နှင့် စပ်ဟပ်မိပြီး ယင်းတို့ကိုယ်တိုင် အသိဥာဏ်နှင့် ဆင်ခြင်စဉ်းစားကာ လိုလိုလားလား လိုက်နာလိုသည့် စည်းကမ်းများဖြစ်စေချင်ကြသည်။ သို့ဖြစ်ရာ ကျောင်းသားကျောင်းသူများနှင့် ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ်ချုပ်ချယ်လာသည့် စည်းကမ်းများကို ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။  သို့သော်လည်း မိမိတို့အာဏာတည်မြဲရေးအတွက် မည်သည်ကိုမဆို ထောက်ထားငဲ့ညှာရန် စိတ်ကူးမရှိသည့် အာဏာရှိအကြမ်းဖက်သမားတို့၏ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် အရေးတော်ပုံ အောင်မြင်မှုမရခဲ့ဘဲ ပြည့်ရင်သွေးများစွာ အသက်ပေးခဲ့ရသည်။ ပြည့်သား ကောင်းများစွာတို့၏ အချိန်နာရီ နှစ်ကာလများကို အဓမ္မ ခိုးယူခြင်းခံခဲ့ရသည်။ ကျောင်းသားများ၏ နှလုံးအိမ်ဖြစ်သည့် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ဇူလိုင်လ(၈)ရက်တွင် ဒိုင်းနမိုက်ဖြင့် မိုက်ကန်းစွာ ဖြိုခွဲခြင်းခံခဲ့ရသည်။ ကျောင်းသားသမဂ္ဂများလည်း တရားဝင်ဖွဲ့စည်းခွင့် မရရှိခဲ့တော့ပေ။ ပညာရေးစနစ်သည်လည်း အဆက်ဆက်အာဏာရယူခဲ့သည့် တစ်ပါတီအာဏာရှင်၊ စစ်အာဏာရှင်များ၏ စနစ်တကျ ဖျက်ဆီးခဲ့မှုတို့အောက်တွင် ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ရလေတော့သည်။