Friday, May 31, 2013

ကောင်မလေး…ညည်းဖတ်ဖို့ ငါရေးလိုက်တယ်

ကောင်မလေး……ညည်းဖတ်ဖို့ ငါရေးလိုက်တယ် ( ပိုးဟေသီကို အသက်နှစ်နှစ်ပြည့်မွေးနေ့ အမှတ်တရကဗျာ )



ဟဲ့ ....ကောင်မလေး
ညည်းနဲ့ငါ အသက် ( ၁၆) နှစ်လောက် ကွာတယ်
အဲဒါ ညည်းသိရဲ့လား။

ဟဲ့……….ကောင်မလေး
ညည်း လူ့လောကထဲ ရောက်ဖို့
ညည်းအမေဟာ သေမင်းနဲ့ အသေအကြေစစ်ခင်းခဲ့ရတာ
သချိုင်းကုန်းမှာ စရန်တစ်ဝက် ကြိုပေးခဲ့ရတာ
အဲဒါညည်းသိရဲ့လား။

ဟဲ့……..ကောင်မလေး
ညည်း လူ့လောကထဲ ရောက်တဲ့ သတင်းကြားကြားချင်း
ညည်းအဖေဟာ တစ်ကမ်ဘာလုံး သူ့လက်ထဲ ရောက်လာတဲ့အလား
ရင်ခုန်လှိုက်မောသွားခဲ့ရတာ
အဲဒါ ညည်းသိရဲ့လား။

ဟဲ့…………..ကောင်မလေး
ညည်းမွေးလာပြီဆိုတာနဲ့
ညည်းအဖေနဲ့အမေဟာ ညည်းရှေ့ရေးအတွက်
မိုင်ထောင်ချီအဝေးခရီးကို  ကြိုမျှော်တွေးခဲ့ကြတာ
အဲဒါ ညည်းသိရဲ့လား။

ဟဲ့………..ကောင်မလေး
ညည်းစမွေးမွေးချင်းတုန်းက တို့နိုင်ငံမှာ
ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ဖို့
တစ်ဖက်သတ် မဲအပြိုင်အဆိုင်ဆွယ်နေခဲ့ကြတာ
အဲဒါ ညည်းသိရဲ့လား။

ဟဲ့ ……………..ကောင်မလေး
ညည်း မွေးပြီးနောက်ပိုင်း
တို့နိုင်ငံ ဒီမိုကရေစီဆိုတာ ရလာခဲ့တာ
အဲဒါ ညည်းသိရဲ့လား။

ဟဲ့ ………….ကောင်မလေး
ညည်းအသက်(၂) နှစ်ပြည့်တဲ့အချိန်မှာ
တို့နိုင်ငံကြီး လယ်ယာမြေ ပြသနာတွေ ဗုံးပေါလအောနဲ့
အနောက်လွင်ပြင်နဲ့ မြောက်ရင်ခွင်မှာ အရှုပ်အထွေးပေါင်းများစွာနဲ့
ရစ်ပတ်နှောင်ဖွဲ့ ရှုပ်မရှင်းဖြစ်နေတာ
အဲဒါ ညည်းသိရဲ့လား။

ဟဲ့………………ကောင်မလေး
ညည်းအသက် (၂) နှစ်ပြည့်အတွက်
ညည်းအဖေကြီး ပိုးထည်ဆိုင်ဖွင့်လိုက်တာ
အဲဒါ ညည်းသိရဲ့လား။

ဟဲ့ ……….ကောင်မလေး
ညည်းအသက် ( ၂) နှစ်ပြည့်မှန်းသိသိချင်း
ငါ ညည်းအတွက် ကဗျာ ဖွဲ့မပေးဖြစ်ဘူး
အဲဒါ ညည်းသိရဲ့လား။

ညည်း အသက် (၂) နှစ်ပြည့်အတွက်
ဟိုကဗျာဆရာ ၊ ဒီကဗျာဆရာတွေ
ကဗျာတွေ စာတွေ ရေးသီဖွဲ့
ညည်းအဖေကဗျာဆရာကြီးက ငါ့ကို တဂ်
ငါလဲ ပါးနှစ်ဖက်ကို ဆွဲညှစ်ချင်စရာကောင်းတဲ့
ညည်းဓါတ်ပုံလေးတွေကြည့်ရင်း ကြည်ကြည်နူးနူးဖတ်
ညည်းအတွက် ကဗျာရေးပေးချင်စိတ် ဖီးလ်တွေ တက်
အဲဒါ ညည်းကြောင့်
ညည်း သိရဲ့လား ကောင်မလေး
ပိုးသားလိုနူးညံ့တဲ့ ကောင်မလေး
ဟေတီမဟုတ်တဲ့ ဟေသီကိုမလေး
ညည်းမမွေးခင်က ညည်းအဖေနဲ့ အမေ
လှုပ်လှုပ်သဲသဲ ကြည်နူးပျော်ရွှင်နေတဲ့ ဓါတ်ပုံတွေ
ငါကြည့်ရင်း  ပြုံးရယ်မိ
ညည်းအဖေကြီးကတော့ ဓါတ်ပုံတွေထဲမှာ ပြုံးစိစိ
ငါလဲ အသက်မပြည့်သေးဘဲ  ငါ့ကျရင်ကော ဆိုပြီး စိတ်ကူးယဉ်မိ
ငါ ကလေးမွေးရင်လည်း ညည်းအဖေကြီးလို ပုံတွေတင်မယ်
ညည်းအဖေကြီးလို ကဗျာတွေ ရေးမယ်
ညည်းအဖေကြီးကို ငါ့ကလေးအတွက် ကဗျာလက်ဆောင်တွေ ရေးခိုင်းမယ်
အဲဒီကျ ညည်းအဖေကြီးက ရေးမပေးရင်
ညည်းက ကူ ရေးခိုင်းပေး
ညည်းနဲ့ငါ သဘောတူညီမှုယူကြမယ်
မှတ်ထားနော်……ဟေသီကိုလေး
ပိုးသားထက် နူးညံ့တဲ့ ကောင်မလေး။

အခုတော့ ညည်း အတွက် ငါ ကဗျာတစ်ပုဒ် ရေးပေးဖြစ်လိုက်ပြီ
ကဗျာဆရာမဟုတ်တဲ့ငါ
ကဗျာအဖတ်နည်းတဲ့ငါ
ကဗျာမကျွမ်းကျင်တဲ့ငါကရေးတော့
ကဗျာဟာ ကဗျာမဖြစ်
ဒါပေမယ့် ညည်းအတွက်တော့ ဖြစ်မယ်ထင်ရဲ့။
ညည်းအတွက် ရေးပေးလိုက်ပြီ ကောင်မလေး
အဲဒါကော………ညည်းသိရဲ့လား။
ညည်း ဖတ်ပြီးပြီလား
ဖတ်ကြည့်လိုက်ဦးနော် ကောင်မလေး ။        ။

ဝေမိုးနိုင်(မုံရွာ) 



တကယ်တော့ ဒီကဗျာလေးက လွန်ခဲ့တဲ့ ခုနစ်လကျော်ကျော်လောက်ကတည်းက ရေး ဖြစ်ခဲ့တဲ့ ကဗျာကလေးပါ။ အဲဒီတုန်းက ကဗျာဆရာအကိုတစ်ယောက်ရဲ့ သမီးငယ်လေး မွေးနေ့ကြုံကြိုက်လာတာမို့ ကလေးအတွက် အမှတ်တရ ရေးဖွဲ့ပေးဖြစ်တာပါ။
တစ်နေ့က စာမူအဟောင်းတွေပြန်မွှေရင်း ဒီကဗျာလေးပြန်တွေ့တော့ ဖတ်ကြည့်ပြီး ခံစားလို့ အဆင်ပြေမယ်လို့ ယူဆတာကြောင့် ပို့စ်တင်လိုက်ပါတယ်ခင်ဗျာ။

4 comments:

  1. ကဗျာလေးရေးထားတာ ချစ်စရာလေး.. ချစ်ဖို့ကောင်းတဲ့ (၂)နှစ်အရွယ် ပေါက်စန ကောင်မလေးတစ်ယောက်ပုံကို မျက်စိထဲ မြင်ယောင်ရင်း ဒီကဗျာလေးဖတ်သွားပါသည်။း)

    ReplyDelete
  2. အိုးးးးးး ချစ်စရာ ကဗျာလေးးးးးးးး !!!
    ကလေးမလေးကလဲ ချစ်စရာလေးနေမှာ....:)
    အမလဲ ခု ကြိုမသိရသေးတဲ့ မွေးနေ့တစ်ခုအတွက်
    ကဗျာရေးနေတယ် အရှည်ကြီးပဲ..အမ လေးစား
    ချစ်ခင်ရတဲ့ သူတစ်ယောက်အတွက်ပေါ့......:)
    တော်တော်တော့ ရင်ခုန်ဖို့ကောင်းတယ် :PPPPPPP

    ခင်တဲ့...အမမိုးနတ်

    ReplyDelete
  3. ကျနော်လည်း ကဗျာ မရေးတတ်ဘူး ကဝေရ
    ကဗျာတွေနဲ့ စာရေးသူဘဝ စခဲ့ပေမဲ့လည်း
    အခုချိန်မှာတော့ ကဗျာနဲ့ သူစိမ်းပြင်ပြင်ပဲ ရှိတော့မယ်
    ဟိုတစ်ပုဒ်လည်း တင်လို့ ရတယ်လေ
    နှလုံးသားမှာ ဖုန်တက်နေတဲ့ ကဗျာလေး
    တိုင်တည်ရေးထားတဲ့ ကောင်မလေး နာမည်တော့ မေ့သွားပြီဗျ
    စာတွေ အများကြီး ရေးနိုင်ပါစေဗျာ

    ReplyDelete
  4. ဝေကြီးရေ လာလည်သွားတယ်
    အ၀ိုင်းကလေး.......... နဲ့

    ခွန်ရှိုင်း

    ReplyDelete