Sunday, May 5, 2013

နှစ်ဆယ့်တစ်ရာစုရဲ့ ကျွန်တော်၊ ကျွန်မတို့ကြားမှာ ဒီလို…ဒီလို…ရှိတယ်



                                                                                                  -အဖွင့်-


From- hteteithadar@gmail.com
To – lovelyguy.kisskiss@gmail.com

လျှပ်ချောစာ(Email)အမှတ် (၁/၂၀၁၃)ထက်အိသဒ္ဒါမှ နေပိုင်ခန့်သို့

နေ့ရက် - ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ(၁)ရက်။




မောင်…

မောင့်ကိုတို့ ဘယ်လိုပြောမှ ရမှာလဲဟင်…မောင်။ တို့ စိတ်ညစ်တာပဲ သိတော့တယ် မောင်ရယ်။ မောင်ပဲတို့နဲ့ မခွဲချင်ဘူးဆို။ တို့ကို သိပ်ချစ်တာပဲဆို။ ဒါဆို တို့ ဖြစ်စေချင်တဲ့အတိုင်းဘာလို့ မနေနိုင်ရတာလဲဟင်…မောင်။

မောင်ဒီလိုပဲ ဆက်နေသွားမယ်ဆိုရင် မောင်နဲ့တို့ ဝေးရဖို့ပဲ ရှိတော့တယ်မောင်။ ခုဆို ဖေဖေနဲ့မေမေကလည်း တို့နဲ့ မောင်အကြောင်းသိသွားပြီ။ တို့ အရင်လို လွတ်လွတ်လပ်လပ်နေလို့မရတော့ဘူး။တို့ဖုန်းကိုလည်း သိမ်းထားလိုက်ပြီ။ ခုဆို ပြောစရာရှိရင် ဖူးပွင့်ခိုင်ဖုန်းနဲ့ ပြောနေရတာ။ပြီး တို့တောင် မသိတဲ့ လူတွေက တို့ကို အချိန်တိုင်း လိုက်ကြည့်နေတာ မောင်သိရဲ့လား။ဒါကြောင့် မောင့်ကို တို့အပြင်ထွက်တိုင်း လိုက်လိုက်မလာနဲ့လို့ ပြောနေတာ။ နောက်ပြီးအဆောင်ရှေ့ကိုလည်း ခဏခဏ မလာပါနဲ့တော့။ မောင်က ဆိုင်ကယ်တစ်စီးနဲ့ အဆောင်ရှေ့ လမ်းသလားနေရင်တို့အတွက် အခြေအနေမကောင်းနိုင်ဘူးမောင်။ ဖူးပွင့်ခိုင်ကလည်း မောင်နဲ့ တို့အကြောင်းတွေကိုအရင်လို အစအဆုံးဖုံးဖိပေးနိုင်တော့မှာ မဟုတ်ဘူးမောင်။ ဖေဖေနဲ့ မေမေက သူ့ကိုပါ စပိုင်လုပ်ခိုင်းထားတာ။ဒါပေမယ့် တော်ပါသေးတယ်။ သူက အကုန်တော့ ပြန်မပြောပါဘူးတဲ့၊ တို့ကို ကတိပေးတယ်။ ဒါပေမယ့် တို့အတွက် နစ်နာလာနိုင်တာ၊ ထိခိုက်လာနိုင်တာမျိုးဆိုရင်တော့သူ အသိပေးရလိမ့်မယ်တဲ့။

သူကလည်းမောင့်ဘက်မှာ မရှိဘူးနော်…မောင်။ ဒါကို မောင်သဘောပေါက်ထားဖို့လိုတယ်။ ခု မောင့်ဘက်မှာမောင့်သူငယ်ချင်းတွေနဲ့ တို့ကလွဲပြီး မရှိတော့ဘူး။ မောင့်ကို တို့နားဝန်းကျင်က လူတွေက ကူညီပေးနိုင်တော့မှာမဟုတ်ဘူး…မောင်။ မဟုတ်ဘူး။ သူတို့ မောင့်ကို ကူညီပေးကြတော့မှာ မဟုတ်ဘူး…မောင်။ တို့ကလည်းမောင့်ဘက်မှာ ရှိတယ်ဆိုပေမယ့် မောင်ဖြစ်စေချင်တဲ့အတိုင်း တို့လိုက်လျောနိုင်တော့မှာမဟုတ်တော့ဘူး။ တို့မှလည်း အကြပ်အတည်းတွေကြားထဲမှာ။ မောင့်ကို တို့ ချစ်နေတာတစ်ခုကပဲမောင့်ဘက်မှာ ရပ်တည်နေတာပဲ။ အရင်လိုတော့ မောင့်ဘက်က ကာကွယ်ရပ်တည်မနေနိုင်တော့ဘူးမောင်။ဒါတွေဟာ မောင့်အပြစ်တွေပဲ။ တို့ မောင့်ကို အမြဲပြောခဲ့ပါတယ်။ အပြုအမူတွေ၊ အနေအထိုင်တွေပြင်ဆင်ပြောင်းလဲပါလို့။ မောင်က ခုတော့ မပြုပြင်မပြောင်းလဲတဲ့အပြင် ပိုပိုဆိုးနေတယ်မောင်။ဖေဖေနဲ့ မေမေက မောင့်အကြောင်းတွေကို မစုံစမ်းခိုင်းဘဲ နေမယ်လို့ထင်သလား။ မုံရွာမှာကသူတို့အသိမိတ်ဆွေတွေဆိုတာ အများကြီးရှိတာ။ ခုလောက်ဆို မောင့်အကြောင်း တော်တော်များများသိနေလောက်ပြီ။ဒါကြောင့် အနေအထိုင် ဆင်ခြင်စေချင်တာ။

ပြီးခဲ့တဲ့စနေနေ့တုန်းက ဘီယာဆိုင်မှာ မူးပြီးမှောက်နေခဲ့တယ်လို့ ကျော်ရှင်းသန့်က ပြောတယ်မောင်။တို့ တကယ်ရှက်မိတာပဲ။ ဘာကြောင့်များ ဒီအရက်ကို တမ်းတမ်းစွဲ ဖြစ်နေရတာလဲ တို့နားမလည်နိုင်ဘူး။တို့ မောင့်ကို ငိုယိုပြီးတော့လည်း တောင်းဆိုခဲ့ပြီးပြီ။ချော့တစ်ခါ ခြောက်တစ်လှည့်၊ တို့နဲ့ အရက် ဘာကို ဖြတ်မလဲလို့လည်း အကြပ်ကိုင်ခဲ့ပြီးပြီ။ကတိတစ်လုံးကို လွယ်လွယ်ပေးပြီး လွယ်လွယ်ဖျက်တတ်တာ မောင့်အကျင့်လား။ ထပ်ပြီး အရက်မသောက်ပါနဲ့တော့မောင်ရယ်။တကယ်တမ်း ပြောရရင် မောင့်အသက် (၁၈)နှစ် ပြည့်သေးတာတောင် မဟုတ်ဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ဒီနွံကြီးထဲမှာ ၀ဲလည်နေတာ မောင့်မိဘတွေကို တို့သနားတယ်။ အရက်ဖြတ်လိုက်ပါတော့မောင်ရယ်။တို့ တကယ် လေးလေးနက်နက် တောင်းပန်နေတာပါ။ တို့ကိုချစ်ရင်… တို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုစာနာနားလည်တယ်ဆိုရင် … မောင် တို့နဲ့ မဝေးချင်ဘူးဆိုရင်… အရက်ဖြတ်ပါမောင်။

နောက်အင်တာနက်ဆိုင်သွားပြီး ဂျီတော့ခ်ကနေ ချက်တင်ချည်းပဲ ထိုင်ထိုင်နေတာကိုလည်း တို့ စိတ်ပျက်မိတယ်။အင်တာနက်ဆိုတာ တကယ့်ကို အကျိုးရှိတဲ့ ဗဟုသုတဘဏ်တိုက်တစ်ခုပဲမောင်။ အကျိုးရှိအောင် အသုံးချရင်အသုံးချသလို ကိုယ့်အပေါ် တန်ပြန်ကောင်းကျိုးသက်ရောက်မှုတွေ တစ်ပုံတပင်ရနိုင်ပါတယ်မောင်။ခုတော့ ဘယ်ကမှန်းမသိတဲ့၊ ဘယ်သူမှန်းမသိတဲ့လူတွေနဲ့ အရည်မရ အဖတ်မရစကားတွေ တောရောက် တောင်ရောက်လျှောက်ပြောနေရတဲ့အပေါ် သာယာနေတဲ့ မောင့်ကို ကြည့်ပြီး တို့လေ….မောင့်အချိန်တွေကို နှမျောလိုက်တာ….။အဲဒီလို ချက်တင်ထိုင်နေမယ့်အစား စာတစ်ပုဒ်လောက် ကောက်ကျက်လိုက်ရင် မောင် စာရမသွားဘူးလား။

နောက်…. လင်းထွန်းနိုင် တို့အိမ်ကို သွားသွားပြီးတော့လည်း ဖဲမရိုက်ပါနဲ့တော့မောင်။ တို့အစက်ဆုပ်ဆုံးကိစ်စတွေထဲမှာ အဲဒီ ဖဲရိုက်တာလဲ ပါတယ်နော်။ တစ်ခါတလေ အပျင်းပြေသဘော ရိုက်တာမျိုးလောက်ကိုတို့မပြောခဲ့ဘူးနော်။ ဒါပေမယ့် မောင်က တစ်နေကုန် တစ်နေခမ်း စာသင်ချိန် လစ်ပြီးတော့တောင်ရိုက်နေတာမျိုးကိုကျ ဘယ်လို နားလည်ရမလဲမောင်။ မောင်တို့ကျောင်းက ဘောလုံးကွင်းဘေးက ချုံပုတ်တွေထဲမှာမောင်တို့ အဖွဲ့တွေ အမြဲဖဲရိုက်တတ်ကြတယ်ဆိုတာ တို့ သိထားရတယ်မောင်။ မောင် ဒီလိုပဲ ဖဲရိုက်နေမယ်ဆိုရင်ဒီနှစ် မောင် အောင်နိုင်ပါ့မလား။ ပထမနှစ်တုန်းက မောင် အောင်ခဲ့တယ်ဆိုတာ စာမေးပွဲခန်းထဲကအဖြေလွှာတစ်ခုတည်းကြောင့်တင် မဟုတ်ဘူးဆိုတာ မောင် အသိဆုံးပါနော်။ စာကြိုးစားပြီး ဖဲရိုက်တာလျှော့ပါမောင်။ ဖဲသွားရိုက်တော့မယ်ဆိုရင် တို့ကို မြင်ယောင်ပြီး စာသင်ခန်းထဲကို ၀င်ဖို့ကြိုးစားကြည့်စေချင်တယ်။ တို့ ဖဲရိုက်တာကို သိပ်မုန်းတယ်။
ရန်လည်းမဖြစ်ပါနဲ့တော့။အလကားနေရင်း အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တယ်ဆိုတာ မကောင်းပါဘူး။ အားနည်းတဲ့ တစ်ယောက်တည်းကိုအားများတဲ့ လူအုပ်က အနိုင်ယူနိုင်တာ ချီးကျူးဂုဏ်ပြုစရာမဟုတ်တဲ့အပြင် ရှက်ဖို့တောင်ကောင်းပါသေးတယ်။ ဒီလို အနိုင်ကျင့်တာမျိုးကို တို့ သိပ်ရွံတယ်။

ဒီဇင်ဘာ(၁၃)ရက်နေ့က အဖြစ်အပျက်ကိုဆို တို့ တကယ်စိတ်ဆိုးခဲ့တာ မောင်။ တအားလည်း ၀မ်းနည်းတယ်။ရှက်လည်းရှက်တယ်။ မောင်က တို့ကိုချစ်တာ ဒီအတွက်တင်ပဲလားရယ်လို့တောင် သံသယဖြစ်ခဲ့မိတယ်…မောင်။ဒါပေမယ့် တို့ နားလည်ပါတယ်။ အထိအတွေ့အပေါ်မှာ မောင်ယစ်မူးပြီး စိတ်လွတ်သွားတယ်ဆိုတာတို့ နားလည်ပါတယ်။ ဒါကြောင့် အရင်ကတည်းက တို့ ပြောတာပေါ့။ သမီးရည်းစားချိန်းတွေ့တယ်ဆိုတိုင်းဆိတ်ကွယ်ရာမသွားသင့်ဘူးဆိုတာ။ တို့က မောင့်အပေါ် မချစ်လို့ ပြောခဲ့တာ၊ မောင်နဲ့ နှစ်ယောက်သားအေးအေးဆေးဆေးချိန်းမတွေ့ချင်လို့ တို့ ပြောခဲ့တာလို့ မောင် အဲဒီတုန်းက စွပ်စွဲခဲ့တယ်နော်။မဟုတ်ဘူးမောင်။ တို့ ပြောခဲ့တယ်ဆိုတာ အဲဒီနေ့ကလို အဖြစ်အပျက်မျိုးတွေကို ရှောင်ကွင်းထားနိုင်အောင်ပြောခဲ့တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် တို့လည်း အတွေ့မှာ သာယာမိန်းမောတတ်တဲ့ သွေးနဲ့ကိုယ်သားနဲ့ကိုယ် မိန်းမသားတစ်ယောက်ပဲလေ။ ဒါပေမယ့်…မောင်ရယ်…။ တို့ တွေ နေထိုင်နေတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကနိုင်ငံရပ်ခြားတိုင်းပြည်တွေမှ မဟုတ်တာဘဲ။ တို့ ပတ်ဝန်းကျင်တွေမှာ ဒါမျိုးကို လုပ်ရိုးလုပ်စဉ်ကိစ်စတစ်ခုလိုမျိုးလက်ခံထားကြတာမဟုတ်ဘူးလေ။ တကယ်လည်း ဒါမျိုးက တို့အမြင်ပြောရရင် အတည်တကျ လူသိရှင်ကြားပေါင်းသင်းနေထိုင်နေတာမျိုးမဟုတ်သေးဘဲနဲ့ မဖြစ်သင့်သေးဘူးလို့ ထင်တယ်။ ကြားထဲအချိန်ကာလမှာဘာမဆို ဖြစ်ပျက်သွားနိုင်တာပဲမဟုတ်လား။ ဒီလိုပြောလို့ တို့က မောင့်ကို ပစ်ပြီး တစ်ခြားတစ်ယောက်တွဲဖို့စဉ်းစားနေတယ်လို့ စကားနာထိုးရင်လည်း ထိုးပါမောင်။ ဒါပေမယ့် တို့ဘက်က အာမခံနိုင်တာတစ်ခုကလူသိရှင်ကြားတရားဝင် အိမ်ထောင်ရက်သားမပြုရသေးဘဲနဲ့ တို့ခန်ဓါကိုယ်ကို ဘယ်သူ့ရဲ့ လက်ထဲကိုမှပုံမအပ်ဘူးဆိုတာပဲ။ မောင်စိတ်ဆိုးချင်လည်း ဆိုးပါ။ ဒီ့အတွက် ဆိုးတာမျိုးဆိုရင်တော့ချော့စရာစကားလုံးတွေ တို့မှာ မရှိတဲ့အတွက် ဆောရီးပါပဲ။

တို့ကမောင့်ကို ယောက်ျားပီပီသသ…အော်…ယောက်ျားပီပီသသဆိုတာ gay မဟုတ်တာ တစ်ခုတည်းနဲ့တင် သတ်မှတ်လို့ရတာမဟုတ်ဘူးဆိုတာ မောင့်ကိုသိထားစေချင်တယ်။ ကိုယ့်ကိုယ်ကိုယ်… ကိုယ့်ကိုယ်ကျင့်တရားကိုကိုယ်လေးစားမြတ်နိုးတတ်တာ၊ မိန်းကလေးတွေအပေါ်မှာ တန်ဖိုးထားတတ်တာ၊ ကတိတစ်လုံးကို အတတ်နိုင်ဆုံးတည်မြဲအောင်ကျင့်ကြံတာ … ဒါမျိုးကိုမှ တို့က ယောက်ျားကောင်းအဖြစ် သတ်မှတ်တာနော်မောင်။မောင့်ကိုလည်း တို့အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ မိန်းကလေးတွေကို တန်ဖိုးထားဖို့ဆိုတာ တို့ကိုချစ်ပြ၊ သဲသဲလှုပ်ပြဖို့ တစ်ခုတည်းကို ပြောတာမဟုတ်ဘူးမောင်။ (ဒီလိုပြောလို့ တွေ့သမျှတစ်ခြားမိန်းကလေးတွေကို လိုက်ငမ်းဖို့လည်း တို့ဆိုလိုတာမဟုတ်ဘူးနော်) မိန်းကလေးတွေကိုတန်ဖိုးထားဆက်ဆံစေချင်တာပါ။ မောင့်အခန်းထဲက မိန်းကလေးတွေ မောင့်အကြောင်း ပြောနေကြတာကိုတို့ မောင်တို့ ကျူရှင်ကို လာတုန်းက ကြားခဲ့ရဖူးတယ်မောင်။ မောင်က မိန်းကလေးတွေကို မျက်နှာကြောမတည့်ရင်ဆဲတော့တာပဲတဲ့။ မောင်ရယ်….မိန်းကလေးတွေနဲ့ ယှဉ်ရန်ဖြစ်တာတောင် လွန်လှနေပါပြီ။ ခုတော့မောင်က ဆဲဆိုရတယ်ဆိုတာမျိုးကကျတော့ မလွန်လွန်းဘူးလား။ ပြင်ပါမောင်ရယ်။ တို့ ပြောနေတာတွေကတို့နဲ့မောင့်ရှေ့ရေး၊ အထူးသဖြင့် မောင့်ရှေ့ရေးအတွက်ပါ။ မောင်က ပြောတုန်းမှာတော့ ခေါင်းတညိတ်ညိတ်နဲ့၊ပြီးရင် လုပ်ချင်ရာလုပ်တော့တာပဲ။ တို့က ဆူပြန် ပူပြန်ရင်လည်း မောင့်မျက်ရည်တွေက တားမနိုင်ဆီးမရ ဒလဟော ထွက်ထွက်ကျလာတာ တို့တကယ် အံ့သြတယ်မောင်။ မောင့်လိုလူတစ်ယောက်မှာ မျက်ရည်ကအဲသလောက် လွယ်ရသလားရယ်လို့ နားမလည်နိုင်တာပါ။ တစ်ခါတစ်ခါကျ မောင်ကျပြခဲ့တဲ့ အဲဒီမျက်ရည်တွေကိုတို့ စက်ဆုပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ မောင်က မျက်ရည်ကျပြပြီးတိုင်း ပေးခဲ့တဲ့ ကတိတွေကိုသေသေချာချာ ကျကျနနကို ချိုးဖောက်နေတတ်ခဲ့တော့ မျက်ရည်သုတ်ပေးခဲ့ဖူးတဲ့ တို့လက်တွေကိုတောင်တို့ စိတ်နာမိတယ်မောင်။

မောင့်ဆီကတို့ကို ဘယ်လောက် ချစ်ပါတယ်ဆိုတဲ့စကားတွေ၊ ဘယ်လောက်ထိ လွမ်းနေရပါတယ်ဆိုတဲ့ နှိုင်းဆချက်တွေကိုတို့မကြားချင်ဘူးမောင်။ တို့ကြားချင်တာက မောင့်ပါးစပ်ကဖြစ်ဖြစ်၊ မောင့်နှုတ်ခမ်းကဖြစ်ဖြစ် မောင့်အပြုအမူ အနေအထိုင်တွေကို မောင် တကယ်ပြင်ပါတော့မယ်လို့လေးလေးနက်နက် တည်တည်ကြည်ကြည် ရဲရဲဝံ့ဝံ့ပြောလာတာကိုပဲ။ အဲ… ပြောပြီးတဲ့ နောက်ပိုင်းမှာလဲကိုယ့်စကားအတိုင်း အမှန်တကယ် နေထိုင်ပြုမူပြတာကို တို့ မြင်ချင်မိတယ်မောင်။ တို့ တကယ်အနူးအညွတ် တောင်းဆိုတာပါမောင်။ ယောက်ျားလေးတစ်ယောက်လုပ်နေပြီး ခုတစ်မျိုးပြောလိုက်၊တော်ကြာတစ်မျိုးလုပ်လိုက်နဲ့ ကိုယ့်နှုတ်ဖျားက ထွက်တဲ့ စကားအပေါ်မှာတောင် သစ်စာမရှိနိုင်ဖြစ်နေရတာကိုမောင်မရှက်တတ်ဘူးလားဟင်။ တို့တော့ မောင့်ရည်းစားဖြစ်ရတာကိုတကယ်ပဲ ရှက်မိတယ်။
နောက်ဆုံးအနေနဲ့ပြောမယ်မောင်။မောင့်အနေနဲ့ လက်ရှိ မောင့်ရဲ့ အပြုအမူတွေကို မပြုပြင် မပြင်ဆင်နိုင်ဘူးဆိုရင် တို့ကတို့မိဘတွေရှေ့ကို ဒါ သမီးချစ်သူပါလို့ ဘယ်လိုခွန်အားမျိုး၊ ဘယ်လို သတ်တိမျိုးနဲ့ ခေါ်သွားရမှာလဲဆိုတာမောင် စာနာကြည့်စေချင်စမ်းတယ်။ ဖေဖေတို့၊ မေမေတို့က မောင့်အကြောင်းကို မေးလာတော့ တို့ချစ်သူက ဘယ်လိုလူမျိုးပါရယ်လို့ ၀ံ့ဝံ့ကြွားကြွားမပြောပြနိုင်ခဲ့တုန်းက တို့ သိပ်ဝမ်းနည်းတာပဲ။တို့ကတော့ မောင့်ရဲ့ အခုလို အနေအထားမျိုးကို ဘယ်လိုနည်းနဲ့မှ တို့မိဘတွေရှေ့ကို ခေါ်မသွားရဲဘူး။ဒါ အပွင့်လင်းဆုံးပြောတာမောင်။ တို့ပြောချင်တာက နာတတ်စမ်းပါမောင်။ နာကြည်းတတ်စမ်းပါ။ခံပြင်းတတ်စမ်းပါ။ ငါ ယောက်ျားပါလားဆိုတဲ့ မာနလေး တစ်ဆိတ်လောက်ထားကြည့်ပါလားမောင်ရယ်…။

မောင့်ရဲ့အပြုအမူတွေ၊ အနေအထိုင်တွေ၊ အကျင့်အကြံတွေ၊ အပြောအဆိုတွေ အစစအရာရာကို ပြုပြင်ပြောင်းလဲဖို့ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ပြီဆိုတဲ့နေ့မှာ တို့ဆီကို စာတစ်စောင်ရေးပါမောင်။ စာကြောင်းတွေအများကြီးနဲ့ တို့ကို ချစ်ကြောင်း၊ လွမ်းကြောင်းတွေ ဖွဲ့ပြစရာမလိုပါဘူး။ မောင့်စာမှာစာကြောင်းတစ်ကြောင်းပဲ ပါပါစေဦး၊ ချလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ခိုင်ကျည်ကြောင်း၊ မောင့်ကိုယ်မောင်ယုံကြည်မှုရှိကြောင်း ပေါ်လွင်နေတယ်ဆိုရင် တို့ကျေနပ်ပါပြီ။ ဒါကိုလည်း အဲဒီလိုပေါ်လွင်နေအောင်ဘယ်လိုလုပ်ရမှာလဲလို့ မမေးပါနဲ့မောင်။ ဆုံးဖြတ်ချက်အပေါ်မောင်ထားတဲ့ စိတ်ဓါတ်၊ တို့ပြောတဲ့စကားတွေအပေါ်ထားတဲ့ မောင့်ရဲ့ လေးနက်မှုတွေက အဲဒီစာမှာ မောင့်ရဲ့ ခိုင်ကျည်တဲ့ စိတ်ဓါတ်ကို ပေါ်လွင်သွားစေပါလိမ့်မယ်မောင်။

ဒါပါပဲမောင်။

မောင့်အပြုအမူတွေကိုပြင်ဆင်ပြောင်းလဲပြီး တို့ရှေ့ကိုရောက်မလာမချင်း မောင့်ရဲ့ Facebook Account ကိုလည်းတို့ Unfriend လုပ်ထားမယ်။ G-talk ကတော့ အရင်ကတည်းက တို့ သုံးလေ့သုံးထ မရှိတာ မောင်အသိပဲလေ။Gmail ဖွင့်ထားတုန်းမှာလည်း စကားလာပြောဖို့မကြံပါနဲ့။ တို့ဘက်မှ ဘာမှ တုံ့ပြန်လာမှာမဟုတ်ဘူးဆိုတာ မောင့်ကို အပြတ်ပြောထားလိုက်ပါမယ်။ မောင့်ကို လူသစ်၊ စိတ်သစ်နဲ့ မတွေ့ရမချင်းတို့ မောင့်ကို အဆက်အသွယ်ဖြတ်ထားမယ်မောင်။ တို့ကျောင်းထဲ၊ တို့အဆောင်ရှေ့၊ တို့ကျူရှင်ရှေ့ဘယ်နေရာကိုမှ မလာခဲ့ပါနဲ့။ တို့နောက်ကနေ တကောက်ကောက်လိုက်တာမျိုးလည်း လုံးဝမလုပ်မိပါစေနဲ့မောင်။တို့ မောင့်ကို တစ်သက်လုံး စိတ်နာမိသွားလိမ့်မယ်။

မောင့်ကိုလူသစ် စိတ်သစ်နဲ့ တို့မြင်စမ်းချင်လှပါတယ်မောင်ရယ်….

ချစ်တဲ့…
ထက္အိသဒ္ဒါ


++++++++++++++++++++++++++++++++++++++++++

နေရာ - KAC Internet Café ၊ ကျောက်ကာလမ်း၊မုံရွာမြို့
နေ့ရက် - ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၃ရက်
အချိန် - နေ့လယ် (၁၁း၀၀) နာရီ

** တောက်…ငါ(_)လိုမှပဲ**

** ဟကောင်ရ…ဘာဖြစ်လို့ တောက်ခေါက်နေရတာတုန်းဟ**

** ဘာမှ မဟုတ်ပါဘူးကွာ….ငါ့ဆော်ပါ…အီးမေးလ်ပို့ပြီးငါ့ကိုရစ်ထားလို့**

သူ့သူငယ်ချင်းက တစ်ချက် ပြုံးကြည့်ပြီး သူ့ပခုံးကိုလှမ်းပုတ်ကာ ကီးဘုတ်ဘေးမှ နားကြပ်ကို နားတွင် ကောက်တပ်လိုက်သည်။
သူကတော့ တောက်ခေါက်လိုက်၊ နှုတ်ခမ်းတင်းတင်းစေ့လိုက်၊မျက်မှောင်ကျုံ့လိုက်လုပ်နေသည်။ ခေါင်းကို စောင်းလျက် ကပ်လျက် မှန်နံရံမှတစ်ဆင့် ထွင်းဖောက်မြင်နေရသော ပြင်ပလမ်းမထက်မှ လှုပ်ရှားသွားလာနေသူများကို အလိုမကျသလို ကြည့်နေမိသည်။ မော်နီတာဖန်သားပြင်ကိုကြည့်လိုက်၊ လမ်းမထက်ကို ငေးလိုက်နှင့် အချိန်အတန်ကြာသွားတော့သူ့ဘေးက စက်တွင် ထိုင်နေသောသူငယ်ချင်းက ရိပ်မိသွားဟန်တူသည်။ နားကြပ်တပ်ပြီးကြိုးလေးကို လိမ်လိုက်၊ ကျစ်လိုက်လုပ်ရင်း နှုတ်မှလည်း ရယ်လိုက်၊ မောလိုက်၊ စကားလေးပြောလိုက်လုပ်နေရာမှနားကြပ်ဖြုတ်ကာ သူ့ဘက်လှည့်လာသည်။

** ဟေ့ရောင်…မင်း အဆင်ပြေရဲ့လား။ မင်းဆော်ကဘာရစ်နေတာမို့လဲ**

** အဲဒီမယ်ကွာ…သူ့မေးလ်သာဖတ်ကြည့်တော့ **

သူလည်း ခုံကို နောက်ဆုတ်ပေးလိုက်ပြီး လမ်းမဘက်ကိုသာငေးနေလိုက်သည်။ သူငယ်ချင်းကတော့ သူပြလိုက်သော မေးလ်ကို မျက်မှောင်ကျုံ့လိုက်၊ ခေါင်းတဆတ်ဆတ်ညိတ်လိုက်၊မျက်လုံးပြူးလိုက်နှင့် မျက်နှာအမူအရာစုံလင်စွာပြုရင်း ဖတ်နေသည်။

**ဟ… ဟေ့ရောင်…ဒီမှာ မင်းကို လာချက်နေကြတယ်ကွ…**

ဂျီတော့ခ်အကောင့်ဖွင့်ထားသည်ဖြစ်ရာ မော်နီတာထောင့်စွန်းလေးတွင် သူနှင့်Chat ရန် စကားစလာနေသည့် မက်ဆေ့ခ်ျများ တက်လာနေသည်ကို မြင်ရသည်။

**ဒီကောင်မတွေက တစ်မျိုး…**

ထိုင်ခုံနောက်ကျောကို ခပ်လေးလေးတွဲ့တွဲ့မီနေရာမှဝုန်းကနဲ ကိုယ်ကို ရှေ့ကိုင်းလိုက်ပြီး မောက်စ်ကို ဆွဲယူကာ ဂျီတော့ခ်အကောင့်ကို ပိတ်ပစ်လိုက်တော့သူငယ်ချင်းက မျက်လုံးပြူးကြည့်သည်။

**မင်းကလည်းကွာ…ဒေါသချည်းပဲ… စိတ်ထိန်းပါဟ**

ကောင်တာတွင် ထိုင်နေသော ခပ်၀၀လူတစ်ဦးက ထိုင်ရာမှထလျက် အင်တာနက်သုံးနေသူများကို လျှမ်းကြည့်လိုက်ပြီး သူ့နေရာသူ ပြန်ထိုင်သွားသည်။

**လာကွာ…သွားရအောင်**

**ဟ…နေပါဦးကွ…။ ဒီမှာ ငါက ချက်နေတုန်း**

**နောက်မှ ချက်ကွာ…သွားမယ်**

သူက အကောင့်များကို Sign out ခပ်သွက်သွက်လုပ်ပြီးထွက်လိုက်သည်။ ကောင်တာကို အသုံးပြုပြီးကြောင်း လှမ်းပြောလိုက်သည်။ ဆိုင်ပြင်ရောက်တော့စူးရှပူလောင်သည့် နေရောင်ခြည်က သူ့ကို ဆီးကြိုသည်။ တောက်တစ်ချက် ခေါက်လိုက်ပြန်သည်။ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းဆွဲလှည့်ယူလိုက်ပြီး စက်နှိုးသည်။ ဂီယာထိုး၊ လီဗာဟဲကာ ထွက်မည်ပြင်တော့သူငယ်ချင်းဖြစ်သူက ဆိုင်ထဲမှ အပြေးအလွှားထွက်လာကာ ဆိုင်ကယ်ပေါ် ခုန်တက်သည်။

**မင်းက ဘာတွေ လုပ်နေတာတုန်း**

**ဟကောင်ရ…မင်းလို ငါက မန်ဘာဝင်ထားတာမှ မဟုတ်တာ။ပိုက်ဆံရှင်းရသေးတာပေါ့ကွ…ဟ ဟ…ဖြည်းဖြည်းလုပ်ပါဟ**

သူငယ်ချင်းစကားမဆုံးမီပင် ဝေါခနဲ လီဗာအသားကုန်ဟဲပြီးမောင်းထွက်လိုက်တော့ သူငယ်ချင်းက သူ့ပခုံးကို အမြန်ဆွဲကိုင်လိုက်သည်။

++++++++++++++++++++++++++++++++++++++++++

နေရာ - ရဲရင့်အောင် အမျိုးသားဆောင်၊ တိုင်းရင်းဆေးရုံလမ်း၊မုံရွာမြို့။
နေ့ရက် - ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်
အချိန် - ည (၈း၀၀)နာရီ

**တကယ်ဆိုကွာ…အဲဒီနေ့က ငါ အင်တာနက်သွားသုံးတာကလေးရက်နေ့ဆို ငါတို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်ပြီကွာ။ ဒါကြောင့်မို့ အဲဒီနေ့လေးမှာတော့တွေ့ရအောင်ဆိုပြီး ချိန်းမလို့ သွားခဲ့တာ။ ဖီးလ်လေးနဲ့ ဂျီမေးလ်ဖွင့်နေတုန်း သူ့မေးလ်ဖတ်လိုက်ရတော့လူကို ဖီးလ်ငုပ်သွားတာပဲ**

**နေပါဦး…အဲဒါတွေ ခဏထားပါဦး။ ငါမေးကြည့်ပါဦးမယ်။မင်းဆီက ပညာယူရမှာပေါ့ကွာ။ မင်း kiss ပေးရင် ရိုးရိုး ကစ်(စ်)ပေးရုံပဲလား။ ဒါတွေ ဒါတွေရော…ထိသေးလား**

သူက သူငယ်ချင်းပုတ်ပြသည့် ခန်ဓါကိုယ်အစိတ်အပိုင်းများကိုကြည့်ပြီး ပါးတစ်ချက်တွန့်ကာ ပြုံးလိုက်သည်။

**မင်း ဘယ်လိုထင်လို့လဲ**

** ကိုအောင်သက်က ပြောတာတော့ သူ့ဆော်ကိုတော့kissing ရိုက်ရင်း ဟိုထိ ဒီကိုင် လုပ်တာပဲတဲ့။ ဒါ စုံတွဲတွေ ထုံးစံပဲတဲ့**

**အဲဒါတွေက kissing ရိုက်ရင်း ရအောင်ယူရတာကွ။သူတို့ကတော့ ကြည်ကြည်ဖြူဖြူဘယ်ပေးမှာလဲ။ ကိုယ်က ရအောင်ယူရမှာ။ နမ်းရင်းနဲ့ လက်ကို ညင်ညင်သာသာသိမ်သိမ်မွေ့မွေ့လေး လှုပ်ရှားယူရတာ**

**ဒါဆို မင်းအတွေ့အကြုံလေး ပြောပြကွာ။ ငါလည်းအတုယူလို့ရအောင်**

**နေပါဦး။ မင်းက ၀တ်မှုန်စိုး ဆီက အဖြေရပြီမို့လား**

**မရတော့မရသေးဘူးတဲ့၊ ရခါနီးပြီ ပြောတာပါပဲကွာ။ပြောပြလိုက်စမ်းပါ။ တို့ လည်း နားထောင်ချင်တယ်ကွ**

**ရတော့မှာပါကွ … ပြောစမ်းပါ။ တော်ကြာ ငါ့kiss မပေးတတ်လို့ဆိုပြီး ရည်းစားဖြစ်ဖြစ်ချင်းကတည်းက ကွဲနေမှာစိုးလို့ပါကွ**

**အင်း………ငါ့အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ကာ……**

……………………………………………
……………………………………………
……………………………………………

**မင်းဆော်စာထဲက ဒီဇင်ဘာ ၁၃ရက်နေ့က ကိစ်စကရော**

**အဲဒါကရော ဘယ်လိုလှုပ်ရှားရတာလဲကွ…ဟီးဟီး၊လုပ်စမ်းပါဦး**

ငါးခူပြုံးဟု အမည်တပ်လျှင်ရနိုင်မည့် အပြုံးတစ်ခုကိုဖန်ဆင်းလိုက်သည့် သူ့ကို သူငယ်ချင်း လေးယောက်စလုံးက အရောင်အသီးသီးဖုံးလွှမ်းနေသော မျက်ဝန်းများဖြင့်ဝိုင်းကြည့်နေကြသည်။

**အဲဒီနေ့က ငါ့အဒေါ်အိမ်မှာ ချိန်းတွေ့ကြတာကွ။ငါတို့နှစ်ယောက်ကလွဲရင် ဘယ်သူမှ မရှိဘူး။ ငါရအောင်လုပ်လိုက်ရင် ဖြစ်တယ်ကွ…နောက်တော့သူ့ကို သနားလို့ကွ … ဟင်းဟင်း …**

**သေချာ အသေးစိတ်လေး ပြောပါကွ**

…………………………………………
…………………………………………
…………………………………………

**အဲဒါကကျကွာ…ငါ မေးကြည့်ပါဦးမယ်။ စုံတွဲတိုင်းလိုလိုတော့မလုပ်လောက်ပါဘူးနော်**

**အင်း…. အတွဲတိုင်းလိုလိုတော့ မလုပ်ပါဘူး။လုပ်တဲ့သူတွေလည်း အများကြီးရှိတာပဲ။ မင်း ကို ငါ ဟိုတစ်ခါပြတဲ့ သစ်ပင်အုပ်ကြီးထဲရော…အဲဒီထဲမှာမင်းတွေ့ခဲ့သားပဲ။ ဖျာတွေ…ခေါင်းအုံးအစုတ်တွေ၊ ထရံနဲ့ ကာထားရတာနဲ့ ဘာနဲ့။ ဒါတွေကြည့်ရင်စုံတွဲဘ၀ကတည်းက ကဲကြတဲ့ အတွဲတွေ ရှိလို့ပေါ့ကွ။ ငါကတော့ သူ့ကို သနားလိုက်တာပါ။ တကယ်ဆိုအဲဒီနေ့က ငါ အတင်းအကြပ်ကြိုးစားရင် ဖြစ်ပါတယ်။ သူကလည်း တောင်းပန်တော့ ငါလည်း သနားပြီးလွှတ်လိုက်တာ**

**ခု လိုက်နေတဲ့ ဆော်ကရော ရခါနီးပြီလား**

**ကျွတ်….မင်းတို့ အဲဒါခက်တာပဲကွ။ ငါလိုက်ဖူးတဲ့မိန်းကလေးတိုင်း နှစ်ပတ်အပြင် ပိုလိုက်ခဲ့ရတာ ဘယ်နှယောက်ရှိလို့တုန်း။ ဒီဆော်လောက်ကတော့နေပိုင်ခန့်တို့က သနားတယ်ကွ။ ငါ့ဘာသာ တမင် ဇိမ်ဆွဲနေတာ…**

++++++++++++++++++++++++++++++++++++++++++

နေရာ - မုံရွာတက်ကသိုလ်ဘောလုံးကွင်း
နေ့ရက် - ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်
အချိန် - နေ့လည် (၂း၀၀)နာရီ

**တကယ်ဆို ထက်အိသဒ်ဒါက မင်းကြောင့်မို့ ခင်ခဲ့ရတဲ့သူငယ်ချင်းပါ။ ဒါပေမယ့်ကွာ… ငါအရင်က မသိခဲ့ဘူး။ မင်းတို့နှစ်ယောက် တကယ်ပဲ ဖူးစာဆုံသလားထင်ခဲ့တာ။ခုတော့ သိသွားတယ်။ ပွင့်ပွင့်လင်းလင်း တည့်ပဲပြောမယ်။ မင်းနဲ့ ထက်အိသဒ်ဒါက လုံးဝမတန်ဘူး**

သူက လက်ထဲမှ ဖဲချပ်များကို မြေပြင်ပေါ်သို့ဗြန်းခနဲမြည်အောင် လက်လွှဲပြီးပစ်ချကာ သူ့သူငယ်ချင်းကို မော့ကြည့်လိုက်သည်။

** မတန်ဘူးဆိုတာက ထက်အိသဒ်ဒါက တအားကြီး အဖိုးတန်နေလို့၊ဘာလို့လို့ ငါပြောချင်တာ မဟုတ်ဘူးနော်…နေပိုင်ခန့်။ မင်းအပြုအမူ အနေအထိုင်တွေက ဆိုးဝါးလွန်းတာ…**

သူငယ်ချင်းစကားမဆုံးမီ သူက တံတွေးတစ်ချက်ကိုဘေးဘက်သို့ ထွီခနဲထွေးလိုက်ပြီး ပုဆိုးကို ဖြည်ကာ ရင်ခေါင်းအထိ တက်ဝတ်ရင်း

**မင်းမယားလား**

ဟုဆိုတော့ သူ့သူငယ်ချင်းမျက်နှာက ခက်ထန်သွားပြီးသူ့ကို စူးစူးရဲရဲကြည့်သည်။

**ဟေ့ရောင်… မင်း ငါ့ကို မစော်ကားနဲ့။ ငါပြောတာဆုံးအောင် နားထောင်။ မင်းစဉ်းစားကြည့်။ ထက်အိဆီက မေးလ်ရပြီးတော့ မင်း ပြောင်းလဲပါမယ်ဆိုတယ်။ဒါပေမယ့် တကယ်ပြောင်းလဲသလားဆိုတော့……ဒုံးရင်းအတိုင်းပဲ။ ဒါကြောင့်လည်း ဟိုက မင်းကိုစိတ်နာသွားတာပေါ့။ အစကတော့ ငါ မင်းတို့ နှစ်ယောက် ပြတ်သွားတာကို တကယ်စိတ်မကောင်းဘူး။ခုတော့ ထက်အိရဲ့ ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ ငါလုံးဝလက်ခံလိုက်ပြီ။ ကိုယ်နဲ့ ပြတ်ပြီးသွားတဲ့ မိန်းကလေးတစ်ယောက်ကို တွဲနေတုန်းကဘယ်လို kiss ပေးခဲ့တာ၊ မင်းက ဘယ်လိုပေးတော့ ကောင်မလေးက ဘယ်လို ဆိုပြီး မင်းသူငယ်ချင်းတွေကိုပြောပြနေတာမျိုးကျတော့ မင်းစဉ်းစားကြည့်လေ….။ ကောင်မလေးဘက်က ဘယ်လောက် သိက်ခါကျမလဲ။မင်းအဆင့်ကရော ဘယ်ရောက်သွားလဲ။ ငါစိတ်ပျက်တာ အဲဒါပဲ။ မင်းက အချစ်ကို တန်ဖိုးမထားတတ်ဘူး။မင်းတို့နှစ်ယောက်ကြားထဲမှာ ငါကူညီစေ့စပ်ပေးခဲ့ရတာတွေအတွက် ငါတကယ် နောင်တရတယ်။ မင်းလိုကောင်ကို ချစ်ခဲ့တဲ့ ထက်အိသဒ်ဒါကိုလည်း ငါ တကယ်ပဲ သနားတယ်။ **

……………………………………………….
…………………………………………….
……………………………………………….

++++++++++++++++++++++++++++++++++++++++++

                                                                                                -အပိတ်-

ဝုန်းခနဲ ရုန်းရင်းဆန်ခတ် ယိမ်းထိုးဖြစ်ပျက်သွားသောအဖြစ်အပျက်တစ်ခု နောက်ကွယ်တွင် တစ်ယောက်က မြေပြင်ထက်တွင် လဲကျသွားပြီး ကျန်တစ်ယောက်ကဆိုင်ကယ်ကို ၀ူးခနဲမြည်အောင် အသားကုန် လီဗာဟဲကာ တရကြမ်းမောင်းထွက်သွားသည်။ အခြားသောလူလေးယောက်လောက်က လဲကျသွားသော လူအနားတွင် ၀န်းရံနေကြပြီး သူတို့အနီးမှာတော့ ဘေးလွယ်အိတ်များ၊ကျောပိုးအိတ်များနှင့်အတူ ဖဲချပ်များ ပြန့်ကျဲနေသည်ကို တွေ့ရမည်ဖြစ်သည်။
ထိုနည်းတူ မလှမ်းမကမ်းမှ ဘောလုံးကွင်းဂိုးတိုင်အနီးရှိချုံတစ်ချုံက အတန်ငယ် လှုပ်ဝဲရမ်းခါနေသည်ကိုလည်း မြင်ရလေသည်။


ဝေမိုးနိုင်(မုံရွာ)

1.5.2013 (Tuesday)
8:35PM


ပြောချင်တဲ့စကား

ဒီဝတ္ထုကို ကျွန်တော်ရေးရခြင်းဟာ မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်ဖို့။ ယောက်ျားလေးတော်တော်များများရဲ့ သဘောထားတွေကို ဆင်ခြင်နိုင်ဖို့။ ယောက်ျားလေးတွအနေနဲ့လည်း အချစ်နဲ့ မိန်းမသားတွေအပေါ် တန်ဖိုးထားတတ်ဖို့ အဓိက ရည်ရွယ်လိုရင်းသာ ဖြစ်ပါတယ်။ 

5 comments:

  1. ဒီဝတ္တုကို ဝေမိုးရဲ့ FB ကတည်းက မှာဖတ်ပြီးပြီ..။
    သဘောလည်းကျတယ်။
    မိန်းကလေးတစ်ယောက်ဟာ မိမိကိုယ်ကိုယ် အလေးထားရမယ်ဆိုတာလေး ချပြထားတာကြိုက်တယ်။
    ပြီးတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စား ပေါ့ပေါ့ပြောတတ်တဲ့ ပေါ့သွမ်းသွမ်း ယောက်ျားလေးတွေရဲ့ စရိုက်အချို့ကို ချပြသွားတာလည်း သဘောကျတယ်။
    တကယ်က ဒီလိုစာမျိုးကို ခုလူငယ်တွေ ဖတ်သင့်တယ်။။ ပြီးတော့ မှားနေတာတွေရှိခဲ့ရင် ပြုပြင်သင့်တယ်။
    ရိုင်းစိုင်းတဲ့ အသုံးအနှုံးမပါပဲ ခေတ်ပေါ်စကားလုံးတချို့လောက်သာ သုံးသွားတဲ့ လူငယ်လေး မောင်ဝေမိုး ကို အစ်မ ချီုးကျူးပါတယ်။။
    ခင်မင်စွာဖြင့်
    မမဝသုန်

    ReplyDelete
  2. ပို့လိုက်ပြီလား ကိုဝေ
    ပြောပြီးသားမို့ အထူးပြောစရာမလိုတော့ပေါင်
    တင်ပြပုံဆန်းဆန်းကို အတုယူမိတယ်
    ရည်ရွယ်ချက်ကောင်းတဲ့ ပို့စ်ပါပဲ
    မိန်းကလေးတွေရော ယောက်ျားလေးတွေရော
    အကုန်ဖတ်သင့်တယ် ... မိုက် မိုက် မိုက်

    ReplyDelete
  3. ယောက်ျားလေးရော ၊ မိန်းကလေးရော အားလုံးဖတ်သင့်တယ့် ပို့ စ်လေး..Bravo !

    ReplyDelete
  4. ခေတ်ကို ထင်ဟပ်တဲ့ ဇာတ်လမ်းလေး..
    စာမျက်နှာပေါ် ဒီပို့စ်လေးတက်လာပါစေ..

    ReplyDelete
  5. လူငယ်တိုင်း ဖတ်သင့်တဲ့ ဝတ္တုလေးတစ်ပုဒ်ပါ။ အစ်မ မြသွေးနီ ပြောသလို ဒီဝတ္တုလေးကို စာမျက်နှာထက်မှာ မြင်တွေ့ပါရစေလို့ တောင်းဆုချွေခဲ့ပါတယ်။

    ခင်မင်လေးစားစွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete