Tuesday, April 16, 2013

ကျွန်တော်တို့ခေတ် တက္ကသိုလ်(၃)၊ စာမူရှင်များအား ဂုဏ်ပြုပွဲနှင့် ပရဟိတအသင်းလှုပ်ရှားမှု

ကျွန်တော်တို့ခေတ် တက္ကသိုလ်(၃)၊ စာမူရှင်များအားဂုဏ်ပြုပွဲနှင့် ပရဟိတအသင်းလှုပ်ရှားမှု




သူငယ်ချင်းတစ်ယောက်ရဲ့ လက်ဖက်ရည်ဆိုင်ဟောင်းနေရာမှာ ကျင်းပခဲ့တဲ့ စာမူရှင် ဂုဏ်ပြုပွဲ


ထာဝရရွှေကြယ်လူငယ်စာစဉ်လေး ထွက်ပြီးသွားပြီဆိုတော့ ချက်ချင်း ခေါင်းစားရသည်က စာမူရှင်များအတွက် ဂုဏ်ပြုပွဲ။ မလုပ်ပေးလို့လည်း မကောင်း။ စာမူဖိတ်ခေါ်စာကြော်ငြာကတည်းက စာမူခ မချီးမြှင့်ပေးနိုင်လျှင် ထိုက်တန်သောအနုပညာဂုဏ်ပြုပွဲတစ်ခုဖြင့် ကျေးဇူးတုံ့ပြန်သွားမည်ဖြစ်ပါသည်ဆိုပြီး အာမဘန်တေခံထားသည်ဆိုတော့ မဖြစ်ဖြစ်သည့် နည်းဖြင့်တော့ ဂုဏ်ပြုပွဲကို ကျင်းပပေးရမည်။ စာမူရှင်များ တစ်စုတစ်ဝေးတည်းတွေ့ဆုံကာ ခင်မင်ရင်းနှီးကြစေရန်မှာလည်း ကျွန်တော့်အဖို့ အတော်လေး ပြင်းပြင်းပြပြဆန်ဒဖြစ်ခဲ့သည်။ ကိုယ်က မဂ်ဂဇင်းတချို့မှာ စာကလေး ပေါက်စနိုးပေါက်စန ရေးနေသူပင် ကလောင်မိတ်ဆွေအချင်းချင်း ရင်းနှီးခင်မင်ရသည့်အရသာက အင်မတန် နွေးထွေးရွှင်မြူးဖွယ်ကောင်းလှသည်ဖြစ်ရာ ကိုယ်တို့စာစဉ်လေးမှ စာမူရှင်အချင်းချင်းကိုလည်း ယင်းသို့သော ဆက်ဆံရေးမျိုးဖြင့် ချည်နှောင်မိသွားစေချင်သည်။ သည်တော့ စာမူခပေးဖို့ထက် ဂုဏ်ပြုပွဲလုပ်ဖို့ကိုသာ စိတ်အားထက်သန်နေဖြစ်ခဲ့သည်။ အမှန်တော့ စာမူရှင်အားလုံးကို စာမူခပေးနိုင်လောက်အောင်လည်း ငွေရေးကြေးရေးက လုံလောက်ပြည့်စုံမှုမရှိပါ။ နည်းပညာတက်ကသိုလ်ဘက်မှာ ရောင်းပေးသည့် ကလောင်ရှင်က စာအုပ်ဖိုးများကို  မပေးရသေး။ နည်းပညာတက်ကသိုလ်က မြို့ပြင် သမ်ဗုဒ်ဓေ၊ ဗောဓိတစ်ထောင်နားမှာဆိုတော့ ကျွန်တော်တို့လည်း သွားမယူနိုင်၊ သည်ဘက်မှာ နောက်ဆက်တွဲ စာအုပ်ရောင်းတာ၊ ဂုဏ်ပြုပွဲအတွက် စီစဉ်တာလုပ်ရဦးမည်ဆိုတော့ စာအုပ်ဖိုးများကို ပွဲနေ့မှသာ ယူခဲ့ပါတော့ဟု မှာထားရသည်။


အရင်းပြန်ရသည့် ငွေများကို မေမေ့ကို ပြန်အပ်တော့ မေမေက မုန့်ဖိုးသုံးသောင်းပေးသည်။ ထိုသုံးသောင်းနှင့် ရထားသော အမြတ်ငွေအနည်းငယ်နှင့်ပေါင်းလျှင်ပင် မလောက်ချင်သည်မို့ မေမေ့ဆီက နှစ်သောင်းလောက် ထပ်ချေးရသေးသည်။ အစားအသောက်ကိုလည်း အပြည့်အစုံအလုံအလောက်ဖြစ်ချင်သည်မို့ ရေခဲမုန့်ကိုလည်း အယောက်တစ်ရာစာ မှာရသည်။ ရေခဲမုန့်နှင့်တွဲစားဖို့ ကိတ်မုန့်၊ ဝေဖာ၊ အချိုတည်းဖို့ အသီးအနှံ့တချို့ကိုပါ စီစဉ်သည်။ ထို့ပြင် စာမူရှင်များကို အမှတ်တရ လက်ဆောင်လည်း ပေးအပ်ချင်သေးသည်မို့  စာအုပ်လေးတွေနှင့် ဘောပင်လ်လေးတွေ တစ်ယောက်တစ်စုံစီ ပေးဖို့ လည်း ပြင်ဆင်ရသည်။ ပွဲဆိုတာလည်း ထင်ရှားအောင် ဗီနိုင်းလေးကလည်း လုပ်မှ သင့်တော်မည်မို့  ငွေငါးထောင်ကျပ်ခန့်အကုန်အကျခံကာ ဗီနိုင်းလေး အပ်သည်။ ဘာပဲပြောပြော ကျွန်တော်တို့အဖွဲ့ စာမူရှင်များဂုဏ်ပြုပွဲနှင့် ပတ်သတ်ပြီး တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နိုင်ခဲ့ပါသည်။ ပွဲမှာလည်း  စာမူရှင်အချင်းချင်း ရင်းနှီးသွားအောင်၊ ဂိမ်းကစားခြင်း၊ ကဗျာရွတ်ခြင်းများကိုလည်း ပြုလုပ်မည်မို့ ကျွန်တော်တို့က ဂိမ်းကစားမည့် ပုံစံစဉ်းစားရသည်။ ဟိုဂိမ်းကောင်းမလား၊ ဒီဂိမ်းကောင်းမလား အမျိုးမျိုးစဉ်းစားကာ နောက်ဆုံးမှာတော့ ရိုးအီနေပြီဖြစ်သော လူများဝိုင်းထိုင်လျက် အထုပ်တစ်ထုပ်ကို လက်ဆင့်ကမ်းကာ သီချင်းသံရပ်ချိန် လက်ထဲ အထုပ်ရောက်နေသူက မဲနှိုက်ပြီး မဲအတိုင်း လုပ်ဆောင်ပြရသည့် ပါဆယ်ဂိမ်းကိုသာ ရွေးချယ်ဖြစ်တော့၏။

ကဗျာကလည်း ရွတ်ဦးမည်မို့ ကျွန်တော်တို့အဖွဲ့က စရွတ်ပြမှ ကောင်းမည်၊ ဒီတော့ ရွတ်မည့်ကဗျာရွေးကြ၊ ကဗျာအရွတ်ကျင့်ကြနှင့် ဂုဏ်ပြုပွဲပြင်ဆင်ချိန် တစ်ပတ်တာကတော့ ပျော်စရာလည်းကောင်း၊ စိတ်ရှုပ်စရာလည်းကောင်းသည်။ ကျွန်တော့်သူငယ်ချင်းတွေ မဆိုထားနှင့်၊ ကဗျာရွတ်မည့်အစီအစဉ်ကို စိတ်ကူးရသည့် ကျွန်တော်သည်ပင် တစ်ခါဖူးမျှ ကဗျာရွတ်ဖူးသည်မဟုတ်။ တစ်ချိန်ကဆိုလျှင် ကဗျာဆရာများ၊ စာရေးဆရာများ ကဗျာရွတ်ကြသည်ကို ပေါကြောင်ကြောင်နိုင်သည်ဟုပင် မှတ်ချက်ချဖူးလေသူဖြစ်ရာ ကျွန်တော့်အတွက်ပင် ကဗျာရွတ်ပုံရွတ်နည်းက ဌာန်ကရိုဏ်းသိပ်မကျချင်။ ရွတ်မည့်ကဗျာကလည်း ကျွန်တော်ရွေးထားသည်မှာ ကဗျာဆရာကြီး တင်မိုး၏ ** မိုးမသောက်တဲ့ နှစ်များ ** ဟူသည့် ကဗျာဖြစ်ရာ အသံနေအသံထားလေးဖြင့် ရွတ်မှ နားဝင်ပီယံရှိမည်။ ကိုယ့်အသံက အသံကြား သနားပါစေ ဆုမပြည့်သော်လည်း အသံအနေအထားဟန်လေးကို အားပြုပြီး ကြိုးစားကာ စမ်းရွတ်ကြည့်ရသည်။ သူငယ်ချင်းတွေကလည်း သူတို့ နှစ်သက်ရာ ကဗျာလေးတွေ ရွေးကြ၊ ရှာကြ၊ ဖွေကြ၊ စမ်းရွတ်ကြည့်ကြသည်။ တချို့သူငယ်ချင်းက ကဗျာရွတ်သည်ကို ကျောင်းသင်ခန်းစာကျက်ပြီး အလွတ် စာဆိုနေသည့်အတိုင်း ရွတ်နေသည်မျိုးလည်း ကြုံရသည်။ တစ်ယောက်နှင့်တစ်ယောက် ဝေဖန်ရင်း၊ အကြံပြုရင်း၊ အားပေးရင်း၊ ဖေးမရင်း မည်မျှပင် စိတ်ရှုပ်သည်ဖြစ်စေ၊ ဂုဏ်ပြုပွဲနေ့လေးကို ကြိုတင်မြင်ယောင်ကြည့်လိုက်တော့ အားလုံးပင် အမောအပန်းပြေကြရပါသည်။

ပွဲကျင်းပမည်နေ့ရာကတော့ သိပ်ခေါင်းစားစရာမရှိ။ သူငယ်ချင်းတစ်ယောက်၏ အိမ်သည် ယခင်က လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ဖူးသည်မို့ ယင်းနေရာတွင်ပင် ကျင်းပရန်စီစဉ်ဖြစ်သည်။ သူ့မိဘများက ဇာတိမြို့မှာ နေထိုင်သည်ဖြစ်ပြီး သူတစ်ဦးတည်းရှိသည်ဖြစ်ရာ ကျွန်တော်တို့အဖို့ လွတ်လွတ်လပ်လပ်ကျင်းပနိုင်သည်။ ဒီလိုနှင့် အချိန်တွေ ညှိကြ၊ နေရာတွေ ပြင်ဆင်ကြ၊ စာမူရှင်များကို ဖိတ်ကြ၊ နေရာမသိသူကို နေရာကြိုပြပေးထားကြနှင့် လုပ်ဆောင်ရသည်။ ယင်းသို့ ပြင်ဆင်နေချိန်အတွင်းမှာပင် စာစဉ်နှင့်ပတ်သတ်သည့် အသံများကလည်း ကြားကြားနေရသည်။ တချို့က အချစ်ကိစ်စတွေ များလွန်းသည်ဟု ဝေဖန်သည်။ ဒါကတော့ ဟုတ်သည်။ အများစုက ချစ်မှုရေးရာနှင့် ဆက်စပ်သည့် စာများသာဖြစ်သည်။ ကျွန်တော်က မျှော်လင့်ထားသည်က ပညာရေးစနစ်နှင့် ပတ်သတ်ရွေ့ဖြစ်စေ၊ ကျောင်းသားအရေးနှင့် ဆက်စပ်ရွေ့ ဖြစ်စေ တက်ကသိုလ်နှင့် နှီးနွှယ်ရွေ့ဖြစ်စေ ခံစားရေးဖွဲ့ထားသည့် စာမူများကို မျှော်လင့်သော်လည်း သူတို့ရေးလာကြသည်များက ချစ်မှုရေးရာနယ်ပယ်ဘက်သို့ အလေးသာသည်က များလေသည်။ သို့ပေမယ့် ကိစ်စမရှိ။ နောက်စာအုပ်များတွင် တစ်စ တစ်စ ပြင်ဆင်သွားမည်။ ယခုစာအုပ်မှာပင် သူ့ဟာလေးနှင့်သူတော့ ကျောင်းသားအရေးနှင့် ဆက်စပ်သော ၊ ပညာရေးနှင့် နှီးနွှယ်သော အကြောင်းအရာများကို သူတို့မြင်သည့်ရှုထောင့်မှ ဆန်းစစ်ထားသည့် စာမူတချို့တလေလည်း ပါသည်ဖြစ်ရာ ကျေနပ်နှစ်သိမ့်နိုင်ပါ၏။ တချို့ကလောင်ရှင်များဆိုလျှင် တစ်နိုင်ငံလုံးအနှံ့ဖြန့်ချိနေသော မဂ်ဂဇင်းများပါဝတ်ထုကဗျာများနှင့် တန်းညီနိုင်သည့်လက်ရာမျိုးကိုပင် ဖတ်ရှုရတော့ ကျွန်တော်က သူတို့ကို တွေ့ချင်မိသဖြင့် ဂုဏ်ပြုပွဲနေ့ကို မျှော်တလင့်လင့်ဖြစ်နေရပါသည်။ 
တချို့က ပြောပြန်သည်က နှစ်နှစ်ဆယ်တာကာလအတွင်း ကျောင်းသားသမဂ်ဂကဲ့သို့သော အဖွဲ့အစည်းမဟုတ်သည့် ကျောင်းသားများမှ မဂ်ဂဇင်းကဲ့သို့ စာစဉ်မျိုးထုတ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်နိုင်ကြောင်းဆိုသည်။ ယခင်က တက်ကသိုလ်ကျောင်းသားများထုတ်မည်ဆိုလျှင် ကဗျာစာအုပ်ငယ်ကလေးများကိုသာ ခွင့်ပြုခဲ့သည်ဟု သိရသည်။

တကယ့်ပွဲနေ့ရောက်တော့လည်း ကဗျာရေးသူ၊ ၀တ်ထုရေးသူ၊ ဆောင်းပါး ရေးသူ အားလုံးပေါင်း အယောက်သုံးဆယ်ကျော်ရှိပြီး ခင်မင်ရင်းနှီးရသော၊ ကူညီလုပ်ကိုင်ပေးသော မိတ်ဆွေသူငယ်ချင်းများနှင့် စုစုပေါင်း လူဦးရေ ငါးဆယ်ခန့်ဖြင့် ကျွန်တော်တို့ ဂုဏ်ပြုပွဲလေးက အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီးဆုံးသွားနိုင်ခဲ့ပါ၏။ ကလောင်ရှင်တွေ အားလုံး တစ်ယောက်နှင့် တစ်ယောက် မိတ်ဆက်ကြ၊ စကားဖလှယ်ကြ၊ ဂိမ်းကစားကြ၊ မုန့်စားကြနှင့် ပွဲတက်ရောက်လာသူတိုင်း ပျော်ရွှင်လှိုက်မြူးခဲ့ရသည့် ပွဲတစ်ပွဲဖြစ်ခဲ့ပါသည်။ သည်လိုဆိုတော့ ကျွန်တော်တို့ ကျေနပ်ရပြန်ပါသည်။ ယင်းပွဲမှာပင် ကဗျာကလောင်ရှင်တစ်ဦးက မကြာမီမှာပင် ဖေဖော်ဝါရီ(၁၄)ရက်၊ ချစ်သူများနေ့ကျရောက်တော့မည်ဖြစ်သဖြင့် ချစ်သူများနေ့အမှတ်တရ ကဗျာစာအုပ်လေးထုတ်မည်ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူများ ကဗျာစာမူများ ပေးပို့နိုင်ကြောင်း ကြေညာလာတော့ ကျွန်တော့်မှာ ၀မ်းမြောက်မဆုံး။ သည်လိုမျိုး ကျောင်းသားတွေ စုစည်းကာ ကဗျာစာအုပ်လေးတွေ ထုတ်လိုက်ကြ၊ စာစောင်လေးတွေ ထုတ်လိုက်ကြနှင့် တက်ကသိုလ်အသိုင်းအ၀ိုင်းတွင် စာသံပေသံတညံညံဖြစ်လာဦးမည်ကို မျှော်တွေး ကြည်နူးနေမိသည်။

စာစဉ်လေးတွင် စာမူများဖော်ပြခံရသော ကလောင်ရှင်များ
တကယ်လည်း သူ့စာအုပ်ကလေးက ထွက်လာခဲ့သည်။ ကျွန်တော်တို့ ထာဝရရွှေကြယ်လူငယ်စာစဉ်မှာ စာမူရွေးချယ်ဖော်ပြခံခဲ့ကြရသည့် ကလောင်ရှင်အတော်များများ၏ ကဗျာလေးများပါဝင်သည်ကို တွေ့ရလေသည်။ သူ့စာအုပ်လေးနှင့် မရှေးမနှောင်းမှာပင် တခြားကလောင်ရှင်တစ်ဦးကလည်း ချစ်သူများနေ့အမှတ်တရ ကဗျာစာအုပ်လေးထုတ်လာပြန်ပြီး ကျွန်တော်တို့ စာစဉ်မှ ကလောင်ရှင်များ၏ ကဗျာများဖော်ပြခံထားရသည်ကိုတွေ့ရတော့ ကျွန်တော်တို့မှာ ကြည်နူးမဆုံး။ ကျွန်တော်ပင်မသိလိုက်သည်မို့ မေးမြန်းကြည့်တော့ ကလောင်ရှင်တွေကို လိုက်ဆက်သွယ်အကြောင်းကြားပြီး ထုတ်ဖြစ်ခဲ့တာပါဟု ဆိုလေသည်။

ဂုဏ်ပြုပွဲလေးပြီးသွားတော့ ကျွန်တော့်ရင်ထဲ တစ်ဆို့ ပိတ်ခံနေသော အလုံးကြီးတစ်လုံး ချောချောမောမောကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ကျွန်တော်မှာ မနားနိုင်သေး၊ စာကို ကောင်းကောင်းအာရုံမပြုနိုင်သေး ။ ဖွဲ့စည်းထားပြီးသော ပရဟိတအသင်းလေးကို ဦးဆောင်လှုပ်ရှားပေရဦးမည့်တာဝန်က ရှိသေးသည်။ ကျောင်းပထမနှစ်၊ ဒုတိယအဖြတ်ကုန်ခါနီး ၂၀၁၂ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သော ကျွန်တော်တို့ မုံရွာတက်ကသိုလ်ကျောင်းသားကျောင်းသူများ၏ ကြယ်စင်ပြေးလမ်းပရဟိတလူငယ်များအသင်းသည် ဖွဲ့စည်းထားသည်မှာ ငါးလခန့်တိုင်ခဲ့သည့်တိုင် ဘာလှုပ်ရှားမှုမှ မလုပ်ဖြစ်သေး။ ကျောင်းပိတ်သွားသည်နှင့်၊ အဖွဲ့ဝင်ဦးရေ မတည်မငြိမ်ဖြစ်နေသည်နှင့်၊ ငွေကြေးကောက်ခံရသည့်အပိုင်းတွင် အခက်အခဲတချို့ရှိသည်နှင့် ကြန့်ကြာနေရခြင်းဖြစ်သည်။ သည်အဖြတ်မှာတော့ အသင်းအနေနှင့် လှုပ်ရှားမှုတစ်ခုကတော့ လုပ်ထားမှ ဖြစ်မည်မို့ ကျွန်တော်တို့ ဦးဆောင်အဖွဲ့က အစီအစဉ်များဆွဲရသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်းကို လှူဒါန်းမည်ဟု ရည်ရွယ်ထားသည့်အတိုင်း ယင်းကျောင်း၏ လိုအပ်သည့် ပစ်စည်းပစ်စယများကို လေ့လာရသည်။ ကျွန်တော်က ယင်းဘုန်းတော်ကြီးကျောင်းတွင် အဌမတန်းကျောင်းသားများကို သင်ကြားနေသည်ဖြစ်ပြီး ကျောင်းလေး၏ ရန်ပုံငွေချို့တဲ့မှုကိုသိနေသည်။ 
ပညာရေးတာဝန်ခံဦးဇင်းကို လိုအပ်ချက်မေးတော့ အဓိကလိုသည်က မိတ်တူကူးစက်ဖြစ်သည်ဟု သိရသည်။ ဒသမတန်းကျောင်းသားများအတွက် တစ်ပတ်တစ်ကြိမ်စာမေးပွဲကျင်းပပြုလုပ်ပေးလေ့ရှိရာ မေးခွန်းထုတ်ရာတွင် မိတ်တူကူးစက်က အတော်လေး အသုံးကျပြီး မရှိသေးဟုဆိုသည်။ သည်တော့ ကျွန်တော်တို့အဖွဲ့ကလည်း အဖွဲ့ဝင်များကို စုစည်းကာ သူတို့ဆန်ဒကို မေးမြန်းသည်။ ကိုယ်တွေသဘောနှင့်လုပ်လို့မဖြစ်သည်မို့ သူတို့ကို ပင့်ဖိတ်ရသည်။ တချို့က မလာချင်ကြ။ ငွေထည့်ထားလျှင်ပြီးတာပဲဟု သဘောထားပုံရလေသည်။ ကျွန်တော်တို့က နဂိုမူလကတည်းက အဖွဲ့၏ လှုပ်ရှားမှုများတွင် အဖွဲ့ဝင်များအနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မေတ်တာရပ်ခံခဲ့သည်။ လစဉ်ကြေး နှစ်ထောင်ထည့် ပြီး ရင် ပြီးတာပဲ ဟုသဘောထားနေလျှင် မိမိလှူဒါန်းလိုက်သော အလှူအပေါ် တန်ဖိုးမထားရာရောက်သည်ဟု တွက်သည်။ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်ရန်အခက်အခဲရှိနေချိန်မျိုးမှ အပ ကျန်အချိန်များတွင် အဖွဲ့၏ လုပ်ငန်းဆောင်တာများနှိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် ပြောထားရသည် ။ လာသည့်သူများကလည်း လာသည်။ မလာသူများကလည်း မလာကြ။ 
လာသည့်အဖွဲ့ဝင်များနှင့်သာ ဆွေးနွေးပြီး ဘယ်နေ့ဘယ်ရက်ကိုတော့လှူမယ်၊ ဘယ်အမျိုးအစားလှူမယ်အစရှိသဖြင့် တိုင်ပင်ရသည်။ ပြီး မိမိတို့နှင့် နီးစပ်ရာအဖွဲ့ဝင်များကိုလည်း ယခု အစည်းအဝေးဆုံးဖြတ်ချက်များကို ပြန်ကြားပြောဆိုပေးဖို့ တောင်းဆိုရသည်။ ယင်းအစည်းအဝေးမှာပင် လှူဒါန်းသည့်နေ့နှိုက် အမှုဆောင်အဖွဲ့ကိုပါ တစ်ပါတည်းဖွဲ့စည်းပေးသွားမည်ဖြစ်သဖြင့် မိမိတို့ နီးစပ်ရာ အဖွဲ့ဝင်များထဲမှ အဖွဲ့၏ လုပ်ငန်းဆောင်တာများကို ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ရသော ၊ ပရဟိတစိတ်ဓါတ်ရှိသူဟု ယုံကြည်နိုင်သော သူများကို ကိုယ်စားလှယ်အဖြစ် အဆိုတင်ပေးရန်ကိုပါ  တစ်ဆက်တည်းကြေညာထားလိုက်သည်။ မလှူခင်နေ့အထိ လက်ရှိဦးဆောင်အဖွဲ့ကသာ အစစ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးချိန်မှစကာ ယင်းအဖွဲ့ ကသာ တာဝန်ခံဆောင်ရွက်ရမည်ဖြစ်ကြောင်း တင်ပြထားရသည်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ ဦးဆောင်အဖွဲ့ကသာ မိတ်တူကူးစက်ဝယ်၊ အသင်း ဗီနိုင်းထုတ်၊ ဘဏ္ဍာငွေရှင်းတမ်းများ စာရင်းပြုစု၊ အဖွဲ့ဝင်စာရင်းများ ပြန်လည် စစ်ဆေးနှင့် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ပေးထားရ၏။ ဦးဇင်းတို့နှင့် ချိတ်ဆက်သည်ကိုတော့ ကျွန်တော်နှင့် သက်ထွန်းကျော်ဆိုသော သူငယ်ချင်းတို့က ဆောင်ရွက်ရသည်။ သူကလည်း မဟာဝံသတွင် သတ်တမတန်းကျောင်းသားများကို စာသင်ပေးနေသည်မို့ ကျွန်တော်တို့ သုံးဦးသုံးဖလှယ်၊ အစီအစဉ်တွေဆွဲကြရသည်။ ဘယ်နေရာမှာ ကျင်းပမည်၊ နာယကဆရာတော်ကို ပင့်ရမည်၊ ရေစက်ချမည်၊ ကျေးဇူးတင်စကားပြောမည် အစရှိသဖြင့်….။ ဦးဇင်းက လှူဒါန်းရသည့် ရည်ရွယ်ချက်ကိုလည်း ပြောပေးပါဦးဟု ဆိုသည်။ သည်တာဝန်က ကျွန်တော့်အပေါ်ကျလာ၏။

အစစအရာရာ ပြင်ဆင်ပြီး မဟာဝံသဘုန်းတော်ကြီးကျောင်း၊ ပညာတံခွန် ပညာဒါနကျောင်းသို့ မိတ်တူကူးစက်သွားလှူသည့်နေ့မှာတော့ အဖွဲ့ဝင် တော်တော်များများ လာကြသည်ကိုတွေ့ရသည်။ တစ်ရာကျော်ရှိသည့်အနက် ခြောက်ဆယ်ကျော် ၊ ခုနစ်ဆယ်လောက်လာတော့ မဆိုးဟု ဆိုရမည်ဖြစ်သည်။ သည်လိုနှင့် စုရပ်မှ မဟာဝံသသို့ သွားဖို့ကြံတော့ အုပ်လိုက်ကြီးသွားဖို့မကောင်းမှန်း ဆင်ခြင်ရသည်။ တော်ကြာ လူ ခြောက်ဆယ် ခုနစ်ဆယ်လောက်ကြီး ဆိုင်ကယ်တွေ တစ်တန်းကြီးနဲ့ ဆန်ဒပြတယ်ထင်ပြီး ခွင့်ပြုချက်မယူလို့ ရဲကလာမေးနေဦးမည်ဟု တွေးမိတော့ အသုတ်လိုက်လေးတွေ ခွဲခွဲသွားရသည်။ တစ်သုတ်စီတွင် လမ်းသိသူတစ်ယောက်ကို ထည့်ပေးလိုက်ရပြီး မိတ်တူကူးစက်ကြီးကိုတော့ အဖွဲ့ဝင်တစ်ယောက်၏ ကားနှင့်တင်ပေးလိုက်ရသည်။ ကျွန်တော်တို့အဖွဲ့က ဗီနိုင်းတွေသယ်၊ စုရပ်မှာ ထိုင်ခုံတွေ ပြန်စီနှင့် နောက်ဆုံးက လိုက်ရ၏။ ဦးဇင်းက ကျောင်းမှာ သင်ပေးနေကြသော ဆရာ၊ ဆရာမများကိုလည်း ဖိတ်ကြားထားသည်မို့ ဖိတ်ထားသူများစုံအောင်စောင့်ရသေးသည်။ စောင့်နေသည့်အချိန်အတွင်း ကျွန်တော်တို့အဖွဲ့ကို ငှက်ပျောသီးတွေ၊ အသုပ်တွေနှင့် ဧည့်ခံ၏။ ယင်းကျောင်းမှ ကျောင်းသူလေးများအသုပ်သုပ်ဖို့ ပြင်နေတော့ ကျွန်တော်တို့အဖွဲ့ထဲက ကောင်မလေးတွေကပါ ၀ိုင်းကူကြလေသည်။ ယောက်ျားလေးတချို့က သူတို့အသုပ်သုပ်နေသည့်နားသွားပြီး လက်မဆေးဘဲ သုပ်တာမဟုတ်လား၊ စားချင်တော့ဘူးဟေ့၊ ငံပြာရည်တော့ ဆားတို့ထည့်စရာလိုမှာမဟုတ်တော့ဘူးဟေ့နှင့်စတော့ ကောင်မလေးတွေက ပြန်တုံ့ပြန်နှင့်ပျော်ရွှင်စရာကောင်းလှသည်။ ထိုအချိန်မှာပင် ဘဏ္ဍာရေးမှူးလုပ်သူက ဘာစာရင်းဇယား၊ ဘာဘဏ္ဍာငွေမှ ပါမလာခဲ့၊ မေ့ခဲ့သည်ဟု ဆိုသည်။ ကျွန်တော်က ဒေါသက ထောင်းခနဲထွက်သွားသည်။ 
သည့်မတိုင်ခင်ကတည်းက သူ့ကို အထပ်ထပ်မှာထားသည်မို့မေ့လာခဲ့သည်ကို စိတ်တိုမဆုံး။ ဒေါသနှင့် ပြောမိပြောရာ ပြောလိုက်မိသော်လည်း သူက သူ့အမှားနဲ့မို့ ဘာမှ ပြန်မပြော။ မျက်နှာငယ်လေးနှင့် ငြိမ်ခံနေသည်။ ကျွန်တော်လည်း လွန်သွားမှန်းသိပြီးမှ အဖော်တစ်ယောက်ခေါ်ကာ ပြန်ယူလိုက်ဖို့ ပြောရသည်။ မကြာခင် နာယကဆရာတော်ကို န၀ကမ်မ အလှူငွေထည့်ရမည်ဖြစ်ရာ ငွေက မပါမဖြစ်။ စာရင်းဇယားများကလည်း အလှူအပြီးပြုလုပ်မည့်အစည်းအဝေးတွင် အဖွဲ့ဝင်များကို တင်ပြရမည်ဖြစ်သဖြင့် အမြန်ဆုံးပြန်ယူခိုင်းရခြင်းဖြစ်၏။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်းများကတော့ ကျွန်တော့်အပေါ် အတော်လေး အနွံအတာခံကြရှာပါသည် ။ သူမှ မဟုတ်၊ ကျွန်တော်တို့ စာစဉ်ထုတ်စဉ်က သူငယ်ချင်းများရော ကျွန်တော့်အပေါ် ကောင်းကြရှာသည်။ ကျွန်တော် ပြောသည့်စကားဆိုလျှင် သူတို့အလေးအနက်ထားသည်။ တစ်ခုခုဆိုလျှင် ကျွန်တော့်ကို တိုင်ပင်ဆွေးနွေးတတ်ကြသည်။ စာအုပ်ကိစ်စ၊ အသင်းကိစ်စတွေမှာဆိုလျှင်လည်း ကျွန်တော်ပြောသည့်စကားဆိုလျှင် အပြုသဘောထောက်ပြမှုမျိုးမှလွဲပြီး ပြသနာစကားမဆိုတတ်။ ကျွန်တော်ဂျီကျသမျှကိုလည်း သည်းခံကြရှာသည်။

ငါးပါးသီလခံယူနေကြစဉ်
သည်လိုနှင့် အခမ်းအနားစသည်။ ဆရာတော့်ထံမှ ငါးပါးသီလခံယူ၊ ရေစက်ချ၊ ကျွန်တော်က လှူဒါန်းရခြင်းရည်ရွယ်ချက်တင်ပြ၊ ပညာရေးတာဝန်ခံဦးဇင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားနှင့် သူ့အစီအစဉ်တကျလေးပြီးသွားတော့ ကျွန်တော်တို့တွေက ဓမ်မာရုံတစ်ဘက်ရှိ စာသင်ဆောင်လေးထဲဝင်ကာ အစည်းအဝေးလုပ်ရသည်။ သည်မှာ အဖွဲ့လုပ်ငန်းစဉ်များတင်ပြ၊ ဘဏ္ဍာရေးရှင်းတမ်းများထုတ်ပြန်၊ အမှုဆောင်ကော်မတီအသစ်အတွက် အဖွဲ့ဝင်များတင်မြှောက်သော ကိုယ်စားလှယ်များ ရွေးချယ်၊ အမှုဆောင်ကော်မတီဖွဲ့စည်းနှင့် လုပ်ဆောင်ရသည်။ ဥက်ကဌကတော့ ပြိုင်ဘက်မရှိ ကျွန်တော့်ကို ၀ိုင်းတင်ကြပါ၏။ ဒါကလည်း အဖွဲ့ကို ဦးဆောင်ကမကထလုပ်ခဲ့ရသူမို့ တင်မြှောက်ကြခြင်းဖြစ်လေသည်။ ကျွန်တော်က အဖွဲ့ စတင်ဖွဲ့စည်းစဉ်က အဖြစ်ကလေးကို သတိရမိပါ၏။ ကွန်ပျူတာ တက်ကသိုလ်ဘက်တွင် သူငယ်ချင်းမလေးတစ်ဦး၏ အကူအညီဖြင့် အဖွဲ့လုပ်ငန်းစဉ်များသွားရောက်ရှင်းပြစဉ်က ကြားခဲ့ရသော အဖြစ်ကလေးဖြစ်သည်။ ထိုသူငယ်ချင်းမက ကွန်ပျူတာတက်ကသိုလ်ဘက်မှ ကျောင်းသားကျောင်းသူများထဲက စိတ်ပါဝင်စားသူများကို အဖွဲ့ထဲသို့ စည်းရုံးပေးနေရာ တချို့က ကျွန်တော်သည် ဗုဒ်ဓဘာသာဝင်တစ်ဦးမဟုတ်သဖြင့် မ၀င်ချင်ဟု ဆိုသည်တဲ့။ ကျွန်တော်တို့မှာ ပြန်ကြားရတော့ ရယ်လိုက်ကြရသည့်ဖြစ်ခြင်း။ အလှူမတိုင်ခင် အစည်းအဝေးတုန်းကလည်း အဖွဲ့ဝင်တစ်ဦးက ပရဟိတ ဆိုတာ ဘာလဲဟု မေးသည်ကို ကျွန်တော်က အတ်တဟိတ၊ ပရဟိတ အစရှိသဖြင့် မိမိနားလည်သလောက် ရှင်းပြတော့ ကျွန်တော့်သူငယ်ချင်းတွေက ရယ်ကြသည်။ ပရဟိတလုပ်ဖို့ရန်အတွက်၊ အများအကျိုးဆောင်ရွက်ရန်အတွက် ဘာသာတရားသည် အဓိကကျသလားတော့ ကျွန်တော့်ဦးနှောက်ကလေးဖြင့် မတွေးတောတတ်နိုင်ပါပေ။ 
ဥာဏ်ကြီးရှင်များကတော့ အဓိကကျသည်ဟု ယူဆသဖြင့် ကျွန်တော်ဦးဆောင်သည့် အဖွဲ့တွင် မပါဝင်ဟု သိရလေသည်။ ကိစ်စမရှိပါချေ။ ပရဟိတလုပ်ရန်အတွက် ဇွတ်ရော အတင်းရော စည်းရုံးသိမ်းသွင်းနေဖို့ မလိုအပ်ချေ ။ စိတ်ဓါတ်တူသူချင်း ပူးပေါင်းပြီး အများအကျိုးကို တတ်နိုင်သမျှ ထမ်းဆောင်နိုင်ခြင်းသည်ပင် ၀မ်းမြောက်ဖွယ်ရာတည်း။

အသင်း ဥက်ကဌ ကျွန်တော်
အခုတော့ ကျွန်တော့်ကို ၀ိုင်းပြီး ဥက်ကဌတင်လိုက်ကြသည့် ပရဟိတစိတ်ဓါတ်တူ အဖွဲ့ဝင်ကျောင်းသားကျောင်းသူများဖြင့် ကျွန်တော်တို့ ရှေ့ဆက်ကြမည်ဖြစ်လေသည်။ စစ်မှန်သော တက်ကသိုလ်ကျောင်းသားဘ၀ကို ပီပီပြင်ပြင်မပေးထားသော တက်ကသိုလ်ကျောင်းဝန်းအတွင်း မပေးသည်ကို ပေးပါ၊ ပေးပါဟု တဆာဆာ တောင်းဆိုနေမည်မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် စစ်မှန်သော တက်ကသိုလ်ကျောင်းသားဘ၀၊ အဓိပ်ပါယ်ရှိသော ကျောင်းသားဘ၀ကို တည်ဆောက်ယူပါသည်။ စိတ်ဓါတ်တူသူ၊ ခံယူချက်တူသူ၊ ပန်းတိုင်တူသူ ကျောင်းသားကျောင်းသူများ ကျွန်တော်တို့ အသိုင်းအ၀ိုင်းလေးထဲတွင်အတန်အသင့်တော့ စည်းရုံးမိကြလေပြီဖြစ်သည်။ သို့သော်လည်း သောင်းချီနေသော တက်ကသိုလ်ကျောင်းသားကျောင်းသူများထဲမှ အယောက်နှစ်ရာခန့်ကိုသာ စုစည်းနိုင်သေးသည်။ ကျန်သည့်ကျောင်းသားများတွေကတော့ မသိသူ၊ စိတ်မ၀င်စားသူ၊ အခြေအနေမပေးသူ စသဖြင့် အမျိုးမျိုးရှိသည့်အထဲ မသိသူနှင့် အခြေအနေမပေးသူတို့သာ များပါစေဟုဆုတောင်းရပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စာပေ၊ ပရဟိတ အသိုင်းအ၀ိုင်းလေးကတော့ တတ်နိုင်သရွေ့ ကျောင်းသားကျောင်းသူများ စုစည်းကာ မိမိတို့ ခုံမင်အာရုံကျရာများကို လွတ်လပ်စွာ လုပ်ဆောင်သွားကြဦးမည်ဖြစ်ပြီး စိတ်ဓါတ်တူနိုင်သည့် ကျောင်းသားများကိုလည်း လက်လှမ်းမီသရွေ့ စည်းရုံးကာ တက်ကသိုလ်ကျောင်းသားဘ၀ကို အဓိပ်ပါယ်ရှိစွာ ဖြတ်သန်းကျော်လွှားကြရပေဦးမည်။ 


ဝေမိုးနိုင်(မုံရွာ)



4 comments:

  1. ပီတိဖြစ်စရာကြီးကွာ...နော်...

    ReplyDelete
  2. ဒီစာကိုဖတ်ရတာ ပျော်စရာ၊ ကြည်နူးစရာ ကောင်းလိုက်တာ။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေရှိတာလည်း ကံကောင်းတာပါပဲ။ တကယ် အားကျတယ်။ အောင်မြင်ပါစေ။

    ReplyDelete
  3. ဖတ်ပြီး ပီတိတေဝေဖြာသွားတယ် မောင်လေးရေ ... :)

    ReplyDelete
  4. ဒီလို တက္ကသိုလ်ကျောင်းသား ဘဝမျိုးက တကယ့်ကို အဓိပ္ပါယ်ရှိတယ်။ လေးစာပါတယ် =)

    ReplyDelete