Saturday, April 6, 2013

ကျွန်တော်တို့ခေတ် တက္ကသိုလ် (၂)၊ ထာဝရရွှေကြယ်လူငယ်စာစဉ်

ကျွန်တော်တို့ခေတ် တက္ကသိုလ် (၂)
 
ထာဝရရွှေကြယ်လူငယ်စာစဉ်

ထာဝရရွှေကြယ်လူငယ်စာစဉ်

ငယ်စဉ်ကတည်းက စာဖတ်ကျင့်ကို ပြုစုပျိုးထောင်ပေးခဲ့သော မေမေ့ကျေးဇူးကြောင့် ကျွန်တော်သည် စာရေးခြင်းအမှုကို စိတ်ဝင်တစားရှိခဲ့ရသည်။ ဘယ်လိုမှ စိတ်မထိန်းနိုင်သည့်အဆုံးတွင် မိမိခံစားမိသည်များ၊ မိမိစာဖွဲ့လိုသောအကြောင်းအရာလေးများကို အက်ခရာစီစဉ်ပြီး ၀တ်ထု၊ ဆောင်းပါး၊ အစရှိသည့် စာပေများအသွင် ကူးပြောင်းသီကုံးခဲ့သည်။ သည်လိုနှင့် ကျိုးတိုးကျဲတဲ စာကလေးများရေးသားနေသူတစ်ဦး ဖြစ်လာခဲ့ရသည်။ စာဖတ်သူတစ်ဦးဖြစ်သည်နှင့်အညီ ဖတ်ရှုရသော စာများထဲမှ မိမိနှစ်ခြိုက်ဘ၀င်ကျရသော အကြောင်းအရာ၊ အမှုကိစ်စလေးများကို ကိုယ်တိုင် လုပ်ဆောင်ကြည့်ရန်လည်း အလေ့ထုံခဲ့သည်။ အထူးသဖြင့် စာပေနှင့်ဆက်စပ်သည့် ကိစ်စများဆိုလျှင်ပေါ့….။ 

ဆရာမင်းလူသည် ကျွန်တော် နှစ်သက်သဘောကျရသည့် စာရေးဆရာများထဲမှ တစ်ဦးဖြစ်ပါသည်။ ပန်းကျောင်းဆိုသည့် ကျောင်းသားလူငယ်ဝတ်ထုလေးမှ စတင်စွဲလန်းခဲ့ရပြီး မင်းလူဟူသောစာတန်းပါသည့် စာတိုင်းကို မက်မက်စက်စက်ဖတ်ဖြစ်ခဲ့သည်။ ဆရာမင်းလူ၏ တက်ကသိုလ်ကျောင်းသားကျောင်းသူ ဇာတ်ကောင်များဖြင့် ရက်ဖောက်ဖွဲ့သီထားသော ၀တ်ထုများသည် ကျွန်တော့်အပေါ် အတော်ကြီး လွှမ်းမိုးခဲ့ဖူးလေသည်။ ဆရာ့ဝတ်ထုထဲမှ တက်ကသိုလ်ကို ဖတ်ရှုမြင်ယောင်ရပြီး ကိုယ်တက်ရမည့် တက်ကသိုလ်ကိုလည်း စိတ်ကူးမှန်းဆခဲ့ဖူးသည်။

တက်ကသိုလ်ကို နောက်ခံပြုထားသော ဆရာ့ဝတ်ထုများထဲမှ ကျွန်တော် အနှစ်ခြိုက်မိဆုံး ဇာတ်ကွက်များမှာ တက်ကသိုလ်ကျောင်းသားလူငယ်များ စုပေါင်းပြီး ကဗျာစာအုပ်လေးများထုတ်ကြခြင်း၊ ကျောင်းနံရံကပ်စာစောင်များကို ကျောင်းသားများကိုယ်တိုင် ဦးဆောင် စီစဉ်ကြခြင်း အစရှိသည်တို့ဖြစ်ကြသည်။ ထိုဝတ်ထုများကို ဖတ်ရှုနေရင်း ကျွန်တော့်တွင် ဇာတ်ကောင်များကဲ့သို့  ကဗျာစာအုပ်များထုတ်ခြင်း၊ နံရံကပ်စာစောင်များ ထုတ်ဝေခြင်းများ ပြုလုပ်ရန် ထက်သန်သော စိတ်ဆန်ဒများ နက်နက်ရှိုင်းရှိုင်းဖြစ်တည်ခဲ့ရသည်။ ထို့ကြောင့်ပင် အဌမတန်းကျောင်းသားအရွယ်နှိုက် လက်ရေးမိတ်တူ စာစောင် လေးစောင်တိတိကို စီစဉ်ထုတ်ဝေဖြစ်ခဲ့လေသည်။ ၀ါသနာတူ သူငယ်ချင်းများထံမှ စာမူလေးများစုစည်းကာ မဂ်ဂဇင်းငယ်အသွင် စာစောင်လေးများ ထုတ်ဝေဖြစ်ခဲ့ရာ သူငယ်ချင်းများသာမက တချို့သော ဆရာ၊ ဆရာမများနှင့် ကျောင်းအုပ်ဆရာကြီး၏ အသိအမှတ်ပြုမှုကိုပင် ခံခဲ့ရဖူးလေသည်။ 

လွတ်လပ်စွာ စိတ်ကူးစိတ်သန်း ကွန့်မြူးပိုင်ခွင့်မရှိခဲ့သော၊ လွတ်လပ်စွာ အနုပညာဖန်တီးခြယ်မှုန်းပိုင်ခွင့်မရှိခဲ့သော၊ ကျောင်းသားကျောင်းသူများအပေါ် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများဖြင့် တားဆီးကန့်သတ်ခဲ့သော ယင်းအချိန်ကာလများတွင် မိမိဆန်ဒကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ခဲ့ရခြင်းမှာ ပေါ့ပါးစွာ ဖြတ်သန်းခဲ့ရမည်မဟုတ်မှန်း မှန်းဆနိုင်ကြမည်ထင်ပါသည်။ ကျောင်းသားများကို နားလည်မှုပေးနိုင်သော၊ ကျောင်းသားများ၏အရည်အသွေးများကို မြေတောင်မြောက်ပေးလိုသည့် စိတ်ဆန်ဒရှိသော ကျောင်းအုပ်ဆရာကြီးနှင့် တချို့သော ဆရာ၊ဆရာမများ၏ ကျေးဇူးကြောင့် ကျွန်တော့်အိပ်မက်လေး လင်းပွင့်ခဲ့ရခြင်းဖြစ်ပါသည်။ ယင်းနောက်တွင် ကျွန်တော့်နှိုက် မိမိပျော်မွေ့ရာ စာဖတ်ခြင်းအပြင် စာရေးသားခြင်းကိုပါ တတ်စွမ်းသရွေ့ ကြိုးပမ်းအားထုတ်ခြင်းတို့ဖြစ်ပေါ်လာခဲ့ရခြင်းတွင် ထိုကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ အားပေးခဲ့သော တွန်းအားက တစ်စိတ်တစ်ဒေသပါဝင်မည်ဟု ယုံကြည်ပါသည်။

အဌမတန်းကျောင်းသားဘ၀မှာပင် မိုက်တီးလုပ်ကာ မိမိဖြစ်ချင်သည့် ဆန်ဒကို အကောင်အထည်ဖော်ဖြစ်ခဲ့သော ကျွန်တော်သည် တက်ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်လာသောအခါ ယင်းဆန်ဒကို မည်သို့မျှ ထိန်းချုပ်နိုင်စွမ်းမရှိပါချေ။ သို့သော်လည်း တက်ကသိုလ်ကျောင်းသားဘ၀သို့ ရောက်ခါစတွင် နယ်ပယ်ဒေသစုံများကျောင်းသားကျောင်းသူများ စုဝေးပေါင်းစုံသည်ဖြစ်ရာ တိုတောင်းသော ခင်မင်မှုအချိန်ကာလအတွင်း တစ်ယောက်ဝါသနာတစ်ယောက် ဖလှယ်ဖြစ်ခြင်းငှာ အခွင့်နည်းခဲ့သည်။ သို့သော်လည်း ပထမနှစ်တစ်နှစ်ခန့် သူငယ်ချင်းအချင်းချင်း ပေါင်းသင်းဆက်ဆံပြီးနောက်တွင် တစ်ယောက်အကြောင်း တစ်ယောက် သိလာသည်။ တစ်ယောက် ၀ါသနာ တစ်ယောက် ရိပ်စားမိလာသည်။ တစ်ယောက် ထုံမွေ့ရာ တစ်ယောက်  နားလည်သဘောပေါက်ခဲ့လေသည်။ 

ထိုအခါတွင် ကျွန်တော်နှင့် ၀ါသနာတူသော သူငယ်များ စုစည်းမိပြီး မိမိတို့ အိပ်မက်များ၊ မိမိတို့ ဖန်တီးထားသော အနုပညာများကို ကျောင်းသားအချင်းချင်းကြားတွင် ဝေမျှ နိုင်ဖို့အရေး  တိုင်ပင်ဖြစ်သည်။ ကျွန်တော်က ကိုယ်အကောင်အထည်ဖော်ဖြစ်ခဲ့သော စာစဉ်လေးများအကြောင်း ပြောဖြစ်ရာတွင် သူငယ်ချင်းများအားလုံးက ယင်းကဲ့သို့ စာအုပ်လေးများ ထုတ်ဝေရန် တူညီသော ဆန်ဒများရှိကြောင် သိလာရသည်။ သည်လိုနှင့် စာစောင်လေးတစ်အုပ် ထုတ်ဝေနိုင်အဖို့ သူငယ်ချင်းတစ်စု ခေါင်းချင်းရိုက်တိုင်ပင်ဖြစ်ပါတော့သည်။ ကျွန်တော့်တွင် ငယ်စဉ်က စာအုပ်ထုတ်ခဲ့ဖူးသော အတွေ့အကြုံများရှိသော်လည်း အထက်တန်းကျောင်းနှင့် တက်ကသိုလ်၏ နယ်ပယ်ကျယ်ဝန်းမှု အနေအထားမတူညီသည်ဖြစ်ရာ ကျွန်တော့်အဖို့ပင် မြေစမ်းခရမ်းပျိုးရသည့် ပုံစံမျိုးဖြစ်နေသည်။ 

စာမူဖိတ်ခေါ်မည့် ကိစ်စမှ စတင်ပြီး သေသေချာချာ တိုင်ပင်ဆွေးနွေးရသည်။ စာမူဖိတ်ခေါ်စာကို မည်သို့ဝေမည်ဆိုသောကိစ်စသည် တော်တော်လေး ခေါင်းစားရသော ခေါင်းစဉ်တစ်ခုဖြစ်လေသည်။ ကျွန်တော်တို့က ကျောင်းသားကျောင်းသူများကိုသာ အဓိကရည်ရွယ်ခြင်းဖြစ်ရာ ကျောင်းသားကျောင်းသူများထံမှ စာမူများကိုသာ အဓိက လိုချင်သည်။ သည်တော့ စာမူဖိတ်ခေါ်စာသည် ကျောင်းသားကျောင်းသူများထံ ကျယ်ကျယ်ပြန့်ပြန့်ရောက်ဖို့လိုသည်။ မည်သို့ ပျံ့နှံ့အောင် ကြံဆောင်မည်နည်း။ စဉ်းစားရသည်။ 

ပထမဆုံး မေဂျာဌာနအသီးသီး၏ ကြော်ငြာဘုတ်များတွင် ကပ်ရန် စဉ်းစားမိသော်လည်း ကျောင်းသားကျောင်းသူများက ယင်းကြော်ငြာဘုတ်များကို အချိန်ဇယားကြည့်သည့်အခါမှတစ်ပါး ကျန်အချိန်များတွင် ငဲ့စောင်းမျှမကြည့်ကြခြင်းနှင့် ပါမောက်ခချုပ်နှင့် ဌာနဆိုင်ရာ ပါမောက်ခများ၏ ခွင့်ပြုချက် ရရန် မလွယ်ကူခြင်းတို့ကြောင့် ယင်းအစီအစဉ်ကို လက်လျှော့လိုက်ရသည်။ 

ကျောင်းဝင်ပေါက်မှနေပြီး ကျောင်းသားကျောင်းသူများကို လက်ကမ်းကြော်ငြာဝေရန် သူငယ်ချင်းတစ်ဦးက အကြံပြုသော်လည်း စိတ်ဝင်တစားမရှိသည့် ကျောင်းသားကျောင်းသူများထံ ရောက်သွားလျှင် သက်သက် စာရွက်လေမည်စိုးသဖြင့် ထိုသို့ မလုပ်ချင်။ မလိုအပ်ဘဲ စာရွက်ရေခပ်များများ အကုန်မခံနိုင်။ အမှန်တကယ်စိတ်ဝင်တစားရှိသူများထံသို့သာ ရောက်စေလိုသည်။ သို့ရာတွင် အမှန်တကယ်စိတ်ဝင်တစားရှိသည့် ကျောင်းသားများကို မည်သို့ ရှာဖွေရမည်နည်း။ သောင်းချီနေသော ကျောင်းသားများအကြားမှ စာရေးသားခြင်းကို စိတ်ဝင်စားသည့် ကျောင်းသားကျောင်းသူများကို မည်သို့ ဆွဲထုတ်ရှာဖွေရမည်နည်း။ မလွယ်ကူပြန်ပါ။ သို့ကြောင့် စာသင်ခန်းဝများတွင် စာရွက်များကပ်ထားရန် စဉ်းစားကြည့်သည်။ သူငယ်ချင်းများက မေဂျာဌာနအသီးသီးမှ ဆရာ၊ ဆရာမများ၏ ခေါ်ယူမေးမြန်းဆူပူခြင်းကို ခံရနိုင်သည်ဟု ဆိုကြပြန်သည်။ စိတ်ရှုပ်လာရသည်။ မည်သို့ ကြံရမည်မသိ။ မည်သည့် နည်းလမ်းနှင့်မဆို ခေါ်ယူမေးမြန်းခံရမည့် ကိန်းကရှိနေသည်။  ဒီတော့ မတတ်နိုင်။ တည့် တည့်တိုးရန်သာ ရှိတော့သည်။ သို့သော် စနစ်တကျ တိုးဝင်သွားမည်ဟု ဆုံးဖြတ်ကာ ပါမောက်ခချုပ်အား သွားရောက်တွေ့ဆုံရန် တိုင်ပင်ဖြစ်၏။ ပါမောက်ခချုပ်ဆိုတော့ သူငယ်ချင်းများက နည်းနည်းလန့်ချင်ကြသည်။ ကျွန်တော်ကတော့ ကျွန်တော်တို့ လုပ်ဆောင်မည့် အစီအစဉ်လေးကို တင်ပြကြည့်ပြီး အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းလေးကို လမ်းကြောင်းပေးစေလိုသောကြောင့် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်းပြောတော့ ဘာမှ မပြောကြတော့။ သို့သော် ဆရာကြီးအားသွားတွေ့ရာတွင် ကျွန်တော်နှင့်အတူ သူငယ်ချင်းတစ်ယောက်ကိုသာ ခေါ်ပြီး သွားရောက်ဖြစ်ခဲ့သည်။ ပါမောက်ခချုပ်နှင့် စကားပြောရဆိုရ အဆင်မချောလျှင် အခြားသူငယ်ချင်းများ တစ်စုံတစ်ရာ စိုးထိတ်နေမည်စိုးသဖြင့် ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက်သာ သွားရောက်တွေ့ဆုံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ဆရာကြီးနှင့်တွေ့တော့ ဘေးနားမှာ ဘာသာရပ်ဆိုင်ရာ ပါမောက်ခတစ်ချို့နှင့် ၊ ဆရာတစ်ချို့ရှိနေသည် ။ ကျွန်တော်က စာအုပ်ထုတ်ချင်သည့်အကြောင်းလေး စပြောတော့ အဲဒါကတော့ မရလောက်ဘူးဆိုသည့် စကားက စလာပါသည်။ တက်ကသိုလ်များမှ စာအုပ်ထုတ်မည်ဆိုလျှင် စာမူများအားလုံးကို အဆင့်မြင့်ပညာဦးစီးဌာနသို့ တင်ပြရကြောင်း၊ ယင်းဌာနက စိစစ်ပြီး ခွင့်ပြုမှသာ ထုတ်ဝေရသည်ဟုဆို၏။ ကျွန်တော်ကတော့ ထိုသို့ မပြနိုင်။ စာအုပ်တစ်အုပ်ထုတ်ရန်အတွက် ရေးသူနှင့် ရွေးချယ်ကာ တာဝန်ခံမည့်သူရှိလျှင် လုံလောက်ပြီဟု တွက်သည်။ ဆရာကြီးတို့ကလည်း တက်ကသိုလ်များမှာ သီးခြားရပ်တည်ပိုင်ခွင့်မရှိသေးသည့်အတွက် ယင်းသို့ လုပ်ဆောင်ရန်မဖြစ်နိုင်ကြောင်း အေးဆေးစွာ ရှင်းပြသည်။ နောက်ဆုံးတော့ ကျွန်တော်က ဘယ်လိုမဆို မဖြစ်ဖြစ်အောင်လုပ်မည်ဆိုတာကို ရိပ်စားမိသွားသောကြောင့်လားမပြောတတ်။ မုံရွာတက်ကသိုလ်ကျောင်းသားများဆိုတာမျိုး ကျောင်းကို ကိုယ်စားပြုသည့်သဖွယ် မထုတ်ဘဲ ပြင်ပမှ ထုတ်ဝေသည့်သဏ္ဍာန် လုပ်ဆောင်ရန် ပြောသည်။ သည်လိုဆိုတော့ အိုကေသွားသည်။ ကျွန်တော်တို့ကလည်း မုံရွာတက်ကသိုလ်တစ်ခုတည်းအနေနဲ့ သိပ်မလုပ်ချင်။ မုံရွာမှာရှိသည့် ကျောင်းများမှ ကျောင်းသားကျောင်းသူများ၏ ဖန်တီးမှုများဖြင့် ထုတ်ဝေချင်သည်ဖြစ်သဖြင့် အဆင်ပြေသွားသည်။ တစ်ဆက်တည်းပင် စာမူဖိတ်ခေါ်စာများကပ်မည့် အကြောင်းကိုလည်း ပြောဖြစ်ခဲ့ရာ ပါချုပ်ဘက်မှ တားမြစ်ပိတ်ပင်သည့် စကားတစ်စုံတစ်ရာမဆိုခဲ့သည်မို့ စာရွက်များကပ်ဖို့အရေး စိတ်အေးလိုက်တော့၏။ 

သည်လောက်ထိ မေးမြန်းကြံစည်ပြီးပါမှ အရေးကြီးသည့် ပိုက်ဆံကိစ်စအတွက် မေမေ့ကို အပူကပ်ရသည်။ သူငယ်ချင်းတွေက နယ်မှ ကျောင်းလာတက်ရသူများ များသည်မို့ ငွေကြေးစိုက်ထုတ်ဖို့ ရာ မလွယ်ကူ။ ပြီး ကျွန်တော်ကလည်း စာအုပ်ထုတ်ဖို့အတွက် စိတ်အားအထက်သန်ဆုံးဖြစ်သည့်အတွက် မေမေ့ကိုသာ အဓိက အပူရပ်ရတော့၏။ မေမေက ထုတ်ပေးမည်။ သို့သော် ငါးသောင်းထက်ပိုပြီး အရှုံးမခံနိုင်ဟု ဆိုသည်။ ကျွန်တော်က အာမခံသည်။ လုံးဝမရှုံးစေရ။ မေမေကလည်း စာအုပ်အားလုံးကုန်တယ်၊ ရှုံးလည်းမရှုံးဘူးဆိုရင် မုန့်ဖိုး သုံးသောင်းပေးမည်ဟု ဆိုလာသည်။ ကျွန်တော်ကလည်း ဘယ်လိုမှ မရှုံးနိုင်ဘူးဆိုတာသိနေသည်။ မေမေပြောသည့်အတိုင်းပင် ကျောင်းသားတိုင်း စာပေအနုပညာကို စိတ်မ၀င်စားကြသော်လည်း  သူတို့ဝန်းကျင်တွင် အသစ်အဆန်းသဖွယ် ဖြစ်နေမည့် ကျွန်တော်တို့ စာအုပ်ကလေးကို  စာဖတ်ဝါသနာမပါသည့်တိုင် မြည်းစမ်းတော့ ကြည့်ဦးမည်ဖြစ်ကြောင်း စိတ်ထဲက အတပ်သိနေသည်။ ကျွန်တော်တို့ ကျောင်းတွေမှာ မဂ်ဂဇင်းတွေထုတ်သည့်တိုင် ယင်းမဂ်ဂဇင်းများမှာ မည်သို့မျှ ဆွဲဆောင်မှု မရှိ။  မျက်နှာဖုံးမှ စပြီး စာမူများ၊ နောက်ကျောဖုံးတိုင်အောင် ငြီးငွေ့ဖွယ်ရာ အရိပ်အငွေ့များက စွန်းထင်းနေသည်ဖြစ်ရာ ကျောင်းသားများအဖို့ စိတ်မ၀င်စားကြသော်လည်း ကျွန်တော်တို့က စိတ်ဝင်စားဖွယ်ရာ တင်ဆက်နိင်လျှင် သူတို့ မျက်စိကျလာမည်ဟု ကျွန်တော်က ယုံကြည်နေမိသည်။ မျက်နှာဖုံးကိုလည်း ကျောင်းမဂ်ဂဇင်းများနှင့်ကွဲပြားအောင် စုံတွဲပုံစံရိုက်မည်ဟု စဉ်းစားမိ၏။ သူငယ်ချင်းတွေက မိန်းကလေးတွေချည်း ရိုက်ပါလားဟု အကြံပေးပေမယ့်   ပုံမှန်ထုတ်နေကျ ကျောင်းမဂ်ဂဇင်းများနှင့် လုံးဝကွဲထွက်ချင်သည်မို့ စုံတွဲပုံရိုက်မည်ဖြစ်ကြောင်း ရှင်းပြတော့ သူတို့လည်း လက်ခံကြသည်။ 

 သည့်နောက်တွင် စာအုပ်ထုတ်ဖို့အရေး အသေအကျေ လုံးပမ်းရတော့၏။ စာမူဖိတ်ခေါ်စာကြော်ငြာအတွက် စာစီရသည်။ စာအုပ်ဈေးနှုန်းကို အတတ်နိုင်ဆုံး အားလုံးတတ်နိုင်မည့် ဈေးနှုန်းမျိုးသတ်မှတ်မည်မို့ အကျိုးအမြတ်ဟူသည်မှာ မသေချာသည်ဖြစ်ရကား စာမူခ ချီးမြှင့်ပေးနိုင်ခြင်းရှိ၊ မရှိ အတပ်မပြောနိုင်ကြောင်း၊ စာမူခမချီးမြှင့်ပေးနိုင်ပါက ထိုက်တန်သည့် အနုပညာဂုဏ်ပြုပွဲတစ်ခုဖြင့် ကျေးဇူးတုံ့ပြန်သွားမည်ဖြစ်ကြောင်းကိုပါ တစ်ပါတည်း ထည့်သွင်းရေးသားပေးရသည်။ ကြော်ငြာစာရွက်ကို အရွက်ရေ ခြောက်ရာခန့်ထုတ်လိုက်သည်။ ထို့နောက် မိန်းကလေးများနှင့် စကားပြောဆိုရာတွင် ပိုင်နိုင်ကျင်လည်လှသည့် သူငယ်ချင်းနှစ်ဦးက မိန်းကလေးအဆောင်များသို့ သွားကပ်ရန် တာဝန်ယူသည်။ အရွက်ရေ နှစ်ရာခန့်ပေးလွှတ်လိုက်ရာ အကုန်ကုန်လာခဲ့သည်။ 
စာမူဖိတ်ခေါ်စာ ကြော်ငြာစာရွက်

မိန်းကလေးဆောင်တော်တော်များများကိုလည်း ရောက်ခဲ့လေသည်။ ယောက်ျားလေးဆောင်ကတော့ ဆယ်ဆောင်ပင်မပြည့်ဟုဆိုသည်။ ရပြီ။ သည်လောက်ဆိုလျှင် အတော်လုံလောက်သွားပြီ။ ကျန်စာရွက်များမှာ စာသင်ခန်းဝများတွင် ကပ်ရန်နှင့် နီးစပ်ရာမိတ်ဆွေများမှတစ်ဆင့် လက်ဆင့်ကမ်းရမည်ဖြစ်သည်။ စာမူလက်ခံပေးမည့် ကျောင်းထဲကင်န်တင်းမှ **Winner Café **တွင် ချိတ်ဆွဲထားရန် ဗီနိုင်းတစ်ခုကိုလည်း အပ်ရလေသည်။
ကျောင်းဝန်းထဲမှာ စာမူဖိတ်ခေါ်စာများ လိုက်ကပ်အပြီး ကင်န်တင်းမှာ နားစဉ်
ကျောင်းထဲမှာလည်း အခန်းတိုင်းလိုလို၏  မြင်သာထင်သာရှိသောနေရာများတွင် စာရွက်များကပ်ရသည်။ ခင်မင်သည့်သူငယ်ချင်းများမှတစ်ဆင့်လည်း ဝေရ၏။ နည်းပညာတက်ကသိုလ်မှာတော့ ကျောင်းထဲထိသွားပြီး ကျောင်းတိုင်လုံးများတွင် စာမူဖိတ်ခေါ်စာစာရွက်များကို ကပ်ထားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ယင်းစာမူဖိတ်ခေါ်စာလေးများသည် အတော်လေး ပျံ့နှံ့ခဲ့ပါ၏။ စာမူတွေလည်း တော်တော်များများရောက်လာသည်။ ကဗျာ၊ ၀တ်ထုတို၊ ဆောင်းပါး၊ ချစ်သူဖတ်ဖို့၊ ရင်ဖွင့်စာ စသဖြင့် စုစုပေါင်း စာမူ အပုဒ် နှစ်ရာခန့်ရခဲ့လေသည်။ စာမူများစတင်လက်ခံပြီဆိုကတည်းက ကျွန်တော်တို့အယ်ဒီတာအဖွဲ့က ရလာသည့် စာမူများကို ချက်ချင်းအလှည့်ကျ ဖတ်ခဲ့သည်။ ဒီတော့ စာမူလက်ခံရက်ပြည့်တော့မှ စာမူတွေ တစ်ပုံကြီး ပြုံဖတ်ရတာမျိုး မဖြစ်တော့။ ပထမအဆင့် စာမူရွေးချယ်ပုံက အယ်ဒီတာအဖွဲ့ဝင်များ အလှည့်ကျ စာမူများကို ဖတ်ကြသည်။ ဖတ်ပြီးသည်နှင့် ယင်းစာမူပေါ်တွင် ကောင်း၊ သင့်၊ ညံ့ ဟု မိမိ ခံစားရသည့်အတိုင်း အမှတ်အသားပြုသည်။ ဒီလိုနှင့် အယ်ဒီတာအဖွဲ့ဝင်တိုင်းဖတ်ပြီးတော့ ညံ့ဟု သတ်မှတ်ခံရမှု များသော စာမူများကို ပယ်ကြောင်းအတည်ပြုသည်။ တချို့ ထပ်မံစဉ်းစားသင့်သည်ဟု ထင်သည်များကိုတော့ ဒုတိယအဆင့် တင်လိုက်သည်။ ဒုတိယအဆင့်မှာ ယင်းစာမူများနှင့် သင့်၊ ကောင်းစာမူများထဲမှ မူနှင့်အကိုက်ညီဆုံးနှင့် အယ်ဒီတာအဖွဲ့ဝင်အများစုအကြိုက်ဆုံးစာမူများကို ထပ်မံရွေးထုတ်ရသည်။ ကျောင်းသားလူငယ်များ၏ ဖြတ်သန်းလှုပ်ရှားနေရမှုများကို ထင်ဟပ်ရမည်ဟူသော အဓိက မူဖြင့် ကိုင်စွဲလိုက်သည့်အခါ စာမူတော်တော်များများက ပြုတ်လေသည်။ ကျောင်းသားလူငယ်များနှင့် သက်ဆိုင်သည်များ၊ တချို့မှာ ရာနှုန်းပြည့်မသက်ဆိုင်သော်လည်း စာပေအနုပညာစံနှုန်းဖြင့် တိုင်းတာပါက အနုပညာရသမြောက်နေသဖြင့် ရွေးထုတ်ရသည်လည်းရှိလေသည်။ စာမူရွေးရသည်မှာလည်း အယ်ဒီတာအဖွဲ့ဝင်အချင်းချင်း ရန်ဖြစ်တော့မတတ်ပင် အကြိတ်အနယ် ငြင်းခုံဆွေးနွေးရသည်။ စာတစ်ပုဒ်ပါ စာကြောင်းလေး နှစ်ကြောင်းသုံးကြောင်းအတွက်နှင့်ပင် နာရီဝက်၊ တစ်နာရီကြာ ဆွေးနွေးရ၏။ နောက်ဆုံးမှာတော့ အယ်ဒီတာအဖွဲ့ဝင်အများစု နှစ်ခြိုက်သည့် စာမူများကို ရွေးချယ် စစ်ထုတ်နိုင်ခဲ့သည်။ 

တက္ကသိုလ်ကျောင်းဝန်းထဲက ဘောလုံးကွင်းထဲမှာ ဒီလို စာမူဖတ်ရှုရွေးချယ်
တကယ်တော့ ကျွန်တော်က နဂိုကတည်းက စာမူကောင်းများလ က်ခံရရှိမည်ဟု မျှော်လင့်ထားပြီးသား။ ကျွန်တော်တို့လူငယ်များတွင် အရည်အချင်းက မရှိသည်မဟုတ်၊ ရှိပါလျက် ကောင်းစွာ ထုတ်ဖော်ပြသနိုင်သည့် အခြေအနေ ၊ အခွင့်အရေးမရှိခြင်းဖြစ်သည်။ ပတ်ဝန်းကျင်က အဓိက အရေးပါလေသည်။ ယခင်ကတည်းက ကျွန်တော်တို့ ကျောင်းများက မဂ်ဂဇင်းများထုတ်ပါသည်။ သို့သော်လည်း ကျောင်းသားတော်တော်များများက စိတ်မ၀င်စား။ ပုံစံဟောင်းကြီးထဲက ခွဲမထွက်နိုင်ဘဲ ရှိသော စာအုပ်စာစောင်မျိုးကို  မြင်ရုံနှင့်ပင် စာရေးချင်စိတ် ကုန်ခမ်းကြလေသည်။ စာမူများ ပို့ကြပြီဆိုလျှင်လည်း နိုင်ငံရေး လွတ်နိုင်၊ ကင်းနိုင်မည့် စာမူမျိုးကိုသာ စစ်ထုတ်လေသည်။ နည်းနည်းကလေးမှ ဝေဖန်လို့မရ၊ စောကြောလို့မရ၊ အထိမခံရွှေပန်းကန်။ ဒီလို မဂ်ဂဇင်းတွေကြားမှာ ရှင်သန်ခဲ့ရတော့ ကိုယ့်မှာ စာရေးတတ်သည့် ပါရမီလေးရှိသည်ကိုပင် မရိပ်စားမိ။ ကျွန်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် စာမူဖိတ်ခေါ်လာသည့်အခါကျမှ စာရေးချင်သည့် စိတ်အာရုံများ နိုးကြားလာပြီး နှလုံးသားထဲမှာ ရှိသမျှကို အိတ်သွန်ဖာမှောက် သွန်ချဖြစ်ကြတော့ခြင်းဖြစ်၏။ 

စာမူများရွေးချယ်ပြီးပြီဆိုတော့ သူငယ်ချင်းတွေ ၀ိုင်းပြီး စာစီရသည်။ စာအုပ်ဖွဲ့စည်းပြင်ဆင်မှုပုံစံကိုတော့ ကျွန်တော်က စီစဉ်ပြုလုပ်သည်။ နည်းပညာပိုင်းမှာ ထုံအသော်လည်း တတ်သလောက် မှတ်သလောက်လေးဖြင့် လက်ကုန်သုတ်ရပါ၏။
တစ်ဖက်က စာစီနေစဉ်မှာပင် မျက်နှာဖုံးဓါတ်ပုံရိုက်ဖို့ကလည်း ပြင်ရဆင်ရသည်။ မျက်နှာဖုံးရှင်များကို ကျွန်တော်တို့ စိတ်ကြိုက် ရွေးချယ်ပြီး တွဲဖက်ရိုက်ကူးစေခြင်းဖြစ်သည်။ 

 ရိုက်ကူးမည့်နေရာကိုလည်း တော်တော်ခက်ခက်ခဲခဲစဉ်းစားရလေသည်။ ဟိုနေရာရိုက်ရကောင်းနိုး၊ ဒီနေရာရိုက်ရကောင်းနိုးနှင့် အယ်ဒီတာအဖွဲ့ဝင်များသွားပြီး ယောက်ျားလေးအချင်းချင်း စုံတွဲသဏ္ဍာန် အမူအရာလုပ်ခိုင်းပြီး အစမ်းရိုက်ကာ တည်နေရာရွေးရသည်။ နောက်ဆုံးမှာတော့ ကိုယ့်ကျောင်းဝန်းထဲမှာပင်ရှိသော မုံရွာတက်ကသိုလ်စေတီဝန်းအတွင်းက သစ်ပင်ကြီးအောက်မှာ ရိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ဓါတ်ပုံ၇ိုက်ကူးရန်အတွက်လည်း မိတ်ဆွေ သတင်းထောက်တစ်ဦးက ကူညီမည်ဖြစ်သဖြင့် ဓါတ်ပုံဆရာအရေးကလည်း စိတ်အေးရသည်။ သည်လိုနှင့် ရိုက်မည့်ရက်သတ်မှတ်စီစဉ်ရသည်။ တကယ်ရိုက်တော့လည်း ဘုရားဝန်းတစ်ခုလုံးအနှံ့ ပတ်လျှောက်ခိုင်းလိုက်၊ ဟိုသစ်ပင်ကိုမှီရိုက်လိုက်၊ ဒီ အုတ်တိုင်ကို မှီရိုက်လိုက်နှင့်  ပုံငါးဆယ်လောက် ရိုက်ဖြစ်ပါ၏။ ၀ါးသွားသည့်ပုံ၊ မျက်နှာအနေအထားမကောင်းသည့်ပုံ၊ အလင်းများသွားသည့်ပုံ၊ မှောင်ရိပ်ကျသွားသည့်ပုံအစရှိသဖြင့် အဆင်မပြေသည့် ပုံများကို ဖယ်ထုတ်ပြီး သင့်တော်မည့် ပုံ လေးငါးပုံလောက်ကို စိတ်တိုင်းကျ ရွေးချယ်ရသည်။ ဘယ်ပုံကို မျက်နှာဖုံးမှာ သုံးမည်၊ ဘယ်ပုံကို နောက်ကျောဖုံးမှာ သုံးမည် စဉ်ရသည်။ ထာဝရရွှေကြယ်လူငယ်စာစဉ်ဟူသောစာတန်းကို ဘယ်နေရာမှာထားမည်၊ မျက်နှာဖုံးရှင်နှင့် ဓါတ်ပုံဆရာအမည်များကို ဘယ်နေရာမှာထားမည်၊ အစရှိသဖြင့် စုံစီနဖာ လုပ်ရသည်။ 

အအိပ်ပျက်၊ အစားပျက်၊ စာသင်ချိန်ပျက် အမျိုးမျိုး တီထွင်ကြံဆ ဖန်တီးပြင်ဆင်ပြီးနောက် အုပ်ရေ နှစ်ရာခန့်ထုတ်ထားသော ထာဝရရွှေကြယ်လူငယ်စာစဉ်လေးသည် လူငယ်များလက်သို့ အရောက်ပို့နိုင်ရန် အဆင်သင့်ဖြစ်သွားလေတော့သည်။ စာအုပ်ရောင်းရတော့မည်ဆိုတော့ ရောင်းမည့် နည်းစနစ်ကို စဉ်းစားရသည်။ နဂိုမူလကတည်းက ကျောင်းဝင်းထဲမှ တွေ့သမျှလူကို လိုက်ရောင်းမည်ဟု ကြံဆထားကြသော်လည်း ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်နေမှာစိုးတာရယ်၊ လူစုံမသိလိုက်မှာ စိုးတာရယ်ကြောင့် စာသင်ခန်းတွေထဲ ၀င်ကြော်ငြာပြီး ရောင်းမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ သည်လိုနှင့် ရက်တစ်ရက်ရွေးပြီး မနက်ခင်းမှ စကာ စာသင်ခန်းများအတွင်း လှည့်လည်ဖြစ်လေသည်။ ဆရာ မ၀င်နေသော စာသင်ခန်းများသို့ ၀င်ကာ စာသင်ခုံတစ်ခုံလျှင် စာအုပ်တစ်အုပ်စီ ချပေးကာ အမြည်းကြည့်ရှုစေသည်။ ကျွန်တော်က စာသင်ခန်းရှေ့ Stageပေါ်မှနေပြီး  စာအုပ်နှင့် ပတ်သတ်ပြီး စိတ်ဝင်စားအောင် ဖောရှောလုပ်ရ၏။ 

တက်ကသိုလ်ကျောင်းသားလူငယ်များ၏ ခံစားချက်ရင်ဖွင့်လွှာ ၊ အချစ်ရသ အနုအလှ စာကဗျာများအကြောင်း မိတ်ဆက်ကြော်ငြာရ၏။ ကျောင်းသားကျောင်းသူများကလည်း အားပေးကြပါ၏။ မျက်နှာဖုံးကလည်း စုံတွဲပုံလေးနှင့်ဆိုတော့ စာမဖတ်ချင်ကြသည့်တိုင် ပုံကြည့်ရအောင်နှင့် ၊  အားပေးသည့်သဘောတို့ ဖြင့် ငွေတစ်ထောင်အကုန်ခံကာ ၀ယ်ယူကြသူများကလည်းရှိပါ၏။ ပထမနေ့မှာပင် စာအုပ်နှစ်ရာလုံးကုန်သွားသဖြင့် ညတွင်းချင်းပင် နောက်ထပ်သုံးရာထပ်ရိုက်ရသည်။ Winner Café မှာ အုပ်နှစ်ဆယ်လောက်ပေးထားခဲ့ပြီး ကိုယ့်နီးစပ်ရာမိတ်ဆွေများမှတစ်ဆင့် လက်ဆင့်ကမ်းရောင်းရသည်။ တချို့က သူများထံမှ သိပြီး ကျွန်တော်တို့ကို ဆက်သွယ်ကာ ၀ယ်ယူကြသည်လည်းရှိသည်။ နည်းပညာတက်ကသိုလ်ဘက်ကိုလည်း စာမူဖော်ပြခံရသည့် နည်းပညာတက်ကသိုလ်ကျောင်းသားများမှ တစ်ဆင့် ရောင်းရသည်။ 

စာအုပ်မထုတ်ခင်က သွားရောက်တွေ့ဆုံခဲ့သော ပါမောက်ခချုပ်မှာ ပင်စင်ယူသွားပြီဖြစ်သဖြင့် လက်ရှိ တာဝန်ယူထားရသူက တာဝန်ခံပါမောက်ခချုပ်ဖြစ်သည်။ ကျွန်တော်တို့ ကျောင်းသားများ၏ လှုပ်ရှားမှုကို အသိပေးသည့်သဘောဖြင့် ဆရာကြီးထံ စာအုပ်တစ်အုပ် လက်ဆောင်ပေးရန် သွားရောက်တွေ့ဆုံဖြစ်သည်။ ဒီတစ်ခါမှာတော့ အယ်ဒီတာအဖွဲ့ဝင်များသာမက မျက်နှာဖုံးရှင်သူငယ်ချင်းပင် လိုက်ပါလာလေသည်။ ကိုးယောက်သား အုပ်လိုက်ကြီး ပါမောက်ခချုပ်ရုံးခန်းတည်ရှိရာ ပင်မဆောင်ဆီချီတက်တော့ အပေါက်ဝမှာပင် အပေါက်စောင့်က ဆီးဟောက်၏။ မသွားရဘူးဟုဆိုသည်။ ကျွန်တော်ကလည်း မရ။ သွားမည်။ သွားရမှ ကျေနပ်မည်။ ဆရာကြီးကို လက်ဆောင်ပေးစရာရှိသောကြောင့်ဟု အတင်းခံပြောတော့ အကုန်လုံးမသွားနဲ့ဟု ရစ်ပြန်သည်။ ကျွန်တော်ကလည်း လျှော့မပေး။ အားလုံးအတူတူသွားရမှ ကျေနပ်မည်။ နောက်ဆုံးတွင် သူ့ကို စကားဆက်မပြောနေတော့ဘဲ သူငယ်ချင်းများကို ခေါ်လျက် အပေါ်ထပ်သို့ တက်သွားတော့သည်။ အပေါက်စောင့်ဘိုးတော်ကြီးကား ဘာမှမပြောနိုင်ဘဲ ကျန်ခဲ့လေသည်။ မတတ်နိုင်။ ကျောင်းသားနှင့် ကျောင်းအုပ်တွေ့ဆုံခြင်းသည် ရေးကြီးခွင်ကျယ်ပြသနာမဟုတ်။ ကျောင်းအုပ်သည် ကျောင်းသားများကို အုပ်ချုပ်နေရခြင်းဖြစ်သဖြင့် ကျောင်းသားများနှင့်တွေ့ဆုံရန်အတွက် ၀န်လေးနေဖို့မလိုအပ်။ ကျောင်းသားများကလည်း ကျောင်းအုပ်နှင့်တွေ့ဆုံဖို့ ကြောက်ရွံ့နေဖို့ မလိုအပ်ဟု ကျွန်တော်က ယူဆသည်။ အပေါ်ရောက်တော့ စာရေးမများက အကုန်လုံးကြီးတော့ မ၀င်ပါနဲ့ဟုဆိုသည်။ ဒါကတော့ ဟုတ်သည် ။ ဆရာကြီးစားပွဲရှေ့မှာလည်း ထိုင်ခုံက သုံးခုံခန့်သာ ချထားသည်ဖြစ်ရာ အုပ်လိုက်ကြီးဝင်သွားပြီး ၀ိုင်းမတ်တတ်ရပ်နေကြလျှင် မြင်လို့မှ မကောင်း၊ မသိလျှင် ပါမောက်ခချုပ်ကို ၀ိုင်းပြီး အနုကြမ်းစီးနေသည်ဟုပင် အထင်ခံရနိုင်သည်။ သို့ကြောင့် ကျွန်တော်နှင့် သူငယ်ချင်းနှစ်ယောက် ၀င်သွားလိုက်သည်။ ဆရာကြီးကို အကျိုးအကြောင်းပြောပြီး စာအုပ်လေး လက်ဆောင်ပေးလိုက်တော့ ဆရာကြီးက စာအုပ်လေးကို လှန်လှောကြည့်ရင်း စကားဆိုသည်။ ဘယ်သူကတာဝန်ခံမလဲဆိုတာက စသည်။ ကျွန်တော်က ကျွန်တော်တို့ တာဝန်ခံပါတယ်ဟု ဆိုတော့ ဆရာကြီးက ကျောင်းသားတွေ ထုတ်တာဖြစ်တဲ့အတွက် ကျောင်းကဖြစ်စေ၊ ဆရာတွေက ဖြစ်စေ တာဝန်ခံပေး၇မှာပေါ့၊ ဘယ်လိုပဲ အပြင်က ထုတ်တဲ့ ပုံစံမျိုး ထုတ်ပါစေ၊ ကျောင်းသားဟာ ကျောင်းသားပဲဖြစ်တဲ့အတွက် ဆရာတွေဘက်က တာဝန်ခံပေးဖို့လိုကြောင်း၊ ယခင်ပါမောက်ခချုပ်လက်ထက်က ခွင့်ပြုချက်တောင်းခဲ့တာဖြစ်တဲ့အတွက် တာဝန်မခံပေးနိုင်တာဖြစ်တာမို့ ဆရာတွေဘက်က တာဝန်မကျေသလို သူ့အနေနဲ့ခံစားရကြောင်း စသဖြင့် လှိုက်လှိုက်လှဲလှဲပြောရှာပါသည်။ ဆရာကြီးကလည်း ဒါမျိုးကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုသူဖြစ်ပါ၏။ 

ထို့နောက် သူ့အနေနှင့် ကျောင်းမှာ လုပ်ချင်သည်များကိုလည်း ရင်ဖွင့်သည်။ ကျောင်းတွင်း ဓါတ်ပုံပြိုင်ပွဲမျိုးတွေ၊ ကျောင်းဘွဲ့ စာပေပြိုင်ပွဲမျိုးတွေလုပ်ချင်စိတ်ရှိကြောင်းဆိုလာသည်။ ဆရာကြီးက မလုပ်ဖြစ်ရသည့်အကြောင်းကို မပြောသည့်တိုင် ကျွန်တော်က ဘာကြောင့် မလုပ်တာလဲဟူသည့် မေးခွန်းကိုမေးမနေ။ အကြောင်းအရင်းကို သိနေပြီးမဟုတ်ပါလား။ ဒီလိုနှင့် အကွက်ဝင်တုန်း ကျွန်တော်ကလည်း  တက်ကသိုလ် စာပေအနုပညာအသင်းဖွဲ့စည်းပေးဖို့ စဉ်းစားစေလိုကြောင်း အကြံပေးခဲ့သည်။ ဆရာကြီးက သူစဉ်းစားပါမယ်ဟုဆိုသည်။ လုပ်ဖြစ်ပြီဆိုရင်လည်း ကျွန်တော်တို့ကို ခေါ်ယူမည်ဖြစ်ကြောင်း ဆက်သွယ်ရန် ဖုန်းနံပါတ်များ ပေးထားရန် တောင်း၏။ သည်လိုနှင့် ကျွန်တော်တို့တွေလည်း ပါမောက်ခချုပ်၏ ရုံးခန်းထဲမှ ၀မ်းမြောက်ရွှင်မြူးစွာ ထွက်ခွာလာနိုင်ခဲ့လေသည်။ 

တချို့မေဂျာဌာနများမှာ ပါမောက်ခများ၊ ဆရာ ဆရာမများကိုပါ ရောင်းချဖြစ်လေသည်။ စိတ်လိုလက်ရ ၀ယ်ယူအားပေးသည့် ၊ ကျောင်းသားများ၏ ၀ါသနာကို အားပေးလိုသည့် ဆရာဆရာမများရှိသလို၊ မြန်မာ့အလင်းသတင်းစာကို အင်မတန်စိတ်ဝင်စားနေသည့် ပုံစံဖမ်းကာ ဖတ်ရှုနေလျက် အဲဒါမျိုးတွေ မဖတ်တတ်ဘူးဟု ပြောသည်ကို လည်း ခံခဲ့ရပါသည်။ တချို့ကကျ ကျွန်တော်တို့ လုပ်ရပ်ကပဲ တိုင်းပြည်ကြီးကို ပုန်ကန်တော့မှာလိုလို၊ ကျောင်းကြီးကို ပြောင်းပြန်လှန်ပစ်တော့မှာလိုလို တုံ့ပြန်ကြလေသည်။ အံ့သြစရာတော့ကောင်းသည်။

ဂျာနယ်၊ မဂ်ဂဇင်းတချို့မှာ ဘာသာ၇ပ်ဆိုင်ရာ ဆောင်းပါးများရေးသားနေသည့် ပါမောက်ခတစ်ဦးကလည်း စာအုပ်လက်ဆောင်သွားပေးတော့ လွတ်လွတ်ကင်းကင်းပဲ မဟုတ်လား ဆိုတာက တန်းမေးသည်။ စိတ်ထဲ ဒေါသက ထောင်းခနဲထွက်သွားသော်လည်း  အပြုံးမျက်နှာဖြင့် တုံ့ပြန်ခဲ့သည်။
ဘယ်လိုပဲမဆို ကျွန်တော်တို့ စာအုပ်ကလေးက အတော်လေး ပေါက်ခဲ့ပါသည်။ စာအုပ်ထွက်ပြီးတော့ ကျွန်တော့်ဆီကို  မိတ်ဆက်စကားဆိုကြသူများ၊ ၀မ်းမြောက်ဝမ်းသာစကားဆိုကြသူများ၊ ချီးမွမ်းစကားဆိုကြသူများ စသဖြင့် ကိုယ်မသိသည့်လူတော်တော်များများဆီမှ ဖုန်းများ လက်ခံရရှိပါ၏။ တချို့က မင်းတို့လုပ်တာ ကြိုဆိုပါတယ်ကွာ၊ လုပ်ကြပေါ့၊ ငါတို့လည်းရေးမယ်၊ နောက်တစ်ခါထုတ်ရင် ကျယ်ကျယ်ပြန့်ပြန့်စာမူဖိတ်ခေါ်ပါ၊ ငါက ဘယ်မှာ ရေးနေတဲ့လူပါ၊ ဘာညာနှင့် ကြိမ်းမောင်းဟန် ပြောဆိုသူများလည်း ရှိ၏။ တချို့က ဘယ်တော့ပြန်ထုတ်ဥိးမှာလဲ။ နောက်တစ်ခါထုတ်ရင် စာမူပို့ချင်တယ်ဟု ဆိုကြသူလည်းရှိသည်။ သူငယ်ချင်းအရွယ်၊ ညီငယ် နှမငယ်အရွယ်၊ အစ်ကို အစ်မအရွယ်များသာမက ဦးလေး အဒေါ်အရွယ်များကပါ  စာအုပ်နှင့်ပတ်သတ်ပြီး သူတို့ခံစားမိသည်များ ဆက်သွယ် ပြောကြားခဲ့ကြလေသည်။ ကျွန်တော့်မှာတော့ ပီတိဖြစ်မဆုံး။ တချို့က ကျွန်တော်တို့ စာမူဖိတ်ခေါ်ကာစက ကျောင်းသားသမဂ်ဂလိုအဖွဲ့အစည်းမျိုးက ထုတ်သည်ဟု ထင်ကာ စာမူမပို့ခြင်းဖြစ်သည်ဟု ဆိုပြန်သည်။ 

မတွေ့တာကြာပြီဖြစ်သည့် မိတ်ဆွေများနှင့်တွေ့တော့လည်း တော်တော်များများက စာအုပ်ကလေးအကြောင်းသိနေကြသည်။ အုပ်ငါးရာခန့်ကုန်ခဲ့သော ကျွန်တော်တို့ စာအုပ်ကလေးသည် လူ လေးငါးထောင်ခန့်သို့ ပျံ့နှံ့ခဲ့ကြောင်း သိရလေသည်။ စာအုပ်ငါးရာလုံးကုန်သွားသည့်တိုင် ထပ်ဝယ်ချင်သူများက ရှိနေသော်လည်း ကျွန်တော်တို့က ထပ်မထုတ်ဖြစ်တော့။ တအားကြီး ပေါများသွားလျှင်လည်း မကောင်းဟု တွေးသည်။ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ဝင်များမှာတော့ ထိုရက်ပိုင်းတွင် ပါးစပ်က နားရွက် တက်ချိတ်နေသည်အထိ ၀မ်းသာ ရွှင်မြူးခဲ့ရလေသည်။


ဝေမိုးနိုင်(မုံရွာ)


 စာစဉ်တွင် စာမူဖော်ပြခံရသည့် ကလောင်ရှင်များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ပေးဖြစ်ခဲ့ပုံနှင့်  ယင်းနှင့် သိပ်မကြာမီအချိန်မှာပင် မုံရွာတက်ကသိုလ် ကျောင်းသားအများစု ပါဝင်သည့် ပရဟိတအသင်းလေး သက်ဝင်လှုပ်ရှား ဖြစ်ခဲ့ပုံများကို  ကျွန်တော်တို့ခေတ် တက္ကသိုလ် (၃)အဖြစ် ဆက်လက် ရေးသားသွားပါမည်။ လာရောက်ဖတ်ရှုကြဖို့ ဖိတ်ခေါ်ပါသည်။ 


ပြောချင်တဲ့စကား 

ကျွန်တော် တက်ကသိုလ်ကျောင်းသားဘ၀မှာ ကြုံတွေ့ရတာလေးတွေကို အလျဉ်းသင့်သလို ရေးသားသွားမှာ ဖြစ်တာကြောင့်ကျွန်တော်တို့ခေတ် တက္ကသိုလ် လို့ ခေါင်းစီးတပ်ပြီး ခေါင်းစဉ်ငယ်လေးတွေနဲ့ ရေးသားသွားမှာပါ။ ဒီစာလေးကတော့ ကျွန်တော်တို့ခေတ် တက္ကသိုလ်(၂)ပါ။ ကျွန်တော်တို့ခေတ် တက္ကသိုလ် (၁)ကတော့ လှေကားထစ်ပေါ်က အစီရင်ခံစာဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပထမနှစ်တက်ကသိုလ်ကျောင်းသားဘ၀အတွေ့အကြုံကို ရေးသားထားတဲ့ ဆောင်းပါးလေး ပါ။ သွားရောက်ဖတ်ရှုချင်တယ်ဆိုရင်တော့ဖြင့်………… ကျွန်တော်တို့ခေတ် တက္ကသိုလ်(၁)၊ လှေကားထစ်ပေါ်က အစီရင်ခံစာ  ကို ကလစ်ပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။ 

ဝေမိုးနိုင်(မုံရွာ)


5 comments:

  1. စာအုပ်လေး အဆင်ပြေပြေ၊ အောင်အောင်မြင်မြင်ဖြစ်သွားတဲ့အတွက် ဝမ်းသာပါတယ်။ ဒီလို မိခင်မျိုးရှိတာကလည်း ဂုဏ်ယူစရာပါပဲနော်။း)

    ReplyDelete
  2. အဲ့ဒီလို ကျောင်းအုပ်ဆရာကြီးတွေ ရှိတယ် ဆိုတာ ၀မ်းသာစရာပဲ။
    ပြောသလို.. ဆရာကြီး အခန်းထဲ ကျောင်းသား ၀င်တာပဲ.. ဘယ်နှယ်ယောက်ဝင်ဝင်ပေါ့လေ..။ မတ်တပ်ရပ်တော့လဲ ရပ်ပေါ့နော..။

    ပါဠိပါဌ်ဆင့် တွေ ရိုက်ဖို့ အဆင်မပြေ လို့လား။
    အလွတ်မရိုက်နိုင်ရင်.. ဒီ ဆိုဒ်ကို သုံးပြီး ကော်ပီ ..ပေ့စ် လုပ် လို့ ရတယ်။

    http://myanmarwords.pikay.org/2008/12/pa.html

    ReplyDelete
    Replies
    1. လင့်ခ်လေးပေးတာ ကျေးဇူးအများကြီးတင်ရပါတယ်ဆရာမရေ........။တကယ် အသုံးတည့်နေလို့ပါ။

      Delete
  3. ဝေမိုးနိုင်ကမှ ကျောင်းစာအုပ်ထုတ်ဖြစ်သေးတယ်..မြတ်တာ မမြတ်တာထက် အနုပညာလက်ရာတွေ စုစည်းနိုင်တာ အမြတ်.. Bravo !

    ReplyDelete
  4. ဒီလိုကျောင်းတွေနဲ့ ဒီလိုကျောင်းသားတွေဟာ ပန်းကျောင်းထဲမှာ ပန်းတွေပွင့်ဖို့ တာဝန်ကျေခဲ့တာ ဒီ ခေတ်မှာ ...

    ReplyDelete