Friday, February 8, 2013
ပင်လယ်ပျောက် မြစ်နှစ်စင်း
2013, February, Treasure Land Magazine.
ပန်းချီသရုပ်ဖော်- ကိုကိုနိုင်
** ဟာ…..သားကလဲ။ မင်းဒေါ်လေးကို လိုက်ပို့ခိုင်းလေကွာ။ ဖေဖေမအားဘူးကွ။ မနက်ဖြန် ရန်ကုန်သွားရမှာ**
ဖေဖေ့စကားသံသည် ဖိုးပြည့်၏ မျှော်လင့်ချက်အိပ်မက်ကလေးကို ရိုက်ချိုးလိုက်လေသည်။ ပြောပြီးသည်နှင့် ဖေဖေသည် ဖိုးပြည့်ကို တစ်ချက်ကလေးမှ လှည့်မကြည့်တော့ဘဲ နက်ပြောင်နေသော သူ့ကားကြီးပေါ်တက်ကာ ငြိမ့်ငြိမ့်လေး မောင်းထွက်သွားလေသည်။
ဖေ့ဖေ့ကားကြီးကား ကောင်းလေစွ။ ညင်သာလွန်းလှသည်မှာ စက်သံပင် ကောင်းကောင်းမကြားရတတ်။  ကားအတွင်းပိုင်းအပြင်အဆင်မှာလည်း သားနားလှသည်။ ဆိုဖာခုံအကောင်းစားနှင့်၊ တီဗွီနှင့် ရေခဲသေတ်တာနှင့် စီးလို့ကောင်းလိုက်သည်မှာလည်း မပြောနှင့်။ ဖိုးပြည့်က ဖေဖေ့ကားကြီးနှင့် ပတ်သတ်ပြီး အလွန်ဂုဏ်ယူသည်။ သို့ပေမယ့် အခုအချိန်မှာတော့ ဖိုးပြည့် ဂုဏ်မယူနိုင်။ ရင်ထဲမှာ အလိုမကျစိတ်နှင့် ၀မ်းနည်းစိတ်တို့သာ ပြည့်လျှံနေသည်။
အဝေးသို့ ရောက်သွားပြီဖြစ်သော ဖေဖေ့ကားကြီးကို ကျောခိုင်းပြီး ဖိုးပြည့်၏ ကိုယ်ပိုင်အခန်းလေးဆီသို့ တရွေ့ရွေ့ပြန်လာခဲ့သည်။ ညစ်ညူးရှုပ်ထွေးနေသော အတွေးတို့ကို ထမ်းပိုးလျက် ခန်ဓါကိုယ်ကို ခပ်လေးလေး ခြေလှမ်းများနှင့် သယ်ဆောင်လာခဲ့သည်။
ဖေဖေသည် အမြဲလိုလိုပင် ဖိုးပြည့်၏ ဆန်ဒကို မလိုက်လျောခဲ့။ ဖိုးပြည့်၏ ဆန်ဒဟု ဆိုရာတွင်  သောင်းချီ၊ သိန်းချီပေးရသော နိုင်ငံခြားဖြစ်ကစားစရာအရုပ်များ၊ ဂိမ်းကစားနိုင်ရန်  တပ်ဆင်ပေးထားသော  မြန်နှုန်းမြင့် အင်တာနက်လိုင်းနှင့် ရှစ်သိန်းခွဲပေးရသော လက်ပ်တော့ပ်၊ ၀တ်မကုန်နိုင်အောင်ပင်ရှိသော အ၀တ်အစားများ၊ တစ်နေ့လျှင် လေးငါးထောင်ခန့် သုံးနေသည်ကိုပင် ကုန်နိုင်သည်မရှိသော မုန့်ဖိုးငွေများကို ဆိုလိုသည် မဟုတ်ပေ။ ဖိုးပြည့်ဆိုလိုသည်က ပွဲလမ်းများရှိလျှင်  ဖေဖေနှင့် အတူ သွားချင်မိခြင်းသာဖြစ်သည်။  ဖိုးပြည့်သူငယ်ချင်းများ၏ မွေးနေ့ပွဲ၊ အလှူပွဲများရှိလျှင် သူငယ်ချင်းများက သူတို့ မိဘတွေနှင့်အတူ သွားလာလေ့ရှိကြသည်။   ဖိုးပြည့်သာလျှင် အမြဲလိုလို ဒေါ်လေး၏လက်ကိုဆွဲပြီး သွားခဲ့ရသည်။  တစ်ခါတလေ ဒေါ်လေးမအားပါက  ခြံစောင့်ဒရိုင်ဘာ ဦးထွန်းကလိုက်ပို့သည်။  အပြန်လာကြိုသည်။ ဖိုးပြည့် သည်လိုသာ သွားလာခဲ့ရသည်။
ဖိုးပြည့်က ဖေဖေနှင့်သာ အတူတူ သွားချင်မိသည်။  ဖိုးပြည့် မှတ်မိသလောက်ဖိုးပြည့် လူမှန်းသိတတ်စကတည်းက ဖေဖေနှင့်အတူ တစ်ခါမှ ပွဲလမ်းအတူတူ မသွားခဲ့ဖူး။ ဖိုးပြည့်တို့မြို့တွင် ပွဲလမ်းမရှားပါးလှပါ။ သီတင်းကျွတ်ဘုရားကြီးပွဲ၊ သင်္ကြန် စသဖြင့် သူ့အချိန်အခါအလိုက် ပွဲလမ်းများကတော့ ရှိနေတတ်သည်။ ဖိုးပြည့်က အတူတူသွားဖို့  တောင်းဆိုလိုက်တိုင်း  ဖေဖေသည် အကြောင်းပြချက်တစ်ခုမဟုတ် တစ်ခုဖြင့် ငြင်းဆိုတတ်မြဲ၊ အခုလည်း ခန့်ပိုင်လင်းတို့ အလှူသွားဖို့ ခေါ်နေသည်ကိုပင်  မအားဟု ဆိုသည်။  အလှူက မြို့ထဲတင်ဆို ကိစ်စမရှိ။  ဒေါ်လေးကိုပဲဖြစ်ဖြစ်၊ ဦးလေးကိုပဲဖြစ်ဖြစ်  လိုက်ပို့ခိုင်းလို့ရသည်။ အခုမူ  ခန့်ပိုင်လင်းတို့က သူတို့မြို့မှာ သွားလှူမှာဖြစ်သည်။  မုံရွာနှင့် ရွှေဘိုသည် မဝေးသော်လည်း မနီးလှပေ။ နှစ်နာရီ၊ သုံးနာရီလောက်တော့ သွားရသည်ဟု  ခန့်ပိုင်လင်းက ပြောသည်။ မင်းလာဖြစ်အောင်  လာခဲ့ဟုလည်း သေချာဖိတ်ထားသည်။
ဖိုးပြည့်က ဖေဖေ့ကို လိုက်ပို့စေချင်သည်။ အခြားသူငယ်ချင်းများကလည်း သူတို့မိဘတွေနှင့် သွားကြမှာဟု သိရသည်။  ဖိုးပြည့်ကိုလည်း  ဖေဖေလိုက်ပို့ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။ အခု ဖေဖေက လိုက်မပို့နိုင်ဘူးဆိုတော့  ဘာလုပ်ရမှန်းမသိတော့။ ငိုချင်စိတ်က ပြင်းပြလာပြီး မျက်လုံးအိမ်ထဲတွင် မျက်ရည်စတို့ ရီဝေဖွဲ့သိုင်းလာကာ ပါးပြင်ထက်သို့ တစ်စက်ချင်း လိမ့်ဆင်းကျသွားသည်။  ရင်ခေါင်းထဲမှ လှိုက်တက်လာသော  အားငယ်စိတ်သည် မျက်ရည်တို့ကို အဆက်မပြတ် ယိုစီးကျဆင်းစေသည်။  စိတ်ကို ဖွင့်ချလိုက်သောအခါ ရှိုက်ကြီးတငင် အသံထွက်ပြီး ငိုမိတော့သည်။  ဖိုးပြည့်ငိုသံကိုကြားသော ဒေါ်လေးက ဖိုးပြည့်၏ ကျောပြင်လေးကို  အသာအယာပွတ်သပ်ကာ  ဖိုးပြည့်ကို ချော့သည်။  သူလိုက်ပို့ပေးမယ်ဟုလည်း ပြောသည်။  ဖိုးပြည့် ဒေါ်လေးနှင့် မသွားချင်။  ဖေဖေနှင့်သာ သွားချင်သည်။  ဖေဖေ့လက်ကို ဆွဲပြီး  သူငယ်ချင်းတွေရှေ့ သွားချင်စမ်းလှသည်။
** ကဲပါ….ဖိုးပြည့်ရယ်၊ တိတ်တော့…..တိတ်တော့…. ဖေဖေက မအားလို့ပဲဟာ မနက်ဖြန်ခါကျ ဒေါ်လေး လိုက်ပို့ပေးမယ်လေ။ နော်…….တိတ်တော့နော်…….တိတ်တော့။ ဖိုးပြည့်က လိမ်မာပါတယ်ကွ **
**တီလေး လိုက်မပို့နဲ့။ တီလေးနဲ့ မသွားချင်ဘူး။ ဖေဖေနဲ့ပဲ သွားချင်တာ **
**ဖိုးပြည့်ကလည်း……….တီလေး အမြဲ လိုက်ပို့နေတာပဲဟာ ဘာဖြစ်နေတာလဲ။  ဖေဖေက ရန်ကုန်သွားစရာရှိလို့ပါဆို။ ဘယ်သူလိုက်ပို့ပို့ ရောက်ဖို့က အဓိကပဲကို **
** ဘယ်တူမလဲ တီလေးရ။ တီလေးက တီလေး၊ ဖေဖေက ဖေဖေ၊ သားက ဖေဖေနဲ့ပဲ သွားချင်တာ **
**အမလေး……..ဖိုးပြည့် အဲသလောက်ဖြစ်နေတာ နေပေါ့။ ငါ့ကို လာမပို့ခိုင်းနဲ့ ပို့မပေးဘူး **
ဒေါ်လေးက ဖိုးပြည့်ဘေးမှ ဆောင့်ကြီးအောင့်ကြီး ထွက်သွားသည်။ ခဏနေတော့ သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်ဖို့ ပြင်နေသည်။  မဆက်ခင်လေးမှာတင် ဖိုးပြည့်ကို တီလေး လိုက်ပို့ပေးမယ်လေ ဖိုးပြည့်ရဲ့ ဟု မေးနေသေးသည်။ ဖိုးပြည့် ငိုလျက်က ခေါင်းကို ခါယမ်းလိုက်တော့  သူ့သူငယ်ချင်းတွေနှင့် မနက်ဖြန် ဗောဓိတစ်ထောင်သွားဖို့ အချိန်းအချက်လုပ်နေသည်။
ဖိုးပြည့်မျက်ရည်တွေ ပိုစီးကျလာသည်။ ဘာကြောင့်မှန်းမသိ၊ ပိုပိုဝမ်းနည်းလာသည်။ ဒေါ်လေးလိုက်မပို့လို့တော့ မဟုတ်။  ဖိုးပြည့် ဒေါ်လေးနှင့် သွားရမှာကို လုံးဝစိတ်မပါ။  ဒါကြောင့် ဖေဖေ့ကို နည်းနည်းလောက် ထပ်ချွဲရရင်ကောင်းမလားဟု တွေးရင်း လက်နှင့်တိုထိ အသုံးပြုရသော ဖိုးပြည့်၏ ကိုယ်ပိုင် ဟန်းဖုန်းလေးကို  ကောက်ကိုင်ပြီး အလွတ်ရနေသည့်  ဖုန်းနံပါတ်ကို နှိပ်ကာ  ဖေဖေ့အသံကို နားစွင့်နေမိသည်။ ခဏခဏ နားပူနားဆာ လုပ်လွန်းလျှင်တော့  ဖေဖေ လိုက်ပို့တန်ကောင်းသည်။  တကယ်ဆို ဖေဖေသည် မနက်ဖြန်အလုပ်ကို ဖျက်ပစ်ဖို့ ကောင်းသည်။  ဒီတစ်ခါလေးပဲ မဟုတ်လား။ ဖိုးပြည့် စိတ်ချမ်းသာအောင် လိုက်ပို့ပေးသင့်သည်။  ဖိုးပြည့်ဆန်ဒကို လိုက်လျောပေးသင့်သည်။
**ဟဲလို…….ဖေဖေလား **
** ဟေအော်……..အေး  ပြော**
** သားကို လိုက်မပို့ဘူးလားဟင်**
** ဘယ်ကိုလဲသားရဲ့ **
** ရွှေဘိုကိုလေ…….ဖေဖေရဲ့။ ခန့်ပိုင်လင်းတို့အလှူ**
**ကျွတ်……မင်းကို ဖေဖေ ပြောခဲ့ပြီးပြီလေကွာ။  ဒေါ်လေးနဲ့သွားပါလို့ မနက်ဖြန် ဖေဖေ မအားဘူးသားရ။ နောက်ထပ်မဆက်နဲ့တော့ကွာ**
ဖေဖေသည် ဖိုးပြည့်အပေါ် စိမ်းကားလွန်းလှသည်။  တကယ်ဆိုလျှင် သားလေးတစ်ယောက်သာရှိသည်ကို ဖေဖေဂရုစိုက်သင့်သည်။  အခုတော့ လှည့်ရွေ့မျှ မကြည့်။  မေမေရှိစဉ်အချိန်ကလည်း  ဖိုးပြည့်ကို မေမေနှင့်သာ ပစ်ထားခဲ့သည်။  မေမေမရှိတော့သည့်အချိန်မှစရွေ့လည်း  ဖိုးပြည့်ကို ဒေါ်လေး နှင့်သာ ပစ်ထားပြန်သည်။
မေမေနှင့် ထားခဲ့သည်က ကိစ်စမရှိ။ မေမေသည် ဖေဖေ့လိုမဟုတ်။ ဖိုးပြည့်ကို ချစ်သည်။ အလိုလိုက်သည်။ ဂရုစိုက်သည်။  ဖိုးပြည့်ဖြစ်ချင်တာ၊ လုပ်ချင်တာမှန်သမျှ ဖြည့်ဆည်းပေးသည်။ မနက်အိပ်ရာထလျှင်  ဖိုးပြည့်၏ ဖောင်းအစ်နေသော ပါးစုံနှစ်ဖက်ကို မွှေးမွှေးပေးပြီး မှ အိပ်ရာက နှိုးသည်။ ညအိပ်ရာဝင်လျှင်လည်း သီချင်းဆိုကာ ချော့သိပ်သည်။ တစ်ခါ တစ်ရံ မေမေက ဖိုးပြည့်ကို  သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး ပုံပြင်များပင် ပြောပြတတ်သေးသည်။  ဖိုးပြည့်ထမင်းစားပြီဆိုလျှင်လည်း အရိုးတန်အရိုး၊ အရွက်တန်အရွက် ခွာဟယ် နွှာဟယ်လုပ်ပေးတတ်သည်။  ဖိုးပြည့်ကြိုက်သည့် ငါးသလောက်ဟင်းကို နူးအိနေအောင်  ချက်ပြုတ်တတ်သလို၊ ပုစွန်ထုပ်အကောင်ကြီးတွေကို ဆီပြန်နေအောင် ချက်ကျွေးတတ်သည်။
ဒေါ်လေးသည် ဖိုးပြည့်ကို ဂရုစိုက်ပါသည်။ ဒါပေမယ့်  မေမေ့လိုမဟုတ်။ တစ်ခါက နှစ်ခါဆိုလျှင် သိပ်စိတ်မရှည်ချင်တော့။ သူ့သူငယ်ချင်းတွေနှင့်ဆိုလျှင် ဖိုးပြည့်ကို မေ့သွားတတ်သည်။  ဒါကတော့ ဖိုးပြည့်နားလည်ပေးနိုင်ပါသည်။  ဒေါ်လေးက အပျိုလေးမဟုတ်ပါလား။  ပြီးတော့ ဒေါ်လေးက မြို့လယ်က ရွှေဆိုင်ကိုလည်း ကြီးကြီးမြင့်နှင့်အတူ ကွပ်ကဲရသေးသလို ဘွဲ့ရခါနီးပြီမို့ စာကြိုးစားနေရသည်ဟုလည်း ဆိုသည်။ ဖိုးပြည့်ကို အချိန်ပြည့် မေမေ့လို ဘယ်ဂရုစိုက်နိုင်ပါမည်နည်း။
ထိုအခါ ဖိုးပြည့်သည် ခြံစောင့်ဦးထွန်း၊ ထမင်းချက် ဒေါ်လုံး၊ အိမ်ဖော် မမအေးရင်တို့နှင့်သာ  နှစ်ပါးသွားရတော့သည်။
တစ်ခါတလေ ဖိုးပြည့် မေမေ့ကို သိပ်သတိရသည်။ ဖိုးပြည့် အိပ်ရာဝင်တိုင်း မေမေဆိုပြခဲ့သော  သီချင်းလေးတွေကို ခပ်တိုးတိုး ညည်းမိသည်။  တစ်ခါတစ်ခါ မေမေ့သီချင်းဆိုသံကို နားထဲ သဲ့သဲ့မျှ ကြားရသည်။ သို့သော်လည်း မဟုတ်မှန်းသိရသောအခါ  သက်ပြင်းတစ်ချက်ရှိုက်ပြီး စောင်လေးကို တင်းတင်းခြုံကာ မျက်စိစုံမှိတ် အိပ်ရသည်။
ဖေဖေက အိမ်ပြန်မအိပ်သည်မှာ  ခပ်ရှားရှား၊ ဘယ်မှာ သွားအိပ်မှန်းလည်း မသိ။  အိမ်မှာရှိတတ်တာကိုက  တစ်ခါတစ်ရံမှ ဖြစ်သည်။  အလုပ်ကိစ်စ၊ အလုပ်ကိစ်စဟု ဆိုကာ  ရန်ကုန်သွားလိုက်၊ မန်းတလေးသွားလိုက်၊ ရွှေဆိုင်မှာ ခဏထိုင်လိုက်နှင့်  အမြဲလှုပ်ရှားပြေးလွှားနေသည်။ အလုပ်ကိစ်စဆိုသည်မှာလည်း ဘာအလုပ်တွေမှန်း ဖိုးပြည့် နားမလည်နိုင်တော့။  ဖေဖေ့မှာ လုပ်ငန်းတွေက များလွန်းလှသည်။  ဖေဖေကလည်း ဖိုးပြည့်ကို ထူးပြီး ဂရုစိုက်မနေသလို ဖိုးပြည့်ကလည်း ဖေဖေ့ကို ထူးပြီး တမ်းတမနေခဲ့။ သွားချင်စရာရှိလျှင်သာ ဖေဖေနှင့်အတူ သွားချင်မိရွေ့ပြောမိသော်လည်း ဖိုးပြည့်စကားက အရာမထင်ပါ။
မေမေသာဆိုလျှင် လိုက်ပို့မှာပဲဟု ဖိုးပြည့်တွေးနေမိသည်။ တွေးရင်းနှင့် မေမေ့ကို သတိရလာသည်။ မေမေသည် ဖိုးပြည့် နှစ်တန်းကျောင်းသားအရွယ်တွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်ခဲ့သည်။  မေမေဘယ်လို ဆုံးသွားသည်ကိုပင် ဖိုးပြည့်မသိ။ ဖိုးပြည့်သိတော့ မေမေ့အလောင်းက ခုတင်ပေါ်မှာ ပြင်ဆင်ပြီးနေပြီ။ ယခုဖိုးပြည့်ပင် လေးတန်းကျောင်းသားတစ်ယောက် ဖြစ်နေပြီ။ မေမေကွယ်လွန်ခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်ငြားလည်း ဖိုးပြည့်ကတော့ ညတိုင်း မေမေ့ကို သတိရနေဆဲဖြစ်သည်။ အထူးသဖြင့် ဖေဖေ့ကို စိတ်အလိုမကျမိလေတိုင်း မေမေ့ကို တမ်းတမိသည်။ သူငယ်ချင်းတွေ၏ အမေများကို မြင်ရလျှင်လည်း မေမေ့ပုံရိပ်များက ဖိုးပြည့်ကို လွှမ်းခြုံထားတတ်လေ့ရှိသည်။
မေမေရယ်……….သားလေ     နေ့တိုင်း မေမေ့ကို သတိရနေတယ်နော်။ မေမေ ဆုံးတဲ့နေ့ရယ်၊ မေမေ့မွေးနေ့ရယ်ကိုရောက်တိုင်းလည်း  သား ဘုရားရှိခိုးပြီး ဆုတောင်းတယ်သိလား မေမေ။  သားဆီကို ပြန်လာလို့ရရင် လာခဲ့ပါမေမေလို့လေ။  ဒေါ်လေးကတော့ ပြောပါတယ်မေမေ။ မေမေက သားဆီလာနိုင်ဖို့မလွယ်ဘူးတဲ့။  စိတ်ညစ်တာပဲ မေမေရယ်။ သား…..မေမေနဲ့ နေချင်သေးတယ်….သိလား။
မေမေသာ သားအနားမှာ ရှိရင် ခန့်ပိုင်လင်းတို့အလှူကို လိုက်ပို့ခိုင်းမယ် သိလား။ မေမေပို့မယ်မဟုတ်လားဟင်။  သား တအား သွားချင်နေတာ မေမေရ။ မေမေနဲ့ သား  အဲဒီလို အတူတူ မသွားရတာတောင် တော်တော်ကြာနေပြီနော် မေမေရဲ့။  မေမေ သားအနား လာပြီဆိုရင် မေမေနဲ့ သားနဲ့ အရင်တုန်းကလို ကားတစ်စီးနဲ့ မြို့ပတ်ကြမယ်လေ။ ကမ်းနားကိုလည်း သွားမယ်။ ကန်သာယာကိုလည်း လေညင်းခံသွားတာပေါ့မေမေရဲ့။ သြော်….ကစားကွင်းတစ်ခုလည်း အသစ်လာဖွင့်ထားတယ် သိလား။  မေမေ သားအနားက ထွက်သွားပြီး သိပ်မကြာဘူး၊ ဖွင့်လာတာပဲ။  ကစားစရာတွေက ဟိုးတစ်ခေါက်က သားတို့ မိသားစုလိုက်ကြီး ရန်ကုန်သွားတုန်းက ရောက်ခဲ့တဲ့  ကစားကွင်းတွေလိုတော့ သိပ်မစုံဘူးပေါ့ မေမေရယ်။ သားနှစ်ခေါက်တော့ ရောက်လိုက်သေးတယ်။  ဒေါ်လေး တစ်ခါ လိုက်ပို့တာရယ်၊  နောက်တစ်ခါက သားတို့ ကျူရှင်ဆရာမက လိုက်ပို့ပေးတာ မေမေရဲ့။  လောလောဆယ်တော့ သား ခန့်ပိုင်လင်းတို့အလှူ သွားချင်တယ်။ မေမေ သားအနားကို လာခဲ့ပါလား မေမေရယ်။ သားကို လိုက်ပို့ပေးပါလား။
မေမေ ပြန်မလာနိုင်တော့မှန်း သိသိကြီးနှင့် မေမေ့ကို ပြန်လာစေချင်မိသည်မှာ  ဖိုးပြည့်၏ အပြင်းပြဆုံး ဆန်ဒတစ်ခုပင် ဖြစ်ပါသည်။
+++++++++++++++++++++++++++++++++
မှန်ထဲတွင် မြင်နေရသော ကိုယ့်ရုပ်ပုံကို ကြည့်ရင်း နှင်းသဇင်တစ်ချက် ပြုံးလိုက်သည်။ မှန်လေးကို  ခုတင်ပေါ်ပစ်တင်ပြီး  ကိုယ့်အလှကိုယ် ကျေကျေနပ်နပ်တွေးရင်း  ပြုံးနေမိသည်။ တကယ်တော့ မျက်နှာပိုင်းသာ မဟုတ်။  မိမိခန်ဓါကိုယ်မှ အစိတ်အပိုင်း တစ်ခုချင်းစီကို အသေးစိတ်ကြည့်မိလေတိုင်း  နှင်းသဇင် ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မိမြဲ။
အင်း………….ဒါကြောင့်လည်း………………………
** ဟင်း ………ဟင်း………..ဟင်း………….ဟင်း……..**
တစ်ချက်မျှ ညင်းညင်းညံ့ညံ့ရယ်မောပြီး အိပ်ရာဘေးရှိ လူတစ်ရပ်ကျော်မြင့်သော အ၀တ်ဘီရိုကြီးရှေ့တွင် ရပ်လိုက်သည်။ ဘီရိုတံခါးကို ဖွင့်လိုက်သောအခါ အထဲတွင် အရောင်စုံ၊ အသွေးစုံ၊ အဆင်စုံ၊ ဒီဇိုင်းစုံ အ၀တ်အစားများစွာက အစီအရီ ရှိနေကြလေသည်။ အ၀တ်အစားများကို လက်ဖြင့် ထောက်ပြီး တစ်ထည်ချင်း စေ့စေ့စပ်စပ်ကြည့်ရှုကာ စိတ်တိုင်းအကျဆုံး ၀တ်စုံတစ်စုံကို ဆွဲယူရွေ့  အိပ်ရာပေါ်သို့ တင်လိုက်သည်။
ထို့နောက်………….ရင်လျားထားသော ထဘီကို ချွတ်ချလိုက်၏။  အိပ်ရာပေါ်တင်လိုက်သော ဖြူလွလွ ၀တ်စုံလေးကို ၀တ်မည်ဟန်ပြင်ပြီးမှ အတွင်းခံများ မ၀တ်ရသေးသည်ကို သတိရမိသည်။ လိုပါ့မလားဟု တွေးမိသော်လည်း အပြင်ထွက်ကြိုရဦးမှာနဲ့၊ ဘာနဲ့ ၀တ်ထားလိုက်ပါ့မယ်ဟု စဉ်းစားမိကာ  ၀တ်စုံကို ပြန်ချလိုက်သည်။ ကိုယ်တစ်ယောက်တည်း ရှိနေသည်ဖြစ်သော်လည်း စိတ်ထဲ မသန့်သည်မို့ ချွတ်ချထားသော ထဘီကို ကောက်လျှိုကာ  ရင်လျားလိုက်သည်။ ထို့နောက် ဘီရိုထဲမှ ဘရာစီယာနှင့် ဘောင်းဘီကို ရွေးလိုက်သည်။
ဝတ်မည့်အဖြူရောင်ဂါဝန်လေးနှင့် လိုက်ဖက်မည့် မိမိကိုလည်း သက်တောင့်သက်သာ ဖြစ်စေနိုင်မည့် နို့နှစ်ရောင် ဘရာစီယာနှင့် ဘောင်းဘီဝမ်းဆက်ကို ထုတ်လိုက်သည်။ ထဘီကို ချွတ်ချပြီး အတွင်းခံများဝတ်ကာ အဖြူရောင်ဂါဝန်လေးကို လျှိုလိုက်သည်။ ကျောဘက်မှ ဇစ်ကို မှန်ထဲ နောက်ပြန်လှည့်ကြည့်ကာ တပ်လိုက်သည်။  ပြီးလျှင် ဘီရိုဘေးရှိ  ကိုယ်လုံးပေါ် မှန်ရှေ့တွင် တစ်ကိုယ်လုံးကို  စိတ်တိုင်းကျလှည့်ပတ်ကြည့်လိုက်သည်။
ထိုရုပ်ပုံလွှာသည် တစ်ချိန်က သနပ်ခါးဘဲကြားရိုက်၊ ခြေထောက်တွင် ရွှံ့အပေအရေနှင့်  မြနှစ်ပါဟု ပြောလျှင် ယုံဖွယ်ရာ မရှိဟု နှင်းသဇင် တွေးနေမိသည်။  သို့သော် အတွေးကို ချက်ချင်းမောင်းထုတ်ပြီး ကပိုကရိုဖြစ်နေသော  ဆံပင်ကို ပြင်ဆင်ရန် မှန်ရှေ့နှိုက် ထိုင်လိုက်သည်။ ခေါင်းဖြီးဖြင့် ဆံပင်ကို ရှင်းလင်းနေရင်း မြနှစ်၏ ပုံရိပ်များက အာရုံတွင် ထင်ဟပ်လာသည်။
မြနှစ်……………မြနှစ်………….
ရိုးရိုးအအ၊ ဒီထက်ပိုပြောရလျှင် ခပ် တုံးတုံး၊ ခပ်ကြောင်ကြောင် တောသူမလေး မြနှစ်။  နာမကျန်းသည့် မိခင်ကြီးကို ကောက်စိုက်ပျိုးနုတ်ကာ ရှာဖွေကျွေးမွေးနေသော  မြနှစ်။ ရွှံ့ပေရေနေသော ခြေထောက်များ၊ ကြေးအထပ်ထပ်နှင့် စုတ်တိစုတ်ဖတ် အင်္ကျီ၊ လုံချည်တို့သည် နှင်းသဇင်နှင့် လားလားမျှ မသက်ဆိုင်တော့ပေ။ ရှည်သွယ်ကြံ့ခိုင်သော လက်အစုံမှာလည်း ကောက်စိုက်ပျိုးနုတ်ခဲ့ဖူးပါသည်ဟုပြောလျှင် ယုံဖွယ်ရာမရှိ။  အမွေးအမှင် ကင်းရှင်းပြီး ၀င်းမွတ်နေသော ခြေသလုံးသားလေးများသည်  တစ်ချိန်က ရွှံ့ဗွက်တို့ ပေကျံခဲ့သည်တဲ့လား။  နေလောင်ခဲ့သော အသားအရေသည်ပင်  တန်ဖိုးကြီး အလှပြင်ပစ်စည်းများ၏ လက်အောက်တွင် ငုပ်လျှိုးပျောက်ကွယ်နေရပြီ မဟုတ်ပါလား။
နှင်းသဇင်သည် မြနှစ်ထက် အပြင်ပန်း အလှအပအရ အဆမတန် သာလွန်လှသော်လည်း အတွင်း စိတ်သန်တာန်မှာမူ  အနာတရ ထိရှခဲ့ဖူးပြီ။  ဖြူစင်သန့်ရှင်းသော နှလုံးသားမှာလည်း မေတ်တာရည်တို့ ခန်းခြောက်ကုန်ကြပြီ။ အချစ်ဟူသည် နှင်းသဇင်အဖို့ သကာရည်လိမ်းကျံထားသော အဆိပ် ပင်တည်း။ အချစ်ကို မယုံကြည်ရွေ့တော့ မဟုတ်ပါ။ အချစ်ကို ယုံကြည်ရုံမက ကိုးကွယ်လွန်မိရွေ့ အသည်းပေါက်မတတ် ခံစားခဲ့ရသည်။ နှလုံးအစုံကြေမွခဲ့ရသည်။ အိပ်မက်တွေ ပျက်စီးပြီး ခွန်အားတွေ ဆုံးရှုံးခဲ့ရသည်။  ယုံကြည်ချက်တွေက အလဲလဲ အပြိုပြို ဖရိုဖရဲ။
ပထမဆုံး ချစ်မိသောသူကို အသည်းအူပြတ်မတတ်ချစ်ခင်စုံမက်မိရွေ့ ပန်းကောင်းအညွန့်ကျိုးခဲ့ရသည်။  မျှော်လင့်ရင်ခုန်ခဲ့ရသော ဘ၀နှင့် နီးစပ်လာပြီဟု ထင်ခဲ့မိသော်ငြား ဂုဏ်ရည်မတူ အဆင့်အတန်းကွာခြားရွေ့ အိပ်မက်တွေ ပျောက်ဆုံးသွားရသည်။ ** မြနှစ်အတွက် ဘာမဆို ရင်ဆိုင်မယ်** ဟူသော စကားတို့သည်  တိမ်မီးခိုးများသဖွယ် လွင့်ပြယ်သွားခဲ့သည်မှာ အစအနလေးမျှပင် ရှာမရတော့ပါချေ။ နဂိုကမှ  ကျန်းမာရေးမကောင်းရသည့် အထဲ သမီး၏ အပူက တွန်းအားပေးသည်မှာ  မတောက်တခေါက် ငွေကြေးလေးများနှင့် လဲလှယ်ထားသော ဆေးမြီးတိုလေးများသည် အမေ့ကို ကူကယ်နိုင်စွမ်း မရှိကြတော့။
မြေလူးမတတ် ခံစားခဲ့ရသော်လည်း  မမြင်ရသေးသော ၀မ်းကြာတိုက်မှ ကလေးငယ်၏ မျက်နှာလေးကို မှန်းဆမြင်ယောင်ကာ  အားတင်းခဲ့ရသည်။  တစ်ကိုယ်တည်း အထီးကျန်မို့ မိမိရင်သွေးလေး လူ့လောကထဲ ချောချောမွေ့မွေ့ ရောက်ရှိလာနိုင်စေရန် အလုပ်ကို နေ့မအား၊ ညမနား ကြိုးပမ်းခဲ့သည်။ မိမိစရိတ်စကကို တတ်စွမ်းသမျှ ချွေတာပြီး မွေးဖွားစရိတ်ကို ခြစ်ကုတ်စုဆောင်းခဲ့သည်။  သို့သော်လည်း အချိန်ကုန် လူပန်းရွေ့သာ သွားလေသည်။ ကလေးငယ်သည် လောကကြီးကို တစ်ချက်ကလေးမျှ ကြည့်မြင်ခွင့်မရခဲ့။ ၀မ်းကြာတိုက်အတွင်းကတည်းကပင် မြနှစ်ကို တစ်ကိုယ်တည်း ချန်ထားရစ်ခဲ့ပြန်သည်။
အရူးတစ်ယောက်ပမာ လေနှင်ရာ ရွက်လွှင့်ရင်း လေပြင်းမုန်တိုင်းတစ်လှည့်၊ လေညင်းလေပြည်တစ်လှည့်နှင့် ဘ၀မြစ်ကြောမှာ စီးမျောရင်း တစ်ဖက်နိုင်ငံသို့လည်း  ရောင်းစားခံခဲ့ရဖူးပြီ။ သူတစ်ပါး၏ အဓမ်မ ပြုကျင့်ခြင်းကိုလည်း ခံခဲ့ရဖူးပြီ။ ကေတီဗီမယ်အဖြစ်နှင့်လည်း ရှင်သန်ခဲ့ဖူးပြီ။ မြနှစ်ကို ချုပ်ငြိမ်းစေပြီး နှင်းသဇင်အဖြစ် ဘ၀ဇာတ်ထုပ်ကို သရုပ်ဖော်ကပြခဲ့ရသည်။ နောက်ဆုံးမှာတော့ အညာသားစီးပွားရေးလုပ်ငန်းရှင် ဦးသန်းလွင်ဦး၏ တရားမ၀င်တော်ကောက်ခြင်းကို ခံယူကာ ဒီဘ၀ရောက်ခဲ့ရ၏။ ဘ၀တွင် ရှင်ကြီးဝမ်းကိုလည်းကောင်း၊ ရှင်ငယ်ဝမ်းကိုလည်းကောင်း ၀င်ခဲ့ဖူးပြီးပြီမို့  လူတွေနှင့် တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်းနေဖြစ်တော့သည်။ ဘယ်သူ့ကိုမှလည်း ထူးပြီး ဂရုစိုက်မနေတတ်တော့။
တစ်လနှစ်ကြိမ်၊ သုံးကြိမ်ခန့် ရောက်ရောက်လာတတ်သော ဦးသန်းလွင်ဦးကိုသာ ထိုင်မျှော်ပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းနေဖြစ်တော့သည်။  သို့သော်လည်း ရမ်မက်ကြီးလွန်းလှသူကြီး၏ အသစ်အသစ်သော သူလိုကိုယ်လို ဇာတ်လမ်းများသည် အိုးမလုံဘဲ အုံပွင့်လေရာ နှင်းသဇင်အဖို့ ကိုယ့်ကို တသသဖြစ်နေစေဖို့အရေး အားထုတ်ရတော့သည်။ ကိုယ့်ဆီ လစဉ် အချိန်မှန် လာဖို့၊ ကိုယ့်ကို မငြီးငွေ့နေစေဖို့၊ သူ့အမြင်မှာ ကိုယ်သည် အမြဲ မြူးကြွသွက်လက်နေစေဖို့၊  ကိုယ့်ကို စိတ်တိုင်းကျနေစေဖို့ အမြဲ ကြံဆောင်နေရသည်။
အခုလည်း သူလာတော့မည်။  အလှပဆုံးပြင်ဆင်ခြယ်သမှုများ၊ ညှို့ယူဖမ်းစားနိုင်ဆုံး မျက်ဝန်းအကြည့်စူးရှရှများ၊ တပ်မက်စရာအကောင်းဆုံး  ဖူးရွပြည့်တင်းနေသည့် နှုတ်ခမ်းသားများ၊ တင်းရင်းကျစ်လျစ်သော ခန်ဓါကိုယ်အချိုးအစားများဖြင့် သူ့ကို ဆွဲဆောင်ရဦးမည်။ သူ့အိတ်ကပ်ထဲက ပန်းရောင်ဆင်အရွက်များများထွက်ကျလာစေဖို့အရေး လှုပ်ရှားရဦးမည်။ မချစ်သော်လည်း အောင့်ကာ နမ်းရဦးမည်။  ကျေးဇူးရှိသင့်သလောက်လည်း ရှိသည်မဟုတ်ပါလား။  ကေတီဗီမယ်အနေနှင့်သာဆိုလျှင် ယခုအချိန် မိမိဘ၀ မည်မျှထိ ပိုမိုဆိုးရွားနေဦးမည်နည်း။ ခုတော့ သူမြောက်စားရွေ့ တောက်ကြွားသင့်သလောက်ကိုယ်တောက်ကြွားခဲ့ရသည်။ မန်းတလေး မြောက်ပြင်မှ သီးသန့်ခြံဝန်းတစ်ဝန်းနှင့် ဟန်းဖုန်းတစ်လုံး၊ ဆိုင်ကယ်တစ်စီးသည် နှင်းသဇင် တင်းတိမ်နိုင်သော ဘ၀တစ်ခုဖြစ်ပါသည်။
အတွေးမဆုံးမီမှာပင် ကားသံကြားရသဖြင့် အပြေးအလွှားထွက်ကြည့်လိုက်တော့  အနက်ရောင်ပြောင်လက်နေသော နိုင်ငံခြားဖြစ်ကားကြီးတစ်စင်းက ခြံဝန်းထဲသို့ ငြိမ့်ငြိမ့်လေး ၀င်ရောက်လာသည်။  ဧည့်ခန်းထဲမှ ထွက်ပြီး မျက်နှာကို သကာလိမ်းထားသည့်နှယ်  ချိုမြမြလေးပြုံးကာ ဆီးကြိုရသည်။  ကားစက်သတ်ပြီးနောက်  ရှေ့မှန်တံခါး  လျှောခနဲပွင့်လာကာ  ခပ်အီအီအပြုံးတစ်ခုနှင့် မိတ်ဆက်ရလေသည်။  ကားတံခါးဖွင့်ဆင်းပြီး အောက်ရောက်သည်နှင့်  သူက နှင်းသဇင်ခါးကို လှမ်းဖက်ရင်း ဧည့်ခန်းထဲဝင်လာသည်။  အသက်သုံးဆယ့်ရှစ်နှစ်ဟူသည် နောက်အိမ်ထောင်ပြုဖို့ မကြီးသေးပါဘဲလျက် မယူသည်မှာ  တဏှာကြီးလွန်းလို့ ဖြစ်မယ်ဟု တွေါ်မိတော့ မဲ့ပြုံးတစ်ချက် ပြုံးမိသွားသည်။
**တစ်လျှောက်လုံး မောင်းလာရတာ မောလိုက်တာ ဘေဘီရာ။  အခုတလော အလုပ်တွေကလည်း ပန်းတယ်။ အလုပ်ကို မနည်းဖြတ်ပြီး ဘေဘီ့ဆီထွက်လာခဲ့ရတာ။   အရေးထဲ သားတော်မောင်က  သူ့သူငယ်ချင်းအလှူ ရွှေဘိုမှာလုပ်မှာမို့ လိုက်ပို့ပါဦးလုပ်နေသေးတာ။ ကိုယ်က ဘေဘီနဲ့ တွေ့ရမှာဆိုတော့ မပို့ပေးဘူးပြောလိုက်တာ စိတ်ကောက်နေသေးတယ် **
ဧည့်ခန်းဆက်တီမှာ ထိုင်ရင်း ကြားလိုက်ရသော သူ့စကားကြောင့် နှင်းသဇင်နားထဲ အော်ဂလီဆန်သွားသည်။ 
** ပို့ပေးမယ့်သူ မရှိဘူးလား ကိုကြီးရဲ့ **
** ကိုယ့်ညီမ ရှိတယ်လေ။ ဒါပေမယ့် ဒီကောင်က ကိုကြီးနဲ့ မှ သွားချင်တယ်လုပ်နေတော့ ညီမလေးက စိတ်ဆိုးပြီး ပို့မပေးတော့ဘူးတဲ့ **
** ပို့ပေးလိုက်တာတော့ မဟုတ်ဘူး ကိုကြီးကလဲ **
နှင်းသဇင် အလောသုံးဆယ်ပြောမိတော့ သူက ဟက်ခနဲ တစ်ချက်ရယ်ပြီး…….
** ဒီကောင့်ကို လိုက်ပို့နေရင် ဘေဘီလေးနဲ့ နေဖို့ တစ်ရက်လျော့သွားမှာပေါ့ ဘေဘီလေးရဲ့။ နေပါဦး။ သားအတွက်သနားနေတာပေါ့လေ။ အံမယ်………မိခင်စိတ်ရှိတာပေါ့လေ။ ဘာလဲ……….ကလေးအမေဖြစ်ချင်လို့လား **
အခွင့်ကြုံလာသည့်အခိုက် နှင်းသဇင် နှလုံးသားထဲမှ စကားတစ်ခွန်းကို  ပြန်ပြောလိုက်မိသည်။
** ကိုကြီးဖြစ်စေချင်ရင် နှင်းကတော့ အဆင်သင့်ပဲ**
ဘိုးတော်ကြီးသည် တဟားဟားနှင့် အော်ရယ်နေလိုက်သည်မှာ မဆုံးတော့။  နှင်းသဇင်စကားကို အပြောင်အနောက်စကားတစ်ခွန်းသဖွယ် သဘောထားကာ နှင်းသဇင် ရွံရှာလှသည့်  ပြီတီတီအပြုံးတစ်ခုကို ဖန်ဆင်းပြလေသည်။ နှင်းသဇင်လည်း အလိုက်သင့် ပြန်ပြုံးပြရ၏။
စိတ်ထဲမှာတော့ ကလေးလေး၏ အကြောင်းကသာ မင်းမူနေသည်။  သူ တစ်ခါတရံ ပြောပြတတ်သည့် သူ့မိသားစုအကြောင်းများမှ တစ်ဆင့်  သူ့သားလေးကို နှင်းသဇင် ရင်းနှီးနေပြီးဖြစ်သည်။  စတင်ကြားသိရချိန်ကပင် ကလေးလေးအား ကရုဏာသက်ခဲ့မိသည်။  နှင်းသဇင်သားလေးရှိမည်ဆိုလျှင်  သူ့သားလေး အသက်ထက်  ငါးနှစ်ခန့် ငယ်မည်ဖြစ်သည်။ ကိုယ့်သားသမီးကိုပင် နို့တစ်စက်မျှ မတိုက်ခဲ့ဖူးသော်လည်း နှင်းသဇင်စိတ်ထဲ က က လေးလေးတွေမြင်ရလျှင်  ကိုယ့်သားသမီးသဖွယ် သံယောဇဉ်တွယ်မိ၏။ အခုလည်း ကလေးလေးအကြောင်းကြားရတော့ ရင်ထဲမကောင်း။  သူ့ခမျာ မိတဆိုးလေး။ ဖအေဖြစ်သူက  ဖခင်စိတ် တစ်စက်မှ ရှိသူမဟုတ်။  အရင်ကတည်းက ကလေးအကြောင်းဆက်စပ်မိလို့ ပြောလျှင်ပင် ကလေးအပေါ် ထူးထူးထွေထွေ ချစ်စိတ်ရယ်လို့လည်း သိပ်မရှိ။  ကလေး အကြောင်း သိပ်စိတ်ဝင်စားပုံလည်း မပေါ်။ အမြဲ ပေါ့ပျက်ပျက်နှင့်။ ကိုယ့်သားလေးသာ ဖြစ်လိုက်ပါတော့ဟု နှင်းသဇင် မွတ်သိပ်စွာ တောင့်တမိသည်။  ခိုလှုံရာ ရင်ခွင်ကင်းမဲ့နေသော ကလေးလေးကို နှင်းသဇင်၏ ရင်ငွေ့တို့ဖြင့်  နွေးထွေးလုံခြုံသွားစေချင်လှသည် အကြင်နာဖွဖွ ပေးချင်လှသည်။ ယုယုယယပိုက်ထွေးထားချင်လှသည်။  နှင်းသဇင်ကသာ မဆီမဆိုင် မိခင်စိတ်ဝင်နေမိသော်လည်း ဘေးကဘိုးတော်ကတော့ဖြင့် ကလေးအကြောင်း ခေါင်းထဲ တစ်စက်မျှ ရှိပုံမပေါ်။
ကလေးက သူနှင့်အတူ သွားချင်သည်ကိုပင် ရှုပ်ရှုပ်ယှက်ယှက်ဟု မြင်နေပုံရသည်။  သြော်…..ကလေးရယ်။  အန်တီ့သားလေးသာ ဖစ်လိုက်ပါတော့လားကွယ်။ ကလေးသွားချင်သည့် နေရာမှန်သမျှ လိုက်ပို့ပေးမည်။  ကလေးစားချင်တာမှန်သမျှ ၀ယ်ကျွေးလိုက်ဦးမည်။  ကလေးဆိုးနွဲ့သမျှကိုလည်း  ပြုံးပြုံးလေးနှင့် ဂျီတိုက်ခံလိုက်ဦးမည်။
နှင်းသဇင် ကြည်နူးနေသော အတွေးတို့ကို ရှေ့ဆက် စိတ်ကူးခွင့်မပေးနိုင်သူက ဦးသန်းလွင်ဦးဖြစ်သည်။
** ဘေဘီလေး……..ဘာတွေ စဉ်းစားနေတာလဲ ဘေဘီလေးရဲ့   ဒီမှာ ဘေဘီလေးဖို့ လက်ဆောင်တွေလေ…. သိမ်းလိုက်ဦး။  လာ……..အခန်းထဲ သွားရအောင် **
ချွဲပျစ်လှသော စကားသံသည် နှင်းသဇင် နားထဲသို့  သံချွန်နှင့် ထိုးနေသည့် အလားရှိ၏။ ပြယ်လွင့်သွားသော  စိတ်ကူးအတွေးလေးများအတွက်  မချင့်မရဲဖြစ်မိသော်လည်း ဆင်အရွက်များများ ရအောင် ကြံဆောင်ရဦးမည်ဟူသော အသိက  ပစ်စက်ခအခြေအနေကို  သက်ဝင်လှုပ်ရှားစေသည်။ ကလေးလေးကို ကြင်နာသနားမိသည့် စိတ်၊ စာနာဖေးမလိုသည့် စိတ်တို့ကို ခေတ်တခဏ ခေါက်သိမ်းထားပြီး  ဦးသန်းလွင်ဦးပေးလာသော လက်ဆောင်ထုပ်တို့ကို လက်ကမ်းယူလျက်  သူ့ခါးကို ဖက်ကာ  အခန်းတွင်းသို့ ၀င်သွားရလေသည်။ တံခါးပေါက်ဝမှ ဇာခန်းဆီးလေးကတော့ လူးရွေ့ လွန့်ရွေ့ ကျန်ရစ်ခဲ့လေ၏။
ဝေမိုးနိုင်(မုံရွာ )
Treasure Land Magazine, February, 2013.
8 comments:
  1. ဖတ်လို့ကောင်းပါတယ်။ :)
    အင်း.. ပင်လယ်ပျောက်တဲ့ မြစ်တွေကတော့ အများကြီးပါပဲ။
    (ဒီတစ်ခါ ရေးတဲ့ပုံစံ တစ်မျိုး ပြောင်းသွားသလိုပဲ။)
    ReplyDelete
  2. ဆရာမိုးရေ....ဒီတစ်ခါရေးထားတာလေးက အဆန်းပါလားရှင့်....
    ဖတ်လို့ကောင်းတယ်ဆိုတာထက် ဆက်ဖတ်နေချင်သေးတာ...:)
    ဒါပေသိ ၀တ္ထုတိုလို့ ဆရာက အမည်နာမပေးထားတော့ ဒီတင်ပဲ
    တစ်ခန်းရပ်ရပြီပေါ့....ဆက်ရေးလို့ရရင် သိပ်ကောင်းမှာပဲနော်...
    တကယ်က ဆက်ရေးလို့ရတာ ဆရာလဲ မသိပဲနေပါ့မလားးး
    ပေးလိုက်တာမဟုတ်ဘူး ဆရာရယ်....ဂယ်ပဲ ဂယ်ပဲ ဟွန့် :(
    ခင်တဲ့....မိုးနတ်
    ReplyDelete
  3. ကောင်း၏ ဝေမိုးရေ..။ စာသားလေး နည်းနည်းကြမ်းသလို ထင်မိတယ်။ ဒါပေမယ့် နှင်းသဇင်ရဲ့ စရိုက်ကို အထောက်ကူပေးနိုင်တယ်။
    ReplyDelete
  4. ဖတ်ရတာ တမျိုးကောင်းပါတယ် ဆရာ..။
    ခင်မင်လေးစားလျက်
    သဒ္ဓါ
    ReplyDelete
  5. လက်တွေ့ဘဝဆန်တဲ့ ၀တ္ထုကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးပါ ဝေမိုးနိုင်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  6. ဇာတ်လမ်းဖော်သွားတာလေး ကောင်းလိုက်တာ
    အားပေးသွားပါတယ်နော်
    ကြာဖြူနွယ်
    ReplyDelete
  7. ကောင်းပါတယ်။ ညီလေး။ ဆက်ပြီးအားပေးနေမယ်။
    ReplyDelete
  8. စာရေးတဲ့ပုံစံပြောင်းသွားသလိုပဲ..။ ဖိုးပြည့်ဆိုတဲ့နာမည်လေးကြောင့် စဖတ်ရင်းက အဆုံးသတ်ထိ ရောက်သွားတယ်။ ဆန္ဒတွေ မထိမ်းချုပ်နိုင်တဲ့ကြားက မြေစာပင်လေး ကြားညပ်ရတယ်။
    ReplyDelete