Tuesday, December 4, 2012

မုန်တိုင်းလေလား၊ မိုးသားလား



 ဟောဒီရွာလေးမယ် ကျော်ဟိန်းဆို မသိတဲ့သူ မရှိဘူး။ ကလေးအစ ခွေးအဆုံးသိကြတယ်။ သိလည်း သိချင်စရာပဲလေ။ နာမည်ကိုက ကျော်ဟိန်းပါဆို။

သူ့အမေကြီးကတော့ ကျော်ဟိန်းနာမည်စကြီးခါစအချိန်မွေးခဲ့လို့ ကျော်ဟိန်းလို့ နာမည်ပေးတယ်ဆိုပဲ။ တကယ့်နာမည်မှ တက်ပေးတတ်တယ်။ ဒါကြောင့် နာမည်နဲ့တင် ကျော်ဟိန်းက လူစိတ်ဝင်စားစရာဖြစ်နေတယ်။ ပြီး ကျော်ဟိန်း သတင်းတွေကလည်း ခပ်မွှေးမွှေးရယ်။
ရွာ့အော့ကြောလန်အရက်သမားဆိုတဲ့ ဘွဲ့ထူးကို ထိုက်ထိုက်တန်တန်ကြီးချီးမြှင့်ခံထားရတာကလား။ မိုးလင်းကမိုးချုပ် အရက်ဆိုင်မှာ စတည်းချပြီး အရက်နဲ့မျက်နှာသစ်၊ အရက်နဲ့အိပ်ရာဝင်တဲ့ကောင်ရယ်။ ထမင်းရယ်၊ ဟင်းရယ်လို့လည်း မက်မက်စက်စက်စားတယ်မရှိဘူး။ အရက်ပဲ။ အရက်ကို မယားမှတ်မှတ်၊ သားမှတ်မှတ်ပေါင်းနေတဲ့အတိုင်းပဲ။
 
အဲ……အရက်သောက်ရုံလေးနဲ့တော့လည်း ရွာ့အော့ကြောလန်ဘွဲ့ထူးလွယ်လွယ်နဲ့ ရပါ့မလား။  သူ့မှာ ပြောင်ပြောင်မြောက်မြောက်ထူးချွန်တဲ့ အခြားတစ်ချက်လည်း ရှိဦးမှာပေါ့။ ဟုတ်တယ်မလား။
ဟုတ်တယ်ဗျ။ ကျော်ဟိန်းမှာ နောက်ထပ်ပြောင်ပြောင်မြောက်မြောက်ထူးချွန်တဲ့ ဂုဏ်ရည်တစ်ရပ်ရှိသေးတယ်။ ဘာလဲဆိုတော့ ရန်များတာပဲ။ ဘယ်လိုရန်များတဲ့ကောင်မှန်းကိုမသိပါဘူးဗျာ။  ရွာထိပ်ကဆူကနဲဖြစ်လိုက်ရင် သွားမကြည့်နဲ့ ။ ကျော်ဟိန်းပါပြီးသား။  ပွဲတော်တော်များများမှာလည်း ဒင်းက အသာစီးရတယ်။ တစ်ဖက်လူကို သဲသဲမဲမဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တဲ့နေရာမှာ ကျော်ဟိန်းတို့က ရပ်ကျော်ရွာကျော်ပဲ။ ကျော်ဟိန်းလက်သံဘယ်လောက်ပြောင်သလဲဆိုရင် အနီးအနားသုံးလေးရွာပတ်လည်ကတော့ ကျော်ဟိန်းဆိုတာနဲ့ တော်ရုံလူမိုက် ငြိမ်ကုပ်သွားရတာ။ လက်ရည်တူချင်းလောက်မှသာ ကျော်ဟိန်း တစ်ခါတလေ ခံရတာမျိုးရှိတာ။ ဒါလည်း ဆယ်ခါ့တစ်ခါပါ။
အဲဒီလိုရန်ဖြစ်တဲ့နေရာမှာလည်း သူက ထူးခြားချက်တစ်ခုရှိသေးတယ်။  ဘာလဲဆိုတော့  သူများတွေက မူးမူးရူးရူးနဲ့ ရန်ဖြစ်လာရင် ခံရတတ်ပေမယ့် ကျော်ဟိန်းကတော့ အရက်ကလေး လူလူသူသူမူးပြီးမှ တိုက်ပွဲအလွယ်တကူအောင်တတ်တာ။ အရက်မစို့မပို့ အာစွတ်ရုံလောက်ပဲ အခံရှိတဲ့ပွဲမျိုးဆို နိုင်ဖို့ ကျားကုတ်ကျားခဲ ကြိုးပမ်းရရှာတယ်။



ဒီတော့ ရန်ဖြစ်ရင် အငိုက်မမိအောင် ၂၄နာရီသောက်နေရသလားတော့ မပြောတတ်ဘူး။ ဟုတ်လည်း ဟုတ်တယ်။ အဲဒီကိစ ကိုမယုံတဲ့ ရွာသားတချို့စမ်းသပ်ကြည့်ဖူးတယ်။  ကျော်ဟိန်းသိပ်မူးမနေတဲ့ အချိန်မျိုးမှာ လူမိုက်ငှားပြီး ရန်စခိုင်းကြည့်တယ်။ အသေအချာပဲ…… ကျော်ဟိန်းတစ်ယောက် နိုင်ဖို့တော်တော်လုံးပမ်းလိုက်ရတယ်။  ဟော………..ယိုင်ထိုးနေအောင် မူးတဲ့အချိန်မျိုးမှာ  ချကြတော့ သူက အေးအေးဆေးဆေးနိုင်သဗျ။ အရက်သောက်ရင် ဒီကောင်က အစွမ်းပိုထက်သလိုဖြစ်နေတယ်။ မူးမူးရူးရူးနဲ့ တွေ့တဲ့ဆီ လှမ်းပြီး ထိုးကြိတ် ကန်ကျောက်၊ ဘေးနားက ခဲတွေ တုတ်တွေနဲ့ ထုပေါက်ရိုက်နှက်၊ တစ်ဖက်လူခမျာ ခေါင်းမဖော်နိုင်အောင်ခံရတာ။  ပြီးရင်လည်း တစ်ပတ်လောက် အိမ့်အပြင်မထွက်နိုင်ရှာဘူး။

ဒါကြောင့် ကျော်ဟိန်းဆို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြတယ်။ သူက ရွာလူကြီးတောင် သိပ်ဂရုစိုက်တာမဟုတ်ဘူး။  တစ်ခါက သူ့ကို ရွာလူကြီးက ထိပ်တုံးခတ်လို့ဆိုပြီး ထိပ်တုံးတန်းလန်းနဲ့ ထမင်းစားဖို့လာပေးတဲ့ သံဇလုံနဲ့ ပစ်ပေါက်လိုက်တာ နဖူးပေါက်သွားပါရောလား။  အဲသလောက် ကို ကျော်ဟိန်းတို့က မိုက်ကန်းရဲတာ။
နောက်ဆုံးတော့လည်း ရွာလူကြီးလည်း မနိုင်တော့ဘူး။ ကျော်ဟိန်းဆို ကြည့်သာရှောင်ကြတော့ဟေ့ လို့ ကျန်တဲ့သူတွေကို သတိပေးထားရတော့တာ။ ရွာထဲကလူတွေကလည်း ကျော်ဟိန်းတဲ့ဟေ့ဆိုတာနဲ့ ရှောင်ပြီး၊ ရှားပြီးသား။ ကိုယ့်သားသမီးတွေရော၊ ယုတ်စွအဆုံး ကိုယ့်အိမ်က ကျွဲ၊ နွား၊ ခွေး၊ ဆိတ်မကျန် ကျော်ဟိန်းနားအကပ်မခံကြဘူး။ ကျော်ဟိန်းကလည်း မလွယ်ဘူး။ ကလေးရယ်၊ ခွေးရယ် နားလည်တာမဟုတ်ဘူး။ သူ့စိတ်ထဲမထင်ရင် မထင်သလို ကလေးတွေ နပန်ထအုပ်လားအုပ်ရဲ့။ ခွေးတွေ ခဲနဲ့လိုက်ပေါက်လားပေါက်ရဲ့။ နွားတွေ တုတ်နဲ့ လိုက်ရိုက်လားရိုက်ရဲ့။ ဒီတော့ မိဘတွေဟာ ကလေးတွေဆို ကျော်ဟိန်းနဲ့ ခြောက်ရတယ်။ တော်ရုံကလေး ငိုပလား၊ ကျော်ဟိန်းကြီးလာနေပြီလို့ ခြောက်လိုက်၊ တန်းအငိုတိတ်တယ်။
အဲဒီတော့ ကလေးတွေတင် ကျော်ဟိန်းကို ရှောင်တာလားဆိုတော့ မဟုတ်သေးဘူး။ မိန်းမပျိုလေးတွေကလည်း ကျော်ဟိန်းဆိုရှောင်ကြတယ်။ အိနြေ သိကာ ရှိတဲ့ မိန်းကလေးတွေ၊ အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတွေ ပေါ့လေ။ သူတို့တွေက ကျော်ဟိန်းဆို မှုန်မှုန်လေးမြင်တာနဲ့  ဝေးရာပြေးလေ့ရှိတယ်။ မပြေးလို့လည်း မရဘူး။ မိန်းကလေးလှလှတစ်ယောက်မမြင်လိုက်နဲ့။ ကျော်ဟိန်းတို့က စကားလိုက်ပြောပြီးသားပဲ။  ရတာ၊ မရတာ အပထား၊ ပြောလိုက်ရရင်ကို ကျော်ဟိန်းအဖို့ အရသာပဲ။  ရရင်တော့လည်း အပီပေါ့လေ။  လမ်းတွေ့တဲ့ မိန်းမပျိုချောချောလှလှ မှန်သမျှ ယိုင်ထိုးယိုင်ထိုးနဲ့ လိုက်နှောင့်ယှက်တော့ မိန်းကလေးတော်တော်များများက သူ့ကို စက်ဆုပ်ကြတယ်။  အော်ဂလီဆန်ကြတယ်။
တချို့လူးစိန်တွေကျပြန်တော့လည်း ကျော်ဟိန်းရှေ့မှာမှ အီစီကလီလာလုပ်တယ်။  မူမူနွဲ့နွဲ့ချွဲပြကြတယ်။  ဒီကောင်က လူကသာ အသုံးမကျတာ ။ ရုပ်ရည်ကကျ အလာကြီးကိုး။ တောသားဆိုပေမယ့် အသားအရေက ခပ်လတ်လတ် ။ ရုပ်က မျက်လုံးမျက်ဖန်ကောင်းကောင်း၊ မျက်ခုံးမွှေးထူထူထဲထဲ၊ နှုတ်ခမ်းမွှေးခပ်စစနဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း သန်သန်မာမာ ၊ တုတ်တုတ်ခိုင်ခိုင်ဆိုတော့  တချို့မိန်းကလေးတွေကတော့ ကျော်ဟိန်းဟာ သူတို့အိပ်မက်ထဲက ရွှေမင်းသားလေးပေါ့။ ဒါတောင် ဖရိုဖရဲ ဖြစ်ကတတ်ဆန်းနေတာနော်။ ပြင်ပြင်ဆင်ဆင်များနေလို့ကတော့ ……..ဟွန်း။  ဘယ်လောက်အရောင်ထွက်လာမလဲ စဉ်းစားသာကြည့်။

ပြီးတော့ ဒီကောင်က စကားပြောလေးလည်း ပိရိတယ်။ မိန်းကလေးတွေနဲ့ဆို ပြောပါတယ်။ မိန်းကလေးတွေနဲ့စကားပြောရင် အထာနပ်တယ်။ ဘယ်အချိန် ဘယ်စကားပြောရမယ်၊ ဘယ်အခြေအနေမှာ ဘယ်လို တော်ကီသွင်းရမယ်ဆိုတာ ကျော်ဟိန်းက ရေရေလည်လည် နပ်တယ်။  ဒီတော့ ကောင်မလေးတချို့က ကျော်ဟိန်းဆို ကြွေကြတယ်။ အဲဒါကြောင့်မို့လည်း ဒီကောင် ခုလက်ရှိမှာကို မိန်းမက သုံးယောက်။
ပထမဆုံး မိန်းမရလာကတည်းကကို ကျော်ဟိန်းတို့က အုတ်အော်သောင်းတင်း ဟိုးလေးတကျော် ဆူညံစေခဲ့တာ။

******************************************************************************


ကျော်ဟိန်း မိန်းမရတဲ့အကြောင်းပြောမယ်ဆို သူ့အမေကြီးကို ပြန်ဆွဲခေါ်ရမယ်။ ဟုတ်တယ်။  အဘွားကြီးက အခုမရှိတော့ပါဘူး။  ဆုံးသွားရှာပြီ။ ကျော်ဟိန်း နှိပ်စက်တဲ့ဒဏ်နဲ့ပဲ လုံးပါးပါးသွားရှာတာ။  ခုများဆို သုံးနှစ်လောက်တောင် ရှိမလားပဲ။  ကျော်ဟိန်းအဖေကတော့ ဒီကောင် နှစ်နှစ်သားလောက်ကတည်းက ထန်းပင်ပေါ်ကနေ ခြေချော်ကျပြီး ဆုံးသွားတယ် ပြောတာပဲ။ ကျော်ဟိန်းတစ်သက် မအေကြီးလက်ပေါ်ကြီးရတာ။ ဒါပေမယ့်လည်း…………မအေကြီးခမျာ ဒီကောင့်ကျွေးမွေးပြုစုရတာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ပါ။ သေသွားတာတောင် ကောင်းတယ်ပြောရမယ်။ ဆက်ရှင်နေလည်း ဒီကောင့်ဝန်ကို အိုကြီးအိုမနဲ့ ဆက်ထမ်းနေရမှာပဲလေ။

အဘွားကြီးက သူ့ကျန်းမာရေးပဲ သူသိသလားမပြောတတ်ဘူး။ သူမသေခင် သူ့သားကို စိတ်ချသွားချင်လို့ ဆိုပြီး အိမ်ထောင်ဖက်လိုက်စပ်တယ်။ ဒါပေယ့် ကျော်ဟိန်းကို ဘယ်မိန်းမကယူမလဲ။ ဘယ်သူက ချစ်ခင်စုံမက်မလဲ။
မိကောင်းဖခင်သားသမီးလေးတွေ၊ ရှေ့ရေးမျှော်တွေးတတ်တဲ့ကလေးလေးတွေ ပြောပါတယ်။ အဘွားကြီးကတော့ လိုက်စပ်ရှာတယ်။ သူ့သားတော်မောင်အတွက် မိဖုရားရှာပေးရှာတယ်။ သို့ပေမယ်လို့  ဘယ်မိဘက ကိုယ့်သမီးနုနုထွတ်ထွတ်လေးကို ကျော်ဟိန်းလက် အပ်ရက်မလဲ။ ဟုတ်တယ်မလား။

အဲဒီလို မအေကြီးလိုက်စပ်နေတာကို ကျော်ဟိန်း သိသွားတော့ မအေကြီးကို တိုက်ရိုက်မေးတယ်။

** အမေ………. ကျုပ်ကို မိန်းမပေးစားမလို့ဆို **

အဘွားကြီးက အကြော်ဒယ်ထဲက ဇကာဇွန်းကြီးကို အကြော်ဗန်းပေါ်တင်ပြီး

** အေး…။ ဟုတ်တယ်။ ငါမသေခင် နင့်ကို စိတ်ချသွားချင်လို့ **

အဘွားကြီးစကားတောင် ကောင်းကောင်းမဆုံးသေးဘူး။ ကျော်ဟိန်းက

** စိတ်ချ……….မနက်ဖြန် ခင်ဗျားချွေးမရပြီသာမှတ်လိုကတော့။ တခြားကောင်မတွေ လိုက်စပ်မနေနဲ့တော့။ ကျုပ်က ကျုပ်ကြိုက်တာ ယူမှာ **

ပါးစပ်ကနေ အော်ဟစ်ပြောပြီး ထွက်သွားလိုက်တာ နောက်နေ့မနက် အိမ်ပြန်ရောက်လာတော့ ကောင်မလေးတစ်ယောက်လက်ဆွဲလို့။ အဘွားကြီးကတော့ကြောင်ငေးလို့။ အကြော်ဒယ်ကြီးထဲက ဆီတွေလည်း ပွက်ပွက်၊ ပွက်ပွက်ထနေတာ ဘယ်သူမှ ဂရုမစိုက်နိုင်အားဘူး။ ၀ယ်သူတွေကလည်း ပြူးတူးပြဲတဲကြည့်ကြရင်း စပ်စုကြတယ်။ ဘေးအိမ်နီးနားချင်းတွေလည်း ဟိုကတစ်ယောက်၊ ဒီကတစ်ယောက်ထွက်လာရင်း တိုးတိုးကျိတ်ကျိတ်ထင်မြင်ချက်တွေပေး၊ အဖြစ်အပျက်ကိုသုံးသပ်နဲ့ မနက်ခင်းလေးဟာ တော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

**ဟယ်…….အဲဒါ ဟိုဘက်ရွာက စိန်သောင်းသမီးမဟုတ်လား **

**ဟယ်…..ဟုတ်ပါ့ဟယ် **

** ဘယ်လိုဖြစ်ကြတာတုန်း **

** စိန်သောင်းတို့၊ မရွှေတင်တို့ သိကြရဲ့လားမသိဘူး**

လူကစုစု စုစုနဲ့များသွားတော့ အသံတွေလည်း ကျယ်ကျယ် ကျယ်ကျယ်ကြားလာရတယ်။ ရပ်ထဲ ရွာထဲ သတင်းဖြန့်တဲ့သူက ဖြန့်တယ်။  စိန်သောင်းသွားပြောတဲ့သူက ပြောတယ်။ တစ်ဖက်ရွာမှာလည်း ညကတည်းက ကောင်မလေးပျောက်သွားတော့ ပွက်လောတွေ ရိုက်နေခဲ့တာတဲ့။  ကျော်ဟိန်းနဲ့ ညားမှန်းလည်း သိရော…….ဟိုဘက်ရွာကလူတွေ ပေါက်ကွဲကြတော့တယ်။ ကျော်ဟိန်းအမေခမျာလည်း မျက်နှာငယ်လေးနဲ့တစ်ဖက်မိဘတွေကို ရွာလူကြီးတွေအကူအညီနဲ့ မနည်းတောင်းပန်ယူခဲ့ရတယ်။ စိန်သောင်းဆိုတာ ကျော်ဟိန်းကို ထိုးမယ်၊ ကြိတ်မယ် တကဲကဲ။

အားလုံးသိချင်ကြတာက သူတို့နှစ်ယောက်ဘယ်လိုညားလဲ ဆိုတာပဲ။ ကောင်မလေးက ရိုးရိုးအေးအေးလေး။ လူလေးကလည်း လှလှပပ၊ ကြွကြွရွရွလေး။ မျက်လုံးဝိုင်းဝိုင်း၊ မျက်နှာဝိုင်းဝိုင်းနဲ့  ချစ်စရာလေး။ ခနာကိုယ်ကလည်း တောသူပီပီ တောင့်တင်းကျစ်လျစ်တယ်။ ညိုမှောင်နေတဲ့ဆံပင်တွေနဲ့ ၀ါဖန့်ဖန့် အသားအရေက ဟပ်လို့။ အမူအကျင့်လေးကလည်း သိမ်သိမ်မွေ့မွေ့လေး။ ကျော်ဟိန်းနဲ့ဆို နံ့သာဆီနဲ့ အီး။

ဆိုတော့ အကြောင်းစုံလည်း သိရရော …..တခြားသူမပြောနဲ့ ၊ မအေကြီးကိုယ်တိုင်က ကျော်ဟိန်းကို ထန်းပလက်ပြားနဲ့ ရိုက်တာ တအုံးအုံး။  ကျော်ဟိန်းကလည်း မအေကို ပြန်မလုပ်ရုံတမယ်။ ပြီး …………ပြောသေးတယ်။

** ခင်ဗျား မိန်းမပေးစားမယ်ဆိုလို့ ကျုပ်မိန်းမရှာယူတာလေ။  ကျုပ်ကြိုက်တဲ့မိန်းမ ကျုပ်ရအောင်ယူတာ ဘာဖြစ်တုန်း ။ ဒါ ခင်ဗျားပေးစားချင်လို့ ဖြစ်ရတာ။ ခင်ဗျားအပြစ် **

တဲ့။ မအေကြီးခင်ဗျာ…….မြေကြီးပေါ်ကို လူးလှိမ့်ပြီး ငိုရှာတယ်။

** ကျော်ဟိန်းရယ်………နင့်ကိုမွေးမိတဲ့ ငါ့ကိုယ်ငါပဲ သတ်သေချင်လောက်အောင် ဒေါသထွက်မိပါတယ်ဟယ် **

ဆိုပြီး လက်ထဲက ထန်းပလက်ပြားနဲ့ သူ့ခေါင်းကိုသူ ရိုက်ချလိုက်တာ မေ့လဲသွားပါရောလား။
စိန်သောင်းဆိုတာလည်း ဓါးဆွဲပြီး ကျော်ဟိန်းကို သတ်ရပါမှ လုပ်တော့တာ။  ဘေးနားကလူတွေ ၀ိုင်းဆွဲရတယ်။ စိန်သောင်းက ပါးစပ်ကလည်း ကျော်ဟိန်းကို ဆဲဆိုနေတော့ မြနှစ်က ၀င်ပြောတယ်။

** အဖေ………သူ့ကို ရန်လုပ်မနေနဲ့တော့။ ဒီကိစ က ကျုပ်သဘောတူလို့ ကျုပ်တို့ ညားတာ **

စိန်သောင်းခမျာ ပါးစပ်ကလေးဝိုင်းလို့။ ဘေးနားက စိန်သောင်းကို ဆွဲထားတဲ့သူတွေလည်း ပါးစပ်အဟောင်းသားတွေနဲ့ ဆွဲထားတဲ့ လက်ကလေးတွေ  အသာဖြေလျှော့လို့။ စိန်သောင်းကလည်း ဓါးကြီး ပစ်ချပြီး ဒူးထောက်ပုံကျလျက်သား။ အားလုံး ဘာစကားမှ မပြောနိုင်ခဲ့ကြဘူး။
ထားတော့…….။ ဒီလိုနဲ့ သူတို့နှစ်ယောက် လင်မယားစာရင်းဝင်သွားခဲ့ကြတယ်။ စိန်သောင်းတို့ကတော့ ကောင်မလေးကို ညည်း ငါတို့ဆီ ဘယ်တော့မှ ပြန်မလာနဲ့ဆိုပြီး ပြောသွားတယ်။ အဘွားကြီးကတော့ အကြော်ကြော်ရင်း ရှာဖွေကျွေးမွေးရတာပေါ့။ ကောင်မလေးက လည်း ယောကမကြီးနဲ့အတူ အကြော်ဆိုင်မှာ မလုပ်တတ် လုပ်တတ် ၀ိုင်းဝန်းကူရှာပါတယ်။ တောထဲ တောင်ထဲ တိုးပြီး ဟင်းရွက်ခူး၊ မှိုခူးနဲ့လည်း ရွာထဲ လှည့်လည် ရောင်းရှာတယ်။   ကျော်ဟိန်းကတော့ သိတဲ့အတိုင်း။ မအေ့အိမ်ပေါ် လင်မယားနှစ်ယောက်သား တက်နေစ အချိန်လောက်ပဲ  အရက်နဲ့ပြတ်တယ်။ အဲဒီနောက်ပိုင်း နေမြဲပဲ။ ပိုတောင် ဆိုးလာသလားမှတ်ရမယ်။ ဘာလဲဆိုတော့ မိန်းမကို အနိုင်ကျင့်လာတယ်လေ။ ကောင်မလေးက ဒင်းကို  အလိုက်သင့်ပါရမီဖြည့်ရှာပါတယ်။ ရေပူရယ်၊ ရေအေးရယ်၊ တဘက်ရယ်၊ ပုဆိုးရယ်နဲ့ အရက်ဖိုးတောင် ပါလိုက်သေး။ ဒါကို ဒီကောင်က ညားစခဏပဲ ကြင်နာပြပြီး နောက်ပိုင်း အနုနည်းနဲ့ရော၊ အကြမ်းနည်းနဲ့ရော  နှိပ်စက်တော့တယ်။ အကြောင်းမရှိ၊ အကြောင်းရှာပြီး ရန်လုပ်တယ်။ အော်ဟစ် ငေါက်ငမ်း ဆူပူ ကြိမ်းမောင်းနဲ့ တစ်ခါတစ်ခါ လက်တောင်ပါလာတတ်သေး။
အဘွားကြီးကတော့ ချွေးမလေးကို ကြည့်ပြီး ငိုမိတယ်ဆိုပဲ။ သနားလွန်းလို့တဲ့။ ဒီလိုကလေးမ သူ့သားနဲ့ ညားတဲ့အတွက်တဲ့လေ။  ပြီး ….သူ့သားအတွက်လည်း စိတ်အေးသွားသတဲ့။

အဘွားကြီး ကျော်ဟိန်းအတွက် အပြည့်အ၀စိတ်ချသွားတာ  သံသယမရှိနိုင်အောင်  သူတို့လင်မယားညားပြီး နှစ်လလောက်နေတော့ ဆုံးသွားတာက သက်သေပဲ။ ကျော်ဟိန်းဆိုတဲ့ကောင်များ မအေဆုံးတာတောင် ထန်းတောနဲ့ အိမ် စုန်ချည်ဆန်ချည်ကူးလို့။ နောက်ဆုံး မအေကြီးအလောင်း မြေကျတော့မှ  ဘေးနားကနေ အာပြဲကြီးနဲ့ တ၀ါးဝါးအော်ငိုတော့တာ။ လက်ထဲမှာလဲ အရက်ပုလင်းကြီးနဲ့။ ဘေးကလူတွေခမျာ သနားရမှာလား၊ နှာခေါင်းရှုံ့ရမှာလား။ မအီမလည်ကြီးတွေ ဖြစ်လို့။
အဘွားကြီးရက်လည်ပြီးလို့ နှစ်ပတ်လောက်နေတော့ ကောင်မလေးမိဘတွေက ပြန်ခေါ်တယ်။ မြနှစ်က မလိုက်ဘူးတဲ့။  မိဘတွေက နင် ဒီကောင့်ကို ဘာမက်နေတာတုန်းလို့ မေးတော့ ဒါ ကျုပ်ယောက်ျားလေလို့ ဖြေသတဲ့။ ကောင်မလေးကလည်း အဆန်း။ မိဘတွေက ဒေါပွပြီး ပစ်ထားတော့တာပဲ။  အဲ………..မိဘတွေကို လှန်လိုက်လို့ ယောက်ျားကပ်စရာရှိလားဆိုတော့လည်း ယောက်ျားက ကြင်ကြင်နာနာ ယုယုယယနဲ့ အနားမှာ မားမားမတ်မတ်ရပ်ပေးနေတာမဟုတ်ဘူး။  အရပ်ကတော့ ကောင်မလေးကို မေးငေါ့ကြတယ်။ မွဲချင်တဲ့ခွေး ပြာပုံတိုးတို့၊ ပိုးဖလံမျိုး မီးကိုတိုးတို့နဲ့ ခိုင်းနှိုင်းကြတယ်။ ကောင်မလေးကတော့ ပြစ်တင်ဝေဖန်မှုအားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်မယ်ဆိုတဲ့ မာန်လေးနဲ့။

ဒီလောက်တောင် ကောင်မလေးက သူ့ကို အနွံတာခံချစ်တာကို  ကျော်ဟိန်းမို့ နောက်မိန်းမထပ်ယူရက်တာလည်း အံ့များတောင် သြရပါရဲ့။  ယူလာတဲ့မုဆိုးမကလည်း အာလန်၊ လျှာလန် ကြမ်းတောမ။ ကျော်ဟိန်းကို ယူလို့ သူ့ကို အတင်းတုပ်တဲ့သူတွေကို ထမီလှန်မပြရုံတမယ် ဆက်ဆံတယ်။

** ငါတို့ဟာ ငါတို့ ကြိုက်လို့ညားတာ၊ နင်တို့သောက်ပူ တစ်ပြားသားမှ မပါဘူး။ ဘာစကားမှ မပြောကြနဲ့……..ပါးကျိုးသွားမယ်။ ဥမာ စိန်တဲ့ ….တစ်စိန်ထဲ ရှိတယ်**

ပြောရရင် ကျော်ဟိန်းနဲ့ ဥမာစိန်ပေါင်းလိုက်တော့ ရွာ့အော့ကြောလန် လင်မယားဖြစ်သွားတာပေါ့။ တစ်ခုထူးတာကကျော်ဟိန်းက ဥမာစိန်ကို အကြောက်ဓါတ်ခံရှိတာပဲ။ အရင်ကတည်းက ရွာမှာ ဥမာစိန်ကလည်း သူ့နာမည်နဲ့သူ။ တော်ရုံမိန်းမ ဥမာစိန်နဲ့ တုမဖြစ်ဘူး။ အာကြမ်း လျှာကြမ်းနဲ့ အဆိုအဆဲကလည်း ပျစ်နှစ်လိုက်ပါသော်ကော။ ဒီတော့ ကျော်ဟိန်းက ဥမာစိန်ကိုရှိန်တယ်။  မြနှစ်ကို နိုင်သမျှ ဥမာစိန်နဲ့ကျ ခံရတယ်။ ပြန်လည်း မလုပ်ဘူး။ ဟိုကောင်မကလည်း  ရပ်ကျော် ရွာကျော် အော်ဟစ်ဆဲတာ၊ ရန်ဖြစ်ရင်လည်း ဘတစ်ပြန် ကျားတစ်ပြန်။ ဥမာစိန်ကတောင် လက်သွက်သေးတယ်ပြောရမယ်။  ကျော်ဟိန်းခမျာ ကုပ်လို့။ မြနှစ်အိမ်မှာလို မူးလာတာနဲ့ ပေါက်ကရလေးဆယ် လျှောက်မပြောရဲဘူး။ ထောင့်လေးတစ်ထောင့်မှာ ထိုင်ရင်း ဘိန်းစားမှိန်းသလို မှိန်းတော့တာ။  ဥမာစိန့်သားနှစ်ကောင် သူ့ရှေ့ခြေချင်းလိမ်နေရင်လည်း  မပြောရဲဘူး။  ကောင်မက စွာတာကိုး။ စွာတဲ့အပြင် ဗိုလ်ကလည်း ကျသေးတယ်။  သူ ပိုက်ဆံလိုလာပြီဆိုရင် ကျော်ဟိန်းကို မြနှစ်ဆီက တစ်ဖက်လှည့်နဲ့ တောင်းခိုင်းတတ်တယ်။ ကျော်ဟိန်းကလည်း  မြနှစ်ကို ဆဲဆိုမာန်မဲပြီး တွေ့တဲ့ ပိုက်ဆံသိမ်းယူသွားတာ။ မြနှစ်ကတော့ ဘာသိမှာတုန်း။ ကျော်ဟိန်း အရက်ဖိုးမရှိလို့လို့ ထင်ရှာတာပေါ့။
အဲသလောက်ထိ လူလည်ကျတာ။  ကျော်ဟိန်း မသိဘူးမဟုတ်ဘူး ။ သိတယ်။ ဒါပေမယ့် ဘာမှ မပြောဘူး။  ဥမာစိန်ကတော့ ဟန်အကျကြီးကျနေတာပေါ့။

ဒါပေမယ့်လည်း ဥမာစိန် အချိန်အကြာကြီး မင်းမူခွင့်မရဘူး။ နောက်ထပ်ဇော်တစ်ဇော် ထပ်ပေါ်လာပြန်တယ်။ ကျော်ဟိန်းက မိန်းမတစ်ယောက် ထပ်ယူတယ်လေ။ ဒီမိန်းမကတော့ အပျို ။ ကျော်ဟိန်းတို့ရွာလေးနဲ့ ဆယ်မိုင်လောက်ခြားမဲ့ ရွာတစ်ရွာကတဲ့။ ကျော်ဟိန်းထက်နှစ်နှစ် ၊ သုံးနှစ်လောက်ငယ်မယ်ထင်တယ်။ ၂၈၊ ၂၉ လောက်ရှိရောပေါ့။ နာမည်က သန်းသန်းဆင့်တဲ့။  သူလည်း စရိုက်ကတော့ ဥမာစိန်နဲ့ နင်လား  ၊ ငါလားပါပဲ။ ဒါကြောင့်မို့လဲ ကျော်ဟိန်းအကြောင်း သိသိကြီးနဲ့ ယူတာပေါ့။

ဒီတစ်ခါ ကျော်ဟိန်း သန်းသန်းဆင့်ကို ယူတော့ အရပ်ကတော်တော် ဒေါသထွက်လာကြပြီ။  ခံပြင်းလာကြပြီ။ မြနှစ်ဘက်ကနေ နာကြည်းလာကြပြီး မြနှစ်ကို ဒီကောင့်ကို လက်မခံဖို့ တိုက်တွန်းကြတယ်။ ကျော်ဟိန်းကိုတော့ ဘယ်သူမှ ဘာမှ မပြောကြဘူး။ လူတွေဆိုတာလည်း သိတဲ့အတိုင်းပဲ ။ ကိုယ့်အကျိုးစီးပွားနဲ့ မသက်ဆိုင်ရင် ဘယ်သူမှ ထိထိရောက်ရောက် ပါဝင်ပတ်သတ်ကြတာမဟုတ်ဘူး။   ဒါ ကိုယ့်ရွာ နာမည်ပျက်စရာပါလား၊ သိကာကျစရာပါလားရယ်လို့လည်း ရှည်ရှည်ဝေးဝေးလျှောက်တွေးမနေကြဘူး။ အများအတွက်ရယ် မတွေးကြဘဲ ကိုယ့်တစ်ကိုယ်စာကွက်တွေးတော့ ကျော်ဟိန်းကိစ ဟာ သူတို့အရေးမဟုတ်ဘူးလို့ ထင်ကြတယ် ။ မြနှစ်ကို ကိုယ့်ထိုက်နဲ့ကိုယ့်ကံလို့ ရယ်ဟဟပြောကြတယ်။ အတင်းအဖျင်းလောက်ပြောဖို့ အာပေါင်အာရင်းသန်ပြီး ဖျောင်းဖျနားချဖို့ကျတော့ ကိုယ်နဲ့ဘာဆိုင်တာမှတ်လို့ဆိုပြီး မျက်ကွယ်ပြုနေကြတဲ့သူတွေက တစ်ပုံကြီး ။  ပြောတဲ့သူပြောပြန်တော့လည်း မြနှစ်က မထုံတက်သေး။ ဒီတော့ ဟိုသုံးယောက်လူလည်ကျတာ ကောင်းကောင်းခံရတော့တာပေါ့။
သန်းသန်းဆင့်က ဒီရွာစရောက်ကတည်း ကဟိုလူသတင်းပို့၊ ဒီလူက လက်တို့နဲ့ ကျော်ဟိန်း ရာဇ၀င်ကို တော်တော်လေး ထဲထဲဝင်ဝင် တီးခေါက်မိသွားပြီးပြီ။ ဥမာစိန်က မြနှစ်ကိုလူလည်ကျနေတာကို သိတော့ သူတောင် လုပ်သေးတာ၊ ငါရော ဘာလို့ မလုပ်နိုင်ရမှာလဲဆိုပြီး  ကျော်ဟိန်းကို နင်ငါ့ကို ယူထားတာ၊ နင်ရှာကျွေးဆိုပြီး ပြောတယ်။ ကျော်ဟိန်းကလည်း အလကား အလုပ်လုပ်နေပါ့မလား။ ဒီတော့ မြနှစ် တွင်းထဲကပဲ နှိုက်ပြီး မိဖုရားသစ်ကို ဆက်သတာပေါ့။ ဒီအကြောင်းတွေ ရပ်ရွာလူကြီးတချို့က ရိပ်စားမိလာတော့ ၀ိုင်းဝန်းဖြေရှင်းပေးဖို့ ကြိုးစားကြတယ်။ ဟုတ်တယ်လေ……..။ ကြာရင်မြနှစ်က လုံးပါးပါးတော့မှာ။ ခုဆို သန်းသန်းဆင့်အတွက်ကျော်ဟိန်းပေးရမယ့် ဆက်ကြေးကို မြနှစ်က ရှာပေးရတယ်။ ဥမာစိန်က ကောက်စိုက်ပျိုးနုတ်လုပ်သေးတယ်ဆိုပေမယ့် တစ်ခါတရံ ကျော်ဟိန်းကို ကပ်ပြီး ရိတ်သေးတယ်။ ဒီတော့ မြနှစ်က  ဘုံပိုင်တွင်းကြီးလိုပဲ။ သန်းသန်းဆင့်က ၀င်ခပ်သွားလိုက်၊ ကျော်ဟိန်းကခပ်လိုက်၊ ဥမာစိန်က ခပ်လိုက်နဲ့။

အဲဒီကိစနဲ့ပတ်သတ်ပြီး လူကြီးတွေက သူတို့လေးယောက်ကို ခေါ်တွေ့မေးတယ်။ မေးရင်း မြန်းရင်း ဖြေရင်း ရှင်းရင်းနဲ့ ဥမာစိန်နဲ့ သန်းသန်းဆင့်က ရန်ဖြစ်ကြပြန်ပါရော။ နှစ်ယောက်သား ပါးရိုက် နားရိုက်နဲ့ လုံးထွေးသတ်ပုတ်ကြလို့ ဘေးနားကလူတွေ မနည်းထိန်းယူရတယ်။ တစ်ယောက်နဲ့တစ်ယောက် အော်ကြဟစ်ကြ ရန်ဖြစ်ကြနဲ့ လင်မယား လေးဦး လေးဖလှယ်အတွင်းရေးတွေလည်း အကုန်ပေါ်ရောပဲ။
အဲဒီနောက်ပိုင်း လူကြီးတွေက မြနှစ်ကို အနီးကပ်စောင့်ရှောက်တော့တယ်။ ကျော်ဟိန်းလည်း မြနှစ်ဆီက ပိုက်ဆံတောင်းချင်တိုင်း တောင်းမရတော့ဘူး။ တောင်းတိုင်းလည်း မပေးခိုင်းဘူး။ သန်းသန်းဆင့် အခက်တွေ့တော့တာပေါ့။ သူက ဘာမှ မလုပ်ဘဲ ထိုင်စားနေတာလေ။ ဒီတော့ ကျော်ဟိန်းကို နားပူနားဆာလုပ်တယ် ။ ကျော်ဟိန်းကလည်း အဖြစ်ရယ်လို့ ထွေထွေထူးထူးမရှိတော့ သူ့ဖာသာ အလုပ်ကလေး ရှာကြံရတယ်။ နောက်ဆုံးဘယ်လိုမှ မဟန်နိုင်ဘူးဆိုတာသိတော့  ကျော်ဟိန်းကို နင်နဲ့မပေါင်းနိုင်တော့ဘူး ဆိုပြီး သူ့ရွာသူပြန်သွားသတဲ့။ ဥမာစိန်ကတော့ ဟန်မပျက်ပါပဲ။ သူ့ဖာသာ ကောက်စိုက်ပျိုးနုတ်လိုက်နဲ့ ရုန်းတာပဲ။ ကျော်ဟိန်းကိုတော့ သိပ်မကြည်ချင်တော့ဘူး။ ကျော်ဟိန်းကလည်း မြနှစ်အိမ်မှာ အခြေအနေမဟန်တော့ ဥမာစိန်အိမ်ကနေကို မပြန်တော့ဘူး ။ အရက်ဆိုင်နဲ့ ဥမာစိန့်အိမ် လူးလာခေါက်တုံ့ပဲ။ ဒါပေမယ့် သန်းသန်းဆင့် က မကြာဘူး။  ပြန်ရောက်ချလာတယ်။ သူ့ဖာသာ တောထဲ တောင်ထဲ သွားပြီး မှိုရှာ၊ မျှစ်ချိုးနဲ့ ရအောင် ရှာဖွေစားသောက်ပြီး နေပြန်တယ်။ အဲဒါပြောတာ၊ ကျော်ဟိန်းတို့ ကံဇာတာများ ကောင်းပုံ။ မိန်းမတွေက သူ့ဆို မခွာကြဘူး။ ဘာကြောင့်မှန်း မသိဘူး။
မြနှစ်ကိုတော့ လူကြီးတွေက အမြဲဂရုတစိုက် စောင့်ကြည့်ပေးရှာတယ်။ ကောင်မလေးကတော့ အရင်တုန်းကနဲ့ အခုနဲ့ သိပ်ပြီးတော့မထူးခြားပါဘူး။ သူ့ဟာသူ ပုံမှန်ပါပဲ။ အရင်ကလို ကျော်ဟိန်းကို ငွေဆက်သမနေရတော့ ဈေးရင်းပြုတ်တာတွေ၊ ညစာငတ်တာတွေတော့ သိပ်မရှိတော့ဘူးပေါ့လေ။

အဲဒီအချိန်မှာပဲ ပြသနာတစ်ခုထပေါ်လာပြန်တယ်။ အဲ………ပြသနာရယ်လို့တော့လည်း မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် ပြသနာတွေကို သယ်ဆောင်လာခဲ့တာတော့ အမှန်ပဲ။ ဘာလဲဆိုတော့ မြနှစ်မိဘတွေ မုံရွာကအပြန် ချင်းတွင်းမြစ်ထဲမှာ ၀ဲနဲ့တိုးပြီး ဆုံးသွားပါတာပဲ။ ရေတက်ချိန်မှာ ခရီးလမ်းအရ မော်တော်တွေ သိပ်မသွားတာကို…. သွားတဲ့ မော်တော်လေးပေါ်တက်လိုက်ရင်း ၀ဲထဲပါသွားတာတဲ့။ အစအနတောင် ရှာမရဘူးဆိုပဲ။ မြနှစ်ကလေးလဲ မပဋာမြေလူးတော့တယ်။ ကျော်ဟိန်းကတော့ တစ်ချက်ကလေးတောင် သွားမကြည့််ဘူး။ အလကားဟာတွေ သေတာ ကောင်းတယ်ဆိုပြီး အရက်ဆိုင်မှာ မူးနေသတဲ့။ မြနှစ်ကလေးကို အရပ်က၀ိုင်းဝန်းပြီး ကူညီပေးလိုက်ကြတော့ အလောင်းမြေကျသွားတယ်။ ရက်လည် အောင်အောင်မြင်မြင်ပြီးသွားတယ်။ ကျော်ဟိန်း တစ်ခါမှ ရောက်မလာဘူး။ သူ့ရွာမှာပဲ မူးယစ်သောက်စားနေပြီး ဥမာစိန်နဲ့ သန်းသန်းဆင့်အိမ်တွေဆီ တစ်လှည့်စီ လှည့်လည်သီတင်းသုံးပါသတဲ့။ ပြန်ပြောတဲ့သူတွေကတော့ ပြောကြပါတယ်။ ဒါပေမယ့် ကောင်မလေးကလည်း မထုံတက်သေးရယ်။ အင်းမလုပ်၊ အဲမလုပ်။
ရက်လည်ပြီး သုံးရက်လောက်ထိတော့ မြနှစ်သူ့ရွာမှာနေသေးတယ်။ နောက်ရက်ကစပြီး ကျော်ဟိန်းရှိရာ ပြန်သွားတယ်။ ဘေးလူတွေကတော့ မေးငေါ့ကြတာပေါ့။ ကောင်မလေးကတော့ သိတဲ့အတိုင်းပဲ။ အိမ်ပြန်ရောက်လာတယ်။ မြနှစ်ရောက်မှန်းသိတာနဲ့ ကျော်ဟိန်း က ရောက်ချလာပြီး အရက်ဖိုးတောင်းတော့ မြနှစ်က ပိုက်ဆံတော့ ထုတ်ပေးတယ်။ ဒါပေမယ့် စကားတစ်ခွန်းပြောလိုက်သတဲ့။ ကျွန်မ အမေတို့ရွာမှာပဲ ပြန်နေတော့မယ်။ ရှင်လိုက်မှာလားလို့ မေးလိုက်သတဲ့။ ကျော်ဟိန်းက ဘာအတွက်လဲ၊ ဘာသဘောလဲ၊ ငါမလိုက်ဘူး၊ မင်းဟာမင်းသွားနဲ့ ရန်လုပ်သတဲ့ ။ မြနှစ်က နောက်ယောက်ျားယူချင်လို့ သူ့ကိုဖဲ့ထုတ်တာပါဆိုပြီး အရပ်သိအောင်ပြောတယ်။ မြနှစ်ကတော့ သိပ်ဂရုမစိုက်ဘူး။ သူ့ဖာသာ ပြင်ဆင်စရာရှိတာပြင်ဆင်တယ်။ သူ့လက်ထဲက လက်ကျန်ငွေကို ကျော်ဟိန်းကိုပေးခဲ့တယ်တဲ့။ ကျွန်မသွားပြီ၊ ရှင်လိုက်ချင်တဲ့အချိန် လိုက်လာခဲ့ပါ လို့ ဆိုသတဲ့။ မောင်ကျော်ဟိန်းကတော့ ဆဲရင်းဆိုရင်း အိမ်ထဲမှာ ကျန်ရစ်ခဲ့သတဲ့။
ဒီလိုနဲ့ မြနှစ် သူ့မိဘတွေခေါင်းချခဲ့တဲ့ရွာမှာ တစ်ပတ်လောက်နေတဲ့အထိလည်း ကျော်ဟိန်းတို့က လိုက်မသွားဘူး။ ဥမာစိန်တို့ ၊ သန်းသန်းဆင့်တို့က တိတ်တိတ်ကျိတ်ဆွဲထားတယ်ပြောတာပဲ။ ကျော်ဟိန်းတစ်ယောက် သောက်ရင်း စားရင်းနဲ့ ဥမာစိန့်အိမ်တစ်လှည့်၊ သန်းသန်းဆင့်အိမ်တစ်လှည့်သီတင်းသုံးနေတယ်။ ဒါပေမယ့် တစ်ပတ်ကျော်ကျော်လောက်ကျ သတင်းတွေက ပျံ့ထွက်လာတယ်။ ဗူးတစ်ရာအပေါက်သာဆို့လို့ရမယ်၊ ပါးစပ်တစ်ပေါက်တော့ ပိတ်ဖို့ မလွယ်ဘူးမလား။ ဘာလဲ ဆိုတော့  မြနှစ်ရဲ့ အမွေစာရင်းပဲ။ စိန်သောင်းတို့၊ ရွှေတင်တို့ဆိုတာလည်း မျိုးနဲ့ရိုးနဲ့ တောင်သူလုပ်စားလာကြတာလေ။ လယ်တွေဆိုတာ ဧကပေါင်းရာချီနေတယ်။ ရွာ့အလယ်မှာ အိမ်ကြီးရခိုင်နဲ့ ၊ ကျွဲတွေ၊ နွားတွေတစ်ပုံတစ်ပင်နဲ့။ အတွင်းပစ်စည်းကလည်း ရှိသေးဆိုတော့ စာရင်းချကြည့်ရင် မြနှစ်လေးရမယ့် အမွေဟာ အားလုံးသရေကျစရာဖြစ်ရတော့တာပေါ့။ အစကတော့ မြနှစ်ကလည်း သူလုပ်စရာရှိတာ လုပ်ရုံပါပဲ ။ ရွာလူကြီးတွေ၊ ဆွေမျိုးနီးစပ်တွေက ပိုင်ဆိုင်မှုလေးတွေ၊ မြနှစ်ရရမယ့် အမွေလေးတွေ စနစ်တကျစာရင်းချလိုက်တဲ့ သတင်းက တစ်ရွာက နှစ်ရွာ၊ နှစ်ရွာက သုံးရွာ ပြန့်သွားတာကလား။ ဆွေမျိုးတွေက စိတ်မချလို့ မြနှစ်ကို တစ်ယောက်တည်းတောင် မထားဘူးဆိုပဲ။ ကြီးတော်ကြီးတွေ၊ အစ်မကြီးတွေက အမြဲ ဂရုစိုက်နေကြတာတဲ့။ မြနှစ်ကလေးလဲ ကလေးတစ်ပြန်ပြန်ဖြစ်ရသလိုပဲထင်ပါ့။

အဲဒီအမွေသတင်းက ကျော်ဟိန်းနားထဲ ရောက်လာတော့ ကျော်ဟိန်း အမူးပြေသွားတယ်။ ညက အရက်ဆိုင်မှာ ခေါင်းမထောင်နိုင်အောင်သောက်ခဲ့တဲ့အရက်က တစ်မြူစာတောင်မရှိတဲ့အလား။ ရုတ်တရက်လည်း ဘာတွေးလို့ တွေးမိမှန်းမသိဘူး။ လူတွေကလည်း သိတဲ့အတိုင်း တစ်ဆိတ်ရှိ တစ်အိတ်လုပ်ပြောကြတာတွေဆိုတော့ သူဌေးမလေးမြနှစ်အကြောင်းက ပိုကြွတက်နေတော့ မောင်ကျော်ဟိန်းတစ်ယောက် အမူးပြေလည်း ပြေချင်စရာကိုး။ တခြားမကြည့်နဲ့ဦး။ လယ် ဧက တစ်ရာကျော်ဆိုတာကတင် တော်တော်လွန်လှမလား။ ဧကတိုင်းကလည်း စိုက်လို့၊ ပျိုးလို့၊ ထွန်လို့၊ ယက်လို့နဲ့ ငွေရှာနေကြတယ်လေ။ အဲဒီသတင်းကြားပြီးတဲ့နောက် ကျော်ဟိန်းပါးစပ်ထဲမှာ  တစ်ပတ်လောက်ဆဲဆိုခံနေရတဲ့ မြနှစ်နာမည်လေး သက်သာရာရသွားတယ်။ ဒါပေမယ့် ကျော်ဟိန်းအတွေးထဲ တွေဝေနေတုန်းပဲ။ ဆုံးဖြတ်ချက်တစ်ခုရယ်၊ ဘာရယ်လည်း တိတိပပချရသေးတဲ့ပုံစံမရှိဘူး။ တကယ်တော့ ကျော်ဟိန်းက မြနှစ်ကိုယူခဲ့တုန်းက ငွေရယ်၊ ကြေးရယ် မက်မောတွယ်တာတာတွေကြောင့် မဟုတ်ဘူး။ မအေက မိန်းမပေးစားမယ်ဆိုတော့ သူကြိုက်တဲ့မိန်းမ ရအောင်ယူလိုက်တာပဲရယ်။ ပြောရရင် အချစ်ပဲလို့တောင် ပြောလို့ရမယ်။ အချစ်ရယ်လည်း မဟုတ်ဘူးပေါ့လေ။ သူ့အတွက်ကတော့။ အလှကို တပ်မက်တာက အဓိကပေါ့။ ပြီး စိန်သောင်းတို့၊ ရွှေတင်တို့ ဘယ်လောက်ချမ်းသာတယ်ဆိုတာလဲ ဘယ်သူအတပ်သိတာမှတ်လို့။ ဒီနယ်ဘက်မှာက နင် ဘယ်နှဧက ၊ ငါ ဘယ်နှဧက ရေတွက်မနေဘူး။ မြရီနဲ့ တင်မောင့် လယ်ဘေးက ကျော်နိုင့်လယ်။ စိန်သောင်းလယ်နှစ်ဧကနဲ့ မြင့်တင်လယ်ကြား က ခင်ဆွေ့ရီလယ် စသဖြင့် ဘေးပတ်ပတ်လယ်က လယ်နီးချုပ်စပ်လောက်မှတ်ထားပြီး ကိုယ့်လယ်ကိုယ်စိုက်ကြတာလေ။ ခုမှ ရေကြ၊ တွက်ကြဆိုတော့ မြနှစ်လည်း အော်တိုမစ်တစ်သူဌေးမကြီးခေါ်ခံရတော့တာကလား။ အရင်ကဆို စိန်သောင်းတို့က လယ်တွေအများကြီးပိုင်တာ၊ ဒီလောက်ပဲ သိတာ။ ဘယ်နှဧကရယ်၊ ဘာရယ် ပိုင်ရှင်ကိုယ်တိုင်တောင် သိချင်မှ သိတတ်တာလေ။

အခုလို သိလိုက်ရတော့ ကျော်ဟိန်းအတွက်တော့ တော်တော်ကြီးတွေးစရာဖြစ်သွားတယ်။ မြနှစ်က သူ့မိန်းမလေ။ သူယူထားတဲ့ မိန်းမမဟုတ်လား။ လင်မယားဆိုမှတော့ သူ့ပစ်စည်းလည်း ကိုယ့် ပစ်စည်း၊ ကိုယ့်ပစ်စည်းလည်း သူ့ပစ်စည်းပဲ မဟုတ်လား။ ဒါပေမယ့် ကျော်ဟိန်းက နည်းနည်းတွန့်နေမိသေးတယ်။ သူလုပ်ခဲ့တာတွေ ပြန်တွေးကြည့်တော့ မြနှစ်က သူ့ကို လက်ခံပါ့မလား။ မြနှစ်က လက်ခံတယ်ဆိုရင်တောင် ရွာလူကြီးတွေနဲ့ မြနှစ်အသိုင်းအ၀ိုင်းက လက်ခံခိုင်းပါ့မလား။ သူက ရုတ်တရက် မြနှစ်ဆီ ပြေးကပ်ရင် သူ့ရည်ရွယ်ချက်ကို ရိပ်မိသွားကြမလားပေါ့။ တွေးကြည့်တော့ မြနှစ်က ဘယ်လိုမှ လက်လွတ်မခံသင့်စရာကြီးဖြစ်နေတယ်လေ။ လက်ရှိ သူ ဥမာစိန်နဲ့ သန်းသန်းဆင့်တို့ဆီ ကပ်နေရတာလည်း အဆင်ပြေတာမှ မဟုတ်တာ။ ထမင်းဝတယ်ဆိုရုံပဲလေ။ အရက်တောင် ၀ချင်တာမှမဟုတ်ဘဲ။ ဒီတော့  ကျော်ဟိန်း ကွင်းပြောင်းချင်လာတယ်။ လက်ရှိကန်နေရတဲ့ ကွင်းနှစ်ကွင်းက ဘတ်ဂျက်ချို့တဲ့တာကိုး။ ကွင်းအနေအထားအရဆိုရင်လည်း မြနှစ်ဆိုတာက ဟိုနှစ်ယောက်နဲ့ ယှဉ်ရင် တော်တော်လှတာကိုး။ မြနှစ်နဲ့ဆို သူ့အဖို့ လုံးဝ သက်တောင့်သက်သာ သောက်စားနေနိုင်ပြီမလား။ ဒီတော့ ကျော်ဟိန်းအကြံထုတ်ရတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။ တစ်ဆက်တည်းပဲ သူ့အကြံကို သန်းသန်းဆင့်တို့၊ ဥမာစိန်တို့ မရိပ်မိအောင် သူလိမ်ရ လှည့်ရသေးတယ်။

အကြံစထုတ်တဲ့နေ့ကစပြီး ကျော်ဟိန်းအရက်မသောက်တော့ဘူး။ ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ အရက်နာတွေ ဘာတွေမကျတာလည်း ထူးဆန်းပါရဲ့။ ဒါကို ဟိုမိန်းမနှစ်ယောက်မရိပ်မိအောင် လိမ်ရ ၊ လှည့်ရတယ်။ တတ်နိုင်သမျှ ဝေးဝေးရှောင်နေလိုက်တယ်လေ။ ဟိုဟာတွေကလည်း ဝေးဝေးရှောင်နေလေ၊ ကြိုက်လေ မဟုတ်လား။

ဒီလိုနဲ့ ကျော်ဟိန်းစဥ်းစားတော့ သူ လိမ်မာသွားတဲ့ ပုံစံနဲ့ မြနှစ်ဆီပြန်ကပ်ရင်ကောင်းမယ်လို့ တွေးတယ်။ ဒီမိန်းမနှစ်ယောက်ကိုလည်း မပေါင်းတော့ဘူး၊ သူ အရက်လည်း မသောက်တော့ဘူး ၊ မြနှစ်ရဲ့ လယ်တွေကို ကောင်းကောင်းဦးစီးပ့ါမယ်ဆိုပြီး အသနားခံရင် ရလောက်မယ်ဆိုပြီး တွက်တယ်။ ဒီအချိန်မှာပဲ ဥမာစိန်နဲ့ သန်းသန်းဆင့်က ကျော်ဟိန်းမူပျက်တာကို ရိပ်မိသင့်သလောက်ရိပ်မိကြပြီ။ ရိပ်မိဆို မြနှစ်သတင်းကလည်း ဟိုးလေးတကျော် ထွက်ချလာတာမဟုတ်လား။ ဒါနဲ့ တိုက်ဆိုင်ပြီး ကျော်ဟိန်းတစ်ယောက် အရက်တွေဖြတ်၊ ငြိမ်ကုပ်နေတယ်ဆိုတော့ အလည်မနှစ်ယောက်ဥာဏ်က တွေးမိပြီပေါ့။ ဒီတော့ ဘယ်တုန်းကမှ မတည့်ခဲ့တဲ့ မိန်းမနှစ်ယောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရှေ့လျှောက်ဘယ်လို ငြိမ်းချမ်းစွာနေထိုင်သွားကြမယ်ဆိုတာထက် ဒီကိစ်စမှာ နှစ်ယောက်အတူ ဘယ်လိုလက်တွဲကြမယ်ဆိုတာကို အဓိကထား ဆွေးနွေးကြတယ်။ အသီးသီးရနိုင်မယ့် အကျိုးအမြတ်၊ နစ်နာနိုင်ခြေရှိ၊ မရှိတွေ သုံးသပ်ကြတယ်။ နောက်ဆုံး နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တွေချလိုက်ကြတယ်။ ပြီးတော့ ကိုယ့်အိမ်ကိုယ်ပြန်လာတယ်။ ပထမဆုံး ဥမာစိန်က ကျော်ဟိန်းကို ရွာအနှံ့လိုက်ရှာတယ်။ တွေ့တဲ့သူတိုင်းကိုလည်း ကျော်ဟိန်းကို စိတ်ပူလို့ သူ့မှာ လိုက်ရှာနေရပါတယ်ဆိုတာကို သိသာအောင် ပြောခဲ့တယ်။ ကျော်ဟိန်းကလည်း ဘယ်သွားနေမှန်းမသိတော့ ဥမာစိန်ရှာတာမတွေ့ဘူး။ ဒါပေမယ့် သတင်းကြားတော့ ကျော်ဟိန်း ဥမာစိန့်ဆီ ရောက်ချလာတယ်။ ** နင် ငါ့ကို ရှာနေတယ်ဆို ** လို့ ခပ်တည်တည်မေးလာတဲ့ ကျော်ဟိန်းဟာ ချိုသာနူးညံ့ ပျော့ပျောင်းနေတဲ့ ဥမာစိန်ရဲ့ အပြုအမူ၊ အမူအရာတွေ၊ ကယုကယင်အသံတွေကြားမှာ ခွေခေါက်လဲကျသွားတယ်။
ဥမာစိန်တို့ကလည်း ဒါ နှစ်ဆက်မြောက်လင်မဟုတ်လား။ သူ့အပြစ်၊ကိုယ့်အနာ အူမချေးခါးသိထားတဲ့သူဆိုတော့ ကျော်ဟိန်းကို ဘယ်လို ကိုင်ရမလဲ ကောင်းကောင်းသဘောပေါက်တယ်။ ဒီလိုနဲ့ မောင်ကျော်ဟိန်းတစ်ယောက် ဥမာစိန်ရဲ့ အမိန့်ကကြိုးတွေအောက်မှာ ၀ပ်ဆင်းခတွားသွားတော့တယ်။ ဥမာစိန်က သူတို့ ဗျူဟာကိုတောင် ခင်းမပြရသေးဘူး။ ကျော်ဟိန်းတစ်ယောက်က သူ့တွေးထားတဲ့ အစီအစဉ်တွေ ဖွင့်ချပြလိုက်တော့ ဥမာစိန် ဒေါသတွေ ပွက်ပွက်ပွက်ပွက်ဆူထသွားတယ်။ စိတ်ထဲကလည်း ဒင်းက ငါတို့ကို ခွာဖို့ ကြိုးစားပြီကောဆိုပြီး ကျော်ဟိန်းကို အမှုန့်ခြေပစ်ချင်နေတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကျော်ဟိန်းအိုင်ဒီယာကို အင်မတန်ချီးမွမ်းထောပနာပြုပေးလိုက်ပြီး ဆက်အကောင်အထည်ဖော်ဖို့ တွန်းအားပေးတော့တယ်။ ကျော်ဟိန်းကလည်း အရူးဘုံမြောက်ပေါ့။ ဟုတ်ပြီကွဆိုပြီး သူတို့သုံးယောက်သား တိုက်စစ်စတော့တယ်။ တကယ်တော့ သုံးယောက်စလုံးမှာက သီးသန့်ဗျူဟာတွေ ရှိထားပြီးသား။ ကျော်ဟိန်းကလည်း မြနှစ်ခြေရင်း ခစားလို့ရပြီဆိုတာနဲ့ ဟိုမိန်းမနှစ်ယောက်ကို ခေါက်မယ်ပေါ့။ ဥမာစိန်နဲ့ သန်းသန်းဆင့်ကလည်း ဒါကို ရိပ်မိတယ်။ ဒါကြောင့် ကျော်ဟိန်းကို နိုင်သမျှ အပီကိုင်ထားတယ်။

အနည်းဆုံး ပေါင်းသင်းခဲ့တဲ့အတွက် လျော်ကြေးလေး ဘာလေးတောင်းလို့ ရရင်တောင်နည်းမလားဆိုတဲ့ သဘောမျိုးနဲ့ ကျော်ဟိန်းကို သည်းညည်းခံ နေကြတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်လည်း ဘယ်လိုကျောရမလဲဆိုတာ အမြဲ ချောင်းမြောင်းနေကြတုန်း။

ဒီလိုနဲ့ ကျော်ဟိန်းက သူ့အမူအရာတွေကို သိသိသာသာ ပြောင်းလဲပစ်လိုက်တယ်။ ပြောင်းလဲလက်စအပြုအမူတွေကို ထင်ရှားအောင်လုပ်ပြီး မြနှစ်မရှိတော့တဲ့အတွက် သူ့မှာ နေရထိုင်ရခက်နေတဲ့ ပုံစံ သရုပ်ဆောင်ပြတယ်။ အရပ်ကတော့ တချို့က အံ့သြသလို၊ တချို့က ကဲ့ရဲ့တယ်ပေါ့ ။ ဘယ်သူမှတော့ မသနားကြဘူး။ ကျော်ဟိန်းလည်း အပီအပြင်တော့ လုပ်ရှာတယ်။ သန်းသန်းဆင့်တို့၊ ဥမာစိန်တို့နဲ့ လည်း အဆက်အသွယ်မလုပ်ဘဲ မြနှစ်ကိုပဲ တနေတဲ့အတွက် ဟိုမိန်းမတွေက ဒေါသထွက်ပြီး ပစ်ထားကြတဲ့ပုံစံမျိုးတွေလုပ်တယ်။  လူတွေရဲ့ ပါးစပ်ကလည်း သိတဲ့အတိုင်းပဲလေ။ မြနှစ်ကို သံတော်ဦးတင်ကြပြန်တာပေါ့။ ဒါပေမယ့် ကောင်မလေးကတော့ သွေးခပ်အေးအေးပဲ။ သူနဲ့ တစ်ခါမှ မသိဖူးတဲ့ လူတစ်ယောက်အကြောင်းနားထောင်နေရသလိုပဲတဲ့။

ဒီလိုနဲ့ ကျော်ဟိန်းက သူ့ဗျူဟာအချိန်ကျတော့ မြနှစ်ဆီသွားတယ်။ မြနှစ်အိမ်ရှေ့မှာ ထိုင်ငိုပြတယ်။ လူသိရှင်ကြားတောင်းပန်ပြတယ်။ သူ ပြောင်းလဲလိုက်ပြီဆိုတဲ့အကြောင်း၊ မြနှစ်မရှိတဲ့အတောအတွင်း သူဘယ်လိုမှ နေလို့ မရတဲ့အကြောင်း၊ မြနှစ်ကိုပဲ သတိရနေတဲ့အကြောင်း၊ သူ့ကို ပြန်လက်ခံပေးစေချင်ကြောင်း အသနားခံပြတယ်။ မြနှစ်ကတော့ သူ့ထုံးစံ မထုံတက်သေးပေါ့လေ။ ကျော်ဟိန်းကိုပဲ ခပ်ငေးငေးကြည့်နေတယ်။ ဘေးနားက အမျိုးအဆွေတွေကတော့ ဒေါသထွက်ကြပြီး ကျော်ဟိန်းကို မောင်းထုတ်ကြတယ်။ ကျော်ဟိန်းကတော့ မပြန်ပေါင်။ မြနှစ်က ဘာမှ မပြောဘဲ မဟုတ်လား။  ရွာလူကြီးတွေကလည်း ကျော်ဟိန်းကို ပြန်ဖို့ တောင်းတောင်းပန်ပန်ပြောကြပါတယ်။ ဒါပေမယ့် သူတို့လည်း အကြောက်ဓါတ်ခံနဲ့ ပြောရတာလေ။ ကျော်ဟိန်းတို့က ဘယ်မှုမလဲ။ မြနှစ်ကိုယ်တိုင်က ခပ်အေးအေးဖြစ်နေတော့ ကျော်ဟိန်းက အထာပေါက်တယ်။ မြနှစ်သနားလာအောင်ပဲ မျက်ရည်ခံထိုးပြတယ်။ ကတိတွေ အထပ်ထပ်ပေးတယ်။ အကြိမ်ကြိမ် ကျိန်ဆိုပြတယ်။ နောက်ဆုံးတော့ ရွာလူကြီးတွေ၊ အမျိုးအဆွေတွေနဲ့ မြနှစ်တို့ တိုင်ပင်ပြီး ကျော်ဟိန်းကို တစ်လလောက် စောင့်ကြည့်မယ်လို့ အကြောင်းပြန်လိုက်တယ်။ ဒီတစ်လအတွင်း မြနှစ်အသိုင်းအ၀ိုင်းကရော၊ မြနှစ်ကိုယ်တိုင်ရော၊ နှစ်ဖက်ရွာလူကြီးတွေရော အားလုံးက ကျော်ဟိန်းကို မျက်စိဒေါက်ထောက်ကြည့်မယ်ပေါ့။ ဒီကြားထဲမှာ ကျော်ဟိန်းက သူတကယ်ပြောင်းလဲသွားပါပြီဆိုတာကို အားလုံးလက်ခံလာအောင် သက်သေပြရမယ်၊ နောက် သန်းသန်းဆင့်တို့၊ ဥမာစိန်တို့နဲ့ လည်း  ရှင်းလင်းအောင် လုပ်ခဲ့ရမယ်ပေါ့။ တစ်လအတွင်း ဒါတွေ သူလုပ်ပြနိုင်ရင် မြနှစ်အနေနဲ့ ယုံကြည်နိုင်မယ်ဆိုရင် ပြန်လက်ခံမယ်ပေါ့။ ဒီလို ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ မြနှစ်သဘောထားက အဲဒီလောက်မဟုတ်ပါဘူး။ ဘေးလူတွေကကျ မြနှစ်ကို ဒီ့ထက်ပို မနစ်မွန်းစေချင်ကြတော့ဘူးမဟုတ်လား။ ဒီတော့ အားလုံးဝိုင်းပြီး ကောင်းနိုးရာရာ စဉ်းစားလိုက်ကြတဲ့သဘောပါပဲ။
ကျော်ဟိန်းတော့ သတိကြီးကြီးထားပြီး လှုပ်ရှားရမယ့် ကာလလို့ ဆိုရမလိုပါပဲ။ အဲဒီလို ဆုံးဖြတ်လိုက်ပြီးချင်းချင်း ကျော်ဟိန်းရယ်၊ သန်းသန်းဆင့်ရယ်၊ ဥမာစိန်ရယ် သုံးယောက်သား ခေါင်းချင်းရိုက်တော့တယ်။ အကျေအလည်ညှိနှိုင်းဆွေးနွေးကြတယ်။ သန်းသန်းဆင့်တို့၊ ဥမာစိန်တို့နဲ့ ကိစ်စရှင်းလင်းဖို့ဆိုတာကျတော့လည်း ဟိုမိန်းမနှစ်ယောက်အတွက်ကျ မျောက်သစ်ကိုင်းလွတ်ဖြစ်တော့မယ်မလား။ ဒီတော့ သုံးယောက်သား ဘယ်လိုဆက်လုပ်ကြမလဲ အပြင်းအထန်တိုင်ပင်ကြတယ်။ နောက်ဆုံး ဘယ်လိုဆုံးဖြတ်လိုက်ကြသလဲ မပြောတတ်ပါဘူး။ ကျော်ဟိန်းတစ်ယောက် မောင်ယဉ်ကျေးထုံး နှလုံးမူပြီး ကျင့်ကြံနေထိုင်ပြတယ်။ လူသူလေးပါးကင်းရှင်းနေတဲ့ ကျော်ဟိန်းမအေကြီးခေါင်းချခဲ့တဲ့အိမ်မှာ မနက်တိုင်ဆို ဘုရားရှိခိုးသံ အထစ်အထစ်က စီညံလို့။ ကျော်ဟိန်းက သန်းသန်းဆင့်တို့၊ ဥမာစိန်တို့ဆီလည်း သွားတာမတွေ့ရတော့ဘဲ သူကြီးလယ်ထဲမှာ သူရင်းဌားထလုပ်တယ်။ သူကြီးကလည်း အလုပ်ပေးရင်း ၊ အဆင်ပြေသလို ကျွေးရင်း မွေးရင်း စောင့်ကြည့်ရင်းပေါ့လေ။ ကျော်ဟိန်းအနေအထားကို အားလုံးက လေ့လာနေတုန်းပဲ။ မြနှစ်အသိုင်းအ၀ိုင်းကဆိုတာလည်း ကျော်ဟိန်းရှိရာ ဟိုလူက လာထောက်လှမ်းလိုက်၊ ဒီလူက လာထောက်လှမ်းလိုက်နဲ့။ ရွာလယ်က အကြော်သည်ဒေါ်ပုမတို့၊ အရက်ဆိုင်က မြင့်တင်တို့ဆို ပြန်ကြားရေးတာဝန်ကို  အကြော်ရောင်းရင်း အရက်ရောင်းရင်း ယူနေရရှာတယ်။ ရွာထဲက လူတွေလည်း ကျော်ဟိန်းတို့ လင်မယားသုံးယောက်ကိုရော ၊ မြနှစ်ရဲ့ ထောက်လှမ်းရေးသမားတွေကိုရော  အားလုံး သုံးသပ်လို့ပေါ့။ ထင်မြင်ချက်တွေ ပေးကြလို့ပေါ့။ ခန့်မှန်းဝေဖန်ကြလို့ပေါ့။ ကျော်ဟိန်းရဲ့ ပြောင်းလဲမှုတွေ အမှန်တကယ်ဟုတ်၊ မဟုတ်၊ သန်းသန်းဆင့်တို့၊ ဥမာစိန်တို့နဲ့ ကင်းရှင်းမှု ရှိ၊ မရှိ၊ အကုန် လေ့လာစုံစမ်းနေဆဲပဲ။ ကျော်ဟိန်းတစ်ယောက်လည်း ပြုပြင်ပြောင်းလဲမှုတွေနဲ့ မြဲမြံအောင် ကျင့်ကြံနေဆဲပဲ ။ အခြေအနေတွေကလည်း ငြိမ်သေးတာမဟုတ်တော့ အခုအချိန်မှာတော့ အားလုံးက စောင့်ကြည့်နေဆဲပါပဲ။          ။


ဝေမိုးနိုင်(မုံရွာ)

4 comments:

  1. ကျော်ဟိန်းတကယ်ပဲ ပြုပြင်လိုက်တာလား ?

    ReplyDelete
  2. ကျွန်တော်ကတော့
    ကျော်ဟိန်းတကယ်ပြုပြင်ပြင် မပြင်ပြင်
    မြနှစ်နဲ့ ဘယ်လိုမှသဘောမတူနိုင်ဘူး
    သူ့ကို ကောင်းကောင်းကြီးဒုက္ခရောက်သွားစေ့ချင်တယ်.....။

    ReplyDelete
  3. မှန်တယ်....မိုးနတ်သဘောကလဲ မိုးခနဲ့တူတူပါပဲ...
    ဘယ့်နှယ့် ...ဆရာရယ်....လူကြီးတွေပြောတဲ့“မွေးသန္ဓေ သေမှပျောက်”
    မယ်ဆိုတာ သူမှအစစ်ပဲကို..ယုံမိရင်ယုံမိတဲ့သူအမှားပဲ....:)
    ခင်မင်နေလျက်...မိုးနတ်

    ReplyDelete
  4. ဒီလို ပုံစံလေး ဇာတ်သိမ်းလိုက်တာ တော်တော် ကောင်းပါတယ်။ ဖတ်တဲ့သူကို အတွေးအများကြီးရစေတယ်။း)

    ReplyDelete