Monday, December 31, 2012

ပါးစပ်က တိပ်တွေ ကွာကျခဲ့တဲ့၊ ရင်ထဲက အမုန်းတွေ ပြေပျောက်ခဲ့တဲ့ မြန်မာလူငယ်တွေ့ဆုံဆွေးနွေးပွဲ



** မြန်မာလူငယ်တွေ့ဆုံဆွေးနွေးပွဲဆိုတာရှိတယ်။ မင်းအဖွဲ့ကိုယ်စားပြုအနေနဲ့ တက်ပါလား ** လို့ သူငယ်ချင်းတစ်ယောက်က လွန်ခဲ့တဲ့ သုံးလလောက်က သတင်းပေးရင်း အကြံပြုလာပါတယ်။ ကြားကြားချင်း ကိုယ်ကတော့ ဘာမှန်းလည်း ရေရေရာရာမသိပါဘူး။ တွေ့ဆုံပွဲဆိုတော့ တွေ့ပြီးဘာလုပ်မှာလဲပေါ့။  သူကလည်း တိတိကျကျရေရေရာရာ သိတာမဟုတ်တော့  ကိုယ့်အဖို့ သိပ်စိတ်ဝင်စားစရာ မဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ ဘာသာလ၀ါပဲ နေဖြစ်လိုက်တယ်။ နိုဝင်ဘာလလယ်ပိုင်းလောက်မှာတော့ သတင်းလိုက်ရင်း စစ်ကိုင်းတိုင်းဒေသကြီးလူငယ်တွေ့ဆုံဆွေးနွေးပွဲဆိုတာ ကျင်းပမယ်၊ လူငယ်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိလာရတယ်။

ဒါနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံကို သတင်းရေးဖို့ သွားမေးရင်း ကိုယ်ကိုယ်တိုင်ပါဝင်ဖို့ ဆုံးဖြတ်ပြီး ဖောင်ဖြည့်ဖြစ်ခဲ့ပါတယ်။  ပွဲရဲ့ ရည်ရွယ်ချက်က လူငယ်တွေကြားထဲမှာ ဖြစ်ပျက်နေတဲ့ ပြသနာတွေကို ဆွေးနွေးအဖြေရှာကြမယ်လို့ သိရတော့ စိတ်ဝင်စားမှုရေချိန်က ပိုမြင့်တက်ခဲ့ပါတယ်။  ပန်းဖလက်ထဲမှာ ရေးထားတဲ့ ခေါင်းစဉ်အကြမ်းဖျင်းထဲက ကိုယ်စိတ်အ၀င်စားဆုံး ** လူငယ်နှင့်အနုပညာ** ကို ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကိုယ့်အဖွဲ့ထဲက တခြားဘယ်သူများ သွားချင်၊ ဆွေးနွေးချင်စိတ်ရှိမလဲ မေးကြည့်တော့  တော်တော်များများက ကိုယ့်ကိုပဲ သွားလိုက်ပါလို့ ဆိုလာပါတယ်။  ကိုယ်လေ့လာလို့ရသလောက်ဆိုရင်  သူတို့စိတ်ထဲက ခံစားချက်က  ဒါမျိုးပွဲဟာ ငါတို့နဲ့ မသက်ဆိုင်ပါဘူး။  ငါတို့ ပြောနိုင်၊ ဆွေးနွေးနိုင်မှာ မဟုတ်လောက်ပါဘူးလို့ ခံယူထားကြတာများပါတယ်။ ဒီလိုနဲ့ မုံရွာတက်ကသိုလ်နဲ့ မုံရွာ ကွန်ပျူတာတက်ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေ စုစည်းဖွဲ့ထားတဲ့  ကိုယ်တို့ ပရဟိတအဖွဲ့လေးကို ကိုယ်စားပြုပြီး  ကိုယ့်အနေနဲ့ ဒီဇင်ဘာမှာ ကျင်းပမယ့် မြန်မာလူငယ်တွေ့ဆုံပွဲကို တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့တယ်ဆိုပါတော့။

Sunday, December 23, 2012

တစ်နေရာစာ

သရုပ်ဖော်ပန်းချီ - ၀င်းမြင့်


 ဓါတ်ဆီဆိုင်တွေ ပုဂ္ဂလိက ပေးလိုက်ပြီး လူတွေ ကြိတ်ကြိတ်တိုးဆီထုတ်နေကြကြောင်း ကြားရသော်လည်း ကျွန်တော်တို့ သွားမထုတ်ဖြစ်။ အချိန်မပေးနိုင်ခြင်းကြောင့် အပြင်ဆိုင်များကသာ ၀ယ်သုံးဖြစ်သည်။ သို့သော် တစ်စတစ်စနှင့် အပြင်ဆိုင်များမှ ဓါတ်ဆီဈေးနှုန်းက တစ်ဝက်ကျော်ကျော်လောက်ထိ ဈေးကြီးလာတော့ မခံနိုင်တော့ပေ။ အများနည်းတူ ဆီသွားထုတ်ရတော့သည်။ အချိန်ကုန်ခံရတော့သည်။

ပုဂ္ဂလိကဓါတ်ဆီဆိုင်တွင် ဆီစထုတ်သည့်နေ့က ကျွန်တော် မနက်ခုနှစ်နာရီတိတိ ဆိုင်ဖွင့်ချိန်၌ေ၇ာက်သွားသည်။  အားပါးပါး.........အံ့သြစရာကောင်းလောက်အောင် များပြားသော လူတန်းကြီးနှစ်တန်းကို ကြည့်ပြီး ရုတ်တရက် မှင်တက်မိသွားသည်။ ဆိုင်ကယ်သုံးစီးလျှင် တစ်တန်းကျ စီတန်းထားလိုက်သည်မှာ  ဘောလုံးကွင်း တစ်ပတ်စာခန့်ရှိပေမည်။ ဒါက ၀န်ထမ်းလိုင်းသာ ဖြစ်သေး၏။ ရိုးရိုးလိုင်းဘက်ကဆိုလျှင် ဒီထက်ပိုရှည်သည်။ လမ်းတွေလည်း ပိတ်နေပြီး ကျပ်ညပ်နေသည်။
 
ဆီထုတ်သူတွေ များကြောင်းကြားထားသော်လည်း ဤမှ များပြားမည်ဟု မထင်ခဲ့ရိုးအမှန်ပင် ဖြစ်ပါသည်။ ကျွန်တော် ရောက်တော့ မနက်ခုနှစ်နာရီဖြစ်သော်လည်း တကယ်တမ်းဆီထုတ်ရတော့  မနက်ဆယ်နာရီခွဲနေပြီ။ လူတစ်ကိုယ်လုံးချွေးတွေ ရွှဲနေပြီး ငြီးစီစီကြီး ဖြစ်နေသည်။ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင်လောက်အောင် နုံးချိသွားလေသည်။

Tuesday, December 4, 2012

မုန်တိုင်းလေလား၊ မိုးသားလား



 ဟောဒီရွာလေးမယ် ကျော်ဟိန်းဆို မသိတဲ့သူ မရှိဘူး။ ကလေးအစ ခွေးအဆုံးသိကြတယ်။ သိလည်း သိချင်စရာပဲလေ။ နာမည်ကိုက ကျော်ဟိန်းပါဆို။

သူ့အမေကြီးကတော့ ကျော်ဟိန်းနာမည်စကြီးခါစအချိန်မွေးခဲ့လို့ ကျော်ဟိန်းလို့ နာမည်ပေးတယ်ဆိုပဲ။ တကယ့်နာမည်မှ တက်ပေးတတ်တယ်။ ဒါကြောင့် နာမည်နဲ့တင် ကျော်ဟိန်းက လူစိတ်ဝင်စားစရာဖြစ်နေတယ်။ ပြီး ကျော်ဟိန်း သတင်းတွေကလည်း ခပ်မွှေးမွှေးရယ်။
ရွာ့အော့ကြောလန်အရက်သမားဆိုတဲ့ ဘွဲ့ထူးကို ထိုက်ထိုက်တန်တန်ကြီးချီးမြှင့်ခံထားရတာကလား။ မိုးလင်းကမိုးချုပ် အရက်ဆိုင်မှာ စတည်းချပြီး အရက်နဲ့မျက်နှာသစ်၊ အရက်နဲ့အိပ်ရာဝင်တဲ့ကောင်ရယ်။ ထမင်းရယ်၊ ဟင်းရယ်လို့လည်း မက်မက်စက်စက်စားတယ်မရှိဘူး။ အရက်ပဲ။ အရက်ကို မယားမှတ်မှတ်၊ သားမှတ်မှတ်ပေါင်းနေတဲ့အတိုင်းပဲ။
 
အဲ……အရက်သောက်ရုံလေးနဲ့တော့လည်း ရွာ့အော့ကြောလန်ဘွဲ့ထူးလွယ်လွယ်နဲ့ ရပါ့မလား။  သူ့မှာ ပြောင်ပြောင်မြောက်မြောက်ထူးချွန်တဲ့ အခြားတစ်ချက်လည်း ရှိဦးမှာပေါ့။ ဟုတ်တယ်မလား။
ဟုတ်တယ်ဗျ။ ကျော်ဟိန်းမှာ နောက်ထပ်ပြောင်ပြောင်မြောက်မြောက်ထူးချွန်တဲ့ ဂုဏ်ရည်တစ်ရပ်ရှိသေးတယ်။ ဘာလဲဆိုတော့ ရန်များတာပဲ။ ဘယ်လိုရန်များတဲ့ကောင်မှန်းကိုမသိပါဘူးဗျာ။  ရွာထိပ်ကဆူကနဲဖြစ်လိုက်ရင် သွားမကြည့်နဲ့ ။ ကျော်ဟိန်းပါပြီးသား။  ပွဲတော်တော်များများမှာလည်း ဒင်းက အသာစီးရတယ်။ တစ်ဖက်လူကို သဲသဲမဲမဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တဲ့နေရာမှာ ကျော်ဟိန်းတို့က ရပ်ကျော်ရွာကျော်ပဲ။ ကျော်ဟိန်းလက်သံဘယ်လောက်ပြောင်သလဲဆိုရင် အနီးအနားသုံးလေးရွာပတ်လည်ကတော့ ကျော်ဟိန်းဆိုတာနဲ့ တော်ရုံလူမိုက် ငြိမ်ကုပ်သွားရတာ။ လက်ရည်တူချင်းလောက်မှသာ ကျော်ဟိန်း တစ်ခါတလေ ခံရတာမျိုးရှိတာ။ ဒါလည်း ဆယ်ခါ့တစ်ခါပါ။
အဲဒီလိုရန်ဖြစ်တဲ့နေရာမှာလည်း သူက ထူးခြားချက်တစ်ခုရှိသေးတယ်။  ဘာလဲဆိုတော့  သူများတွေက မူးမူးရူးရူးနဲ့ ရန်ဖြစ်လာရင် ခံရတတ်ပေမယ့် ကျော်ဟိန်းကတော့ အရက်ကလေး လူလူသူသူမူးပြီးမှ တိုက်ပွဲအလွယ်တကူအောင်တတ်တာ။ အရက်မစို့မပို့ အာစွတ်ရုံလောက်ပဲ အခံရှိတဲ့ပွဲမျိုးဆို နိုင်ဖို့ ကျားကုတ်ကျားခဲ ကြိုးပမ်းရရှာတယ်။