Saturday, October 6, 2012

တွန်ကနေသော ဒေါင်းပျိုများ (မြန်မာလို ဖတ်လို့ရပါပြီ )

 စာဖတ်သူများကို တောင်းပန်ပါတယ်။ အရင်နှစ်ရက်လောက်က တွန်ကနေသောဒေါင်းပျိုများဆိုပြီး တင်လာတာ ဖတ်လို့ မရကြဘူးလို့ သိရပါတယ်။ ဖြစ်သွားတာက ဒီလိုပါ။ ကျွန်တော်က စာမူကို  pinny 9 font နဲ့စီပြီးပို့တာဆိုတော့ ဖော်ပြခံရတော့ အသစ်ပြန်မရိုက်ချင်တာနဲ့ အဲဒီ ပင်နီနိုင်းနဲ့ ရိုက်ထားတာကိုပဲ ကော်ပီကူးတင်လိုက်ရာက ဒီလို ဖတ်မရဖြစ်သွားတာပါ။ ကျွန်တော့်စက်နဲ့ကြည့်တော့ မြန်မာလိုပေါ်ပြီး သူများစက်တွေမှာတော့ အင်္ဂလိပ်စာတွေ ပေါ်နေတယ်လို့သိရပါတယ်။ ဒီ့အတွက်ကြောင့် စာဖတ်သူများ အနှောင့်အယှက်ဖြစ်သွားရတဲ့အတွက် အထူးပင် တောင်းပန်ပါကြောင်း ပန်ကြားလိုပါတယ်ခင်ဗျား။


***တွန်ကနေသော ဒေါင်းပျိုများ***
မုံရွာကမ်းဘက်မှ မြင်ရသည့် လက်ပံတောင်းတောင်




သိပ်မကြာသေးတဲ့ ရက်ပိုင်းက မုံရွာမှာ ဆန္ဒထုတ်ဖော်မှုတစ်ခု ဖြစ်တယ်။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ဝက်မှေးရွာသူတွေ လွတ်မြောက် ရေး အတွက်ပါ။ အဓိက ဆန္ဒထုတ်ဖော်တာက ဝက်မှေးရွာက လယ်သမားတွေပါ။ ဒါပေမယ့် ဘယ်သူတွေက ဝိုင်းဝန်းပံ့ပိုးသလဲ ဆိုတော့ ထင်ထင်ရှားရှားတွေ့ရတာ က ဗ.က.သ ကျောင်းသားတွေ။ သူတို့အဖွဲ့ တရားဝင် နာမည်က ဗ.က.သ လား၊ တ.က.သ လား မသိပေမယ့် ကျောင်းသားသမဂ္ဂလိုပဲ သတ်မှတ်လိုက်ပါတယ်။
ကျောင်းသားတွေက ဘာလုပ်လဲဆိုတော့ ဝက်မှေးရွာက လယ်သမား တွေနဲ့အတူ မုံရွာ အမှတ် (၁)ရဲစခန်း ရှေ့မှာ ဝိုင်းဝန်းကူညီပြီး ဆန္ဒထုတ်ဖော် ပေးခဲ့ကြတာ။ တကယ့်ကို လယ်သမားတွေနဲ့ အတူတူပါ။ လယ်သမား တွေ ကြားထဲမှာ ယှဉ်တွဲရပ်ပြီး ခမောက်တွေ ဆောင်းပြီး အားဖြည့် ပေးခဲ့ကြတာ။ လယ်သမားတွေ နေရာက စဉ်းစားကြည့်တာ ဘယ်လောက် အားတက်ကြရှာမလဲပေါ့။ ငါတို့ကို အားပေးတဲ့သူ ရှိပါလား။ ငါတို့ကို စာနာ နားလည် ပေးတဲ့သူ ရှိပါလား။ ငါတို့ကို ကူညီဝန်းရံ ပေးချင်တဲ့သူ တွေရှိပါလား ဆိုပြီးတော့ပေါ့။ ဘေးကနေ ဝိုင်းဝန်းကြည့်ရှု နေကြတဲ့ ပြည်သူတွေ စိတ်ထဲမှာလည်း ဒီကျောင်းသားတွေကို ချီးကျူး ဂုဏ်ပြုနေမှာ မလွဲပါဘူး။ ဆန္ဒထုတ်ဖော်တုန်းက ကျောင်းသားတွေ ကိုင်ဆောင်ထားတဲ့ စာတန်းလေးကိုလည်း ဂုဏ်ယူစွာနဲ့ ဖော်ပြပေးချင်မိရဲ့။ ဘာတဲ့။ “ပြည်သူ ပူလျှင် ကျောင်းသား မနေသာ” တဲ့။ “ပြည်သူ့အကျိုးကို ဆောင်ရွက် ပေးခြင်းသည် ကျောင်းသားတို့၏ တာဝန်ဖြစ်သည်”တဲ့။ ဒီဆောင်ပုဒ်တွေ စွဲကိုင်ပြီး ကျောင်းသား သမဂ္ဂဟာ ဆန္ဒပြမှု ဖြစ်စဉ် တစ်လျှောက်လုံး လယ်သမားတွေဘက်က ရပ်တည်ပေးခဲ့တယ်။ လယ်သမားတွေရဲ့ အရေးကို သူတို့အရေးနဲ့ ထပ်တူ ကြိုးပမ်း ဆောင်ရွက်ပေးခဲ့တယ်။
ပြည်သူပူလျှင် ကျောင်းသား မနေသာ ဆိုသော မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂ
ပြည်သူပူလျှင် ကျောင်းသား မနေသာ ဆိုသော မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂ
သူတို့ အဲဒီလို ဆန္ဒဖော်ထုတ် နေတာကို မြင်မြင်ချင်း ပထမဆုံး သဘောကျမိသွားပေမယ့် နောက်ပိုင်း ကျွန်တော့် စိတ်ထဲ တွေးမိလာတာက သူတို့ ဘာရည်ရွယ်ချက်နဲ့ ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်တာလဲ။ ထင်ပေါ် ချင်တာလား။ လူစိတ်ဝင်စားအောင် လုပ်တာလား။ ရုတ်ရုတ် ရုတ်ရုတ် လုပ်ချင်လို့လား စသဖြင့် အတွေး ပေါက်မိပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သူတို့တွေက အရိုးခံ စေတနာနဲ့ပါ။ ကျောင်းသားတွေက ပြည်သူ့အကျိုး ဆောင်ရွက်ပေးရမယ် လို့ သူတို့ရင်ထဲ စွဲမြဲနေတဲ့ ပုံစံမျိုးပါ။
ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး သူတို့ကို မေးခွန်းတချို့မေးကြည့်တော့ လက်ပန်းတောင်းတောင် စီမံကိန်းရဲ့ ဆိုးကျိုးတွေ ရှင်းပြပြီး ဘယ်လိုလူ တွေ၊ ဘယ်အရာတွေ နစ်နာဆုံးရှုံး ပျက်စီးနိုင်တဲ့ အကြောင်းချင်းရာ တွေကို ရှင်းပြတယ်။ ဖမ်းဆီးခံရတဲ့ မိန်းကလေးတွေကို ဘယ်လိုဖမ်းဆီး သွားလဲဆိုတာ ပြောပြတယ်။ ဒါကြောင့်မို့ ဒီမိန်းကလေးတွေ လွတ်မြောက်ရေးအတွက် သူတို့ ပါဝင်တာပါလို့ ဖြေသွားတယ်။ ကိုယ့်အိမ်ကိုယ်ရာမှာ အေးအေးလူ လူဇိမ်နဲ့ နေလို့ရပါလျက် နေပူပူ အောက်မှာ ဇွဲမလျှော့ဘဲ မတ်မတ် ရပ်ပြီး ကြံ့ကြံ့ခံခဲ့ကြတယ်။ လူသား ချင်းစာနာထောက်ထားပြီး လယ် သမားတွေကို အားပေးခဲ့ကြတယ်။ နောက် မြို့ထဲကို လှည့်လည်ပြီး ဆန္ဒ ထုတ်ဖော်တော့လည်း သမဂ္ဂဒေါင်း အလံကြီးက ရှေ့ဆုံးမှာ ကြွားကြွားရွားရွား ဝင့်ထည်လို့။ တရားမျှတတဲ့ တောင်းဆိုသင့်တဲ့ ဆန္ဒတွေကိုလည်း အာပေါင်အာရင်း သန်သန် ဟစ်ကြွေး ပေးကြလို့။ ဖမ်းဆီးခံရသူတွေ မလွတ်မြောက် မချင်း သူတို့လှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ်တဲ့။ လယ်သမားတွေရဲ့ ဆန္ဒအပေါ် မူတည်ပြီး သူတို့ တတ်နိုင်သလောက် တောင်းဆိုပေး သွားမယ်တဲ့။ ဟိုမြို့၊ ဒီမြို့တွေက ဗ.က.သ အဖွဲ့ဝင်တွေ လည်း လာကြမယ်လို့ဆိုတယ်။
တကယ်တော့ အဲဒီဆန္ဒထုတ်ဖော်မှု ဖြစ်နေတဲ့အချိန်ဟာ တက္ကသိုလ် ကျောင်းသားတွေအဖို့ စာမေးပွဲဖြေဖို့ အချိန်တော်တော် နီးကပ်နေတာပါ။ ဒါပေမယ့် စာမေးပွဲ ဆိုတာကြီးကို ခေါင်းထဲ မထည့်ဘဲ လူသားချင်း စာနာ ထောက်ထားတဲ့ စိတ်နဲ့ လယ်သမားတွေ၊ ပြည်သူတွေဘက်က ရဲရဲရင့်ရင့် ရပ်တည်ပေးခဲ့ကြတာပါ။ ကျွန်တော် စဉ်းစားကြည့်မိပါတယ်။ တခြားသူတွေနဲ့ နှိုင်းယှဉ် မစဉ်းစားပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်နဲ့ပဲ နှိုင်းဆကြည့် လိုက်တယ်။ ကျွန်တော် သူတို့လို လုပ်နိုင်မလား။ စာမေးပွဲဆို တာကြီးကို မငဲ့ဘဲနဲ့ မိသားစုကို ထည့်မတွက်ဘဲနဲ့ ကျွန်တော် လယ်သမားတွေဘက်က ရဲရဲရင့်ရင့် ရပ်တည်ပေးနိုင်မလား။ ဒီစာမေးပွဲမှာ မဖြေဘူးဆိုရင် လုံးဝ အကျပါ။ ကျွန်တော်တို့ ပထမနှစ် တွေမှာ ဒီနှစ်ကစပြီး Supply မရှိပါဘူး။ ဒီတော့ ကျပြီဆိုရင် ပြန်ဖြေခွင့် မရှိဘဲ နောက်တစ်နှစ် ပြန်တက်ရမှာပါ။ ကျွန်တော် အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ကျွန်တော် မလုပ်နိုင်ပါဘူး။ ကျွန်တော် မိသားစုကို လှည့်မကြည့်ဘဲ စာမေးပွဲဆိုတာကို ထည့်မတွက်ဘဲ လယ်သမားတွေ ဘက်က ရပ်ပေးနိုင်လောက်အောင် ကျွန်တော် မရဲရင့်နိုင်ဘူး။ သတ္တိမရှိပါဘူး။ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းတို့ အဖွဲ့ လွတ်မြောက်စေရေး ဝိုင်းဝန်းဆန္ဒ ထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလောက် ကျွန်တော့် မှာ သတ္တိမရှိဘူး။ မသွဲ့သွဲ့ဝင်းတို့ မတရား ဖမ်းဆီးခံရတဲ့အပေါ် မစာနာလို့ မဟုတ်ပါဘူး။ ကိုယ်ကျိုး မငဲ့ဘဲ သူတို့အကျိုး ဆောင်ကြဉ်းပေး နိုင်လောက်တဲ့အထိ ကျွန်တော့်အတ္တက မပါးလျတာပါ။
ဒီတော့ ကျွန်တော် ဘာလုပ်ခဲ့သလဲ။ ဘေးနားကနေ ဝိုင်းဝန်းအား ပေးခဲ့တယ်။ ဒါလေးပဲ။ ကျွန်တော် လုပ်ခဲ့တာ အဲဒါလေးပဲ ရှိခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလို စိတ်နှစ်ကိုယ်နှစ် မဝိုင်းဝန်းနိုင်ခဲ့ဘူး။ မဝိုင်းဝန်းရဲ ခဲ့ဘူး။ မြို့ထဲ လှည့်လည် ဆန္ဒထုတ်ဖော်ပြီဆို ဘေးကနေ ရပ်ကြည့်ပြီး လက်ခုပ်လက်ဝါးတီး အားပေး၊ သူတို့ လှုပ်ရှားမှုလေး တွေကို မျက်ခြည်မပြတ် လေ့လာ၊ ဒီလောက်ပဲ ဝိုင်းဝန်းပေးခဲ့ပြီးတော့ ၁၇ ရက် ဖြေရမယ့် ကိုယ့် စာမေးပွဲ အရေးအတွက် စာကျက်နေခဲ့တယ်။ ကိုယ့်ဘဝအတွက် ထူးခြား မလာနိုင်မှန်း သိပေမယ့် ဘွဲ့ဆိုတဲ့ ဂုဏ်ဒြပ်တစ်ခုကို မက်မောတွယ်တာပြီး လျစ်လျူ မရှုနိုင်ခဲ့ဘူး။
ကိုယ်က စာမေးပွဲအတွက် လုံးပန်းနေမိတော့ သူတို့ရော စာမေးပွဲနဲ့ပတ်သက်ပြီး ဘယ်လို သဘောထားလဲ သိချင်လို့ မေးကြည့်တော့ သူတို့ စာမေးပွဲကို သိပ်မစိုးရိမ်ပါဘူးတဲ့။ စလုပ်ကတည်းက စာမေးပွဲကို ထည့်တွက် ခဲ့တာ မဟုတ်ဘူးတဲ့။ ဒီနေရာမှာ ရှင်းအောင် ပြောချင်တာက စာမကျက်ချင်လို့၊ စာပျင်းလို့၊ အလေလိုက်ချင်လို့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ကျောင်းသား သမဂ္ဂ ဆိုပြီး ပါဝင်ကြတာ မဟုတ်တာကိုတော့ နားလည် ထားစေချင်ပါ တယ်။ သူတို့ စာမေးပွဲကို ဂရုမစိုက်ဘူး ဆိုတာ ဒီစာမေးပွဲထက် လက်ရှိ ဖြစ်ပျက်နေတဲ့ လယ်သမားတွေရဲ့ နစ်နာမှုတွေက အပိုရေးကြီးတယ်လို့ သူတို့ယူဆကြလို့ပဲ။ ဒါပေမယ့် ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီတို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့ ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးနေစဉ်က သူတို့ တစ်နေရာမှာ ခိုလှုံနေရင်း စာတွေ ကျက်နေခဲ့ကြတာ။ ကိုဂျင်မီက ကျောင်းသားတွေ ထိခိုက်နစ်နာမှု မရှိအောင် သူညှိနှိုင်းပေးမယ် ဆိုတော့ စာမေးပွဲအတွက် စာတွေ ကျက်ကြတယ်။ ဒီတော့ သူတို့ဟာ စာမလုပ်ချင်လို့ ဗ.က.သ ထဲ ဝင်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာ မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပါ။
ဒီဆန္ဒ ထုတ်ဖော်မှု ပြီးတော့ သိပ်မကြာတဲ့ အချိန်လေးမှာပဲ မုံရွာ တက္ကသိုလ် ကျောင်းသား သမဂ္ဂက ထုတ်ဝေ လိုက်တဲ့ ဒေါင်းတွန်သံ စာစဉ်ကို ဖတ်ရပါတယ်။ ဒီမှာ ဗ.က.သ အဖွဲ့ဝင် ကျောင်းသားတွေကို ပိုမြင်ခွင့်ရ လိုက်ပါတယ်။ သူတို့ လိုချင်တာက အရည်အချင်း ပြည့်မီတဲ့ ပညာရေး စနစ်တစ်ခုကို မျှော်လင့်နေ ကြတာပါ။ (သူတို့ လိုချင်တာလို့ ကျွန်တော် သုံးနှုန်းလိုက်ပေမယ့် အမှန်တကယ် ကောင်းမွန်ပြည့်စုံတဲ့ ပညာရေးစနစ် တစ်ခုရရှိလာပြီ ဆိုရင်တော့ ကျွန်တော်နဲ့ တကွသော ကျောင်းသား၊ ကျောင်းသူများ အားလုံး အကျိုးခံစားရမှာ၊ ခံစားကြမှာ ဖြစ်ပါတယ်)။ လက်ရှိပညာရေး စနစ်ရဲ့ အားနည်းချက်တွေကိုလည်း ထောက်ပြ ဝေဖန်သွားပြီးတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သူတို့ လုပ်ဆောင်သွားမယ့် အကြောင်းကိုလည်း တင်ပြ ထားပါတယ်။
အဲဒီစာအုပ်ကို ဖတ်ပြီး ကျွန်တော့် ရင်ထဲမှာ ခံစားချက်အတိုင်း ပြောရရင်တော့ ပထမဆုံး ကျေနပ်အားရမိ တယ်။ ဒုတိယ လေးစားအားကျ မိတယ်။ နောက်ယုံကြည် ကိုးစား နေမိပါတယ်။ အရင်ကတည်း ကလည်း ရှပ်အင်္ကျီ လက်ရှည်အဖြူ၊ ပုဆိုးအနက်ရောင် ဗ.က.သ ကျောင်းသားများရဲ့ဝတ်စုံ အမြဲဝတ်ဆင်ပြီး လွတ်လပ်မှု ဆိတ်သုဉ်း နေတဲ့ တက္ကသိုလ်ပရိဝုဏ် အတွင်းက ဒါပေး၊ ဒါကျက်၊ ဒါဖြေ ပညာရေးစနစ်ကို  ပြုပြင်ပြောင်းလဲဖို့ ရသင့်ရထိုက်တဲ့  ဆုံးရှုံးနေတဲ့ ကျောင်းသားတွေရဲ့ လွတ်လပ်တဲ့ အခွင့်အရေးတွေကို တောင်းဆိုနိုင်ဖို့ (ဒီတော့ လက်ရှိ တက္ကသိုလ် နယ်မြေက မလွတ်လပ်လို့လား။ ကျောင်းသားတွေ လုပ်ချင်ရာ လုပ်နေကြတာပဲလို့ ဆိုလာရင်တော့ စည်းမဲ့ကမ်းမဲ့ လွတ်လပ်မှုမျိုးကို ပြောတာ မဟုတ်ဘဲ ဒီမိုကရေစီ စံနှုန်းမီတဲ့ စည်းကမ်းပြည့်ဝ တဲ့ လွတ်လပ်မှုမျိုး တွေကို ဆိုလိုတာလို့ ဖြေရမှာပါ။) ရတတ်သမျှ လှုပ်ရှားကြတဲ့ အရိပ်အယောင် လေးတွေ ကိုလည်း တွေ့ခဲ့ဖူးတာကြောင့် ဗ.က.သ ကျောင်းသားတွေ အပေါ်မှာ ယုံကြည်မိတာပါ။
အဲဒီတုန်းကလည်း ကျွန်တော်တို့တွေက သဘောကျမိပေမယ့် တချို့ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူ တွေက တစ်မျိုး မြင်ကြပါတယ်။ ဗ.က.သ ဝတ်စုံ ဝတ်ထားရင် ကို ကျောင်းသူပုန်လိုလို၊ တိုင်းပြည်ကို ချောက်ထဲ တွန်းပို့ မယ့် သူတွေလိုလို ထင်မြင်ခံကြရ တာပါ။ သူတို့ ဘာလုပ်ကြမှာလဲ။ သူတို့ဘာကို မျှော်လင့်ကြ တာလဲ။ သူတို့ ရည်ရွယ်ချက်တွေက ဘာတွေလဲဆိုတာကို ဆန်းစစ်ပြီး အဖြေရှာ ညှိနှိုင်းပေးမယ့်သူတော့ ပေါ်ပေါက်ခဲ့ဟန် မတူပါဘူး။ နောက် ကျွန်တော်တွေးကြည့်မိတာ သူတို့ အပေါ်မှာကော ဘယ်သူတွေက ဘယ်လောက်ဖိအားပေးမှုတွေ ရှိနေမလဲပေါ့။ ဒါပေမယ့် ကျွန်တော် သိသလောက် သူတို့ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြတယ်။ ယုံကြည်ချက်ကို လက်မလွှတ်ဘဲ လှမ်းနိုင်သမျှ ခြေလှမ်းတွေ ရွှေ့ခဲ့ကြတယ်။ ကျွန်တော့် အမြင်ကို ပြောရမယ်ဆိုရင် ဗ.က.သ အဖွဲ့ဝင်ကျောင်းသားတွေကို ကျွန်တော်တို့ ခေတ်ရဲ့ခေါင်းဆောင် ကောင်းတွေ အဖြစ် မျက်စိမှိတ် ယုံကြည်သွားလို့ ရပါတယ်။
ဒါကြောင့် ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ အနေနဲ့ ဆက်လုပ်သွားကြပါ။ ကိုယ့်ခံယူချက်နဲ့ကိုယ် ရှေ့ဆက်ကြ ပါ။ ပိတ်ပင်တားဆီးမှုတွေ ရှိဦးမှာ ဖြစ်ပေမယ့်လည်း ယုံကြည်ရာကို ဇွဲခတ်ပြီး လျှောက်လှမ်းသွားမယ် ဆိုတာ ယုံကြည်နေမိပါတယ်။ ကျောင်းသားသမဂ္ဂ လျှောက်တဲ့လမ်းမှာ ကျွန်တော်တို့တွေ ဝန်းရံပေးသွားမှာပါ။ အားပေးနေမှာပါ လို့ တိုက်တွန်းလိုက်ချင်ပါရဲ့ဗျာ။
ဒါပေမယ့် တစ်ခုတော့ အကြံပြုချင်ပါတယ်။ ဘာလဲဆိုတော့ ကျောင်းသားသမဂ္ဂ အနေနဲ့ လက်ရှိအချိန်မှာ အရေးအကြီးဆုံး တာဝန်တစ်ခုလို့ ကျွန်တော်မြင်မိတာက လက်ရှိ ပညာရေးစနစ်ကို ပြုပြင်ဖို့ပါ။ တခြား ပြည်သူလူထု အရေးတွေ ကိုလည်း မဆောင်ရွက်ရဘူး မဟုတ်ပါဘူး။ ဆောင်ရွက်ပါ။ ဒါပေမယ့် လက်ရှိ အနေအထားမှာ ကျောင်းသား သမဂ္ဂ အဓိက အာရုံစိုက်ရမယ့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားရမယ့် တာဝန်ကိုတော့ အားနည်း မသွားစေချင်ပါ။ ဒါကြောင့် ပြည်သူ့အရေး ဆောင်ရွက်မှုတင် လုံးပန်းမနေကြဘဲ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး ကျောင်းသားသမဂ္ဂရဲ့ ကြိုးပမ်း ဆောင်ရွက်ချက် တွေ၊ လေ့လာ သုံးသပ်ချက်တွေ၊ တင်ပြ တောင်းဆိုချက်တွေ ပြုလုပ်ရမယ့် အပိုင်းမှာ လစ်ဟင်း မသွားစေချင်တာကတော့ ကျွန်တော့်အရိုးခံ စေတနာပဲ ဖြစ်ပါတယ်။ တစ်ဆက်တည်း ဖမ်းဆီး ထိန်းသိမ်းထားသူတွေ လွတ်မြောက်ရေးအတွက် ဆွေးနွေး ညှိနှိုင်းပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ ဗ.က.သ ကျောင်းသားတွေကို နောက်ဆက်တွဲ အရေးယူမှုတွေ မပြုလုပ်ခဲ့ကြတဲ့ သက်ဆိုင်ရာ အာဏာပိုင်များ ကိုလည်း အထူး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိကြောင်း ပြောလိုပါတယ်။ လူကြီးမင်းတို့ရဲ့ မှန်ကန်တဲ့ လုပ်ရပ်ဟာ နောင်တစ်ချိန်မှာ သမိုင်းအဖြစ် ပြန်လှန်ကြည့်လိုက်တိုင်း ကြည်နူးပီတိ ဂွမ်းဆီထိစေမယ့် လုပ်ရပ်တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း ရဲရဲကြီး အာမခံလိုက်ပါတယ် ခင်ဗျာ။


ဝေမိုးနိုင်(မုံရွာ)                                                                                                                     မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်။ အမှတ် (၂၁)၊ အောက်တိုဘာ ၊ ၄။                                         http://www.myanmarij.com/?p=6220                           ဂျာနယ်ဝက်ဘ်ဆိုက်က ဆောင်းပါး လင့်ခ်လေးပါ။        

1 comment:

  1. ကိုယ်ကျိုးစွန့် ပြီး သူများအကျိုးဆောင်ရွှက်ပေးဖို့ ဆိုတာ တော်ရုံလူ လုပ်နိုင်တာ မဟုတ်ပါဘူး..ချီးမွမ်းထိုက်သူတွေကို ချီးမွမ်းတာ မင်္ဂလာတပါးပါ..

    ReplyDelete