Tuesday, October 23, 2012

စကားစမြည်စိုက်ခင်း



ပြောစရာတွေက နည်းနည်း များတယ်ကိုယ့်လူ
အချိန်ရရဲ့လား
နောက်ကျရင် မိန်းမက ဒေါပွနေမလား
သမီးလေးက နှုတ်ခမ်းဆူပြနေမလား
ကျွန်တော်ကတော့ တစ်ကိုယ်ရည်သမားဗျ ကိုယ့်လူ
အပြန်လမ်း အမှောင်လွှမ်းခဲ့ရင်
လက်နှိပ်ဓါတ်မီးပါရဲ့လား
ဖယောင်းတိုင်ရော ဆောင်ထားရဲ့လား 
ဘုရားစာရော ရရဲ့လား
အခုရော..............
ခင်ဗျား အဆင်သင့် ဖြစ်ပြီလား
လက်ဖက်ရည်ဖျော်ခိုင်းရဦးမလားပေါ့ကျကျပဲ သောက်တုန်းလား
အဖန်ရည်ကော တစ်ကျိုက်ကျိုက်ဦးမလား
အိုကေ...........................
ခင်ဗျားအဆင်သင့်ဖြစ်ရင် ကျွန်တော်အဆင်သင့်ဖြစ်ဖို့ နည်းနည်းလိုပါမယ်

ကျွန်တော်အဆင်သင့်ဖြစ်ဖို့ ခင်ဗျား နေရာနည်းနည်းပြင်ထိုင်လိုက်ပါ
ခင်ဗျားအခုထိုင်နေတဲ့ အနေအထားဟာ
ကျွန်တော်ပြောမဲ့စကားတွေ
ဒီဘက်နားက၀င်ပြီး ဟိုဘက်နားက ပြန်ထွက်သွားမဲ့ အခြေအနေရှိပါတယ်
ကျေးဇူးပြုပြီး တစ်ချက်နေရာလေးပြောင်းထိုင်လိုက်ပါ
ပက်လက်ကုလားထိုင်ဆိုတာ  အောက်ခြေလွှာက  ဇိမ်ခံချင်သူတွေအတွက်  ဖျော်ဖြေရေးတစ်ခုပါဗျာ
ဆိုဖာလောက်လဲ ဇိမ်ရှိတာ မဟုတ်ပါဘူး
ခင်ဗျားကို ကျွန်တော် ပြောမဲ့စကားတွေဟာ
တဒင်္ဂကုလားထိုင်ဇိမ်အရသာလေးထက်  အဆတစ်ရာသာလွန်ပါတယ်
ကျွန်တော့်ကိုခင်မင်သောအားဖြင့်  ကျွန်တော့်ရှေ့တည့်တည့်ကွပ်ပျစ်ပေါ်ကို  တက်ခဲ့ပါ
မြန်မာပီပီ မြန်မာ့ဟန် မြန်မာ့ဓလေ့နဲ့ စကားဝိုင်းဖွဲ့တာပေါ့
ကျေးဇူးပါ  ကိုယ့်လူ
အခုလို  နေရာပြောင်းထိုင်ပေးခြင်းအားဖြင့်
ကျွန်တော်ပြောမဲ့စကားတွေအပေါ်  ခင်ဗျားရဲ့ စိတ်ဝင်စားမှုကို ပြသတဲ့အတွက်
ခင်ဗျားလည်း ကျွန်တော့်ရှေ့တည့်တည့်ကိုရောက်လာပြီဆိုတော့
ကျွန်တော် အဆင်သင့်ဖြစ်ပြီပေါ့
ကျွန်တော် စပြောတော့မယ်
ခင်ဗျား သေသေချာချာ နားထောင်ပါ
ဒီမယ်ကိုယ့်လူ
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ နိုင်ငံအကြောင်းဗျ
ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်မြင်တာတစ်ခုက
နိုင်ငံရေးဦးတည်ချက်တွေ ၊ စီးပွားရေးဦးတည်ချက်တွေ မှိန်ဖျော့လာတယ်ဗျ
( ခိုးကူးတွေက ဖြုတ် ကူးကြတာကိုးဗျ )
ဒီမိုကရေစီဦးတည်နေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ထင်ရှားလာတာတွေက
ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ဂျာနယ်မျက်နှာဖုံးတွေရယ်
သမ်မတဦးသိန်းစိန်ရဲ့ စကားလုံးအပြင်းစားမိန့်ခွန်းတွေရယ်
(ရိုက်စ်)
မထောက်ခံနဲ့ဦး
ပြောချင်တာတွေ အများကြီးရှိသေးတယ်
အဖွဲ့အစည်းတွေလဲ များလာတာ ကျွန်တော်တွေ့ရသဗျ
ဟိုအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်း
ဟိုလူတွေရဲ့ ကွန်ရက် ၊ ဒီလူတွေရဲ့ ကွန်ရက်
နောက်ဆုံး  ပြည့်တန်ဆာ တောင် ကွန်ရက်ရှိသတဲ့
(အိ )
ကိစ်စမရှိ
ဒီမိုကရေစီကို ဦးတည်နေတဲ့နိုင်ငံ
ဖွဲ့ချင်တဲ့သူဖွဲ့စမ်းပစေ
တစ်ခုတော့ရှိတယ်
ကျွန်တော်မြင်တာ..........
ဖွဲ့သမျှ စည်းသမျှ အစုအဖွဲ့တွေဟာ
ဘယ်သူ့အတွက်လဲ
ဘာအတွက်လဲ
ဘာလုပ်မှာလဲ
ဘာဖြစ်ချင်လို့လဲ
နေရာလား၊ ထိုင်ခုံလား၊ အခွင့်အရေးလား၊ နာမည်လား၊ အသုံးအဆောင်လား၊
ကမ်ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး စက်ကူတွေလား
( သိဘူးလေ )
သံသယတွေကို သံသယထပ်ပွားချင်စရာ
ပြည်တွင်းအရေးကလည်း ရတက်မအေးချင်စရာ
အနောက်ပြည်နဲ့ မြောက်ဆီမှာ လှုပ်ခတ် လှုပ်ခတ်
ပြည်တစ်ခွင်မှာ လယ်ယာမြေအရေးတွေက ပြဲပြဲစင်အောင် လွင့်ပျံတက်
အိုအိုင်စီကလည်း ၀င်မယ်တကဲကဲ
ပေါက်ဖော်ကြီးကလည်း မာန်စွယ်တရဲရဲ
ဘာဘူကြီးကလည်း အသားမဲမဲ  မုတ်ဆိတ်မွေး မကျဲတကျဲ နဲ့ ပြုံးရယ်ပြဆဲ
ဦးသိန်းစိန်လည်း အိုဘားမားနဲ့ ဟီလာရီကို သွားဖြဲပြနေဆဲ
ဒေါ်အောင်ဆန်းစုကြည်လည်း ဝေဖန်ခံရမှု လှိုင်းဂယက်ထဲ
အန်အယ်လ်ဒီလည်း  အောက်ခြေမှာ ပူညံပူညံဖြစ်နေဆဲ
ဟိုဝန်ကြီးဌာန  ဒီဝန်ကြီးဌာနတွေလဲ
ဟိုအရေး ဒီအရေးတွေနဲ့ ရှုပ်ဆဲ ထွေးဆဲ
ကျပ်ဆဲ တည်းဆဲ
အထုပ်တွေပေါ်လာရင်လဲ  ဖော်ကောင်လုပ်တဲ့သူ စိတ်အနှောင့်အယှက်ကလေးပဲ ဖြစ်ရင်ဖြစ်ရပါစေ
တရားတော့ အမိအရ စွဲဆဲ
( ဒီမိုကရေစီ လေဗျာ ..........စွဲစမ်းပါစေ )
ပြည်သူတွေလည်း
ဆင်းဆဲ   ရဲဆဲ   မွဲဆဲ   တေဆဲ   ဖွတ်တက်မြဲ
( ကျုပ်တို့ကိုပဲ ကြည့်လေဗျာ )
သိတယ်လေ...........ဒါ ကြောင့်  ပြောတာ
နောက်   ရှိသေးတယ်
နေ့စား တစ်သောင်းရတဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်များ
ဟိုနယ်က အမတ်တော့ တစ်ခါမှ မထသေးလို့
ပြည်သူတွေက   ငြူငြူစူစူု
ဒီနယ်ကအမတ်ကတော့   နှမ်းဖြူးမေးခွန်းအဆိုတွေနဲ့  အချိန်ဖြုန်းတော့
ပြည်သူတွေက  ငါးပါးမှောက်ပြီတဲ့
ပုဆိုးသံတွေက  တရွှမ်းရွှမ်း
ပ၀ါသံတွေ  တဖြန်းဖြန်း
ခေါင်းပေါင်းစတွေက  တရမ်းရမ်း
ဒီကြားထဲ  အနောက်ကအိကျလာသူတွေ  ဦးထုပ်ချင်းလဲလိုက်မှာ  စိုးရိမ်တဲ့သူက စိုးရိမ်
ကျွန်တော်တို့ ပြည်သူတွေလဲ
ပြောင်းလဲချင်ဟန်ဆောင်နေတဲ့ ပြောင်းလဲမှုတွေကြားမှာ
နစ်သထက်နစ်ဝင်
ပေါ်တော့ ပေါ်ကုန်ကြတယ်
ဟိုက မသမာမှု ဒီက အလွဲသုံးစားမှု
အရေးယူမှုကတော့ ထိရောက်မရောက်
တရားသူကြီးအိမ် ကင်းစောင့်ချထားမှ သိရမှာပဲ
( အိမ်း )
နောက်ပြီး ခုတစ်လော အသံညံညံကြားလာရတယ်
စစ်ဘီလူးများ စွဲချက်မတင်ဘူးလားတဲ့
အိုကြီးအိုမ ထောင်ချချင်ရတယ်လို့
( ကွယ်.........ထောင်မချပါဘူး။ ကဒါဖီလို တစ်ခါတည်းလုပ်ပစ်မှာလေ...... )
ကောင်းပါ့မလား
( ပြည်သူ့ဆန်ဒ ဘယ်သူ လွန်ဆန်ရဲလို့လဲကွယ် )
ကြည့်ကြတာပေါ့ဗျာ
ဆက်ပြောမယ်
ကျွန်တော့်အမြင် ခင်ဗျားအမြင် ဘယ်လိုရှိရှိ
ခင်ဗျားတို့ ကွန်တော်တို့ ဘယ်လောက်အော်အော်
ခင်ဗျားတို့ ကျွန်တော်တို့ ဘယ်လောက်တိုင်တိုင်
မီးတွေလဲ ပျက်တဲ့ နေရာပျက်နေဆဲ
မီးမရသေးတဲ့နေရာလည်း ရှိနေဆဲ
ဆေးရုံလဲ ပိုက်ဆံမရှိရင် ပြန်လွှတ်တဲ့ နေရာတွေ ရှိနေဆဲ
စာသင်ကျောင်းတွေလည်း ကျူရှင်အလုအယက်ခေါ်သံတွေ ညံစီဆဲ
သင်ရိုးတွေလဲ မပြောင်းမလဲ ရှေးရိုစွဲဆဲ
သင်နည်းတွေလဲ အနန်တဂိုဏ်းဝင်တွေက ပိတ်သင်နေဆဲ
ကလေးတွေလဲ ပါးစပ်ပေါက်တွေ ပိတ်မြဲ
ဘွဲ့ရ ပညာမတတ်တွေလဲ လမ်းသလားနေကြဆဲ
ပေတစ်ရာလမ်းတွေလဲ ၀က်ခြံတင်းတိပ်မျက်နှာပြင်လို အကျည်းတန်နေဆဲ
အင်တာနက် အသုံးမပြုတတ်တဲ့ နေရာတွေလဲ ရှိနေဆဲ
ဂျာနယ်တွေလဲ ဒေါ်စုပုံပါရင် ရောင်းကောင်းနေဆဲ
ပြည်သူတွေကလဲ ဟုတ် ဟုတ် မဟုတ်ဟုတ် အစိုးရကို ဆော်ရင် ကြိုက်ပြီပဲ
သတင်းသမားတွေလဲ မဟုတ်တာတွေကို ဖွဆဲ ၊ ဟုတ်တာတွေကို မဟားတရားဖြဲဆဲ
ဟိုလူတွေ ဟိုအရေးဝင်ဆွေးနွေးဆဲ၊ ဒီလူတွေ ဒီအရေး ၀င်ရောက်စွက်ဖက်မြဲ
ဟိုအဖွဲ့က ဟိုအရေးကို ကူညီဆောင်ရွက်ပေးဆဲ၊ ဒီအဖွဲ့ကလည်း ဒီအရေးမှာ ထောက်ခံ ပံ့ပိုးပေးဆဲ
စီမံကိန်းတွေလဲ တစ်ခုပြီးတစ်ခု တစ်ခုပြီးတစ်ခု ခေတ်ထဆဲ
ဒီစီမံကိန်းခေတ်စားရင် ဒီစီမံကိန်းတည်ရာကို ထချစ်ကြတဲ့ သူတွေလည်း ရိုက်သတ်လို့ မကုန်ဆဲ
(မှန်ုလိုက်လေ.....)
ဟိုစီမံကိန်းခေတ်မစားသေးတော့ လောလောဆယ် လှည့်လို့မှ မကြည့်တဲ့သူတွေကလည်း ပုံလို့နေဆဲ
ပြည်တော်ပြန်တွေလဲ ၀င်လာမစဲ တသဲသဲရှိဆဲ
ပြန်ကြွမြန်းသွားသူတွေကတော့ ခပ်ကျဲကျဲ
ပြည်ထောင်စုအစိုးရမှာလည်း ကြံ့ဖွံ့ပါတီဝင်တွေချည်း တည်ရှိဆဲ
ခရိုနီတွေလည်း လက်ဝါးကြီးအုပ်ဆဲ  ကြီးစိုးဆဲ လေသံမာဆဲ
 ဟိုလူကလည်း ဟိုဟာလုပ်ဆဲ
ဒီလူကလည်း ဒီဟာလုပ်ဆဲ
ဟိုဒင်းကလည်း ဟိုဟာဖြစ်ဆဲ
ဒီဒင်းကလည်း ဒီဟာ ဖြစ်ဆဲ
သူတို့ကလည်း သူတို့လမ်း သူတို့သွားနေကြမှာပဲ
ကျွန်တော်တို့ကလည်း ကျွန်တော့်တို့ ၀မ်း ကျွန်တော်တို့ ကျောင်းရမှာပဲ
ခင်ဗျားလည်း တပ်မက်မှု မကင်းနိုင်ဘူး.......... ကျွန်တော်လဲ တပ်မက်မှုမကင်းနိုင်ဘူး
ခင်ဗျားလည်း ငတ်မွတ်မှု မခံစားနိုင်ဘူး..........ကျွန်တော်လဲ ငတ်မွတ်မှု မခံစားနိုင်ဘူး
ကို ယ်ရှာမှ ကိုယ်စားရမှာ  ..........ဘယ်သူ့ဘယ်သူမှ လှည့်ကြည့်နိုင်တာမဟုတ်ဘူး
( သိပ်သေချာတာပေါ့ဗျာ )
ဒီတော့ ရှာရ ဖွေရ ရုန်းရ ကန်ရ ကြိုးကုတ်ကြရမှာပဲ
ဝမ်းစာရေးအတွက်  သည်းသည်းမဲမဲ လုံးပမ်းနေကြရမှာပဲ
ဒီတော့ ကျွန်တော့် စကားကို လက်တွေ့အကောင်အထည်ဖော်ရမယ်
ခင်ဗျားလည်း ကိုယ့်အလုပ်ကိုယ် လုပ်ချေဦး
နေ့စား နှစ်ထောင် လွတ်သွားဦးမယ်
အိမ်ပြန်မိုးချုပ်လို့လည်း မဖြစ်ဘူးမဟုတ်လား
( ကြာသလားလို့။ ခင်ဗျားပြောတာနားထောင်တာနဲ့ ပိုက်ဆံ လျှော့ခံနေရဦးမယ် )
နေဦး ခဏ
ကျွန်တော်အဆုံးသတ်မှာလိုက်ဦးမယ်
စိုက်ခင်းဆိုတာ မျိုးစေ့ကြဲပြီးရင် ဆက်လက်ရှင်သန်ဖွံ့ထွားတတ်တာ
 ကျွန်တော်ကတော့ ပေါက်ပေါက်ဖောက်စကားတွေ ကြဲချသွားခဲ့ပြီ
ခင်ဗျားတို့ စိတ်ကူးထဲ
အတွေးတွေ ဆက်လက်စိုက်ပျိုးနေမယ်လို့တော့ ကျွန်တော် ယုံကြည်နေမိပါရဲ့
တော်ပါပြီ.........နားလိုက်ပါဦးမယ်.
(ကျွန်တော်ကတော့ နားလို့ မရသေးဘူး ။  အလုပ်လုပ်ရဦးမှာ ..........
အလုပ်ပြီးရင်း အလုပ်...............အလုပ်ပြီး၇င်းအလုပ်ပဲ)
လုပ်ဗျာ.....
ဆက်လုပ် ဆက်လုပ် ဆက်လုပ် ဆက်လုပ် ဆက်လုပ်
လုပ်ထားဟ .................ကိုယ့်လူရ ................................... ။                          ။



ဝေမိုးနိုင်(မုံရွာ )


အွန်လိုင်းလင်းရောင်ခြည်ဆိုတဲ့ ဂရုလေးမှာ Title Series Program ဆိုပြီး ခေါင်းစဉ်တစ်ခုတည်းအပေါ် မိမိတို့ နှစ်သက်ရာ စာပေများဖွဲ့သီကြလေ့ရှိပါတယ်။ ဒီတစ်ပတ်မှာ စကားစမြည်စိုက်ခင်းဆိုတဲ့ ခေါင်းစဉ်လေးတွေ့၇တော့ လှတယ်ဆိုပြီး သဘောကျသွားမိတယ်။ စိတ်ကလည်း အကြည်ဓါတ်ပေါက်နေတာမို့ စာရေးချင်နေမိတော့ ဒီကဗျာတစ်ပုဒ်ဖြစ်သွားပါတယ်။ ကဗျာ ဖြစ်မဖြစ် ကဗျာဆရာများ ဆုံးဖြတ်ပေးကြပါ။ ကျွန်တော်ကတော့ ရေးတတ်သလိုလေး ရေးချလိုက်တာပါ။

9 comments:

  1. ရေးထားတာလေးကောင်းတယ်။ အားပေးသွားတယ်။

    ReplyDelete
  2. အရေးကတော့ ညက်ပါ့ မောင်ဝေမိုးရေ .. ဒီတစ်ပုဒ်လည်း သဘောကျတယ်။

    ReplyDelete
  3. တော်တော်လေးကောင်းတယ် ရဲရင့် ရိုးသား တဲ့အရေးအသား အမှန်တရားတွေကို
    ကဗျာတစ်ပုဒ်နဲ့ ဖွင့်ချလိုက်တာ အားလုံးကို လှမ်းမြင်ရသလိုပဲ ။
    လေးစားပါတယ်
    ဆက်လုပ် ဆရာရေ

    ReplyDelete
  4. ပုံရိပ်ထင်ကဗျာကို ဖတ်ခဲ့ပါတယ် ။ ငါးထောင်လျှော့ဖုန်းကိုလည်း နှစ်သိန်းနဲ့ ရောင်းစားနေဆဲမို့ ဖုန်းမဆက်ပဲ လူတွေ့ ပြောလေသလားလို့ ...

    ReplyDelete
  5. ပြည်သူတွေရဲ့  ခံစားချက်ကို ကဗျာလေးနဲ့  ဖော်ကျူးသွားတာ ပိုင်တယ်..

    ReplyDelete
  6. အမှန်တရားတွေကို
    ပုံဖော်သွားတာလေးကကောင်းတယ်ဗျ...။
    ကျွန်တော် ကတော့ကဗျာလို့မြင်လို့ကိုမရမိဘူးအစ်ကိုလေးရဲ့...။
    ရသစာတမ်းလိုလို...အတွေးရသလိုလို
    ထင်နေမိတာဗျ...။

    ReplyDelete

  7. အင်းတွေးစရာတွေအများကြီးပါပဲမောင်လေးရေ။ အခုထိအစ်မတို့နိုင်ငံလေးက အရင်အတိုင်းပဲလားလို့လေ။

    ReplyDelete
  8. အမလေး ဆရာရေ..ရေးတတ်သလိုရေးချလိုက်လို့သာပဲ..
    မဟုတ်ရင်......:P
    တော်တော်တော်တာပဲနော်...အရေးအသားတွေက..
    အသက်အရွယ်ကို ပဓာန မထားပဲ လေးစားချင်စရာ..
    အားပေးနေတယ်ဆရာရေ..ဆရာ့ရဲ့ထာဝရပရိတ်သတ်ပါ...
    ခင်မင်လေးစားလျက်...မိုးနတ်

    ReplyDelete
  9. ကဗျာလေးကို စဖွင့်တဲ့ ပုံစံလေးကစပြီး အဆုံးသတ်ထိ နှစ်သက်မိတယ်။
    အထူးသဖြင့် စစချင်းအပိုဒ်နဲ့ ဒုတိယအပိုဒ်ကို အရမ်းသဘောကျမိတယ်။

    လေးစားခင်မင်လျက်
    မြတ်ပန်းနွယ်

    ReplyDelete