Thursday, August 9, 2012

ပုံနှိပ်မီဒီယာနှင့်အွန်လိုင်းမီဒီယာအားပြိုင်ဆွေးနွေးပွဲ ဆွေးနွေးချက်များ တတိယပိုင်း

ပါဝင်ဆွေးနွေးသူများနှင့် ဖူးငုံအယ်ဒီတာနှစ်ဦး






ခင်သန္တာ--- ကဲ.. အခု ဆရာတို့ ဆရာမတို့ တစ်ဖက်ကို တစ်ခုစီ beat  ပဲဖြစ်ဖြစ်၊ attack လုပ်တာပြဲ ဖစ်ဖြစ် မေးခွန်းတစ်ခုစီလောက် မေးကြပါဦး။  ဒီတစ်ခါတော့ အွန်လိုင်းက စလိုက်ကြရအောင်။
အော်... ဒါနဲ့ လင်းစက်ရေ..ဒီဘက်က ဆရာတွေက အွန်လိုင်းဆိုပြီး လက်ပ်တော့ပ်တွေနဲ့။ ပုံနှိပ်က ဆရာတွေ၊ဆရာမတွေကလည်း စာအုပ်တွေကိုယ်စီနဲ့

နေဘုန်းလတ်---- ပုံနှိပ်မီဒီယာသမားတွေက ခေတ်ရဲ့ပြောင်းလဲမှုမှာ စာရွက်နဲ့ စာရေးနေတာကြီး၊ ပုံနှိပ်မီဒီယာ ဆိုတာကြီးကို လုံးဝပျောက်မသွားအောင် ထိန်းသိမ်းသွားကြမှာလား၊ ဒါမှမဟုတ် ခေတ်အရ တစ်ခုခုပြောင်းလဲသွားရင်ရော  ဘာတွေများ ပြင်ဆင်ထားပါသလဲ။

နန်းကြာဖြူ----ဆရာ.....ပြောရမယ်ဆိုရင် ကျွန်မတို့ ပုံနှိပ်မီဒီယာက ပေါ်ထွက်လာတာလဲ ကြာပါပြီ။ ဥပမာပြောရရင် မိဘနဲ့တူပါတယ်။ အရင်ဆုံးပေါ်ပေါက်ခဲ့တာပါ။ ဖန်သားပြင် စာမျက်နှာဆိုတာကတော့ နောက်မှ ထွက်ပေါ်တာပါ၊ သူက သားသမီးပါဘဲ၊ သားသမီးဆိုတာက မိဘမရှိပဲ ဘယ်တော့မှ   ဖြစ်မလာနိုင်ပါဘူး၊ အဲ့ဒီသဘောပါဘဲ
 ((((လက်ခုပ်သံများ))))

ခင်သန္တာ---- ကဲ.......ဆရာရေ... အမေခေါ်လိုက်တော့မလား


ခင်ဆုမြတ်ထွန်း-----ပုံနှိပ်နဲ့ ဖန်သားပြင် တွဲလာတယ်ဆိုတဲ့သဘောက စာအုပ်တွေ၊ ဂျာနယ်တွေကို ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေအတွက် အထောက်အကူပြုစေတဲ့အတွက် တွဲလာတယ်လို့ မြင်ပါတယ်၊ နောက်တစ်ခုကတော့ ဆိုရှယ်နက်ဝေါ့ကင်းပါ၊ ဆိုရှယ်မီဒီယာရယ်လို့လဲ မဟုတ်ပါဘူး၊ အွန်လိုင်း မီဒီယာရယ်လို့လည်း မဟုတ်ပါဘူး၊ ဘာလို့လည်းဆိုတော့ သတင်းတွေကို လွတ်လွတ်လပ်လပ် ရေးသားခွင့်ဆိုတာက ကျွန်မတို့ နိုင်ငံလို အာဏာရှင်စနစ်အောက်ရောက်ခဲ့တဲ့ နိုင်ငံငယ်များမှာ သတင်းတွေကို လူတွေက မှန်မမှန်ဆိုတာထက်၊ မြန်မြန်သိချင်လာတဲ့အတွက် ဒီလို အွန်လိုင်းမီဒီယာက အားကောင်းတာပါ၊တကယ်တော့ သူက ဆိုရှယ်နက်ဝက်ခ်ပါပဲ။  ပုံနှိပ်မှာက သတင်းတခု စနစ်တခုကို ကိုယ်တိုင် သုံးသပ်ချက်တွေနဲ့ သတင်းဆောင်းပါးတွေကို စနစ်တကျ ဖော်ပြကြတာပါ၊ ကျွန်မပြောခဲ့တဲ့ quality product ပေါ့။  ဒါကြောင့် နောက်ပိုင်းမှာလည်း တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပုံနှိပ်မီဒီယာက အားကောင်းနေဦးမှာပါ

ခင်သန္တာ----- ဒါဆို ခုအွန်လိုင်းဘက်ကို ဆရာဝေမိုးနိုင် မေးခွန်းမေးတော့မယ်ရှင့်။ ဆရာ မေးပေးပါဦး။ ဒါမှမဟုတ် မမေးတော့ဘူးဆိုပြီး အရှုံးပေးလိုက်တော့မလား

ဝေမိုးနိုင်---- မဟုတ်ဘူး။မေးမယ်၊ မေးမယ်။ 
ပုံနှိပ်မီဒီယာမှာဆိုရင် ၀တ္တုကောင်းတစ်ပုဒ်၊ ဆောင်းပါးကောင်း တစ်ပုဒ် ပေါ်ထွက်လာပြီဆိုရင် အမျိုးသားစာပေဆုက စလို့ရွှေအမြုတေ စာပေဆုထိ  စာပေဆုတွေ ရှိတယ်၊ ဒီလိုဆုရ စာပေဆိုပြီးတော့လည်း အကြိမ်ကြိမ် ပုံနှိပ်ဖော်ပြခံရတယ်၊ အွန်လိုင်းပေါ်မှာ ကဗျာတွေ၊ စာတွေက ကောင်းတယ်ပဲထားဦး၊ ဘယ်လောက်အတိုင်းအတာထိ  တန်ဘိုးထား ခံနေရပါသလဲ

မြသွေးနီ----- ဒီမေးခွန်းကို ကျွန်မဖြေချင်ပါတယ်၊ ပုံနှိပ်မီဒီယာဆိုတာက လွန်ခဲ့တဲ့   နှစ်ပေါင်း နှစ်ရာလောက်ထဲက သန္ဓေတည်ခဲ့တာပါ၊ ကျွန်မတို့ အွန်လိုင်း မီဒီယာကတော့ ကမ္ဘာမှာတောင် ၁၉၆၈ခုနှစ်မှ ကွန်ပျူတာ စတင် သုံးစွဲနိုင်ခဲ့တယ်၊ အဲ့ဒီနောက် ၁၉၆၉ မှာ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှာ ကွန်ယက်တွေကို စတင် စမ်းသပ်ခဲ့တယ်၊ အင်တာနက်တောင် မခေါ်သေးဘူး Arpanet လို့ပဲခေါ်သေးတယ်၊ ၁၉၇၀မှာ အင်တာနက်ဆို စတင်ပြောင်းလဲ သုံးစွဲခဲ့ပြီး ကွန်ယက်တွေကို နိုင်ငံတကာနဲ့ စတင် ခြိတ်ခဲ့တယ် 
အွန်လိုင်းမီဒီယာဘက်မှ ဆရာမမြသွေးနီ၊ ဆရာနေဘုန်းလတ်


 ကမ္ဘာမှာ အင်တာနက်ကို ၁၉၇၀ထဲက စသုံးခဲ့ပေမယ့် ကျွန်မတို့ မြန်မာမှာ အင်တာနက်ကို ၂၀၀၅ခုလောက်ကမှသာ သေချာ စသုံးနိုင်ခဲ့တယ်၊ အဲ့တော့ အချိန်ကာလကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ကျော်လောက်ထဲက ထွန်းကားခဲ့တဲ့ ပုံနှိပ်မီဒီယာ၊ အင်တာနက်ကို ကမ္ဘာနဲ့ နှစ်၃၀ကျော်လောက် နောက်ကျပြီးမှ ဒီမှာ သုံးခွင့်ရတဲ့ အချိန်၊  အချိန်ကာလအားဖြင့် အချိုးအဆက အရမ်းကို ကွာဟနေပါတယ်၊ ဆိုလိုတာက ကျွန်မတို့က အခုအချိန်မှာ ဖြတ်သန်းခဲ့တဲ့ သမိုင်းနဲ့ ကြည့်မယ်ဆိုရင်၊  အချိန်ကာလအရ နှိုင်းယှဉ်မယ်ဆိုရင် ပုံနှိပ်ကို မယှဉ်နိုင်ဘူးဆိုတာ မှန်ကောင်းမှန်ပါလိမ့်မယ်
အခုဆို ပုံနှိပ်က နာမည်ရ စာရေးဆရာများကိုယ်တိုင် အွန်လိုင်းမီဒီယာမှာ ၀က်ဘ်ဆိုက်တွေနဲ့ စာတွေ ရေးလာကြတယ်၊ အခု ဒီစင်ပြင်ပေါ်က ဆရာဝေမိုးနိုင်၊ ဆရာမလင်းစက်နွယ်တို့ဆို  အွန်လိုင်းပေါ်မှာ စာတွေ   ရေးလာကြတယ်၊ ဖေ့ဘုတ်မှာလည်း ဆရာတို့တွေ ရှိနေပါတယ်၊ ပုံနှိပ်မှာ ပါပြီးတဲ့ ၀တ္တုတွေကို ၀က်ဘ်ဆိုက်ကနေ ပြန်ပြီးဖော်ပြကြတယ်၊ ဆရာတို့ကိုယ်တိုင် အင်ဖော်မေးရှင်းတွေ မျှဝေတယ်၊ အဲ့ဒီတော့ ဆရာတို့ ပုံနှိပ်မီဒီယာကပါ  အွန်လိုင်းမီဒီယာကို လိုအပ်လို့ အသုံးပြုလာတယ်ဆိုတာကို နားလည်နေမယ်လို့ ကျွန်မ ထင်ပါတယ်၊   ကျေးဇူးတင်ပါတယ် 

နေဘုန်းလတ်----ညီလေးမေးသွားတာ ပုံနှိပ်မှာ ဆုတွေဘာတွေ ရတယ်ပေါ့နော်၊ ကျွန်တော် အွန်လိုင်းမှာ ၀တ္တုတစ်ပုဒ်တင်လိုက်ရင် ပရိသတ်တွေဆီက ကွန်မန့်တွေ ကျွန်တော်တို့ဆီ ချက်ချင်း ပြန်ရတယ်၊ ကျွန်တော်တို့ရဲ့ ဘလော့ဂ်တွေမှာ လူဘယ်နှယောက် ၀င်ဖတ်သွားတယ်၊ အဲ့ဒီလူတွေက ဘယ်နိုင်ငံတွေကနေ လာဖတ်ကြတယ်၊ ကျွန်တော် တင်တဲ့ ၀တ္တုကို ဖတ်သူအရေအတွက် ဘယ်လောက်ရှိသလဲ၊ အဲ့ဒီလို စာဖတ်သူတွေရဲ့ တုန့်ပြန်မှုကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ကျနော်တို့ ရတယ်။ အဲ့ဒီတော့ ဒီလိုမျိုး ပရိသတ်နဲ့ စာရေးဆရာကြားမှာ   နွေးထွေးမှုတစ်ခုရတယ်၊ အင်တာကွန်နက်ရှင်ခေါ်တဲ့ အပြန်အလှန် ဆက်ဆံမှုက အရမ်းမြန်တယ်၊ အဲ့တော့ ဒါတွေက ကျွန်တော့်အနေနဲ့   ပြောရမယ်ဆိုရင်တော့ ဘယ်ဆုနဲ့မှ မလဲနိုင်ပါဘူး
((((လက်ခုပ်သံများ))))

ဝေမိုးနိုင်---- စာဖတ်သူတွေ ကွန်မန့်ပေးတဲ့ နေရာမှာ အွန်လိုင်းက မြန်တယ်ဆိုတာ လက်ခံပါတယ်၊ ဒါပေမယ့် အဲ့ဒီ ဝေဖန်ချက်တွေထဲမှာ ဓမ္မဓိဋ္ဌာန် ကျကျ ဝေဖန်ချက်ကတော့ တော်တော်နည်းပါတယ်၊ အချို့က တအား မြှောက်ပင့်ထားတယ်၊ တချို့က စုတ်ပြတ်သတ်နေအောင်   ဝေဖန်ထားတယ်၊ တချို့က လျော့တိ လျော့ရဲ၊ ပြောချင်သလို မပြောချင်သလို ဝေဖန်ထားတယ်၊ တချို့ကြတော့ အကောင်းပြောနေတာလား၊ချီးကျူးနေတာလား၊ ရွဲ့နေတာလား၊ ဖဲ့နေတာလား၊ စောင်းနေတာလား ဘာမှကို ဝေခွဲလို့ မရပါဘူး၊ ပုံနှိပ်မှာကျတော့ ဝေဖန်ရေးဆိုရင်လည်း ဒီဝေဖန်ရေးစာမူက အယ်ဒီတာ စားပွဲကို ဖြတ်ရတယ်၊ အယ်ဒီတာကဖတ်ကြည့်ပြီး  ဒီဝေဖန်ရေးက ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာလား၊ အပြုသဘောစေတနာနဲ့ ဝေဖန်တာလားစသဖြင့်  ခွဲခြားပြီးမှ စာမျက်နှာပေါ်တင်တယ်၊ ဒါကြောင့်မို့  ဝေဖန်ရေးမှာဆိုရင်တော့၊ ကွန်မန့်မှာ ဆိုရင်တော့ ပုံနှိပ်က အားသာမယ် ထင်ပါတယ်

သူရဿဝါ------ဒါဆိုရင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့စာတွေက အယ်ဒီတာစားပွဲဖြတ် စီစစ် ဖြတ်တောက်ပြီးမှ ပြစ်ချက်မရှိဘူးဆိုတော့မှ ပုံနှိပ်စာမျက်နှာပေါ်ရောက်တယ်၊ ကျနော်တို့ အွန်လိုင်းမှာကျတော့ Reality အစစ်အမှန် ပရိသတ်ပေးတာ ချက်ချင်းရတယ်၊ ဒါဆို မဂ္ဂဇင်းမှာကျတော့ အတုတွေရတာ ဖြစ်နေတာပေါ့…
((((လက်ခုပ်သံများ)))
ကွန်မန့်ဆိုတာ စာရေးသူရဲ့ ပင်ကိုယ် အကျင့်စရိုက်နဲ့ပဲ ဆိုင်တယ် ထင်ပါတယ်၊ သူကြိုက်ရင် ကြိုက်ကြောင်း ကျွန်တော်တို့ ချက်ချင်းသိရတယ်၊ မကြိုက်ရင် မကြိုက်ကြောင်းလဲ ချက်ချင်းသိရတယ်၊ သူ အူလည်လည် ရေးခဲ့ရင် ကျနော်တို့လည်း အူလည်လည် ကျန်ခဲ့တယ်၊ ဒါပေမယ့် အဲ့တာက ကျနော်တို့  တကယ့်အစစ်တွေကို ချက်ချင်းရတာ၊ ဆရာပြောသလို ပုံနှိပ်မှာမှာကျတော့ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်တဲ့ စာတွေကို မဂ္ဂဇင်းပေါ်မှာ အယ်ဒီတာစားပွဲ ဖြတ်ပြီးတော့မှ  ကျွန်တော်တို့ဆီ ရောက်တာဆိုတော့ ကျနော်တို့ အစစ်တွေ မရဘူးပေါ့

ခင်သန္တာ---- ကျွန်မကတော့ကြားကနေအော်ရမယ်။လုပ်ကြပါဦး။ Facilitator  ကိုလုံးဝကို လှည့်မကြည့်ကြတော့ဘူး။

ဝေမိုးနိုင်----- ကွန်မန့်က အစစ်တွေရတယ်ဆိုတဲ့ အထဲမှာမှ နာမည်မဖော်ပဲနဲ့ နောက်ကျောဓါးနဲ့ထိုးတဲ့ ကွန်မန့်မျိုးတွေ များနေပါတယ်၊ ဆရာမ မသီတာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။  ကလစ်တစ်ချက် အသက် တစ်ချောင်းဆိုတဲ့ ဆောင်းပါးပါ။ ကွန်မန့်တစ်ခုကို အွန်လိုင်းကို တင်ဖို့ ကလစ်တစ်ချက် နှိပ်လိုက်တာရဲ့ နောက်ကွယ်မှာ အဖြစ်အပျက်မျိုးစုံ   ဖြစ်သွားနိုင်ပါတယ်၊ ဒီကွန်မန့်ဟာ ဆိုးဆိုးရွားရွား ဝေဖန်ထားတယ်ဆိုရင် စာရေးသူအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။  နိုင်ငံတကာမှာဆို   သေကြောင်းကြံတဲ့အထိတောင် ဖြစ်ကြပါတယ်၊ ဒါကြောင်က့ ကွန်မန့်တွေက အစစ်ဆိုပေမယ့် စာရေးသူတွေကိုတော့ အနှောင့်အယှက်ဖြစ်စေတယ်လို့ ထင်ပါတယ်


ဆုမြတ်----ကျွန်မတို့ ဖေ့စ်ဘွတ်မှာ တစ်ခုခုတင်ရင် Likeလုပ်ကြတယ်ပေါ့၊ ဥပမာ – စာမဖတ်သေးဘူး ခင်မင်မှုနဲ့ Like လုပ်ကြတယ်၊ ကိုယ်တင်လိုက်တာမှ စက္ကန့်ပိုင်း ရှိသေးတယ်၊ ဘာမှတောင် မဖတ်ရသေးပဲ Like လုပ်ကြတယ်ဆိုတော့ ဒါကြီးက စိတ်အနှောင့်အယှက်ပါ၊   ကျေနပ်စရာ မကောင်းပါဘူး
(((လက်ခုပ်သံများ))))

ခင်သန္တာ---------ဟုတ်ကဲ့ ။ကျွန်မတို့ ပရိသတ်ကို အချိန်ပေးလိုက်ကြရအောင်ပါ။ ပရိသတ်တွေဘက်က မေးခွန်းဖြစ်စေမယ့် မေးခွန်းလေးတွေ အတိုချုံးပြီးမေးပေးစေချင်ပါတယ်။

ပရိသတ်(၁)-------ဒီနေ့ ကျင်းပပြုလုပ်တဲ့ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာ အားပြိုင်ပြုလုပ်တဲ့ ပွဲမှာ ကြွရောက်လာကြတဲ့ စာချစ်သူတွေ စာဖတ်သူတွေကို Live Message ပေးနေတာပေါ့နော်၊ အဲ့လိုနေရာမှာ ပုံနှိပ်မီဒီယာမှာ ထုတ်ဝေလိုက်မယ်ဆိုရင် ပရိသတ်ဘက်ကနေ ကာကွယ်ပေးမယ့် အယ်ဒီတာ စားပွဲဆိုတာ ရှိပါတယ်၊ အွန်လိုင်းမီဒီယာဘက်ကလည်း ကျွန်မတို့ စာချစ်သူတွေ၊ စာဖတ်ပရိသတ်တွေကို အဖက်ဖက်က ကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်ထားတာတွေ ရှိမယ်ဆိုရင် သိချင်ပါတယ် 
http://api.ning.com/files/onQn0wn5UX4MKrx6BstfxUTqet07I3ZV0Sr33QD0g9O8y-w3FYa3-EEfRM*GkFU9nmq59aDKCRbpiLJNAaENtWb0FO5z8KP8/DSCN1030.jpg
ပရိသတ်တစ်ဦး

မြသွေးနီ----အခုအွန်လိုင်းမှာ ကျွန်မဆိုရင် ပါစင်နယ်ဘလော့ဂ်ဆိုတဲ့အတွက် ကျွန်မကိုယ်တိုင်ရေးတယ်၊ ကျွန်မ ၀က်ဆိုက်ကို ကိုယ်တိုင် ထိမ်းချုပ်တယ်၊ မဟုတ်တာရေးရင် အဲ့ဒီသူကို Blockလုပ်လို့ရတယ်၊ ဘမ်းလို့ရတယ်၊  တချို့ ဆိုရှယ်ဝက်ဆိုက်တွေအတွက် လူငယ်တွေ အများစု မန်ဘာဝင်ပြီး အသုံးပြုကြတယ်၊ အဲ့ဒီဆိုက်တွေမှာ ဆိုက်အက်ဒမင် ရှိတယ်၊ ကျွန်မ အရင်က Save The Aged သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့   ထောက်ပံ့ရေး ပရဟိတအသင်းမှာ Site Admin တာဝန် ကျွန်မ ယူခဲ့ရဘူးတယ်၊ Adminအနေနဲ့ အွန်လိုင်းမှာ Standby နေရတယ်။ ဆိုက်မှာ တက်လာတဲ့ ပို့စ်တွေ၊ ကွန်မန့်တွေကို ကွန်ထရိုးလုပ်ထားတယ်၊ ဒီလို လုပ်ထားတဲ့အတွက် အဖွဲ့ရဲ့ချမှတ်ထားတဲ့ မူဝါဒနဲ့ မလျော်ညီတာတွေ တက်လာလို့ ရှိရင် သူတို့ တင်တာနဲ့ တက်ခွင့်မပေးထားပါဘူး၊ အက်ဒမင်တွေ ဖတ်ပြီး Approveလုပ်မှသာ စာမူတွေ ဖော်ပြခွင့်ရကြပါတယ်
အလားတူ ကွန်မန့်တွေကိုလဲ ကွန်ထရိုး လုပ်လို့ရပါတယ်၊ ပရိတ်သတ်ပေးတဲ့ ကွန်မန့်တွေဟာ  ရိုင်းပြတဲ့ ကွန်မန့်တွေ ဖြစ်ခဲ့ရင် ဖျက်လို့ရတယ်၊ တချိန်ထဲမှာပဲ ကွန်မန့်ပေးတဲ့ အီးမေးလ်လိပ်စာကိုလဲ ရထားတယ်၊ အဲ့တော့ သူတို့ကို အီင်္းမေးလ်က ဆက်သွယ်လို့ရတယ်၊ ဆိုက်မှာ Sign Up လုပ်ရင် ပါစင်နယ် အချက်လက်တွေ ဖြည့်ရတယ်၊ ဒီတော့ ကျွန်မတို့က သူတို့ကို တစ်ဦးချင်း ဆွေးနွေးခွင့်ရှိတယ်၊ ဒါက လောလောဆယ် အွန်လိုင်းမီဒီယာ စဖွံ့ဖြိုးလာချိန်မှာ လုပ်ထားနိုင်တဲ့ အနေအထားတွေပါ၊ နောက်ပိုင်း ဒီထက်ပိုပြီး ပိုဖွံ့ဖြိုးလာရင် ဒီထက် ပိုအားသာတဲ့ မီဒီယာဥပဒေတွေနဲ့ Softwareတွေ   ရေးဆွဲပြီးတော့ ကျွန်မတို့ ပိုပြီး ထိမ်းချုပ်လာနိုင်မယ် ထင်ပါတယ်၊   ကျေးဇူးတင်ပါတယ်

ပရိသတ်(၂)-------ဒီနေ့ဆွေးနွေးပွဲလေးရဲ့ဒီနေ့ပွဲမှာဆွေးနွေးသွားတဲ့ နှစ်ဖက်လုံး ဘယ်သူမှ မနိုင်သလို မရှုံးဘူးလို့ မြင်ပါတယ်၊ ဒါပေမယ့် ကျနော်ပြောချင်တာက စာရေးနေသူနဲ့၊ ပုံနှိပ်ကနေ ဘလော့ဂါကနေ စာဖတ်နေတဲ့ စာဖတ်နေသူတွေရဲ့ ကြားထဲမှာ၊ ကျနော်တို့လို စာရေးဝါသနာပါတဲ့ လူတွေရှိနေပါတယ်၊ စာရေးနေသူတွေက စာမူတွေကို ပုံနှိပ်မီဒီယာက မဂ္ဂဇင်းတိုက်ကို သွားပို့တာနဲ့ ဒီအွန်လိုင်းပေါ်မှာ သူရေးထားတဲ့ စာကို တင်လိုက်လို့ သူရေးထားတဲ့ စာကို ကြိုက်တဲ့သူအနေနဲ့၊ စာရေးဆရာဖြစ်ဖို့၊ စာပေနယ်မှာ သူခွန်အားတွေရဖို့ အွန်လိုင်းမီဒီယာအနေနဲ့ ဘယ်လိုမျိုး အခွင့်အလမ်းတွေ ပေးနိုင်မလဲ သိချင်ပါတယ်
http://api.ning.com/files/8jWuWLZjQAg8S*Bui4FriESrWL*2jv24jsXWvvbvRfrSxTkeG37spppwUSKa5LZuGw8vkOcdbUapuFx1ctEO2wdR9Z5g*Bxg/DSCF9345.jpg
ပရိသတ်တစ်ဦး

မြသွေးနီ---- မေးခွန်းအတွက် ကျေးဇူးတင်ပါတယ်၊ ပြီးခဲ့တဲ့ ရွှေအမြုတေ စာပေဆုပေးပွဲမှာ ကဗျာဆုရသွားတဲ့ ရန်ကုန်ကဗျာ ရေးသူ မောင်ရေချမ်းဟာ အွန်လိုင်းမှာလဲ ဘလော့ဂါတစ်ယောက်ပါ၊ Facebookမှာလည်း ရေးပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် သူ့စာမူကို ကျွန်မတောင် ကျွန်မတာဝန်ယူထားတဲ့ အွန်လိုင်းက ဘလော့ဂါတွေရဲ့လက်ရာစာမူတွေကို ဖော်ပြပေးနေတဲ့ teen Magazineက Blog Digestကဏ္ဍအတွက် နှစ်သက်လို့ ဖော်ပြဖို့ မောင်ရေချမ်းကို ဆက်သွယ်ဖြစ်ခဲ့ပါသေးတယ်၊ သူက ကျွန်တော် teen Magazineကို ပို့လိုက်ပြီတဲ့၊ teenက ကဗျာရှည်တွေ ဦးစားပေးဖော်ပြနေတယ်၊ အခုလို teenအတွက် တိုက်ရိုက်ပို့လဲ ပို့ပါ၊ အလွန်ကောင်းပါတယ်လို့ ပြောခဲ့တယ်၊ အွန်လိုင်းမှာ ရေးခဲ့တဲ့ ဒီကဗျာက ရွှေအမြုတေစာပေဆုရသွားတော့ ကာယကံရှင်တော့မသိဘူး၊ ကျွန်မ အရမ်းဝမ်းသာခဲ့မိတယ်၊ အရမ်းလည်း   ကျေနပ်မိတယ်
 ဘာကြောင့်လည်းဆိုတော့ အွန်လိုင်းပေါ်မှာ ကဗျာရေးတဲ့ လူငယ်ကဗျာဆရာတစ်ယောက်ဟာ ပုံနှိပ်စာမျက်နှာပေါ် ခြေချခွင့်ရသွားပါပြီ၊ ဒါကြောင့် ခုန စာရေးချင်နေတဲ့ ၀ါသနာရှင်များကလည်း မဂ္ဂဇင်းတိုက်တွေကိုလဲ စာမူတွေ ပို့ပါ၊ တချိန်ထဲမှာပဲ အွန်လိုင်းမှာလည်း မိမိတို့ရဲ့ လက်ရာများကို သူငယ်ချင်းမိတ်ဆွေများကို မျှဝေပေးနိုင်တဲ့ အခွင့်အရေးတွေကို ဖန်တီးယူကြပါ၊ ကျေးဇူးတင်ပါတယ်

ချမ်းထက်ဟန်-----ကျွန်တော်က မေးတာထက် ကျွန်တော်အမြင်ကို ပြောချင်တာပါ၊ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာမှာ ခုန ပုံနှိပ်မီဒီယာက အုပ်ရေ ၅၀၀၀ထက် ပိုမရိုက်ရဘူး ပြောတယ်၊ အဲ့တာကို ကျွန်တော် မေးချင်ပါတယ်၊ အွန်လိုင်း မီဒီယာမှာရော အုပ်ရေ ၅၀၀၀ ကုန်နိုင်ပါ့မလား၊ အဲ့ဒီတော့ နှစ်ခုလုံးကို မျှစဉ်းစားရင် ပုံနှိပ်ရော အွန်လိုင်းရော ၂ခုလုံးရဲ့ မီဒီယာ ကျဆုံးခြင်းလို့ မြင်တယ်၊ ရသကျဆုံးခြင်းလို့ မြင်တယ်၊ ရသစာပေကို ရေးတဲ့အပိုင်းမှာထက် ဖတ်တဲ့သူ နည်းပါတယ်၊ အဲ့ဒီအတွက် ပုံနှိပ်ကရော အွန်လိုင်းကပါ ဖတ်တဲ့သူ များလာအောင်၊ အဲ့ဒီထက် ပိုမြင့်တက်လာအောင်  ဘယ်လိုလုပ်မလဲ၊ ဘယ်လို စွမ်းဆောင်ကြမလဲဆိုတာ   ဆွေးနွေးပေးစေလိုပါတယ်
http://api.ning.com/files/2su8G6B6Je*robmDpRH-uryapWdjDPeOoKCeZPXk3URG4eOca5w4M-rxqnjInDKmcEyzatpUUrVHLfrZw4ozmJ7vhpUWpuON/DSCF9350.jpg
ဝင်ရောက်ဆွေးနွေးသူ ဆရာချမ်းထက်ဟန်

ဝေမိုးနိုင်---- - စောစောက ကျနော်ပြောသလိုပဲ ခေတ်စနစ်ကြောင့် စာဖတ်အား ကျဆုံးခဲ့တယ်လို့ မြင်ပါတယ်၊ စာဖတ်အား ပြန်တိုးတက်လာဖို့ဆိုရင် လူကြီးတွေ အားလုံးမှာ တာဝန်ရှိတယ်လို့မြင်ပါတယ် ၊ ဘာကြောင့်လဲဆိုတာ့ သူများနိုင်ငံတွေမှာဆိုရင် ငယ်ငယ်ကတည်းက စပြီး အတန်းအလိုက် မဖြစ်မနေ ဖတ်ရမယ့် စာအုပ်တွေ   ပြဋ္ဌာန်းထားပါတယ်၊ ဒီစာအုပ်တွေ မဖတ်ရင် ဒီစာသင်တန်းကိုတက်ဖို့ အဆင့်မမှီဘူးလို့ သတ်မှတ်ထားတာမျိုးတွေ ရှိတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ မရှိဘူး၊ ပြီးတော့ စာဖတ်နှုန်းတက်လာအောင်၊ ကလေးတွေ စာဖတ်ချင်လာအောင် လဲ မိဘတွေက မတိုက်တွန်းဘူး၊ မတိုက်တွန်းဘူးဆိုတာက  သူတို့ ကိုယ်တိုင်လဲ စာမဖတ်ကြဘူး၊ အဲ့ဒီအတွက် စာဖတ်နှုန်းမြင့်တက်ဖို့ဆိုရင် နိုင်ငံတော်က စလို့ လုပ်ပေးသင့်တယ်လို့ ယူဆမိပါတယ်၊  ပညာရေးဝန်ကြီးဋ္ဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပူးပေါင်းပြီးတော့ပေါ့နော်၊ ဒါကျွန်တော့်အမြင်ပါ။  ကလေးအရွယ်ကစလို့ မဖတ်မဖြစ်ပုံစံနဲ့ လုပ်မယ်ဆိုရင် စာဖတ်နှုန်းအတန်အသင့်မြင့်တက်လာမယ်လို့ ကျွန်တော်မြင်ပါတယ်

သူရဿဝါ------အွန်လိုင်းမီဒီယာမှာတော့ ရသစာပေဖွံ့ဖြိုးရေးအတွက် အွန်လိုင်း စာပေပြိုင်ပွဲတွေ အင်တိုက်အားတိုက် လုပ်ပေးနေကြပါတယ်၊ ပုံနှိပ်က ရွှေအမြုတေ ဆုပေးပွဲလို အွန်လိုင်းက စာရေးသူတွေအတွက်လဲ အွန်လိုင်းရွှေဝတ္တုဆုပေးပွဲ ဆိုပြီး ကျင်းပပေးနေပါတယ်၊ မမြသွေးနီတို့ဆို ပထမဆုရခဲ့သူဖြစ်ပါတယ်၊ ရသစာပေကို အွန်လိုင်းမှာ ဖွံ့ဖြိုးဖို့ ကိုယ်နိုင်သလောက် စွမ်းအားလေးတွေနဲ့ ဥပမာ- ဆိုရှယ်ဆိုက်လေး တစ်ခုဆိုလည်း သေးသေးလေးပေမယ့် သူနဲ့ ထိုက်တန်သလောက်  ရသသတ္တုတိုပြိုင်ပွဲတွေ လုပ်ပေးနေကြပါတယ်

ခင်သန္တာ------ဆရာမမြသွေးနီ ရခဲ့တဲ့ သမီးရဲ့ မျက်လုံးလေးဆိုတဲ့ ၂၀၁၁၊ ဧပြီလမှာ ကျင်းပခဲ့တဲ့  အွန်လိုင်းရွှေဝတ္တုတို ပြိုင်ပွဲဆုက ပုံနှိပ်က ဆရာများ၊ အယ်ဒီတာများ ကိုယ်တိုင် ပါဝင်   ရွေးချယ်ပေးခဲ့တာပါ၊ နှစ်ဘက်ချပြောမယ်ဆိုရင်တော့ ကြားထဲမှာ အချိတ်အဆက်ရှိနေပါတယ်လို့ ပြောချင်တာပါ 

မြသွေးနီ---------- အဲ့ဒီတုန်းက ပြိုင်ပွဲကို အွန်လိုင်းမှာ စာဖတ်သူတိုင်း သိကြမှာပါ၊ ဘလောဂါ့မြစ်ကျိုးအင်း၊ သူက ကြိုးစား အကောင်ထည်ဖော် ကျင်းပပေးခဲ့တာပါ၊ ပြိုင်ပွဲဝင်စာမူတွေကို သတ်မှတ်ထားတဲ့အဖွဲ့ဝင်များ စီစစ်ပြီးတော့ ဇကာတင် စာမူများကို ပုံနှိပ်မီဒီယာက ဆရာဦးဝင်းငြိမ်း၊ ဆရာနေ၀င်းမြင့်၊ ဆရာမခင်ခင်ထူး၊ ဆရာမ နုနုရည်(အင်းဝ)တို့က ရွေးချယ် စီစစ်ပေးပါတယ်၊ ဆရာဆရာမများက အွန်လိုင်း စာရေးသူများကိုလည်း အားပေးခဲ့ကြတယ်။ ကျွန်မတို့ကလဲ အရမ်းကို ၀မ်းသာမိတယ်၊ ကျွန်မတို့ အွန်လိုင်းမှာ အဲ့ဒီလို ရွေးချယ်ဆုံးဖြတ်ပေးနိုင်တဲ့၊ အရည်အသွေးရှိတဲ့ ဆရာဆရာမတွေ အရမ်းကို လိုအပ်နေပါတယ်
ခုန ဆရာမေးသွားတဲ့ မေးခွန်းလိုပေါ့၊ ပုံနှိပ်စာပေနဲ့ အွန်လိုင်းစာပေကို ဘယ်လိုပေါင်းစည်းပေးမလဲ၊ ရသစာပေကို ဒီထက် ပိုမို ပေါ်ထွန်းလာစေဖို့ဆိုရင် ကျွန်မက ပုံနှိပ်က အယ်ဒီတာအဖွဲ့ဝင်များ၊ ဆရာ ဆရာမများကို အွန်လိုင်းစာပေကိုလည်း ပစ်မထားပါနဲ့၊ တစ်ချက်လောက်ငဲ့စောင်းပြီး  အွန်လိုင်းပေါ်က အမှန်တကယ် အရည်အသွေးရှိတဲ့ ကလောင်တွေကိုလဲ မြေတောင်မြှောက်ပေးဖို့ ဒီနေရာကနေ ပြောချင်ပါတယ်ရှင့်

 စတုတ္ထမြောက်မေးခွန်းမှာတော့ မေးသူနဲ့ ဖြေသူ စကားလုံးအသုံးအနှုန်းမှာ နားလည်မှုလွဲသွားပြီး အမေးသပ်သပ် အဖြေသပ်သပ်ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် မဖော်ပြပေးတော့ပါဘူး။ ဖတ်ချင်တယ်ဆိုရင် ဆရာမ မြသွေးနီရဲ့ ၀က်ဘ်ဆိုက်က ဒီလင့်ခ်လေးမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ခင်သန္တာ--- အခုမေးခွန်းလေးခုလုံးက အွန်လိုင်းကိုချည်းမေးထားတာဆိုတော့ အခုမေးမဲ့မေးခွန်းလေးကတော့  ပုံနှိပ်ဘက်ကို မေးတာလေးဖြစ်စေချင်ပါတယ်။

ပရိသတ်(၅) (ဘလော့ဂ်ဂါခိုင်စိုးလင်းဟု သိရပါသည်။) --------ပြောချင်တာက အွန်လိုင်းမီဒီယာဆိုတာကို နားလည်မှု နည်းနည်း လွဲနေကြတယ်လို့   မြင်ပါတယ်၊ အွန်လိုင်းမီဒီယာဆိုတာ ဖေ့စ်ဘုတ်တစ်ခုထဲ မဟုတ်ပါဘူး၊ နည်းပညာ ၀က်ဘ်ဆိုက်တွေ ရှိတယ်၊ ဖိုရမ်တွေ ရှိတယ်၊ ပါစင်နယ် ဘလော့ဂ်တွေ ရှိတယ်၊ ဖေ့စ်ဘုတ်က ပါစင်နယ်စာမျက်နှာပါ၊ သတင်း ၀က်ဘ်ဆိုက်တွေ ရှိတယ်၊ ပြည်သူတွေ လက်ထဲ အလွယ်တကူနဲ့ ရောက်နိုင်တယ်၊ နောက်တစ်ခုက  အင်း...... နည်းနည်းများ အွန်လိုင်းမီဒီယာဘက်က ၀င်ပြောပေးသလိုများ ဖြစ်နေမလားမသိဘူး၊ နောက်..ခုန ပြောသွားတယ်၊ အယ်ဒီတာ...အယ်ဒီတာ၊  အယ်ဒီတာရဲ့ တာဝန်ယူမှု၊ ပရိသတ်အပေါ်ချပြမှု၊ ပရိသတ်တွေကို နင်က ဘာဖတ်ပါ၊ နင်က ဘာမဖတ်ရဘူးလို့ ဘာကိစ္စ အယ်ဒီတာက ဆုံးဖြတ်ပိုင်ခွင့် ရှိနေရတာလဲ၊ ပရိသတ်သည် သူတို့မှာ ဦးနှောက်ရှိတယ်၊ သူတို့မှာ စွမ်းရည်ရှိတယ်၊ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပြီးတော့ သူတို့ဘာသာ ဖတ်ခွင့်ရှိတယ်၊ အဖွဲ့အစည်းတိုင်းပဲဖြစ်ဖြစ်၊ ဥပမာ နင်ရယ်၊ ငါရယ်၊ သူရယ် စာအုပ်ထုတ်ကြရာမှာပဲ ဖြစ်ဖြစ်၊  အယ်ဒီတာ ရှိပါတယ်၊ နည်းပညာ ၀က်ဘ်ဆိုက်တွေမှာလည်း အက်ဒမင်ဆိုတာ ရှိတယ်၊ ဒီကိစ္စက  ပေါက်လွတ်ပဲစား  အကွပ်မရှိတဲ့ကြမ်းလိုမဖြစ်ရအောင် အက်ဒမင်တွေ ရှိကြတယ်
နာက်တစ်ခုက အွန်လိုင်းမှာ စာအုပ်တွေ ထုတ်ကြတယ်၊ ထုတ်ကြတဲ့ အထဲမှာပဲ တာဝန်ယူစီစဉ်တဲ့ အယ်ဒီတာ ရှိတယ်၊ အဲ့ဒီထုတ်တဲ့ စာအုပ်တွေကို ဖတ်တဲ့ပရိသတ်တွေ Like ငါးထောင်ရသလား မေးခံရပေမယ့်၊  ဒီEbookတွေကို Download လုပ်ပြီး ဖတ်တဲ့သူ ငါးထောင်မကပါဘူး
နောက်တစ်ခု ရသပိုင်း ပြောသွားရာမှာ ငါတို့က အယ်ဒီတာ စားပွဲကို ဖြတ်လာတယ် ၊ နင်တို့က မဖြတ်လာရဘူး ပြောတာ ဒါသည် ပရိသတ်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်မဟုတ်ဘူးလား၊  အယ်ဒီတာ က ဖတ်ပါဆိုမှ ပရိသတ်က ဖတ်ရမှာ လား၊ ပရိသတ်က သူတို့ဘာသာ သူတို့ ရွေးချယ်ပိုင်ခွင့် မရှိဘူးလား၊ တစ်ခုမေးချင်တာက ပုံနှိပ်မီဒီယာဘက်က မြန်မာတနိုင်ငံလုံး အွန်လိုင်း သုံးလာနိုင်မှာကို ၀မ်းသာအားရ ကြိုဆိုပြီးတော့ ဒီမီဒီယာသည် အမှောင်ချထားခြင်း မရှိပဲနဲ့ အကုန်လုံးစီမှာ ပျံ့နှံ့ရောက်ရှိဖို့ ကိစ္စကို အယ်ဒီတာဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဖျက်လိုဖျက်စီး တားဆီးချင်ကြပါသလား၊ ဒါမှမဟုတ် အကုန်လုံး သတင်းအမှောင် လုံးဝမရှိရေး၊ ရှိရှိသမျှ လုံးဝFree၊ ဘယ်နေရာမှာ ဘာလေး ဖြစ်ပလေ့စေ၊ အကုန်သိရမယ်၊ ဆိုလိုတာက ..ဟိုမင်းသမီး ဘယ်သူနဲ့အိပ်နေတယ်ဆို အွန်လိုင်းမှာတက်လာတဲ့ သတင်းမျိုးကို ပြောတာ မဟုတ်ပါဘူး၊ 
http://api.ning.com/files/2b97kAPpi*pL-xUVLMaGMZFqpMFBfR5rV4j1ZoS97zKf*dVMMcrNKlWK6mjAjMe8Or6oHvIAlnRI*6d9dijXHuHNbXDlPNsc/DSCF9361.jpg
ဘလော့ဂ်ဂါ ခိုင်စိုးလင်း
တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဒီမိုခရေစီအရေးကို ဖော်ဆောင်တဲ့ အခါမှာ သတင်းအချက်အလက် အကုန်လုံးကို အလျဉ်းလိုချင်ကြပါသလား၊  ပုံနှိပ် မီဒီယာဘက်က အွန်လိုင်းမီဒီယာကို လုံးဝလက်မခံပဲနဲ့ ဒါမှမဟုတ်  မကြိုဆိုပဲနဲ့ ဒါမှမဟုတ် ငါတို့သည်ပင် နေရာယူမယ်၊ ကျန်တဲ့သူတွေ   နေရာမရှိရဘူး၊ ငါတို့သည်ပင် မိခင်၊ အဲ့တာကြောင့် ငါတို့ ကျေးဇူးရှိတယ်၊ ငါတို့ကသာ   ရှေ့ဆောင်လမ်းပြဆိုတဲ့  စိတ်ဓာတ်မျိုးတွေများ ပရင့်မီဒီယာဘက်မှာ ရှိနေသလား၊

ခင်သန္တာ----ဟုတ်ကဲ့... မေးချင်တဲ့မေးခွန်းလေးအနှစ်ချုပ်ပေးစေချင်ပါတယ်။  

ခိုင်စိုးလင်း---- ဟုတ်ကဲ့.... ပရင့်ဘက်က အွန်လိုင်းကို လုံးဝမကြိုဆိုချင်တာလား၊ အွန်လိုင်းမီဒီယာက အကျိုးမရှိဘူးလို့ပြောချင်တာလား၊ ပရင့်က ပိုအားသာတယ်လို့ပြောချင်တာလား 

ခင်သန္တာ---- ဟုတ်ကဲ့။ အဲဒါကိုတော့ ဘယ်သူမှ မဖြေချင်ကြပါဘူး။ ဘယ်သူမှ မပြောချင်ကြပါဘူး။  ဒါ ..မေးတဲ့မေးခွန်းနော်။ ဒါ ညီမလေးမေးတာလို့ပဲ သတ်မှတ်လိုက်မယ်။  ဒါကို ပရင့်ဘက်ကလဲမဖြေချင်သလို အွန်လိုင်းဘက်ကလည်း မဖြေချင်ကြပါဘူး။  ဒီမေးခွန်းသည် ကျွန်မတို့ဖြေချင်တာမဟုတ်ဘဲနဲ့ ညီမလေးမေးတဲ့မေးခွန်းသက်သက်လို့ပဲ ယူဆလိုက်ပါမယ်။

ခိုင်စိုးလင်း----ဟုတ်တယ်... ဟုတ်တယ်..... ။ အဲဒါကို ပရင့်ဘက်ကဖြေပေးပါ

ခင်သန္တာ---- အော်... ဟုတ်ကဲ့။ ပရင့်မီဒီယာဘက်က ဖြေပေးရမယ်လား။  ဆရာမ ခင်ဆုမြတ်ထွန်း...

ဆုမြတ်----ကျွန်မတို့ အယ်ဒီတာစားပွဲ ဘာလို့ ဖြတ်တာလဲဆိုတော့ ကျွန်မတို့စာမူများ အယ်ဒီတာစားပွဲက ဖြတ်လာရင်၊ ဆရာဖတ်ပြီးမှ စာမျက်နှာပေါ်ရောက်တဲ့အတွက် သိပ်ဂုဏ်ယူတာပဲ၊ အခု ဘလော့ဂ်တွေ ရေးနေသူတွေဟာလည်း ပရင့်ဘက်ကို   ရောက်လာတယ်၊ ဘာကြောင့်လဲ .. ဂုဏ်ယူချင်တာလေ၊ ကျွန်မတို့ မဂ္ဂဇင်းမှာ ဒီလိုမျိုး ဖြတ်သန်းလာပြီးတော့၊ အောင်မြင်လာပြီးတော့ စင်ပေါ်   ရောက်တယ်ဆိုတာ  ဂုဏ်ယူတာပါ၊ ဟုတ်ပါတယ်နော်

ဝေမိုးနိုင်--------စောစောကပြောသွားတာက အယ်ဒီတာကတည်းဖြတ်ပေးမှ ပရိသတ်က ဒီစာမူ ဒီစာမူကို ဖတ်ရတယ်။ ပရိသတ်မှာရွေးချယ်ပိုင်ခွင့်မရှိဘူးလားပေါ့နော်။ အဲဒီလိုဆိုရင်  အယ်ဒီတာက ဒီစာမူကိုဖတ်ပါ ၊ ဒီစာမူကို ဖတ်ပါဆိုပြီး ပြောထားတာကို မခံချင်ဘူးဆိုရင် အဲဒီ စာဖတ်သူရွေးချယ်ပိုင်ခွင့်အရပဲ မဂ္ဂဇင်းတွေကို မဖတ်ပါနဲ့လို့ အကြံပေးချင်ပါတယ်
(((((((((((((((((((((((((((((((((((((  လက်  ခုပ်   သံ     များ   ))))))))))))))))))))))))))))))))))))))))))))))))))))))))))

ခိုင်စိုးလင်း--- မဂ္ဂဇင်းတွေကို လုံးဝစွန့်လွှတ်လိုက်ရမှာလား

ဝေမိုးနိုင်----------- အယ်ဒီတာ တည်းဖြတ်တာ၊ အယ်ဒီတာက ဒါဖတ်ပါ ၊ ဒါဖတ်ပါလို့ ညွှန်းထားတာကို မခံချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းပဲ ရှိပါတယ်

ခိုင်စိုးလင်း--- ဟုတ်ပါပြီ။ ဟုတ်ပါပြီ

ခင်သန္တာ------ ဆရာရေ......ခဏလေး။ ခုနတုန်းက ညီမလေးပြောသွားတဲ့အထဲမှာလဲပါပါတယ်။ အကွပ်မရှိတဲ့ကြမ်းပရမ်းပတာ တဲ့။ အဲဒီသဘောလေးပါပဲ။

ပရိသတ်(၆) ( ဆရာဦးအေးချစ်EEAC) ------------ ဒီနေ့ပွဲမှာ ဘယ်လို မြင်လိုက်သလဲဆိုတော့ အားလုံးကဆက်နွယ်နေတဲ့ Talentတွေ ရှိနေကြပြီ၊ သို့သော်လည်း ရေရှည်အနာဂတ်အတွက်ဆိုရင်   နိုင်ငံရဲ့လက်ရှိအခြေအနေအရ ဘယ်လိုအခြေအနေမျိုးမှာမဆို လွတ်လပ်မှုရဲ့    နောက်ကွယ်မှာ တန်ဘိုးဆိုတာ ရှိနေတယ်၊ လွတ်လပ်သလောက် တန်ဘိုးတွေ တချိန်ထဲမှာ တက်လာမယ်၊ အခု မြန်မာနိုင်ငံမှာ ပုံနှိပ်ရော၊ အွန်လိုင်းပါ အတုမြင်အတတ်သင် ကိုယ့်ကိုယ်ကို သင်ယူရင်းနဲ့ပဲ သွားနေကြရပါတယ်၊  သို့သော် နောင်တချိန် နိုင်ငံအတွက် တရားဝင် မီဒီယာဆိင်ရာ သင်တန်းကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ ပေါ်ပေါက်ရေးကိစ္စမှာ ပညာရှိသတိဖြစ်ခဲ ဖြစ်မှာစိုးလို့၊ ယနေ့အချိန်အထိ ကျွန်တော် မှတ်သားမိသမျှ ၁၉၆၂ကနေ ယနေ့အထိ နှစ်၅၀အတွင်း မီဒီယာ၊ သတင်းဂျာနယ်နဲ့ ပတ်သက်လို့ သိသမျှပြောရင် ဆရာကြီးအိုးဝေဦးညိုမြ၊ ဆရာကြီးတက္ကသိုလ်ထင်ကြီး၊ အယ်ဒီတာချုပ် ဦးတင်စိန်တို့ တရားဝင်ကျောင်းများ ဖွင့်ခဲ့ဘူးတယ် အဲ့ဒီလို မြန်မာနိုင်ငံမှာ မီဒီယာကျောင်းများ တရားဝင် ဖွင့်နိုင်ရေးအတွက် ဆရာ ဆရာမတို့ဘက်မှာ ဘယ်လို အစီအစဉ်များ ရှိပါသလဲ၊ သိချင်ပါတယ်
ဆရာဦးအေးချစ်(EEAC)



ခင်သန္တာ----အမှန်တော့ ကြားခံဆွေးနွေးသူဆိုတာ အဖြေ ၀င်ဖြေခွင့်မရှိပါဘူး၊ ဒါပေမယ့် ကျွန်မ နည်းနည်းလေး ကြားဝင်ချင်ပါတယ်၊ ကျွန်မတို့ အခု ဆွေးနွေးနေတဲ့ အပိုင်းလေးတွေမှာ အွန်လိုင်းမီဒီယာဘက်ကရော၊ ပုံနှိပ်မီဒီယာဘက်ကရော ကျွန်မတို့ သိပ်မသိပါဘူး၊ သိသလောက်လေး လူငယ်ပရိသတ်တွေအတွက် သိသလောက်လေး မျှဝေပေးတာပါ၊ ဆရာတို့က ကျွန်မတို့ထက် အများကြီး ပညာပြည့်ပါတယ်၊ စီနီယာကျပါတယ်၊  အခုလက်ရှိ နိုင်ငံတော် အကြီးအကဲတွေကတောင် မလုပ်နိုင်သေးတဲ့ အရာတစ်ခုကို ဘယ်လိုပြောရမလဲ ဆိုရင် အခုက ပြောင်းလဲတယ်၊ Change Changeဆို ပြောတယ်။ တကယ်တမ်းက အဲ့ဒီ Changeကို ကျွန်မတို့ မရောက်ကြသေးဘူး။ အဲ့ဒီတော့ နိုင်ငံတော်ကတောင် မစွမ်းဆောင်နိုင်ကြသေးတဲ့ ကိစ္စဆိုတော့ ကျွန်မတို့ ဥာဏ်မမှီဘူးလို့ ထင်ပါတယ်ဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ

နေဘုန်း-------ဂျာနယ်လစ်ဇင်သင်တန်းတွေဆိုတာ အစိုးရအနေနဲ့ကို ဖွင့်ပေးရမှာပါ၊ အခုအချိန်မှာ ကျွန်တော်တို့က အခုမှ အပြောင်းအလဲကာလကို စနေတဲ့ချိန်ပါ၊ ဂျာနယ်လစ်ဇင်သင်တန်းတွေဆိုတာ အခုကျွန်တော်တို့ အွန်လိုင်းမှာမှ မဟုတ်ဘူး၊ တချိန်က ပရင့်မီဒီယာတွေမှာလည်း ရှိနေခဲ့ဖို့ ကောင်းတဲ့ ကိစ္စပါ။ အကောင်းဆုံးကတော့ Education System အပါအ၀င် Forceလုပ်နေတဲ့ ကာလ၊ ဒီဟာနဲ့ ပတ်သက်လို့ တက္ကသိုလ်ကြီးတွေပါ ရှိလာမယ်ဆိုရင်   ကောင်းသောအခြေအနေတစ်ခုပေါ့၊ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့က တတ်သလို လုပ်နေရတဲ့အနေအထားမျိုးပေါ့၊ အဲ့ဒီတော့ ဂျာနယ်လစ်ဇင်နဲ့ ပတ်သက်ပြီး အွန်လိုင်းမှာရှိတဲ့ ကျွန်တော်တို့ တချို့ လူငယ်တွေရော၊ ပရင့်မီဒီယာမှာရှိတဲ့ လူငယ်တွေရော တော်တော်လေးကို လုပ်နေကြပါပြီ။ အဲ့ဒီတော့ မီဒီယာတွေ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ ရှိနေဦးမှာပဲ၊ ဆရာ ပြောသလို တက္ကသိုလ်ကြီးတွေ ရှိလာဖို့က ကျွန်တော်တို့အားလုံး ညီညွတ်ကြမှ ရမှာပါ


ခင်သန္တာ----------- တကယ်တော့ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာဆိုတာ   ပြဒါးတစ်လမ်း သံတစ်လမ်းမဟုတ်ပါဘူး၊ အခုဒီမှာ အားပြိုင်ဆွေးနွေးနေကြတဲ့ ဆရာ၊ ဆရာမတွေကိုက ပုံနှိပ်စာမျက်နှာထက်မှာ ရေးနေကြသလို အွန်လိုင်း စာမျက်နှာတွေမှာလည်း ပရိသတ်တွေ အများကြီးရတဲ့ အထင်ကရ ဘလော့ဂါတွေပါ၊ အဲ့ဒီတော့ အွန်လိုင်းပေါ်မှာ စာမရေးကြသည့်တိုင်အောင် ကျွန်မတို့ စာရေးဆရာတွေ အင်တာနက်ကို မဖြစ်မနေ အသုံးပြုနေရပါတယ်၊  အဲ့တော့ အွန်လိုင်းလို့ပဲ ပြောပြော၊ ပုံနှိပ်လို့ပဲပြောပြော ကျင့်ဝတ်တွေ   စောင့်ထိမ်းရမှာကတော့ လူသားတွေရဲ့တာဝန်ပါ၊ အထူးသဖြင့် ပရိသတ်တွေကို အတွေးတစ်စ၊ အတွေးတချို့  ထည့်ပေးနိုင်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်”
အဲ့ဒီတော့ အွန်လိုင်းမီဒီယာက မွှေနှောက်စရာအများကြီးရှိတဲ့ ပင်လယ်ပြင်ကြီးလို့ တင်စားရင်၊ ပုံနှိပ်မီဒီယာဆိုတာလဲ  အဲ့ဒီ ပင်လယ်ပြင်ထဲကို စီးဝင်နေတဲ့ မြစ်တစ်စီးပါဘဲ၊ ကျွန်မ အမြင်လေးကို အနှစ်ချုပ်ကြည့်တာပါ၊ အဲ့လိုမဟုတ်လို့ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာဟာ မျဉ်းပြိုင်တစ်ခုပါလို့   ပြောချင်ရင်လဲ တစ်မျိုးကောင်းတာဘဲ၊ မျဉ်းပြိုင်ရဲ့သဘော မျဉ်းပြိုင်ရဲ့ အလုပ်ကိုက ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့် သွားရတာလေ၊ အဲ့ဒီတော့ လမ်းခုလပ်မှာ မရှုပ်ဘူး၊ မငြိဘူးပေါ့၊ ကိုယ့်လမ်းကိုယ်သွားကြတာလေ
နောက်တစ်ခု ပြောချင်တာက အွန်လိုင်းရဲ့စာပေပဲဖြစ်ဖြစ်၊ ပုံနှိပ်ရဲ့ စာပေပဲဖြစ်ဖြစ်၊ စာပေအရေးသား နိမ့်ကျတာ၊ မြင့်တယ်ဆိုတာ စာရေးသူတွေနဲ့တင်ပဲ မသက်ဆိုင်ပါဘူး၊ စာဖတ်သူတွေနဲ့လည်း အများကြီး သက်ဆိုင်တယ်လို့ ကျွန်မထင်ပါတယ်၊ နောက်တစ်ခုပြောချင်တာက ကျွန်မတို့တတွေ ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်းလို့ ခေတ်မှီတိုးတက်တဲ့   နိုင်ငံတစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။ လိုက်လဲလိုက်နေကြပါတယ်။ ဒါပေမယ့် တခါတရံကြတော့လဲ နောက်ကျန်နေတဲ့သူက အရှေ့ကို ရောက်နေကြဖို့   နေရာတစ်နေရာရာ ကြိုတင် ဦးထားသလိုဖြစ်တယ်လေ၊ ဥပမာ   ခေတ်မှီ နည်းပညာနဲ့ အိုင်ပေါ့တို့ လက်ပ်တော့တို့ တီထွင်ကြတယ်၊   နောက်ဆုံးတော့ တက်ပလက်ဆိုတဲ့ ကျောက်သင်ပုန်း ပြန်တီထွင်ကြတာပဲလေ၊ သူ့ရဲ့ အားနည်းချက်က ဘာလဲဆိုတာ အသီးသီး ရှိကြပါတယ်”
အဲ့ဒီတော့ အချုပ်ပြောရရင်တော့ အွန်လိုင်းကပေးတဲ့ နည်းပညာဆိုတာ   ပြည်သူတွေဆီကို အခုအချိန်အထိ တိုက်ရိုက်မရောက်သေးပါဘူး၊ထို့အတူ ပုံနှိပ်မီဒီယာနဲ့ ဝေးနေတဲ့ ပြည်သူတွေလဲ အများကြီး ရှိနေပါတယ်၊ ကျွန်မတို့ နိုင်ငံအနေနဲ့ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာ အားပြိုင်မှုကို အချိုးချပြောရရင်တော့ ကျွန်မတို့ နိုင်ငံမှာ ရှိနေတဲ့ လမ်းတွေနဲ့ ကျွန်မတို့ နိုင်ငံကို အသစ်ဝင်လာတဲ့ ကားတွေလိုပါဘဲ၊ ဘယ်သူဘယ်သူမှ မသာပါဘူး၊ အဲ့ဒီကားနဲ့ အဲ့ဒီလမ်းက ကွက်တိပဲ၊ အဲ့ဒီတော့  ယဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင်   ရှောင်ကွင်းမောင်းဖို့ ဆိုရင်တော့ အဲ့ဒီကားကို ကိုင်တွယ်မောင်းနှင်တဲ့သူမှာပဲ မူတည်တယ်၊ တာဝန်ရှိတယ်လို့  ကျွန်မထင်ပါတယ်၊ ဒါ.. အွန်လိုင်းနဲ့ ပုံနှိပ်နဲ့ ကြားကနေ ကျွန်မ ပြောနေတာပါ
 ဆက်လက်ပြီး teen Magazine နဲ့ ပတ်သက်တာ ဆက်လက်ပြောချင်ပါတယ်၊ ကျွန်မတို့ teen Magazine ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ ဒီလိုပွဲလေး ကျင်းပါတာ ဒါဆို တတိယမြောက် ရှိပါပြီ၊ တကယ်တော့ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းက ငွေကြေးအရ အတော်အရှုံးပေါ်နေတဲ့ မဂ္ဂဇင်းပါ၊ ဒါပေမယ့် လူငယ်တွေအတွက် ဆိုပြီးတော့ ဆရာတို့၊ ဆရာမတို့က သံယောဇဉ် မပြတ်နိုင်တာနဲ့ ဆက်ပြီး ထုတ်နေတာပါ၊ လူငယ်တွေအတွက်ဆိုတာ ပါးစပ်က ပြောတာ မဟုတ်ဘူးရှင့်၊ အခုဒီပွဲကို စီစဉ်တင်ဆင်တဲ့ ဆရာမလင်းစက်နွယ်ဆိုရင် ဖူးငုဆယ်ကျော်သက်မဂ္ဂဇင်းရဲ့စာဖတ်ပရိသတ်၊ အဲ့ဒီကနေ တဖြည်းဖြည်းနဲ့ စာရေးဆရာမဘ၀ကို ပိုင်ဆိုင်လာတယ်၊ ဒီနှစ် ရွှေအမြုတေစာပေဆုရတဲ့ စာရေးဆရာမ စပယ်ဖြူနုဆိုရင်လဲ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းရဲ့ ရင်သွေးလို့ ပြောလို့ရတယ်၊ ထို့အတူ  ဆရာနေဘုန်းလတ်၊ ဆရာမနန်းကြာဖြူ၊ ဆရာဝေမိုးနိုင်၊ ဆရာမ ခင်ဆုမြတ်ထွန်းတို့ဟာ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းရဲ့ အသီးအပွင့်များပါဘဲ
ကျွန်မတို့ ငယ်ငယ်ထဲက ကြားခဲ့ရတာ၊ လူငယ်တွေကို ပုခုံးပြောင်းတာဝန်လွှဲပေးမယ်လို့ ပြောတယ်၊ တကယ့်တကယ် ကျွန်မခံစားရတာ လူကြီးတွေက ပုခုံးပြောင်းတာဝန် ပေးသလိုလိုနဲ့ ပုခုံးကို ရောဖိထားသလို ခံစားရတယ်၊ လူငယ်တွေမှာရှိတဲ့ အရည်အချင်းကို စိတ်မချသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်တွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့် အစွမ်းအစ   ပြပိုင်ခွင့်တွေကို ထိမ်းချုပ်ထားတယ်၊ အခုဒီပွဲလေးကို ကျွန်မတို့ စီစဉ် ကျင်းပတာ ဆရာဦးဝင်းငြိမ်း၊ ဆရာမျိုးမြင့်ညိမ်း၊ ဆရာမ မသီတာ (စမ်းချောင်း)တို့ ဘာတစ်ခုမှ ဂိုဒ်လိုင်းမပေးပါဘူး၊ ဘာမှ ၀င်ရောက် မစွက်ဖက်ပါဘူး။ ဒီလူငယ်တွေ ရှိနေကြတယ်၊ ဒီပေါ်က ဖြစ်လာတဲ့ အကျိုးရလာဒ် အားလုံး ကိုယ့်ဟာကိုယ် ခံကြဆို တင်ပေးလိုက်တာပါ၊ ဆရာမ မသီတာဟာဆိုရင် ပရိသတ်ထဲမှာ ဂုဏ်ယူစွာနဲ့ မိန့်မိန့်ကြီး ထိုင်နေတယ်၊ ဘာမှ ၀င်မစွက်ပါဘူး၊ ဆိုလိုချင်တာက ဖူးငုံက လူငယ်တွအတွက် တကယ့်ကို  ဖွင့်ပေးထားတာပါ၊ ဒီပွဲ ကျင်းပရတဲ့ အကြောင်းရင်းကလဲ၊ စာမဖတ်ဖြစ်ရင်တောင် ဒီပွဲရောက်လာရင် ဒီပွဲရဲ့အတွေးတစ်စ၊ အမြင်တစ်စရသွားမယ်၊ နောက်ဆုံးတော့ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကို တစ်ကြိမ်ဖြစ်ဖြစ် ဖတ်ဖြစ်မယ်လို့ တွေးမိတဲ့ အတွက် လုပ်တာပါ
အဲ့တော့ ကျွန်မတို့ ပြောနေတဲ့ ပုခုံးပြောင်းတာဝန်ဆိုတာကလည်း ယူဖို့ ကျွန်မတို့မှာ ပုခုံးတစ်စုံရှိနေမှရမှာပါ၊ ကျွန်မတို့က ပုခုံးတစ်စုံရှိမနေပဲ တာဝန်သွားယူလို့ မဖြစ်နိုင်ဘူး၊ အဲ့ဒီလို ပုခုံးတစ်စုံ ရှိဖို့ဆိုတာ အသိပညာလည်း ကြွယ်ရပါမယ်၊ အတတ်ပညာဆိုတာကတော့ နောက်က လိုက်တာပါ၊ အဲ့ဒီအသိပညာတွေ ရှိဖို့၊ အထူးသဖြင့် ယနေ့ကြွလာတဲ့ လူငယ်ပရိသတ်ကို ဖိတ်ခေါ်ပါတယ်၊ ဖူးငုံက စာဖတ်ဝါသနာပါတဲ့သူ၊ စာရေးဝါသနာ ပါတဲ့သူများအတွက် ကဏ္ဍတွေ အများကြီး ဖွင့်ပေးထားပါတယ်၊ ဒါကြောင့် လူငယ်တွေ စာဖတ်ကြပါလို့ ပြောရင်းနဲ့ ကျွန်မတို့ ဆွေးနွေးပွဲကြီးကို နိဂုံးချုပ်ပါတယ်


(((((((((((လက်ခုပ်သံများ)))))))))))))))))))))))))))))))))



ပုံနှိပ်---ခင်ဆုမြတ်ထွန်း၊ဝေမိုးနိုင်(မုံရွာ)၊နန်းကြာဖြူ(ဘားအံ)
အွန်လိုင်း---နေဘုန်းလတ်၊မြသွေးနီ၊သူရဿဝါ
 

















6 comments:

  1. အရင်ဦးဆုံး ပြောချင်တာကတော့ ပြည့်ပြည့်စုံစုံ ပြည့်ပြည့်စုံစုံ တင်ထားပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်...
    ရှည်ရှည်ဝေးဝေး မေးထားတဲ့ အမျိုးသမီးကို ပြောချင်တာကတော့ ပုံနှိပ်တွေမှာ စာရေးဆရာကြီးတွေ အများကြီး ရှိပါတယ်...ကျွန်တော်တို့ လူငယ်တွေက လက်ဝါးကြီး အုပ်ဖို့ က မဖြစ်လောက်ပါဘူး...နောက်ပြီး ဘယ်အယ်ဒီတာကများ မင်းဟာ အွန်လိုင်းမှာ တက်ရေးလို့  နေရာမပေးဘူး ဆိုပြီး ပြုမှုတတ်ကြပါသလဲ...မေးပါရစေ...?
    အဓိက ကတော့ အရည်အချင်းပါပဲ...ကိုယ်သာ အရည်အချင်းရှိရင် ဘာကိုမှ ဘယ်သူ့ ကိုမှ ကြောက်စရာ လန့် စရာ မလိုပါဘူး...

    htaw oo

    ReplyDelete
  2. ကိုထော်ဦး ပြောတာ သိပ်မှန်ပါတယ်
    အရည်အချင်းက အဓိကပါပဲ
    အရည်အချင်းသာရှိရင် ဘယ်သူ့ကိုမှ ကြောက်လန့်နေစရာမလိုဘူး
    ကျွန်တော်ဆို အရည်အချင်းမရှိလို့
    အယ်ဒီတာစားပွဲကို ကြောက်နေမိတယ်
    ပြည့်ပြည့်စုံစုံလေး ဖတ်ရလို့ နှစ်သက်ကျေနပ်မိပါတယ်
    စာတွေ အများကြီးရေးနိုင်ပါစေ အစ်ကိုရေ

    ReplyDelete
  3. တတိယပိုင်းအသိမ်းကို ဖတ်သွားပါတယ် ဆရာဝေမိုးနိုင်...
    ” ပြော သွားသမျှတွေကို အစအဆုံး အတိအကျနီးပါး ”
    ပြန်တင်မယ်လို့ ကျွန်မဆီမှာ ကွန်မန့်ရေးသွားသလို၊ ဆရာ့ပို့စ် ပထမပိုင်းမှာလည်း အဲ့ဒီလိုဖော်ပြထားလို့ အစကအဆုံးထိစောင့်ဖတ်တဲ့အခါ တိတိကျကျဆိုသော်ငြား (ဖောင်းပွတဲ့စကားလုံးမဟုတ်တဲ့) စာကြောင်းအချို့ ပါမလာတာကိုလည်း သတိထားမိပါတယ်။ အဲ့ဒါကလွဲလို့ ကျန်တာကတော့ ဆွေးနွေးပွဲကအတိုင်းမို့ ဆရာ အားထုတ်ထားတာကို အသိအမှတ်ပြုပါတယ်။

    ReplyDelete
  4. သေသေချာချာအားထုတ်ပြီး အပင်ပန်းခံရေးပေးတဲ့ ဆရာလေးဝေမိုးနိုင်ကို ကျေးဇူးတင်ပါတယ်...
    ငယ်ငယ်ရွယ်ရွယ်နဲ့ ကျရာစာပေတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်...

    ReplyDelete
  5. “ဖိဖိစီးစီးမလုပ်လိုက်နိုင်ဘူး။ တော်ောတ်များများကို ဆရာမရေးထားတဲ့ထဲကပြန်ကူးယူလိုက်တာ။ဆောရီးပါဆရာမရေ...” လို့ .......
    စီဘောက်စ်မှာ ရေးထားတာ တွေ့လိုက်လို့ ဆရာရေ...။

    ကျွန်မဆီက ပြန်ကူးယူထားတာ ခုမှသိလိုက်တာ။ ကျွန်မရေးထားတဲ့အတိုင် ကူးယူတာတောင် စာသားတွေ ကျန်နေတာ တွေ့နေရသေး.... :))))) ပါတဲ့ စာသားတွေကျတော့ ပါနေသားပါလားဆရာ.. :)))) ဆရာသာ ကျွန်မဆီက ကူးယူမယ်ဆိုတာ ကြိုတင်ခွင့်တောင်းရင် ကျွန်မ ထည့်မရေးသင့်လို့ ချနလှပ်ထားတာတွေ ဆရာ့ကို သတိပေပြီး ထည့်ခိုင်းဖို့ ပြောမိဦးမှာ။ ဘာလို့ဆိုတော့ ဆရာက စာဖတ်သူတွေအတွက် ပြည့်ပြည့်စုံစုံ တိတိကျကျဖော်ပြမယ်လို့ အတိအလင်း ပြောထားလို့ပါ ဆရာရေ...။

    အွန်လိုင်းပေါ်မှာ ကျွန်မတို့ ရေးနေပေမယ့် တစ်ခါတစ်လေမှာ ဖော်ပြသင့်တဲ့အရာကိုပဲ ဖော်ပြရပါတယ်။ ပြောဆိုရေးသားတဲ့အခါမှာ မျှတတဲ့ စိတ်ထားလည်း ခံယူထားရပါတယ်။ ကိုယ်ရေးတဲ့စာက အများဆီ ရောက်သွားနိုင်တာမို့ ဂရုလည်း စိုက်ရပါတယ်။ ပြောထားပြီးရင်လည်း ပီပီပြင်ပြင် စကားအတိုင်း ရေးပြနိုင်ရပါတယ်။ အွန်လိုင်းပေါ်မှာ ရေးတာမို့ ပြီးပြီးရော တစ်ခါမှ ပေါ့ပေါ့ဆဆ မရေးခဲ့ပါဘူးဆရာ..။ ဒီဆွေးနွေးပွဲလေးက အများကြီးကို သင်ယူခွင့်တွေ ရလိုက်ပါတယ်။

    ReplyDelete
  6. ဆရာမမြသွေးနီခင်ဗျား

    ဆရာမဆီက ကူးတယ်ဆိုတာတွေက ကျွန်တော် အကုန်ကူးတာမဟုတ်ပါဘူး။ စီဘောက်စ်မှာရေးခဲ့တာလည်း တော်ောတ်များများလို့ပါပြီါ်သားပါ။ ကျွန်ောတ်မှတ်ထားတဲ့အချက်တွေနဲ့တူတာတွေကိုပဲ ထည့်လိုက်တာပါ။ ဒါကြောင့် တချို့တွေ ပြုတ်သွားတာပါ။ ဒီပွဲအကြောင်းရေးရာမှာလဲ ကျွန်တော် ဘာတစ်ခွန်းမှ ၀င်ရောက်ပြောဆိုထားခြင်းမရှိပါဘူး။ ကျွန်ောတ်ကြားတဲ့စကားလုံးတွေကိုပဲ ချေ၇းထားတာပါ။ ဒါကြောင့် ကျွန်တော့်ရေးသားချက်ဟာ မျှမျှ တတတွေ။ မမျှမတတွေဆိုတဲ့စကားလုံးတွေနဲ့ပညတ်ဖို့လည်း လိုအပ်မယ်မထင်ပါဘူး။ ဆွေးနွေးသွားတာတွေမှာလဲ မဖော်ပြသင့်ဘူးလို့ ယူဆချင်စရာမပါဘူးလို့ ကျွန်တော်မြင်တာကြောင့် တော်တော်များများကိုထည့်ရေးထားတာပါ။
    ဆရာမဆီက ကူးယူတာကို ကြိုတင်ခွင့်မတောင်းမိတဲ့အတွက်တော့ခွင့်လွှတ်ပါ။ ဆရာမရေးထားတာတွေနဲ့ ကျွန်တော်မှတ်ထားတာတွေ တူနေတဲ့အချက်တွေကို ကူးယူလိုက်တာပါ။

    အွန်လိုင်းပေါ်မှာ ထားရှိအပ်တဲ့ ကျင့်ဝတ်များကို ညွှန်ပြပေးသွားတဲ့အတွက်လည်း အထူးကျေးဇူးတင်ရပါတယ်။
    ဆက်လက်ကြိုးစားသွားပါဦးမယ်။

    ReplyDelete