Thursday, July 26, 2012

ပု စ္ဆာ



မိုးလေးက တစ်ပြိုက် နှစ်ပြိုက်

ကောင်းကင်ကြီးက မှုန်မှိုင်းမိုက်

ဒီ့နောက်....သဲသဲမဲမဲ ရွာသွန်းလိုက်

လေကလေးက  ပြင်းပြင်းတိုက်

ဥတုက အိမ်တွေကို ခေါင်လှန်ကိုက်

ကပ်မိုးကြားက မိုးစက်တွေ ယိုစီးခိုက်

ချောင်တစ်ချောင်မှာ နှစ်နှစ်အရွယ် မောင်လေးကို ပိုက်

ငိုကြွေးနေတဲ့ကောင်မလေးကို သဘာဝက ခြောက်လှန့်ရိုက်

ဖေကြီး ဘာလို့ပြန်မလာသေးတာလဲ

မေကြီး ဘာကြောင့် သမီးတို့ကို ခွဲသွားတာလဲ

မောင်လေး ဘာကြောင့်ငိုနေရတာလဲ

ဝမ်းဗိုက်ထဲက ဘာလို့ တကျုတ်ကျုတ်ဆာလောင်နေရတာလဲ

မိုးတွေကရော.....ဘာကြောင့် မစဲဘဲ ရွာနေသေးတာလဲ........။         ။


ဝေမိုးနိုင်(မုံရွာ)


Wednesday, July 18, 2012

ပုံနှိပ်စာမျက်နှာနှင့် ဖန်သားပြင်စာမျက်နှာ မီဒီယာအားပြိုင်ဆွေးနွေးပွဲ (ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းTeen Magazine)


ခုတစ်လော ကျွန်မတို့ရဲ့ ဖူးငုံ ဆယ်ကျော်သက် teen  magazine ကနေ လူငယ်များအတွက် အဓိက ရည်ရွယ်ပြီး သုံးလတစ်ခါ..လေးလတစ်ခါ ..ပွဲလေးတွေ စီစဉ်ပြုလုပ်ပေးလျက်ရှိနေပါပြီ..။ ပထမအကြိမ် ဖူးငုံရဲ့ ၉နှစ်မြောက်နှစ်ပတ်လည် အမှတ်တရအနေနဲ့ စက်တင်ဘာ ၂၀၁၁ မှာ တစ်ကြိမ်၊ ဇန်န၀ါရီ ၂၀၁၂ မှာတော့ “လွပ်လပ်မှု..ငြိမ်းချမ်းရေးနှင့် အနုပညာ ဆွေးနွေးပွဲ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒုတိယအကြိမ်အဖြစ်ကျင်းပပေးခဲ့ပြီးပါပြီ။  ခုလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ စာပေမီဒီယာတစ်ခု ဖြစ်ထွန်းရေးအတွက်ရော..၊ကျွန်မတို့နိုင်ငံရဲ့  လက်ရှိမီဒီယာလောကကို ထင်ဟပ်စေမယ့်ဆွေးနွေးပွဲလေးတစ်ခုကို ဖန်တီးချင်တာရောကြောင့်ပါ ဖူးငုံဆယ်ကျော်သက်ရဲ့ အယ်ဒီတာ တစ်ဦးဖြစ်တဲ့ စာရေးဆရာမ မသီတာ(စမ်းချောင်း)နဲ့ အတူ ပူးပေါင်းစီစဉ်ခဲ့ကြပါတယ်..။
        တိုးတက်ပြီး နည်းပညာထွန်းကားလာတဲ့ ခေတ်ထဲမှာ ကျွန်မတို့ရဲ့ မီဒီယာဟာ ခေတ်နောက်ပြန်ဆွဲနေလို့ မဖြစ်တော့ပါဘူး။အရင်လို ပုံနှိပ်မီဒီယာတစ်မျိုးတည်းကိုသာ ဖတ်ရှုလို့ အဆင်မပြေနိုင်တော့တာမို့ ..နည်းပညာရဲ့ အကူနဲ့  အွန်လိုင်းမီဒီယာဟာ ပိုလို့နေရာရနိုင်ခဲ့ပြီဖြစ်ပါတယ်။ လူအများစုဟာ အလုပ်ထဲကြုံလို့  အင်တာနက်သုံးရင်းစာဖတ်လိုက်တာမျိုး..လူထု ဆိုက်တွေမှာ စာတွေတင်ကြတာမျိုးနဲ့ အွန်လိုင်းပေါ်မှာတင် စာပေဥယျာဉ်ကြီးတစ်ခု ဖြစ်ထွန်းနေပြီ မဟုတ်ပါလား။ သည်လိုခေတ်ကြီးထဲမှာ ပုံနိပ်မီဒီယာရဲ့ role ဟာကျဆင်းနေလို့တော့ မဖြစ်ပါဘူး။မြန်မာနိုင်ငံရဲ့ စာဖတ်နှုန်းဟာ အင်မတန်နည်းတာမို့  ဘယ်မီဒီယာကိုရွေးချယ်ပါစေ..စာဖတ်ဖြစ်ဖို့ကသာ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ့် မီဒီယာကိုရွေးချယ်ပြီး ရသစာပေပိုမိုဖွံ့ ဖြိုးရေးအတွက် အထူးရည်ရွယ်ကာ သည်လို ထူးခြားတဲ့ ပွဲလေးကိုစီစဉ်ဖြစ်ခဲ့ပါတယ်..။ဒါဟာ စကားရည်လုပွဲတစ်ခု မဟုတ်ပါဘူး။ မိမိမီဒီယာအတွက် ယုံကြည်စွာဆွေးနွေးခြင်းဟာ သူတစ်ပါးအာနည်းချက်ကို နင်းခြေတာမျိုးမဟုတ်ပဲ...မိမိတို့ရဲ့ အာသာချက် အားနည်းချက်များကိုကောင်းစွာသဘောပေါက် နားလည်ပြီး မီဒီယာလောကကို တစ်နည်းနည်းနဲ့ အကျိုးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်..။
        သည်ပွဲမှာ ပါဝင်ဆွေးနွေးမယ့် စာရေးဆရာ ဆရာမများဟာလည်း ဖူးငုံမှာ ပါဝင်ရေးသားခဲ့ဖူးသူများဖြစ်ပါတယ်..။ ပုံနှိပ်မီဒီယာဘက်မှာ ဆရာ ဝေမိုးနိုင်(မုံရွာ)၊ ဆရာမ နန်းကြာဖြူ(ဘားအံ)နဲ့ ဆရာမ ခင်ဆုမြတ်ထွန်းတို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပြီး အွန်လိုင်းမီဒီယာဘက်မှာတော့ ဆရာနေဘုန်းလတ်၊ ဆရာမ မြသွေးနှီ၊ ဆရာ သူရဿဝါတို့ဆွေးနွေးပေးကြမှာဖြစ်ပါတယ်။ ဆရာမ ခင်သန္ထာကိုတော့ အားပြိုင်ဆွေးနွေးကြမယ့် စာရေးဆရာများနှင့်အတူ ပါဝင်ကူညီဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။  ပွဲချိန်အနေနဲ့ ၂၈ ဂျူလိုင် နေ့လည် ၂နာရီမှ ၄နာရီအထိ.ရွှေဂုံတိုင်က...တော်ဝင်နှင်းဆီ စားသောက်ဆိုင်ရဲ့ ခန်းမမှာ ကျင်းပပြုလုပ်သွားမှာမို့  စိတ်ဝင်စားသူမည်သူမဆို ၀င်ကြေးအခမဲ့ တက်ရောက်နိုင်ပါတယ်..။ ထူးခြားတာတစ်ခုက သည်ပွဲမှာ ပါဝင်ကူညီဆွေးနွေးကြဖို့  ပရိတ်သတ်များကိုပါ ခင်းကျင်းပေးမှာဖြစ်ပြီး ..ဆွေးနွေးသူတစ်ဦးချင်းစီအတွက် ဖူးငုံစာအုပ်လက်ဆောင်ချီးမြှင့်သွားမှာဖြစ်ပါတယ်။
         လွတ်လပ်ပွင့်လင်းစွာနဲ့ မိမိရဲ့ အမြင်ကို ကျွန်မတို့တွေနဲ့ အတူတူမျှဝေနိုင်ဖို့ ..ရသစာပေထွန်းကားရေးနဲ့  ပြည်သူများအတွက် မိမိတို့နဲ့ အကိုက်ညီဆုံးမီဒီယာကို ရွေးချယ်ဖတ်ရှူနိုင်စေဖို့ ကျွန်မတို့ရဲ့ မီဒီယာအားပြိုင်ဆွေးနွေးပွဲလေးကို အရောက် တက်လှမ်းကြပါလို့ စာချစ်သူများကို ဖိတ်ခေါ်လိုက်ပါရစေ..။

အယ်ဒီတာ - မသီတာ(စမ်းချောင်း)၊ ဦးမျိုးမြင့်ညိမ်း
စီစဉ်သူ     -လင်းစက်နွယ်
အချိန်       - ၂၈.၇.၂၀၁၂ (စနေနေ့) နေ့လည် ၂မှ ၄ အထိ
နေရာ       - တော်ဝင်နှင်းဆီ၊ ရွှေဂုံတိုင်၊ဗဟန်းမြို့ နယ်
ပါဝင်မည့်သူများ -

ပုံနှိပ်မီဒီယာ - ဆရာဝေမိုးနိုင်(မုံရွာ)၊ ဆရာမ နန်းကြာဖြူ(ဘားအံ)၊ ဆရာမခင်ဆုမြတ်ထွန်း

အွန်လိုင်းမီဒီယာ- ဆရာနေဘုန်းလတ်၊ ဆရာမ မြသွေးနီ ၊ ဆရာ သူရဿဝါ



ဒီစာလေးကတော့ ပွဲစီစဉ်သူ စာရေးဆရာမ လင်းစက်နွယ်ရဲ့ ဖေ့စ်ဘွတ်ပေါ်က noteလေးပါ။ တက်ရောက်နားဆင်နိုင်သည့် အခြေအနေရှိသူတိုင်းကို ဖိတ်ခေါ်ပါသည်။
ဝေမိုးနိုင်(မုံရွာ)

Monday, July 16, 2012

“ မြန်မာ့အာဇာနည် ”

ဒီစာအုပ်လေးက အာဇာနည်နေ့အကြောင်း ကာတွန်းလေးပါ။

၁၉ဇူလိုင် မမေ့နိုင်

မျက်ရည်သွန်းဖြိုး တဖြိုင်ဖြိုင်

အာဇာနည်များ ကျဆုံးကြ

မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်မရ

နယ်ချဲ့ကျေးကျွန် သူယုတ်မာ

ရိုင်းစိုင်းပက်စက် ကြံဝံ့တာ

ဗိုလ်အောင်ဆန်းနှင့်ညီနောင်တစ်စု

ပြည်သူ့ထံမှ ခွဲခွာမှု

လွတ်လပ်ဖို့ရေး ကြိုးပမ်းတာ

ရဲရဲဝံ့ဝံ့ မနေမနားပါ

ကိုယ်ကျိုးမဖက် ပြည်သူအတွက်

အာဇာနည်တို့ ဆောင်ရွက်ချက်။            ။


ဝေမိုးနိုင်(မုံရွာ)

(၆၅) နှစ်မြောက် အာဇာနည်နေ့အမှတ်တရ

Wednesday, July 11, 2012

လွင်ပြင်ဆည်းဆာ စိမ်းလန်းစွာ

ခိုင်ရွှေဝါနဲ့ နှင်းဆီ
သနပ်ခါးပင်


နှင်းဆီနက်ဟု ဆိုသည်။
 အဘွားအို
ပန်းပင်တစ်အုပ် 
အလုပ်ရှုပ်နေပေါ့။

စံပယ်၊ နှင်းဆီ ၊ ဇီဇ၀ါ ၊ သနပ်ခါး၊ 
ခိုင်ရွှေဝါနဲ့သစ်မင်း
အလှချင်းတွေပြိုင်ကုန်ကြ
မွှေးရနံ့တွေသင်းပျပျ
စိမ်းလန်းခြင်းက အေးမြမြ
မာနတွေ ခ၀ါချမိရ
ဒေါသတွေ အရည်ပျော်ကျ
လောဘတွေ လောင်မီးကျ
ရိုးတံစိမ်းစိမ်း သစ်ရွက်စိမ်းစိမ်းကြား
ပန်းပွင့်လေးတွေက ဖြူနီညိုပြာ ယိမ်း
သစ်ပင်တွေ ပထ၀ီမြေထုအောက်
 နစ်မြုပ်ပျောက်ကွယ်စပြုနေတဲ့အကြောင်း
ပင်လယ်သမုဒ္ဒရာတွေကောင်းကင်အထက် 
ထွက်ပြေးပုန်းရှောင်နေတဲ့အကြောင်း
မြေဆီလွှာတွေ ကိုလိုနီနယ်မြေရှာဖွေနေရတဲ့အကြောင်း
အဘွားအို တစ်ခုမှ မသိ
သူသိတာ အေးချမ်းတာ၊ သာယာတာ၊
နှလုံးစိတ်ဝမ်း ရွှင်လန်းနေတာ
ကြည်ကြည်နူးနူး ရယ်ရယ်မြူးမြူး
ဆူးစူးတာတောင် အပြုံးမပျက်ဘူး
အဘွားအို ရင့်ကျူးတယ်
ဒီဒုက္ခတော့မမှုဘူးတဲ့
ဟိုနားစိမ်းစိမ်း၊ ဒီနားစိမ်းစိမ်း
မြင်သမျှဟာ စိမ်းနေတယ်
ကြာရင် ငါပါစိမ်းသွားတော့မှာ 
ငါပါ သစ်ပင်တစ်ပိုင်း ပန်းပင်တစ်ပိုင်းဖြစ်သွားတော့မှာ
ဒါကြောင့်  သူတို့အတွက် ငါ  အမျက်ထွက်စရာမလိုဘူးတဲ့
ကြားရ နားဝချမ်းမြေ့စရာ
မြင်ရ ဘ၀င်က ကြည်မွေ့ချင်စရာ
အနာဂတ်ဟာလည်း လှလှပပ စိမ်းစိမ်းမြမြ
ပုတီးတစ်လက် ပန်းတစ်ခက်နဲ့ 
ရှုမျှော်နေတာ ညိုမှောင်ရီဆည်းဆာ
ငြိမ်းချမ်းရေးဟာ သံလွင်ခက်မလို ၊ ချိုးဖြူငှက်မလိုဘဲ
အဘွားအိုရဲ့ နံဘေးမှာ....။

ခုလည်း 
အဘွားအိုဟာ  
ပန်းပင်တစ်အုပ်နဲ့အလုပ်ရှုပ်နေတာ..........။           ။

ဝေမိုးနိုင်(မုံရွာ)

Tuesday, July 3, 2012

ပွင့်ချိန်တန်လျှင်

 ဒီနေ့(၃.၇.၂၀၁၂)။ မဂ္ဂဇင်းစာမျက်နှာပေါ် ကျွန်တော့်စာမူလေးစတင်ရောက်ရှိတာ လေးနှစ်တိတိပြည့်တဲ့နေ့။
အမှတ်တရအနေနဲ့ ပထမဆုံးပုံနှိပ်စာမူလေးကိုပြန်လည်တင်ပေးလိုက်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အိမ်မှာပွင့်တဲ့ စံပယ်ပန်းလေး
   ရယ်ရအခက်၊ ငိုရအခက်ပဲ။ ကြည့်ရတာလည်း ဟာသပဲ။ ချစ်ချစ်ရယ်လေ.... .အစ်ကိုကြီးသမီးနဲ့ အရုပ်ပြိုင်လုနေလေရဲ့။ ဟိုကောင်မလေးက အခုမှ ငါးနှစ်ပဲ ရှိသေးတာ။ ချစ်ချစ်က နှစ်ဆယ့်ငါးနှစ်ကျော်နေပြီ။ အစ်ကိုကြီးကလဲ ရယ်ပြီး ကြည့်နေတယ်။ အစ်ကိုကြီးမိန်းမကတော့ အစ်ကိုကြီးကို တစ်လှည့် ၊ချစ်ချစ်ကိုတစ်လှည့် မျက်စောင်းထိုးနေလေရဲ့။
                         ကျပ်မပြည့်တဲ့ ကောင်မလေးဆိုပြီးချစ်ချစ်ကို တစ်မိသားစုလုံးက အလိုလိုက်ထားကြတယ်။ ချစ်ချစ် ဘာလိုချင်လဲ၊ ချစ်ချစ် ဘာဖြစ်ချင်လဲ၊ အကုန် လုပ်ပေးတယ်။ ထမင်း၊ ဟင်း မချက်ခိုင်းဘူး။ အိမ် အလုပ် မလုပ်ခိုင်းဘူး။ အိမ်မှာ ပေါ် ကြော့ပဲ။ စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်နဲ့ ဟန်ကိုကျလို့။
                          မွေးစကတော့ ချစ်ချစ်ကို ကျပ်မပြည့်မှန်းမသိကြဘူး။  အဲ......ချစ်ချစ် ခုနှစ်နှစ်၊ ရှစ်နှစ် အရွယ်ေ၇ာက်တော့ ကျောင်းစာတွေမှာလဲ မလိုက်နိုင်၊ တခြားကလေးတွေလို အရွယ်နဲ့ အညီ တွေးခေါ်ပြုမူနိုင်ခြင်း မရှိတာကို မိဘတွေ တဖြည်းဖြည်း သိလာပြီး ပညာရေးကို လျစ်လျူရှုခဲ့ရတော့တယ်။ ဒီလိုနဲ့ ချစ်ချစ်ဟာ မိသားစုရဲ့ ကရုဏာကြောင့် အိမ်မှာထင်တိုင်းကြဲလာတော့တာပါပဲ။ အရင်ကတည်းက အဖေ ၊ အမေတွေရဲ့ အသည်းကျော်၊ ခုလို ဖြစ်လိုက်တော့ အသနားပိုပြီး အလိုလိုက်ထားကြတော့တာပေါ့ ။