Monday, June 11, 2012

စာရေးဆရာမောင်သော်က နှစ်ဆယ့်တစ်နှစ်ပြည့်အလွမ်း


 ဒီကနေ့ ဇွန်လ (၁၁)ရက်နေ့ဟာ စာရေးဆရာ ၊ ရေတပ်ဗိုလ်မှူး  ဆရာမောင်သော်က (ခ) ဗိုလ်မှူးဘသော် ကွယ်လွန်တာ နှစ်ဆယ့်တစ်နှစ်ပြည့်တဲ့နေ့ပါ။ ဒါကြောင့် ဂူဂဲလ်ကနေ ဆရာနဲ့ပတ်သတ်တဲ့အချက်အလက်အချို့ကို မျှဝေလိုက်ရပါတယ်။

 စာရေးဆရာ မောင်သော်က (၁၉၂၈-၁၉၉၁)
မောင်သော်က ၊ ဒေါ်အောင်ဆန်းစုကြည်၊ ခင်သီတာထွန်း
စာရေးဆရာ ကဗျာဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ - ၁၉၉၁)
၁၉၂၈ ခုနှစ်၊ ရွှေဘိုမြို့တွင် အဖ ဦးမှန်ကြီး၊ အမိ ဒေါ်မြိုင်တို့မှ ဖွားမြင်သည်။ သားသမီး ၄ ယောက် အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်။ ယင်းနှစ်တွင်ပင် ဗမာ့ ရေတပ်မတော်သို့ တပ်သား အဖြစ် ဝင်ရောက် အမှုထမ်းခဲ့သည်။ တပ်မတော် (ရေတပ်) တွင် ဗိုလ်မှူး ရာထူး အထိ ထမ်းဆောင်ခဲ့သည်။၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် မိမိ စစ်ရေယာဉ်မှူး အဖြစ် တာဝန် ထမ်းဆောင်နေသော တိုက်ရေယာဉ် ၁၀၃ သည် မဟာမိတ် ကျွန်းစုများ တဝိုက် ငါးဖမ်း သင်္ဘောများကို လိုက်လံ နိုမ်နင်းရေး တာဝန် ထမ်းဆောင်နေစဉ် မုန်တိုင်းမိကာ ပင်လယ်ပြင်တွင် မျောနေခဲ့သည်။ ဗိုလ်ကြီး ဘသော် (မောင်သော်က) နှင့် ရဲဘော် ၁၀ ဦးတို့သည် အသက်ကယ်ဖောင်ဖြင့် ၁၃ ရက်ကြာမျှ ပင်လယ်ပြင်တွင် မျောနေရာမှ ဂျပန် ကုန်တင် သင်္ဘောတစီးက တွေ့ရှိ ဆယ်ယူခဲ့၍ အသက်မသေ ကျန်ရစ်သူ ၁၀ ဦးတွင် ပါဝင်သည်။စာပေ ရေးသားခြင်းကို ကျောင်းသားဘဝမှ စတင်၍ စစ်ပြန်၊ ပဒေသာ မဂ္ဂဇင်း၊ စစ်နှလုံး ဂျာနယ်၊ မြဝတီ၊ ငွေတာရီတို့၌ ဆောင်းပါးများ၊ ဝတ္ထုများ များစွာ ရေးသား ဖော်ပြခဲ့သည်။
ရေကြောင်း စွန့်စားခန်း ဝတ္ထုများ များစွာ ရေးသားရာတွင် ဗိုလ်ဘသော် (ရေတပ်) ဟု ကလောင် အမည်သုံးသည်။တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၆၉ ခုနှစ်တွင် တပ်မှ အငြိမ်းစားယူကာ ရှေ့သို့၊ ဖော်ဝပ်၊ အင်္ဂလိပ် မြန်မာ နှစ်စောင်စလုံးတွင် စာတည်းချုပ် အဖြစ် တိုင်းပြည် တာဝန်များကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ မောင်သော်ကသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာလုံးဖြင့် ဝတ္ထု၊ ဆောင်းပါးများကို ပိုင်နိုင်စွာ ရေးသားနိုင်သူ ဖြစ်ကာ နေ့စဉ် သတင်းစာများ၌ အချိန်အားလျော်စွာ ရေးသားခဲ့သော မောင်သော်က၏ ဆောင်းပါးများမှာ သတင်းစာဖတ် ပရိသတ်ကို အထူးနှစ်ချိုက်စွာဖြင့် စောင့်မျှော် ဖတ်ကြရသည့် ဆောင်းပါးများ ဖြစ်သည်။နောက်ပိုင်းတွင် အင်္ဂလိပ်စာ၊ စကား သင်ကြားပို့ချခြင်း၊ ရေကြောင်း သိပ္ပံ အတတ်ပညာများကို နိုင်ငံခြားသွား သင်္ဘောသားများအား သင်ကြား ပို့ချပေးခြင်း၊ စာပေ ကဗျာ ရေးသားခြင်း စသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။


စာရေးဆရာ မောင်သော်က (Image- from Google)

နိုင်ငံရေး နောက်ခံ

မြန်မာ့ တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူး ဘသော်ဟု လူသိများသည်။ မေယုတိုက် သင်္ဘောကို အင်္ဂလိပ် အစိုးရထံမှ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဦးဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြု တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ အထူးသဖြင့် သရော်စာ ရေးရာတွင် နာမည်ကြီးသူ တဦး ဖြစ်သည်။ မဆလခေတ် တလျှောက် ခေတ်စနစ်နှင့် လူထု ဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချ ရေးသားခဲ့သူ ဖြစ်သည်။ နိုင်ငံတကာ စာပေ တချို့ကို ဘာသာ ပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ် မတိုင်မီက ရေးသားခဲ့သည့် "တိုက်ရေယာဉ် ၁၀၃" အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့  မှတ်တမ်းမှာ လူကြိုက်များ ထင်ရှားသည်။
၈၈၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ထို့နောက် စာနယ်ဇင်း သမဂ္ဂတွင် ဥက္ကဋ္ဌ အဖြစ် ရွေးချယ် ခံရသည်။ နိုင်ငံရေး ပါတီများ ဖွဲ့စည်းချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ဆက်လက် ပါဝင်သည်။ ဗဟို ဦးစီး အဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေး တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရသည်။ ဦးဘသော်၏ လှောင်ပြောင် သရော်သော မိန့်ခွန်းများ၊ ကဗျာများနှင့် ဆောင်းပါးများမှာ မြန်မာနိုင်ငံတွင် နာမည်ကြီး လူကြိုက် များလှသည်။ "သူ့ စာပေက ပြည်သတွေကို ရယ်စေတယ်။ တချိန်တည်းမှာ ဒေါသနဲ့ နာကြည်းမှုတွေကိုလည်း လှုံ့ဆော်ပေးတယ်" ဟု သူ့ မိတ်ဆွေ တဦးက ပြောပြသည်။ သူသည် ကမ္ဘာ့ စာပေထဲမှ အမြောက်အများကို မြန်မာ ဘာသာသို့ ပြန်ဆို ပေးခဲ့သည်။ သူ့အား ဖမ်းဆီး ထောင်ချထားစဉ် ကာလမှာပင်လျှင် သူသည် ကဗျာများကို လျှို့ဝှက် ရေးခဲ့သေးသည်။

သေဆုံးပုံ။

အဖမ်း မခံရခင် ကတည်းက ဆရာ မောင်သော်ကတွင် ကုသ၍ မရသော အကြောသေ ရောဂါ ရှိသည်။ ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ အင်းစိန် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက် ခံရပြီးနောက် သမံတလင်းပေါ်တွင် မည်သည့် အခင်းမှ မပါဘဲ အိပ်ခဲ့ရသဖြင့် လေဖြတ် သွားသည်။ ထောင်ဆရာဝန်၏ သာမန် ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန်များဖြင့် ကုသရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် နှလုံး ရောဂါ ဖောက်လာသဖြင့် အာဏာပိုင်များက ဦးဘသော်အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ထို့နောက် သုံးရက် အကြာ၊ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး အချုပ်ခန်း အတွင်း၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။ ကန်တော်ကလေးစွန်နီ မွတ်စလင်မ် သုသာန်တွင် မြှုပ်နှံသဂြိုလ်ခဲ့သည်။
 wikimyanmar.co.cc  မှ ကူးယူဖော်ပြသည်။

ကိုယ်တိုင်ကြုံသေတွင်းထွက် အဖြစ်အပျက်ကို ပုံဖော်ရေးသားထားတဲ့ တိုက်ရေယာဉ် ၁၀၃ ကို ကျွန်တော်တို့ တပ်မက်စွာ ဖတ်ရှုခဲ့ကြရပါတယ်။ (Image- from Google)
 ဒီဝတ္ထုကိုရွှေအမြုတေ မဂ္ဂဇင်းမှာ ပြန်လည်တူးဖော်ခြင်း အခန်းဆက်ထည့်ဖူးပါတယ်။ ဖတ်လိုသူများ၊ မဖတ်ဖူးသေးသူများအတွက် လင့်ခ်လေးကတော့  ဒီမှာပါ။

 အောက်ပါကဗျာကတော့ http://oothandar.blogspot.com  မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

 

(၁)
အနှစ်၂၀ ဆိုပါလားဟေ့ …။
အမြင်ကပ်လောက်အောင်
ကိုယ့်ကိုယ်ကိုယ် တပ်မက်စိတ်ရှိသူများက
ကြောင်သူတော်သောကနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
ကောက်ကျစ်သော အမြင်တိုသော
ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့ 
လူလားမြောက်လာတဲ့ အာဏာပါးကွက်သားတို့က
ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ မတတ်စွမ်းနိုင်တဲ့
ကောက်ရိုးမျှင် ဥပဒေနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
အကောင်းအဆိုးအပေါ်မှာ
ရှက်ဖွယ်လိလိ ဥပက္ခာပြုနိုင်သူများက
ယုတ်ညံ့သိမ်ဖျင်းမှုနဲ့
မသန့်စင်သောအရာမှန်သမျှ မုသားပုဒ်မနဲ့လေ…။

အနှစ်၂၀ ဆိုပါလားဟေ့ …။
ရုပ်မှာ အာဏာနဲ့ ကျည်ဆန်
နာမ်မှာ ဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့ ခုံရုံးအမိန့်နဲ့လေ…။

(၂)
“မီးပွားကလေးကနေပြီး မီးတောက်ကြီးဖြစ်လာတဲ့အခါမှာ
ကမ္ဘာမြေပေါ်မှာရှိတဲ့ အညစ်အကြေးဟူသမျှနဲ့
လူလေလူလွင့် ဂျပိုးတေလေတွေကို လောင်စားသွားလိမ့်မယ်…” (ဂေါ်ကီ)
မောင်သော်ကရဲ့ ‘မီးခြစ်တဆံ’ ဟာ
နောင် … အနှစ် ၂၀ ကြာတဲ့အခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင် ဖြစ်လာလိမ့်မယ် ။ ။

မောင်သော်က (ခ) ဗိုလ်မှူးဘသော်

ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်) အကျဉ်းထောင်အတွင်းမှာ ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲမှတပုဒ်ဖြစ်သည်။


၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးသည်။





အခု ဖော်ပြမယ့်ဆောင်းပါးကတော့  ဟံသာဝတီဦးဝင်းတင် ရေးသားပြီး The Myanmar Independent News Journal အမှတ်(၀၄) ၊ ၇၊ ဇွန်၊ ၂၀၁၂ နေ့ထုတ်မှာဖော်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ 


နိုင်ငံရေးအလွမ်း - ဟံသာဝတီဦးဝင်းတင်

ဗိုလ်မှူး ဘသော် (ခ) မောင်သော်က
ဗိုလ်မှူးဘသော်(ခ) မောင်သော်က

                          ကိုသော်က ထောင်ထဲမှာ ဆုံးခဲ့တာ နှစ်ပေါင်း၂ဝကျော်သွားပြီ၊ လွန်ခဲ့တဲ့ နှစ်ကာလတွေ မဟုတ်ဘူး။ မိတ်ဆွေတွေ၊ ရဲဘော်တွေ၊ မိတ်ဟောင်း ဆွေဟောင်းတွေ (ကျုပ်အပါအဝင်ပေါ့လေ) ကတော့ ဒီနေ့အထိ မမေ့သေးဘူး။ သူ့ရဲ့ ရွန်းရွန်းဝေတဲ့ စကားတွေ ရင်ထဲမှာ ယားယားကျိကျိ မာတိတိဖြစ်တ၊ဲ့ ကလိတိတိ ဖြစ်အောင်လုပ်တဲ့ သူရဲ့ပြက်လုံးတွေဟာ မနေ့က ပြောခဲ့တဲ့ စကားတွေ၊ အရွန်းအပြက်တွေလို့ကို ထင်နေကြတုန်းပါပဲ။
ကိုသော်က ကျုပ်အိမ် မကြာမကြာ ရောက်လေ့ရှိတယ်။ အပေါင်းတွေအသင်းတွေနဲ့ပေါ့။ အရောက်ကျဲကျဲနဲ့ အမြဲလို ရောက်လာတတ်တာကတော့ ကွယ်လွန်သူ ဗိုလ်မှူးမောင်ထူးနဲ့ပါပဲ။ မောင်ထူးကလဲ ဟာသစကား အပြောကောင်း အရွန်းကောင်းဗျ။
ကိုသော်ကနဲ့ ကျွန်တော် ဆုံတိုင်း စာအကြောင်း ပေအကြောင်း မိတ်အကြောင်း ဆွေအကြောင်း၊သူ့ အကြောင်း ငါ့အကြောင်းပါပဲ။ နိုင်ငံရေးအကြောင်းရယ်လို့တော့ ထိထိခိုက်ခိုက်ကလေး ပြောကြတယ်ရယ်လို့တော့ မရှိလှပါဘူး။ ဒါပေမဲ့ သူနဲ့ကျူပ်နဲ့ သိကြကျွမ်းကြ ဆွေးကြနွေးကြတဲ့ အချိန်ကာလက အနှောင်းဝိပ္ပတ္တိကာလ ကြီး၊ အပင်းဝိပ္ပတ္တိကာလကြီးလေဗျာ။ ဒီတော့ မကြည်မသာ မတရားမှုသတင်းဆိုးတွေ၊ ဖြစ်ရပ်ဆိုးတွေ၊ လုပ်ရပ်ဆိုးတွေ ကိစ္စမျိုးတွေကိုတော့ ပြောဆိုမိခဲ့ကြတာပေါ့။
ကျုပ်တို့စကားဝိုင်းက နိုင်ငံရေးစကားဝိုင်းမဟုတ်ဘူးလို့ ဆိုနိုင်တယ်။ နိုင်ငံရေး ဝေါဟာရပါတဲ့ မတရားမှု ဆန့်ကျင်ရေး စကားတွေ ပြောတဲ့ စကားဝိုင်းလို့ ပြောနိုင်တာပေါ့။
၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၉ ရက်မှာ ကျူပ် သူ့အိမ်ပေါ်တက် သွားတယ်။ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ အလွန် နောက်တစ်ရက်ပေါ့။ အဲဒီနေ့ကတော့ ကျုပ်ရဲ့ စကားဝိုင်းက ရယ်စရာ၊ မောစရာမပါတဲ့ နိုင်ငံရေးကာလ ပိုင်းပါပဲ။
အဲဒီစကားဝိုင်းက အဲဒီအချိန်က တစ်ပါတီ အာဏာရှင်မဆလအစိုးရရဲ့ ကျူးလွန်ခဲ့တဲ့ လူသတ်ပွဲကြီး၊ ဖိနှိပ်မှုကြီး၊ နှိပ်ကွပ်မှုကြီးကို ရပ်ဆိုင်း၊ ရုပ်သိမ်းဖို့ ပြည်သူလူထု တောင်းဆိုနေတဲ့ ဒီမိုကရေစီ အခွင့်အရေး တွေကို လိုက်လျောပေးအပ်ဖို့ တောင်းတာပဲဖြစ်တယ်။ ကြေညာချက်ထုတ်လိုက်နိုင်တယ်။
အဲဒီတောင်းဆိုချက် ကြေညာစာတမ်းဟာ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ၊ ကဗျာဆရာတွေ၊ အနုပညာရှင်တွေရဲ့ သဘောထား ထုတ်ဖော်ချက်ပဲ ဖြစ်ပါတယ်။
ကြေညာစာတမ်းမှာ ထိပ်ဆုံးက လက်မှတ်ထိုးဖို့ မောင်သော်ကကို ကျုပ်တိုက်တွန်းခဲ့တယ်။ မောင်သော်က က ကျုပ်လက်မှတ်ထိုးပါလို့ တိုက်တွန်းပါတယ်။ ကျုပ်က ““ခင်ဗျားက ကဗျာဆရာ၊ စာရေးဆရာ၊ ကျော်ကြားတဲ့သူ၊ လူသိပိုများတဲ့သူ၊ စာပေသြဇာတန်ခိုးကြီးတဲ့သူ။ ဒါကြောင့်ထိုးပါ””လို့ ပြောတယ်။ နောက်ဆုံး သူသဘောတူ တယ်။
နောက်ပိုင်း ကျူပ်တို့ စာပေစာနယ်ဇင်းသမဂ္ဂ ဖွဲ့ကြတယ်။ သမဂ္ဂမှာ ကိုသော်က ဥက္ကဌဖြစ်လာတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဖွဲ့တော့ ကိုသော်ကတို့၊ မောင်မိုးသူတို့ အဖွဲ့ချုပ်ထဲ ဝင်သွားတယ်။ အဖြစ်မှန်တိုင်းပြောရင် သူတို့ ဆွဲခေါ်လို့ ကျုပ်အဖွဲ့ချုပ်ထဲ ရောက်ခဲ့ရတာဗျ။
ဒီနေ့ဒီအချိန်မှာ ကိုသော်ကရှိရင် တကယ်အရေးရောက်မယ့်ခေါင်းဆောင် ဖြစ်နေမှာသေချာတယ်။ ခေါင်းဆောင်လောက် မဟုတ်ဘူး။ တကယ်အရေးရောက်တဲ့ အင်အား ဖြစ်လာမှာဗျ။
ကိုသော်ကကို လွမ်းတယ်ဗျာ၊
သူ့ဟာသတွေ ၊ အရွန်းတွေ၊ သူ့စာတွေ၊ ကဗျာတွေကိုသာ လွမ်းတာမဟုတ်ဘူး။
သူ့နိုင်ငံရေးကို လွမ်းတာဗျ။
နိုင်ငံရေး အလွမ်း ဆိုပါတော့ဗျာ။


ဟံသာဝတီ ဦးဝင်းတင်
အဲဒီအပတ်ထုတ် မြန်မာအင်ဒီပဲန်ဒန့် မှာပဲဖော်ပြထားတဲ့ ဆရာဦးဝင်းငြိမ်းရေးသားတဲ့ “ ရှိစေချင်တဲ့ ကျွန်တော့်ဦးလေး” ဆောင်းပါးနဲ့ ၀င်းငြိမ်းနှင့်စာရေးဆရာများ အင်တာဗျူးစာအုပ်မှာဖော်ပြထားတဲ့ ဆရာဦးဝင်းငြိမ်းနဲ့ ဆရာမောင်သော်က အင်တာဗျူးထဲက ကောက်နုတ်ချက်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။ 


ဝေမိုးနိုင်(မုံရွာ)

2 comments:

  1. ခုမှသိရတယ် ဝေမိုးရေ။ ဆရာသော်က အကြောင်းလေး ကို သိ၇အောင်ဝေမျှပေးတာ ကျေးဇူးတင်တယ်။ နောက်လည်း သိတာလေးတွေ ဝေမျှပါဦး။
    အစ်မ
    ဝသုန်

    ReplyDelete
  2. ဆရာဦးသော်ကအကြောင်း ဖတ်ရတာ စိတ်မကောင်းလိုက်တာ။ ...
    link ရပြီး စာလာဖတ်တုန်းက ဝတ္ထုတိုနဲ့ ဆောင်းပါးတွေပဲ ရှာဖတ်သွားတာ အခုမှ ဒီပို့(စ်)ကို ဖတ်ဖြစ်တယ်။။

    ReplyDelete