Thursday, June 21, 2012

ကျွန်တော်တို့ခေတ် တက္ကသိုလ်(၁)၊ လှေကားထစ်ပေါ်က အစီရင်ခံစာ


မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ
 













 တက္ကသိုလ်နှင့် ဘာသာရပ်
 ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင် လမ်းဆုံ အနီးရှိ တော်ဝင် နှင်းဆီတွင် ကျင်းပခဲ့သော ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း ၉ နှစ်ပြည့် အမှတ်တရ အသက် ၀င်နေတဲ့ မဂ္ဂဇင်း စာပေ အနုပညာ တင်ဆက်မှု အစီအစဉ် (Living Magazine Literary Performance) ၌ ကျွန်တော်သည် ဆရာ ဟန်ဇော်၊ ဆရာမ ယုယ တို့နှင့် “အခြားကဏ္ဍများ” တင်ဆက်မှုကို ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ထိုတင်ဆက်မှုတွင် ဆရာ ဟန်ဇော်၏ “ကောလိပ်ဂျင် စာမျက်နှာ (Collegian's Pages)   မှာ မရေးဘူးလား” ဟူသော မေးခွန်းကို ကျွန်တော်က ဆယ်တန်း ဖြေပြီး ခါစမို့ တက္ကသိုလ်က ဒီဇင်ဘာလမှ တက်ရမှာ ဖြစ်ကြောင်း၊ ရေးချင်လွန်းလို့ ဒီဇင်ဘာလ ရောက်အောင် စောင့်နေ ရကြောင်း ဖြေကြားခဲ့ပါသည်။

အမှန် တကယ်လည်း တက္ကသိုလ် တက်ရမည့် ဒီဇင်ဘာလသို့ ရောက်ရန် စောင့်ဆိုင်းနေခဲ့ပါသည်။ တက္ကသိုလ် ၀င်ခွင့် လျှောက်ထားခဲ့သည်မှာ အင်္ဂလိပ်စာ ဖြစ်သဖြင့် ကျွန်တော် တက်ရမည့် တက္ကသိုလ်မှာ မုံရွာ တက္ကသိုလ်ဖြစ်သည်။ မူလ ပထမက သစ်တော တက္ကသိုလ် တက်ရောက်နိုင်ရန် ၀င်ခွင့် ဖြေဆိုမည်ဟု ရည်ရွယ်ထားသော်လည်း လက်ရှိ တတိယနှစ် ကျောင်းသားများကိုပင် အလုပ် မပေးနိုင်တော့ပါဟူသော သစ်တော တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၏ စကားကြောင့် မဖြေဆို ဖြစ်ခဲ့ပေ။ တက္ကသိုလ် ကျောင်းများ ဖွင့်လှစ်ရန် အချိန် တစ်စတစ်စ နီးကပ်လာသည်နှင့် အမျှ ကျွန်တော့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှ ဘာလျှောက်ထားလဲ” ဟူသော မေးခွန်းများ ပလူပျံ တက်လာသည်။ ကျွန်တော်က “အင်္ဂလိပ်စာ လျှောက်ထားပါတယ်” ဟု ဖြေလိုက်တိုင်း အားလုံးလိုလိုက မျက်လုံး မျက်ဆန်ပြူးကာ “TU ဘာလို့ မလျှောက် တာလဲ”ဟု မေးခွန်းထုတ်ကြပါတော့သည်။


ကျွန်တော်ဆယ်တန်း အောင်မြင်သော အမှတ်ပေါင်းမှာ လေးရာကျော်သဖြင့် နည်းပညာတက္ကသိုလ် (TU) တက်ရန်မီသော်ငြား ထောက်ချင့်မိသော အခြေအနေ အရပ်ရပ်ကြောင့် အင်္ဂလိပ်စာကိုသာ အဓိက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ ပထမ အချက်က အင်္ဂလိပ်စာသည် International Language ဖြစ်နေသောကြောင့် တစ်ကြောင်း၊ နောက်တစ်ချက်မှာ နည်းပညာ တက္ကသိုလ်မှ BE ဘွဲ့ရပြီး အလုပ်မရဘဲ လျှောက်လွှာ၌ ပထမဦးစားပေး အဖြစ် ယောင်ခြောက်ဆယ် ဖြစ်နေသူများကို ဒုနဲ့ဒေးမြင် တွေ့နေရခြင်းက တစ်ကြောင်း တို့ကြောင့် ဖြစ်သည်။ ထို့ပြင်ကျွန်တော်က သင်္ချာနှင့် ရူပဗေဒဘာသာရပ်များ ကို အာရုံ မ၀င်စားလှ။ ၄င်းတို့ကို လုံးလုံး စိတ်မ၀င်စားသော ကျွန်တော့် အတွက် နည်းပညာ တက္ကသိုလ်သည် မဲဇာတောင်ခြေ ဖြစ်နေမည်မှာ ဧကန် ပင်။ ထို့ကြောင့် မိမိစိတ်မ၀င်စားသော ဘာသာရပ် တစ်ခုကို အချိန်ကုန်၊ ငွေကုန်၊ လူပန်း ပေးဆပ်ရခြင်းများစွာဖြင့် တက်ရောက် ပညာသင်ကြားခြင်း မပြုလိုပါ။ သို့ဖြင့် ကျွန်တော်သည် အင်္ဂလိပ်စာကို အဓိက လျှောက်ထားခဲ့ပါ သည်။

ကျွန်တော်က အင်္ဂလိပ်စာကို အဓိက လျှောက်ပြီး နည်းပညာ တက္ကသိုလ် ကို တတိယဦးစားပေး လျှောက်လိုက်သည့် အကြောင်းသိသူ အများစုက “ဟာ”၊ “ဟင်”နှင့်နှာခေါင်းရှုံ့ကြသည်။ အမှတ်တွေ နှမြောစရာဟု ဆိုသေး၏၊ တချို့ ကတော့ အင်္ဂလိပ်စာ ယူမည်ဆိုလျှင်လည်း မုံရွာမှာ မတက်ဖို့ အကြံပေးသည်။ မုံရွာတက္ကသိုလ် မှာဆို ပျက်သွားလိမ့်မည်ဟု ဆိုသည်။ ကျွန်တော် ကတော့ ထိုသို့ မထင်ပါ။ လူတစ်ယောက် ပြောင်းလဲ ပျက်စီးသွားခြင်းသည် ပတ်ဝန်း ကျင်တစ်ခုတည်း၏ စေ့ဆော်မှုကြောင့်ဟု မယူဆပါ။ ပင်ကိုဗီဇကကို ပျက်စီးရေးလမ်းကြောင်းဘက် ဦးတည် နေသောကြောင့်ဟု ထင်ပါသည်။

ယခင်က အကြောင်း အမျိုးမျိုးကြောင့် ပုန်းလျှိုးကွယ်ပျောက် နေရသော ဗီဇ စိတ်က ပတ်ဝန်းကျင်စေ့ဆော်မှု အနည်းငယ်မျှဖြင့်ပင် ရှင်သန်နိုးထလာတတ် သည်ကို ကျွန်တော့်ရှေ့မှောက်မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရဖူးသည်ပင်။ ထို့အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်သည်။ မုံရွာတက္ကသိုလ်မှာ တက်ပြီး ပျက်စီးသွားမည့် လူတစ်ယောက် မဟုတ်ဟု ယူဆသည်။ ပျက်စီး မသွားအောင်လည်း မိမိကိုယ်မိမိ အစဉ်အသိပေး နှလုံးသွင်း နေနိုင်ဖို့ ပြင်ဆင် ထားသည်။ ကျွန်တော် ကိုယ်တိုင်ပင် မသိသော ပုန်းလျှိုးကွယ်ပျောက်နေသည့် ဗီဇစိတ်က ခေါင်းထောင် လှုပ်ရှားလာခဲ့လျှင်လည်း စာအုပ်စာပေများ၊ လူကြီးမိဘများ၏ ကူညီဆုံးမမှုများဖြင့် ကိုယ့်ကိုယ်ကို ပျက်စီးခြင်းနွံထဲမှ ရုန်းထွက်နိုင်အောင် ကြိုးစားပါမည်။

အမှန်စင်စစ်မူ အင်္ဂလိပ်စာထက် ဥပဒေပညာကို ကျွန်တော် ပိုစိတ်ဝင် စားပါသည်။ လေးတန်းကျောင်းသားအရွယ်ကတည်းက ဆရာ မင်းလူ၏ ရင်ထဲက ဆောင်းရာသီ ၀တ္ထုကိုဖတ်ပြီး ရှေ့နေဖြစ်ချင်စိတ်ပိုးထခဲ့သော ကျွန်တော်သည် ဥပဒေပညာကို ဒုတိယဦးစားပေးအဖြစ်သာ လျှောက်ထားခဲ့ သည်။ ကျွန်တော့်မိခင်က အင်္ဂလိပ်စာကို ပိုသဘောကျသည်တစ်ကြောင်း၊ ကျွန်တော်ကိုယ်တိုင်ယူသင့်သည်ဟု တွေးမိသည်ကတစ်ကြောင်းနှင့် အင်္ဂလိပ် စာသည် ကျွန်တော် အထူးပြုသင်ယူရမည့်ဘာသာရပ် ဖြစ်လာခဲ့သည်။

ကျောင်းဖွင့်ခါစ ဆောင်းနှင်းကျနေ့များ
ဒီလိုနှင့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် တက္ကသိုလ် စဖွင့်မည် ဆိုသဖြင့် ပထမနှစ် အင်္ဂလိပ်စာ ကျောင်းသားလေး ကျွန်တော်သည် ထိုနေ့နံနက်၌ ကျောင်းသို့ အားမာန် အပြည့်ဖြင့် ချီတက် သွားခဲ့ပါသည်။ သို့သော်လည်း ခဲလေသမျှ သဲရေကျရသည်မှာ ကျောင်းဝန်း တစ်ခုလုံး တိတ်ဆိတ်နေပြီး ကျွန်တော့်ကဲ့သို့ ဖရက်ရှာလေးများကိုသာ တွေ့ရလေသည်။ နောက်မှအတန်း ကြီးကျောင်းသား၊ ကျောင်းသူများ ပြောပြချက်အရ သိရသည်မှာ ကျောင်းစဖွင့် သည့်နေ့တွင် မည်သူမှ ကျောင်းမသွား ဟူ၍ ဖြစ်သည်။ “ဒါဖြင့် ဘယ်ရက် လောက်မှ သွားကြသလဲ” ဟု မေးကြည့်တော့ “ဆယ့်ငါးရက်၊ ရက်နှစ်ဆယ် လောက်ပေါ့”တဲ့။ သြော်- ဇန်န၀ါရီလထဲကျမှ ကျောင်းမတက်ကြတာပဲ ကံကောင်းဟု သဘော ပေါက်ကာ မိုးခါးရေသောက်ရတော့၏။
မုံရွာတက္ကသိုလ် ပင်မဆောင်


သူတို့ပြောသည့် ၁၅ ရက်နေ့တွင် သွား ကြည့်လိုက်သည်။ ကျောင်းသား၊ကျောင်းသူများ ကလည်း ကျောင်းပတ်နေကြသည်။ ဌာနအဆောင် တွေကလည်း သော့ခလောက်ကြီးတွေ ခတ် လျက်။

၁၆ ရက်နေ့ကျတော့ ကျောင်းသား၊ ကျောင်း သူ ပိုများလာသည်။ ဟိုနား မိုးတိုး၊ ဒီနားမတ်တပ် ရပ်ကြရင်း အချိန်လင့်တော့ အသီးသီးအသက ပြန်ကုန်ကြသည်။ စနေ၊ တနင်္ဂနွေနှစ်ရက်ခံပြီး ၁၉ ရက်နေ့ကျတော့ တစ်ဆင့်ထပ်တက်လာ သည်။ စာသင်ခန်းတံခါးများ ဖွင့်ပြီ။ ဆရာ၊ ဆရာမတွေက ဖွင့်ပေးခြင်းမဟုတ်။ ကျောင်း သား၊ ကျောင်းသူများက ကိုယ့်ဘာသာတန်းဖွင့် ၀င်ထိုင်နေကြခြင်း ဖြစ်သည်။ တခြားအဆောင် တွေ လိုက်ကြည့်ကြည့်တော့ အချို့မေဂျာနှစ်ခု၊ သုံးခုက စာသင်နေပြီ။

၂၀ ရက်နေ့ကျ လူက ပိုပိုစုံလာသည်။ ဆရာမအချို့ စာဝင်သင်သည်။ မေဂျာတော့ မဟုတ်။ Minor ဆရာမနှစ်ဦး ၀င်သင်သည်။ တစ်ဦးက ပါဠိ။ ပါဠိအက္ခရာ အသံထွက်များ သင်သည်။ ၀တ္ထုတိုလေးများ၊ ဆောင်းပါးလေးများ ပေါက်စနိုး၊ ပေါက်စန ရေးသားနေပြီး ကမှ အ အထိ အစအဆုံး အလွတ် မရသော ကျွန်တော် သည်လည်း ပါဠိ အရေးအသားများကို ကျက်မှတ်ရင်း ကမှအ အထိတစ်ခါတည်း ကျက်ရလေ၏။ ကိုယ့်စာသင်ခန်းထဲ ကိုယ် အကဲခတ် ကြည့်လိုက် တော့ ကောင်လေး တစ်ယောက်နှင့် ကောင်မလေး တစ်ယောက်က တွဲထိုင်နေသည်။ ယောက်ျားလေး တချို့က ပျင်းစရာ ကောင်းလိုက်တာဟု ညည်း ရင်း အခန်းအပြင် ထွက်သွားသည်ကို မြင်ရ၏။

နောက်ရက်နောက်ရက်များမှာတော့ Major, Minor ဆရာမများ အသီးသီး တစ်ယောက်ပြီးတစ် ယောက် ၀င်လာကြသည်။ စာတွေ သင်ကြသည်။ အတန်းတက် စာရင်းများ ကောက်သည်။ ကျွန်တော်တို့ တစ်တွေကလည်း ဆရာမ သင်တာ လိုက်ကူးသည်။ ရှင်းပြတာ နားထောင်သည်။ ပျင်းစရာ ကောင်းလျှင် အပြင် ထွက်ထိုင်နေသည်။ Canteen သွားထိုင်နေသည်။ သည်လိုနှင့် တက္ကသိုလ်ကျောင်းသား ဘ၀ စခဲ့ပေသည်။

စာကြည့်တိုက်ရှာရခြင်း
teen မဂ္ဂဇင်းပွဲ၌ ခင်မင်သွားခဲ့သော ဆရာမ နန်းကြာဖြူ(ဘားအံ)နှင့် G-tall ၌ စကားပြောဖြစ် စဉ် ဆရာမက ကျွန်တော့်အား တက္ကသိုလ်ရောက်လျှင် စာကြည့်တိုက်သို့ရောက်အောင် သွားဖို့ တိုက်တွန်းခဲ့ပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း စာကြည့်တိုက်ကို အားထားသဖြင့် ကျောင်းဖွင့် စမှာပင် တက္ကသိုလ်အနှံ့ ခြေဆန့် ရှာခဲ့သည်။ တွေ့ လိုက်ရသော စာကြည့်တိုက် အဆောက်အအုံ ကြီးကြောင့် လက်ခမောင်း ထခတ်လိုက်မိသည်။ မုံရွာတက္ကသိုလ် စာကြည့်တိုက်မှာ တက္ကသိုလ် အနေအထားနှင့်ယှဉ်လျှင် အဆောက်အအုံ အရ အတော်ကြီး ခမ်းနားထည်ဝါလေသည်။ကျွန်တော်လည်း ၀မ်းသာအားရ စာဖတ်ဖို့ဝင်မည် ပြုတော့ မဖွင့်သေး။
မုံရွာတက္ကသိုလ်စာကြည့်တိုက်
အချိန်က ကိုးနာရီကျော်နေပြီဖြစ်၍ ဘယ်အချိန် ဖွင့်မလဲမေးရာ လမ်းပြင်နေသူများက ဆယ်နာရီမတ်တင်းလောက်ပေါ့ဟု မရေမရာ ဖြေသည်။ စာသင်ချိန် ရှိသဖြင့် နောက်ရက်ကျမှ ဆယ်နာရီ ထိုးလောက်လာကြည့်သည်။ လမ်းခင်း နေသူများက ဖွင့်ပြီဟု ဆီးပြောသည်။ စာကြည့် တိုက်က နှစ်ထပ်ဖြစ်သော်လည်း အောက်ထပ်က ဘာမှမရှိ။ သော့ပိတ်ထားသော အခန်းများသာ ရှိသည်။အပေါ်ထပ်မှာမှ စာကြည့်တိုက်ဖြစ်သည်။ စာကြည့်တိုက်ရှိ စာအုပ် အရေအတွက်ကတော့ စုံလင်သည်ဟု ပြောရမည်။ ကျောင်းသင်ခန်းစာ အထောက်အကူပြု စာအုပ်များက ပြည့်စုံပြီး အထွေထွေ ဗဟုသုတ၊ ရသစာအုပ်များကတော့ အားနည်းသည်။ အဖိုးတန် စာအုပ်များ၊ စာကောင်း ပေမွန်များက အိမ်သို့ငှားရမ်းခွင့် မရှိ။ စာကြည့်တိုက်အတွင်း၌သာ ဖတ်ရသည်။ အိမ်သို့ ငှားရမ်းသောစာအုပ်များက ကတ်တလောက် အတွင်းမှာ ရှာဖွေရသည်။ စာကြည့်တိုက် တာဝန်ရှိသူများက ကတ်တလောက် အတွင်းမှ စာအုပ်များကို ရှာဖွေပေးရန် စိတ်မပါကြသည်က လွဲ၍ စာကြည့်တိုက်သည် တော်တော် နှလုံးမွေ့စရာ ကောင်းပါသည်။

ဆိတ်ငြိမ်အေးချမ်းသောနေရာ မျိုးတွင် စာကြည့်တိုက် ဆောက်လုပ်ရန် စိတ်ကူးရခဲ့ သူများကို ကျေးဇူး တင်ထိုက်ပေသည်။ (ကျောင်းကြီးကိုက ဘယ်နေရာကြည့်လိုက် ကြည့်လိုက် ချုံတွေ၊ သစ်ပင်တွေက ဖုံးလွှမ်းထားပြီး ခြောက်တိခြောက်ကပ်၊ အဆောက် အုံ ကျိုးတိုး ကျဲတဲနိုင်တာလည်း ပါပါလိမ့်မည်။) သို့သော်လည်း ကျောင်း တွင် တက်ရောက် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူအရေ အတွက်နှင့် ယှဉ်လျှင် စာကြည့်တိုက်သို့ လာသော ကျောင်းသား၊ ကျောင်းသူ အရေအတွက်သည် ၀ါးလုံးကွဲ အော်ဟစ်ဟားတိုက် ရယ်မောချင်စရာကောင်း လှသည်။ ထို့ကြောင့် ကျွန်တော် ကိုယ်တိုင်ပင် လက်လှမ်းမီသမျှ သူငယ်ချင်း များကို စာကြည့်တိုက်သို့ သွေးဆောင်ခေါ်ငင်သည်။ တချို့က အစမ်းသဘော လိုက်လာကြပြီး နောက်ရက်များကျတော့ ဝေးရာ ရှောင်နေကြသည်။ တချို့က နေ့စဉ်ရက်ဆက် စိတ်ဝင်တစား စာလာဖတ်ကြသည်။ သို့ပေမဲ့ တစ်ဦးစ၊ နှစ်ဦးစ။ နောက်ဆုံးတော့ “သူတို့ထိုက်နဲ့ သူတို့ကံပဲ” ဟု ဖြေသိမ့်ရလေ၏။

EC ရာထူး ပိုက်မိခြင်း
ဇန်န၀ါရီလ လယ်ပိုင်းလောက်ကျတော့ ဆရာ၊ ဆရာမများက အမှုဆောင်အဖွဲ့  (Executive Committee)  ဖွဲ့ရန် ကျောင်းသား၊ ကျောင်းသူ ၆ ဦး ရွေးသည်။ ထိုအထဲတွင် ကျွန်တော်တစ်ယောက် ကန့်လန့်ကန့်လန့်နှင့် EC  ဖြစ်သွား၏။ ဆရာမက ကျွန်တော့်အား ခန္ဓာကိုယ်ကိုကြည့်ပြီး ယုံစားသွား ပုံရလေသည်။ သူငယ်ချင်းများက EC ဆိုတာ ဘာလဲဟု မေးကြသည်။ တချို့က Essential Cow  တွေပါကွာဟုဆိုသည်။ တွေးကြည့်တော့ Executive Committee  ထက် Essential Cow  က ပိုမှန်နေသလိုပင်။ တစ်ခုခုဟေ့ ဆို လျှင် EC တွေက ခေါင်းခံရပြီဖြစ်၏။ အရေးထဲယောက်ျားလေး EC သုံး ယောက်ထဲမှာ တစ်ယောက်က ရေခဲတုံးနှင့် နင်လားငါလား အေးတိအေး စက်နိုင်သူဖြစ်ပြီး ကျန်တစ်ယောက်ကတော့ EC ရာထူးနှင့် မလိုက်ဖက် လောက်အောင် ကျောင်းပျင်းသူဖြစ်သည်။ အတန်းချိန် တစ်ချိန်လောက် စာမသင်လိုက်နှင့်၊ ဂိမ်းဆိုင်ရောက်သွားတတ်သူဖြစ်သည်။ သည်တော့ EC တာဝန်များက ကျွန်တော့်ထံ ပုံကျ၏။ သို့ပေမဲ့ လုပ်ချင်ကိုင်ချင်စိတ်ရှိသော သူငယ်ချင်းတစ်ဦးက ၀ိုင်းဝန်း ကူညီသဖြင့် တော်ပါသေး၏။

အနုပညာကမ္ဘာ E မေဂျာ
နယ်ပယ်ဒေသ အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လာရောက် စုဝေးထားခြင်း ဖြစ်ရာ သူငယ်ချင်းများနှင့် ပတ်သက်ပြီး မျိုးစုံ အဖုံဖုံ ကြုံဆုံရ၏။ ထိုအထဲမှတစ်ခုမှာ သူတို့၏ အမည်နာမ များပင် ဖြစ်လေ၏။ ကျွန်တော်တို့ အင်္ဂလိပ်စာ မေဂျာ၊Section 1   ကား အနုပညာကမ္ဘာဟု တင်စားရလောက် အောင်ပင် အနုပညာရှင်တွေ ပေါများလေသည်။

နေထက်လင်း၊ ဇော်ဝင်းထွဋ်၊ ဉာဏ်လင်းအောင်၊ ဟန်ထွန်း၊ မြပုလဲသွယ်၊ စောပြည့်ချမ်းသာ၊ အေးအေးငြိမ်း၊ အိအိငြိမ်း စသဖြင့် လူစုံတက်စုံ ရှိလှ၏။ သည်ကြားထဲ ဖြူဖြူကျော်သိန်းနှင့် ဒီဇိုင်းဆင်သူ၊ ဘန်နီဖြိုးနှင့် ရုပ်တူသူက ပါသေးသည်။ စာသင်ခန်း တစ်ခန်းထဲ အတူတကွ ပညာသင် ကြားနေကြရင်း သူ့အကြောင်း ကိုယ့်အကြောင်း ငယ်ပေါင်းကြီးဖော်ပမာ သိခွင့် ရခဲ့ပြန်သေးသည်။ ဘယ်သူကတော့ တွေ့သည်နှင့် ငွေချေးတတ်သူ၊ ဘယ် သူကတော့ ကပ်စေးနှဲတတ်သူ၊ ဘယ်သူက လက်ဖွာတတ်သူ၊ ဘယ်သူ ကတော့ မိန်းကလေးမြင်လျှင် ကြောင်ချင်တတ်သူ၊ ဘယ်သူကတော့ ရည်း စားရချင်လို့ တစ်ပိုင်း သေနေသူ၊ ဘယ်သူကတော့ ဘာ၊ ဘယ်သူကတော့ ညာစသဖြင့်လူအမျိုးမျိုး၊ စိတ်အထွေထွေဟု လေ့လာခွင့် ရခဲ့သည်။ ခင်မင်ရင်း နှီးခဲ့ရသည်။

ပါချုပ်ကို ပါမောက္ခက ဆုံးမခြင်း
ကျွန်တော်တို့ ကျောင်းစ တက်ရသည်က ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက တည်းက ဖြစ် သော်လည်း မောင်မယ် သစ်လွင်ကြိုဆိုပွဲလုပ်ဖြစ်တော့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလထဲ ရောက်သွားပြီဖြစ်သည်။ ထိုမောင်မယ်သစ်လွင်ကြို ဆိုပွဲ၌ ကျွန်တော်က မောင်မယ်သစ်လွင်များကိုယ်စား ကျေးဇူးတင်စကား ပြောရ၏။ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်တကွ ပါမောက္ခ အသီးသီးတက်ရောက်ကြမည်ဖြစ်၍ ကျွန်တော်တို့ စကားပြောရမည့်သူများကို တိုက်ပုံ၊ ပုဆိုးဝတ်ခိုင်းသည်။ ပုဆိုးက ၀တ်နေကျမို့ ကိစ္စမရှိ။ တိုက်ပုံက ပုံမှန်ဝတ်နေမကျ။ အရင်က ရှိနှင့်သော တိုက်ပုံကို ထုတ်ဝတ်ကြည့်တော့ ပေါင်နှစ်ရာ့တစ်ဆယ်ခန့်အထိ ၀စဉ်က ၀ယ်ထားသည်မို့ ယခုပေါင်တစ်ရာ့ ရှစ်ဆယ်ခန့် ခန္ဓာကိုယ်ထက်တွင် ဖိုးရိုးဖားရားနှင့် လူက၀က်ဝံကြီးလို ဖြစ်နေ သည်။ ထို့ကြောင့် တိုက်ပုံအသစ်ထပ်ဝယ်လိုက်ရသည်။ တိုက်ပုံအနက်၊ ပုဆိုးအစိမ်းနှင့် ကျောင်းသို့ ချီတက်သွားတော့ အားလုံးကရှေ့နေနှင့်တူသည်ဟု ထောမနာပြုသည်။ တချို့က“ပါချုပ်နဲ့ မှားသွားတယ်”ဟုဆိုသည်။

ပွဲစခါနီးတော့ ပါချုပ်နှင့် ဒုပါချုပ်တို့ အရေး ကြီးကိစ္စရှိ၍ မလာနိုင်ကြောင်း သတင်းရောက် လာသောအခါ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ချက်ဝင်လာသည်။ ပါချုပ်လည်း မလာသည်မို့ စင်ပေါ်ရောက်ရောက်ချင်း “ပါချုပ်နဲ့များ မှားသွားလား မသိဘူး”ဟု နောက်ရန် တေးထားလိုက်သည်။ တကယ်လည်း ပြောဖြစ်ခဲ့သည်။ သူငယ် ချင်းတွေက ကျွန်တော်နေရာက ထကတည်းက ဘာကို သဘောကျသည် မသိ၊ တဟားဟား ရယ်ကြသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပတဲ့ တက္ကသိုလ်ဓမ္မာရုံကြီး
ထို့ပြင် ကျွန်တော်ကလည်း စကား ပြောစင်ရှေ့ ရောက်ရောက်ချင်း ထိုသို့ပြောလိုက် တော့ ကျောင်းသား၊ ကျောင်းသူများသာ မက ပါမောက္ခများ၊ ဆရာ၊ ဆရာမများ အားလုံးပါ ပွဲကျ သွားကြသည်။ ကျွန်တော်လည်း ဟုတ်ပြီဟေ့ ဟု အားတက်ကာ ကျေးဇူးတင် စကားကို မာန်ပါပါ ဆက်ပြောသည်။ ပြီးသွားတော့လည်း သူငယ် ချင်းတွေက အဆင်ပြေကြောင်း၊ ဆရာမကလည်း ကျွန်တော့်ကို ရွေးလိုက်တာမှန်သွားကြောင်း ပြော သည်။ ဒီအထိ “ဟုတ်ပြီဟေ့”“ငါကွ”နှင့် မာန်တ၀င့်ဝင့်ဖြစ်နေရာ အလံလဲသည်က King, Queen  ရွေးဖို့ ဌာနကို အပြန်မှာဖြစ်သည်။ မောင် မယ်သစ်လွင် ကြိုဆိုပွဲကို ဓမ္မာရုံထဲမှာ ကျင်းပ ခြင်းဖြစ်ပြီး King, Queen  ရွေးဖို့ ဓမ္မာရုံထဲ၌ မသင့်တော်သည်မို့ ဌာနပြန်ရခြင်းဖြစ်သည်။ ဌာနရောက်တော့ ပါမောက္ခက ဆုံးမစကားပြော ဦးမည်ဟု ဆိုသည်။ ဘာပြောမှာပါလိမ့်ဟု နားစွင့် တော့ မိန်းပွိုင့်က ကျွန်တော် ဖြစ်နေသည်။ ကျွန်တော်ပြောလိုက်သည့် “မသိရင် ပါမောက္ခချုပ်နဲ့ မှားသွားမယ်နော်” ဆိုသည့် စကားကို မပြောသင့်ကြောင်း ဆုံးမခြင်းဖြစ်သည်။ “ပါချုပ်သာ လာခဲ့ရင် ဆရာမ သေပြီ”ဟု ဆို၏။ ဘာကြောင့်မှန်းတော့ စဉ်းစားမရ။

Formal ပွဲမှာ Informal စကားမျိုးမပြောသင့်ကြောင်း၊ ခုလို ပြောတာဟာ ဆရာမက ဆူတာမဟုတ်ပါကြောင်း ဆုံးမစကားပြောသွားခဲ့သည်။ ပါမောက္ခချုပ်လုပ် ချင်ဦးဟဲ့၊ မှတ်ပလားဟု ဆိုရမည်ထင်သည်၊ သည့်နောက်ပိုင်း သူငယ်ချင်း တချို့က ကျွန်တော် လာလျှင်“ပါချုပ်လာပြီ”ဟု နောက်ကြလေ၏။

မန်းပြုတ်စီ
ခေါင်းစီးကိုကြည့်ပြီး ရုတ်တရက်နား မလည်ဖစ်သွားနိုင်လောက်သည်။ ပထမစာ လုံးမှစပြီး ရှင်းပြပါမည်။ ကျွန်တော်က ကျွန်တော့် အသက်အရွယ် ၁၇ နှစ်နှင့်ယှဉ်လျှင် အတော်ကြီး ထွားကျိုင်းသည်။ အရပ်က ၅ ပေ ၇ လက်မခွဲကို ပေါင်ချိန်က တစ်ရာ့ ရှစ်ဆယ်ခန့်မို့ ခန္ဓာကိုယ်မှာ ကြီးမားနေသည်။ အခန်းထဲတွင် ကျွန်တော့်ထက် ခန္ဓာကိုယ်ကြီးသူ ဆို၍ ကျောင်းပျက်တတ်သော EC တစ်ယောက်သာ ရှိသည်။ ဒီတော့ တချို့က မိုးဒီဟု ခေါ်သည်။ တချို့က သားသားစားချင်တာ စားလို့ရပြီဟု ခေါ်သည်။ တချို့က ၀က်မဟု ဆိုသည်။ တချို့က မန်းဝင်းဟု ခေါ်သည်။ မန်း ၀င်းအမည်မှည့်ပေးသူက နေထက်လင်း ဖြစ်၏။

ပြုတ်ကတော့ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၌ King, Queen   ရွေးရာ ဆန်ခါတင်အဆင့်တွင်ပါပြီး Final တွင် ပြုတ်သူများကို ကင်းပြုတ်၊ ကွင်း ပြုတ်ဟု ကင်ပွန်းတပ်လေ့ရှိရာ ၄င်းမှ “ပြုတ်” နှင့်ပေါင်းပြီး “မန်းပြုတ်” ဖြစ်လာသည်။ ပြီး အတန်းထဲတွင် EC တာဝန်ရယူထားသဖြင့် “စီ” ကို ဆွဲယူပြီး “မန်းပြုတ်စီ”ဟု နေထက်လင်းက သညာတွင်စေခဲ့သည်။

ထမနဲပွဲတူဆင်နွှဲ
သူ့အချိန်အခါ သူ့ရာသီကိုလိုက်ပြီး ထမနဲပွဲ ကိုလည်း ကျွန်တော် ဆင်နွှဲခဲ့ရသေးသည်။ အထူးပြုမေဂျာ အလိုက် ထမနဲထိုး ပြိုင်ပွဲ ကျင်းပရာ မေဂျာ ပေါင်းများစွာ ရှိသော်လည်း တကယ်တမ်း ပြိုင်ပွဲဝင်ရသော မေဂျာက သုံးခုတည်းသာ ဖြစ်၏။ အကြောင်းမှာ ကျွန်တော်တို့မေဂျာ အပါအ၀င် မေဂျာ အတော်များများမှာ ဒိုင်အဖွဲ့ ခရာမမှုတ် ခင်ကတည်းက ဆီထည့်၊ ဘာညာ သာရကာ ထည့်၊ ကောက်ညင်းထည့်နှင့် လုပ်ငန်းစနေကြပြီ ဖြစ်ရာ ပြိုင်ပွဲဝင်စာရင်း၌ မပါတော့ပါ။ သို့ သော်လည်း အချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင် အဆိုင် ထိုးကြသည်ကတော့ အားရစရာကောင်း လှသည်။

တတိယနှစ် အစ်ကိုကြီးများက ဦးဆောင် ထိုးပြီး ကျွန်တော်တို့ ပထမနှစ်များက ဘေးမှ ကူညီရင်း သူတို့ ပြုလုပ်ပုံများကို လေ့လာရသည်။ တစ်ချိန်ကျလျှင် ကျွန်တော်တို့လည်း ပခုံးပြောင်း တာဝန် ထမ်းဆောင်ရဦးမည် မဟုတ်ပါလား။ ထိုသူတို့က အားနှင့်မာန်နှင့် ထိုးသကဲ့သို့ ဘေးမှ ကျောင်းသူများကလည်း စိတ်အား တက်ကြွစေရန် ဟေးခနဲ၊ ဟားခနဲ လက် သီးလက်မောင်းတန်းကာ အားပေးချီးမြှောက်ကြသည်။ သူတို့ တစ်တွေကို ဓာတ်ပုံ မှတ်တမ်းတင်နေသော ကျွန်တော့် ကင်မရာ၌ပင် ကြည်နူး ပျော်ရွှင်မှုများ စွန်းထင်းနေသည်ဟု ထင်ရ၏။ သြော် ပျော်စရာကောင်းလှချည့် တက္ကသိုလ် ကျောင်းသားဘ၀။

စိတ်ကူးအတွေး
ဒီလိုနှင့် ကျောင်းတက်ရက်တွေ တစ်စတစ်စရှည် ကြာလာသော အခါ  ကိုယ့်ကျောင်းအကြောင်း ကိုယ်သိလာသည်။ မနက်ခင်းအစောဆုံး ခုနစ်နာရီ အချိန်ဆိုလျှင် ဘယ်တော့မှ ဆရာ မ၀င်တတ်သည်ကိုလည်းကောင်း၊ ကျူတို ရီရယ်ဖြေဖို့ မမီလိုက်သော်လည်း ဘယ်နည်းနှင့်မဆို ပြန်လည်ဖြေဆိုခွင့် ရှိသည်ကိုလည်းကောင်း၊ အတန်းတက် စာရင်းတွင် လက်မှတ် မထိုးလိုက်ရသော်လည်း ကျောင်းပိတ်ခါနီးလျှင် လစ်ဟာနေသော ကျောင်းတက်ရက် များအတွက် လက်မှတ် ထိုးဖြည့်တင်းနိုင်သည်ကိုလည်းကောင်း အစရှိသဖြင့် အကြောင်းအရာမျိုးစုံကို နောကျေ သွားခဲ့ကြသည်။

မတ်လကုန်ပိုင်းမှာတော့ စာမေးပွဲဖြေပြီး ကျောင်းနှစ်လပိတ်လိုက်သည်။ ကျွန်တော်တို့ ကျောင်းသာမက အခြားတက္ကသိုလ်အချို့လည်း ပိတ်ရာ ၄င်း တက္ကသိုလ်အသီးသီးမှ သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ့ရသည်။ သူတို့နှင့် စကားစမြည်ပြောရင်း တက္ကသိုလ်အတွေ့အကြုံများ ဖလှယ်ဖြစ်သောအခါ တချို့က မိမိလက်ရှိ ပညာသင်ကြားရသော တက္ကသိုလ်တွင် မပျော်ပိုက်ဟု ဆိုသည်။ တချို့က ပျော်မွေ့သည်၊ နှစ်သက်သည်ဟု ရင့်ကျူးသည်။ တချို့ ကတော့ ဘာမှန်းကို မသိလိုက်ဘူးဟု ခံစားမှုမဲ့စကားဆိုလေသည်။

ပျော်သည်ဖြစ်စေ၊ မပျော်သည်ဖြစ်စေ ကျွန်တော်တို့တစ်တွေသည် မိမိ ခြေချထားပြီးဖြစ်သော လမ်းတစ်လျှောက်၌ မိမိရည်မှန်းသော အကွာအဝေး ထိတိုင် လျှောက်လှမ်းကြရဦးမည်သာ ဖြစ်သည်။ ထိုသို့ ရည်မှန်းချက်ဆုံး ခန်းတိုင် အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းကျော်လွှားနိုင်ဖို့ မိမိရွေးချယ်ခဲ့ သော လမ်း၏ အဆိုးအကောင်း၊ အကျိုးအပြစ်ကို လက်ခံ နိုင်စွမ်းရှိရမည်။ တုံ့ပြန်နိုင်စွမ်း ရှိရမည်။ အခက်အခဲမှန်သမျှ ကျော်လွှား နိုင်စွမ်းရှိရမည်။ အတားအဆီး မှန်သမျှ ဖြတ်သန်းနိုင်စွမ်းရှိရမည်ဖြစ်ပေရာ ထိုသို့ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ရန် အတွက် မိမိ လျှောက်လှမ်းရမည့် လမ်းကို ကျေနပ်နှစ်သိမ့်တတ် ရပါမည်။ ရောင့်ရဲပျော်ရွှင် တတ်ရပါမည်။

ကျွန်တော်ကတော့ ထိုသို့ ခံယူသည်ဖြစ်ရာ လက်ရှိမုံရွာ တက္ကသိုလ် အင်္ဂလိပ်စာ အထူးပြု ပထမနှစ် ကျောင်းသား ဘ၀၌ နှလုံးသားထဲ၊ ဦးနှောက်ထဲ၊ အသွေးအသားထဲမှ ကျေနပ်ပျော်ရွှင် ကြည်နူး ပျော်ပိုက်ပါသည်။ ထို့ကြောင့် တက္ကသိုလ် ကျောင်းသားဘ၀ကို အကျိုးရှိရှိ အသုံးချ သွားပါမည်။ နမူနာ အဖြစ် စံတုယူ ထိုက်ဖွယ်ရာ ရှေးအစဉ်အဆက် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များ၏ ဘ၀ ဖြတ်သန်းမှုများကို အားကျ အတုယူ လိုက်နာကျင့်သုံးပြီး ကျွန်တော့် အနာဂတ်ကို ကျွန်တော် တည်ဆောက် ရပေဦးမည်။ ကျောင်းသား ဘ၀ကို ဖြတ်သန်းရဦးမည်။ သင်ခန်းစာတွေ လေ့လာ ရဦးမည်။ Lecture   ပို့ချချက်တွေ နားထောင် ရဦးမည်။ စာတွေ ကျက်ရဦးမည်။ စာမေးပွဲတွေ ဖြေရဦးမည်။ ရှေ့ကို လှမ်းမျှော်ကြည့်လိုက်တော့ လျှောက်ရမည့် လမ်းက အရှည်ကြီး ကျန်နေ သေးသည်။ လျှောက်ရပေဦးမည်။


ဝေမိုးနိုင်၊မုံရွာ၊

(ဖူးငုံဆယ်ကျော်သက်Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

10 comments:

  1. ဖူးငုံမှာ ဖတ်ပြီးကတည်းက တက္ကသိုလ်ကို ပြန်လွမ်းလိုက်တာလေ...

    ReplyDelete
  2. နွေကျောင်းပိတ်ရက်ဆို ကျောင်းထဲလိုက်လိုက်သွားခဲ့ဖူးတယ်။
    ကန်တင်းပုံလေးတွေ၊ ကျောက်ကာလမ်းပုံလေးတွေပါပါရင် လွမ်းမိပြန်ဦးမှာ
    ကျောင်းသားရေးရာက ခုံတွေမှာ၊ ဝန်ထမ်းအိမ်ရာကရှေ့ကလမ်းတွေမှာ ဆော့ခဲ့ဖူးတယ်။

    ReplyDelete
  3. ရေးထားတာတွေကို ဖတ်လိုက်ရတော့မှ ကျောင်းသူဘ၀ကို ပြန်လွမ်းသလိုလို ရှိသွားတယ်။ အတိတ်ကို ဖော်ကောင်လုပ်လိုက်တာပေါ့လေ

    ReplyDelete
  4. မိမိရွေးချယ်ခဲ့ သော လမ်း၏ အဆိုးအကောင်း၊ အကျိုးအပြစ်ကို လက်ခံ နိုင်စွမ်းရှိရမည် ဆိုတာကို မမြတ် ထောက်ခံတယ်။

    တက္ကသိုလ်ကျောင်းသားဘဝတစ်လျှောက်လုံးကို အကျိုးရှိစွာ၊ တန်ဖိုးရှိစွာ ဖြတ်သန်းနိုင်ပါစေလို့ ပြီးတော့ အောင်မြင်တဲ့ ကျောင်းသားဘဝတင်သာမက ယခုထက်ပိုပြီးအောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  5. အဲဒီလို ကျောင်းအကြောင်းတွေဖတ်တိုင်း ကိုယ်တွေတက်ခဲ့တဲ့အချိန်တွေကိုလည်း ပြန်သတိရတယ်။
    ကျောင်းဆိုတာ ဘယ်တော့မှ မေ့ပြစ်လို့မရတဲ့ အတိတ်ဟောင်းလို့ဘဲ ပြောရမယ် ထင်ပါတယ်။

    ReplyDelete
  6. ဆရာ့ရဲ့ ဒီဆောင်းပါးလေးကို ဖူးငုံမှာ ဖတ်ရထဲက အတော် နှစ်သက်မိတယ်။
    မျက်မှောက်ခေတ်ကျောင်းတွေရဲ့ ပြယုဂ်က ဒီဆောင်းပါးလေးမှာ အတိုင်းသား မြင်နေရတယ်..။
    ကျောင်းသားတစ်ယောက်ကိုယ်တိုင် ရေးထားတာမို့ တက္ကသိုလ်ကျောင်းသားအားလုံးကို ကိုယ်စားပြုနေသလို ခံစားရတယ်။ ဖတ်ရင်း မျက်လုံးထဲမှာ ကျောင်းရဲ့ပုံသဏ္ဍာန်မြင်လာစေအောင် ရေးနိုင်တာကတော့ ဆရာ့ရဲ့ ကလောင်အစွမ်းမို့ နှစ်သက်စွာ ဖတ်မိပါတယ်..။

    ReplyDelete
  7. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete
  8. ကျောင်းကြီးကိုလွမ်းလိုက်တာနော်ကျောင်းသူဘ၀တောင်ပြန်သွားလို့ရရင်ပြန်သွားချင်လိုက်တာတကယ်ပျော်စရာကောင်းတဲ့ကျောင်းသူဘဝ

    ReplyDelete
  9. ဒီပို့(စ်)လေးဖတ်ပြီး တက္ကသိုလ်ကျောင်းသူဘဝကိုတောင် တော်တော်လွမ်းသွားတယ်။

    ReplyDelete
  10. တကသိုလ်အကြောင်းတွေကတော့ ဘယ်အချိန်ဖတ်ဖတ် ဖတ်လို့ ကောင်းတယ်...ကျောင်းပြီးသွားရင် လွမ်းနေလိမ့်မယ်..ကျောင်းကို..း)

    ReplyDelete