Monday, June 18, 2012

နေပျော်တဲ့ဘဝ

ပန်းချီ - ဇော်မောင်
၂၀၀၈ခုနှစ် ၊ စက်တင်ဘာလထုတ် ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း။
                    







သားကျောင်းနေချင်တယ်လို့ပြောလိုက်ရင် မေမေ့မျက်နှာ ကွက်ခနဲပျက်ပျက်သွားတတ်တယ်။ အဲဒါဘာလို့လဲ။

မေမေက ပိုက်ဆံမရှိတာကိုတော့ ခဏခဏညည်းတယ်။ အဲဒါကြောင့်မို့ သားကို ကျောင်းမထားသေးတာနဲ့တူပါရဲ့။  သားကျောင်းနေချင်လိုက်တာ။ ဇော်ဇော်တို့တောင် တစ်တန်းရောက်နေပြီ။ သူတို့က ကျောင်းတက်နေပြီဆိုတော့  သားမှာ ဆော့ဖို့ အဖော်မရှိတော့ဘူး။  ပျင်းစရာကောင်းလိုက်တာ။  သား ကျောင်းနေချင်တယ်။  သားတို့လမ်းထိပ်က ဆရာဝန်ကြီးလို ပညာတတ်ကြီးဖြစ်အောင်လို့ပေါ့။ အဲဒီဆရာဝန်ကြီးကိုလေ လူတွေက ဆရာ ဆရာနဲ့ သိပ်အရေးပေးကြတာပဲ။ ဆရာဝန်ကြီးကလည်း ဆင်းရဲတဲ့သူတွေဆို ပိုက်ဆံမယူဘူး။ သား နေမကောင်းတုန်းကတောင် အလကားကုပေးသွားသေးတယ်။ သားသူ့လို ပညာတတ်ကြီးဖြစ်ချင်တယ်။


မေမေက သားကိုမချစ်လို့ ကျောင်းမထားတာလားမသိဘူး။ ဒါပေမယ့် မေမေကလေ သားကို  ညညဆို နမ်းတယ်ဗျ။ သားက အိပ်ချင်ယောင်ဆောင်ပြီး မေမေနမ်းတာကို ခံတာပေါ့။ မေမေနမ်းလိုက်တိုင်း သားပါးပြင်လေးက နွေးသွားတာပဲ။  ဒါကြောင့်မို့ သားတွေးမိတယ်။  မေမေ သားကိုတော့ ချစ်ပါတယ်လို့။  မေမေ ခဏခဏညည်းသလိုပဲ။ ပိုက်ဆံမရှိလို့ ကျောင်းမထားသေးတာပဲနေမှာပါ။ သားမေမေ့ကို ခွင့်လွှတ်ပါတယ်။

သားခွင့်မလွှတ်တာက သားတို့ကို ဆင်းရဲအောင်လုပ်တဲ့သူကိုပဲ။

@@@@@@@@@@@@@@


သားအသက် ခုနှစ်နှစ်ရှိပြီ။ မေမေအ၀တ်လျှော်တဲ့ အိမ်တွေကို လိုက်သွားတိုင်း သူတို့တွေက မေးလေ့ရှိတယ်။ ကျောင်းမနေဘူးလားတဲ့။ နေချင်တာပေါ့ဗျာ။ သားကျောင်းနေချင်တာပေါ့။ သားကို ကျောင်းထားပေးမယ့်သူပေါ်လာရင် သိပ်ကောင်းမှာပဲ။    ဒါလည်း မဖြစ်နိုင်ပါဘူးလေ။  သူတို့တွေမှာလည်း  သူတို့အခက်အခဲတွေနဲ့သူတို့ရှိမှာပဲ။  သား ဒီတစ်သက် ကျောင်းမနေရတော့ပါဘူးလေ။

@@@@@@@@@@@@@@

သားကျောင်းနေရတော့မယ်။  ပျော်စရာကြီး။ သား ကျောင်းနေရတော့မယ်။  သားကို ကျောင်းထားပေးမယ့်သူပေါ်လာပြီ။  လမ်းထိပ်က ဆရာဝန်ကြီး လင်မယားက သားကို ကျောင်းထားပေးမယ်တဲ့။  သား ပျော်တယ်။ သူတို့ကိုလည်း ကျေးဇူးတင်တယ်။ သားက ကျေးဇူးတင်ဖို့တော့ဝန်မလေးဘူး။  မေမေက ကျေးဇူးဆိုတာ ပြောပြဖူးတယ်။ ထမင်းတစ်လုတ်ကျေးဇူးကို ကျေပွန်ရမယ်တဲ့။  ကျေးဇူးကန်းတဲ့သူ ဘယ်တော့မှ မဖြစ်စေနဲ့တဲ့။ သားတို့အပေါ်မှာ ကျေးဇူးရှိတဲ့သူတွေက အများကြီးပဲ။

မေမေက ဆရာဝန်ကြီးလင်မယားကို ထိုင်ကန်တော့ခိုင်းတယ်။  သားက ထိုင်ကန်တော့ တယ်။ သူတို့က သားကို သဘောကျနေကြတယ်။   သူတို့လင်မယားမှာ ကလေးမရှိကြဘူး။  ဒီတော့ သူတို့က သားကို သံယောဇဉ်ရှိနေကြတယ်။ သား လည်း သူတို့ကိုခင်တယ်။ သား သူတို့ ကျေးဇူးကို ပြန်ဆပ်နိုင်အောင် ကြိုးစားမယ်။

သားလည်း ရပ်ကွက်ထဲက လူတွေကို လိုက်ကြွားတယ်။ သူတို့တွေကလည်း ၀မ်းသာနေကြတယ်။ ဇော်ဇော်တို့နဲ့အတူ ကျောင်းတက်ရတော့မယ်။

@@@@@@@@@@@@@

ဇော်ဇော်တို့နဲ့အတူ ကျောင်းတက်ရမယ်ထင်နေတာ။ ဇော်ဇော်က နှစ်တန်းရောက်သွားပြီလေ။ သားက ခုမှ သူငယ်တန်း။  သားက အသက်ကြီးပေမယ့် လူကငယ်တော့ အသက်ကြီးမှန်း မသိသာဘူး။

အခန်းထဲမှာကတော့ သားနဲ့မသိတဲ့ သူတွေချည်းပဲ။လူတွေကတော့ အများကြီးပဲ။ သားကို ဘယ်သူမှ မခေါ်ကြဘူး။ သားဘေးမှာထိုင်တဲ့ အောင်ထွန်းကတော့သားကို ခေါ်တယ်။ သူ့ကို သားခင်တယ်။ အခန်းထဲမှာ မေမေအ၀တ်လျှော်ဖူးတဲ့ အိမ်က ကျော်ကျော်လွင်ပါတယ်။ သူနဲ့ သူ့သူငယ်ချင်းတွေက သားကို မခေါ်ဘူး။ ကစားရင်လည်း မပါခိုင်းဘူး။  သားနဲ့အောင်ထွန်းနဲ့ကတော့ တွဲဖြစ်ပါတယ်။ ဒါပေမယ့် ကျော်ကျော်လွင်တို့က အုပ်စုတောင့်တော့ အောင်ထွန်းကလည်း သူတို့ဘက်ပါသွားတာပေါ့။   ဒီတော့ သားက တစ်ယောက်တည်းပဲ၊ ဘယ်သူမှ သားကိုမပေါင်းကြဘူး။  ကြာတော့ သားပျင်းလာတာပေါ့။

ပြီးတော့ ကျော်ကျော်လွင်တို့အဖွဲ့က သားကို “အ၀တ်လျှော်သည်မကြီး” ဆိုပြီး စကြတယ်။  မကြားတကြားလည်း စတယ်။  စောင်းမြောင်းပြီးတော့လည်း စတယ်။  သားရှက်တယ်။ သားက အခန်းထဲမှာ အပယ်ခံလိုဖြစ်နေတယ်။  အပယ်ခံဆိုတာကို ရှင်းရှင်းလင်းလင်းမသိပေမယ့်  တစ်ယောက်တည်းဖြစ်နေတဲ့သူလို့တော့သိပါတယ်။ ဆရာမတွေကလည်း အ၀တ်လျှော်သည်မကြီးသားဆိုတာ သိသွားကြတော့  သားကို ဟက်ဟက်ပက်ပက် မရှိကြတော့ဘူး။

သား စိတ်ဓါတ်ကျတယ်။ ၀မ်းနည်းတယ်။  မေမေ့ကို ပြောပြမယ်။

“သားရယ် ...... မင်းဘ၀ကလည်းကွယ်”


မေမေက မျက်ရည်တ၀ဲဝဲနဲ့ ပြောတယ်။

သားတကယ်နေချင်တဲ့ဘ၀၊ ပျော်တဲ့ဘ၀က မေမေ အ၀တ်လျှော်တဲ့နောက်တကောက်ကောက်လိုက်သွား၊ သူတို့ပြောတာတွေနားထောင် ၊ သူတို့ကျွေးရင်စား ၊ သူတို့ပေးရင်ယူ၊ အိမ်ပြန်ထမင်းစား ၊ ကစား၊ အိပ် ဆိုတဲ့ဘ၀ပါပဲ။

သားနဲ့လိုက်ဖက်တဲကဘ၀ကိုပဲ သားရွေးခဲ့တာပါ။ သားမှန်တယ်လို့ယူဆတယ်။ နောက်နေ့ကစပြီး သားက အ၀တ်လျှော်တဲ့ မိန်းမကြီးနောက် တကောက်ကောက်လိုက်နေတဲ့ သားတစ်ယောက်ပြန်ဖြစ်သွားပြီလေ။


ဝေမိုးနိုင်(မုံရွာ)

စာရေးသူမှတ်ချက်။      ။ ကမ္ဘာ့မြေမျက်နှာပြင်တစ်နေရာရာ၌ ရှိနေနိုင်သော ကလေးတစ်ယောက်အကြောင်းဖြစ်ပါသည်။


ပြောချင်တဲ့စကား


ဒီဝတ္ထုလေးဟာ ကျွန်တော့်ဘ၀မှာ ဒုတိယအကြိမ်မြောက်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ ၀တ္ထုလေးပါ။ ပုံနှိပ်ဖော်ပြခံရစဉ်မှာ အကြောင်းကြောင်းကြောင့်  နောက်ဆုံးနှစ်ပိုဒ် ပါမလာခဲ့ပါဘူး။ အသက်ဆယ့်သုံးနှစ်အရွယ်က ရေးထားတာမို့ ပြန်ဖတ်ကြည့်တဲ့အခါ ရယ်စရာ အင်မတန်ကောင်းနေပေမယ့် ငယ်မူလက်ရာလေးမို့ ငယ်ရနံ့လေးတွေ ရှုရှိုက်လာမိရတာကြောင့် ပို့စ်အဖြစ်တင်ပေးလိုက်ပါတယ်။ စာဖတ်သူများ ခွင့်လွှတ်သည်းခံဖတ်ရှုပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

ဝေမိုးနိုင်(မုံရွာ)

2 comments:

  1. ဒီဝတ္ထုတိုလေး ဖတ်ပြီးတော့ တလောက ထိုင်းရုပ်မြင်သံကြားမှာ ကြည့်ခဲ့ရတဲ့ တကယ်အဖြစ်အပျက်လေးကိုသတိရမိပါတယ်…။
    ကျောင်းနေခွင့် ရဖို့ အရေး အချိန်ပိုင်းအလုပ်လုပ်ရရှာတဲ့ ကျောင်းသူလေး
    အကြောင်းပါ…။ဝမ်းနည်းစရာ ကောင်းတာကတော့ ဒီကျောင်းသူလေးဟာ ကျောင်းအပ်ဖို့ 
    ငွေမလောက်ခဲ့လို့  ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့တာပါ…။ငွေဟာ အရာရာကို
    ဦးဆောင်နိုင်တဲ့ နိယာမကိုတော့ လက်မခံချင်ဘဲ လက်ခံလိုက်ရတာပါ။
    (teen magazine “ရေးကြည့်ပါ”ကဏ္ဍမှာ ပထမဦးဆုံး စာမူ ဖော်ပြခံရတာချင်း
    တူနေတဲ့ အတွက်လည်း ၀မ်းသာမိပါတယ်…ငယ်လက်ရာဆိုတာ မူယာမာယာတွေ မသုံးထားတဲ့
    အတွက် အဖြူထည် စစ်စစ်ပါလို့  ယုံကြည်နေမိဆဲပါဆရာ…)
    P.S - ဒုတိယအကြိမ်မြောက် ကွန်မန့် ပေးလိုက်တာပါ..။ပထမအကြိမ်တုန်းက ပေးထားတဲ့
    ကွန်မန့် ဘယ်လိုပျောက်သွားပါလိမ့်…

    ReplyDelete
  2. Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete