Wednesday, June 13, 2012

အစ္စလာမ်ဘာသာဝင်တစ်ဦးရဲ့ မေတ္တာရပ်ခံစာ



ဘင်္ဂါလီတွေနဲ့ မြန်မာလူမျိုးတွေ ပြဿနာစဖြစ်ခါစအချိန်.... ။

တိတိကျကျပြောရရင် ရခိုင်တိုင်းရင်းသူလေး မသီတာထွေး ကိစ္စကြောင့်  တောင်ကုတ်မြို့မှာ ခရီးသွား မြန်မာမွတ်ဆလင် ဂျမာအတ်ဆယ်ဦးကို တောင်ကုတ်မြို့ခံတွေလို့ပြောတဲ့ လူတစ်စုက ၀ိုင်းဝန်းရိုက်နှက်သတ်ဖြတ်တဲ့သတင်း အင်တာနက်စာမျက်နှာတွေပေါ်ရောက်လာတဲ့နေ့ကပေါ့။

အချိန်က ညဆယ့်နှစ်နာရီ ဆယ်မိနစ်ကျော်နေပါပြီ။ ဒီအချိန်ကြီးမှာ ကျွန်တော့်ဖုန်းထမြည်လာပါတယ်။ ကျွန်တော်က အိပ်ပျော်နေပါပြီ။ ဒါပေမယ့် ဖုန်းသံကြောင့်ထကြည့်လိုက်တော့ မေမေက ဖုန်းကိုင်ပေးပါတယ်။  ပြီး  မောင်ရေချမ်းတဲ့၊ နည်းနည်းအရေးကြီးတယ်လို့ ပြောတယ်ဟုဆိုကာ ကျွန်တော့်ကို ဖုန်းထိုးပေးလာပါတယ် ။ ကျွန်တော်က နည်းနည်းအရေးကြီးတယ်ဆိုတော့ လန့်သွားပါတယ်။ စာပေအသိုင်းအ၀ိုင်းက စာရေးဆရာ ၊ ဆရာမတစ်ဦးဦးများ တစ်ခုခုဖြစ်တာလား၊ ဘာလားပေါ့။ ကိုရေချမ်းပြောတဲ့စကားကို စိုးရိမ်တကြီးနားထောင်လိုက်တော့ ကျွန်တော့်ပူပန်မှုက ငယ်ထိပ်ထိတက်သွားပါတယ်။ တောင်ကုတ်မြို့မှာ  မွတ်ဆလင်ဆယ်ယောက်ကို မြို့ခံတွေက ၀ိုင်းဝန်းသတ်ဖြတ်လိုက်ကြတဲ့အထိဖြစ်နေပြီမို့ ဘာသာရေးအဓိကရုဏ်းတွေ မဖြစ်လာအောင် တားဆီးဖျောင်းဖျတဲ့စာမျိုးရေးဖို့တိုက်တွန်းတာပါ။ ကိုရေချမ်းကတော့ ကျွန်တော့်ကို တော်တော်ရေးစေချင်တဲ့ပုံစံပါ။ ကျွန်တော်က ပြဿနာကို လည်း တိတိကျကျမသိရသေးတာရယ်၊ ဒီလိုကိစ္စမျိုးနဲ့ပတ်သတ်ပြီး ကိုယ်တွေဘက်က တစ်ချက်ကလေးမှ တိမ်းစောင်းသွားလို့ မဖြစ်တာတွေရယ်ကြောင့်  ကျွန်တော်ကြိုးစားကြည့်ပါဦးမယ်လို့ပဲ ပြောလိုက်ပါတယ်။

 နောက်ရက်ကျတော့ သတင်းကို လည်း အတိအကျသိရ၊ ဖြစ်နိုင်ချေတွေကို လည်း ခန့်မှန်းတွက်ဆပြီး မရေးဖို့ ဆုံးဖြတ်ပြီး ကိုရေချမ်းဆီဖုန်းလှမ်းဆက်လိုက်ပါတယ်။ ကျွန်တော်က ကျွန်တော်လို အစ္စလာမ်ဘာသာဝင်တစ်ယောက်က ပြောတာမျိုးဆိုရင် စဉ်းစားချင့်ချိန်ကြမယ့်အစား ၀ိုင်းဆဲတာပဲရှိမှာလို့ပြောတော့ ကို ရေချမ်းက ရေးပါ၊ အလင်းတန်းမှာ ဦးအေးလွင်ရေးတဲ့ မြန်မာ့အလှလိုမျိုးလေးပေါ့၊  မင်းရေးတတ်ပါတယ်။ ကဲ......မင်းကိုဆဲရင် ငါပြန်ရေးပေးမယ် ဆိုတဲ့အထိပြောလာပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မရေးဖို့ ဆုံးဖြတ်ထားပြီးပါပြီ။ ဘာကြောင့်လဲဆိုတော့ အကွက်တွေကို မြင်ထားလို့ပါ။ ဒါကြောင့် ကိုရေချမ်းကို လှည့်ပတ်ပြောလိုက်ပါတယ်။ ပြီးကျွန်တော်က ရေးလိုက်မယ်ဆိုရင် တချို့သွေးဆူတတ်တဲ့ မြန်မာလူမျိုးတွေအနေနဲ့ ဒီကောင်ကြောက်လို့ ရေးတာလားလို့ ထင်သွားနိုင်စရာရှိပါတယ်။ ဒါကြောင့်လဲပါပါတယ်။ လူလူချင်းကတော့ ကြောက်စရာမလိုဘူးလို့ ယူဆပါတယ်။ ဒါပေမယ့် ဘာသာရေးအဓိကရုဏ်းဖြစ်သွားမှာကိုတော့ စိုးရိမ်မိပါတယ်။ ထောင်ချောက်အဆင်ခံထားရမှန်းရိပ်မိနေလျက်နဲ့ ထောင်ချောက်ထဲသက်ဆင်းမိအောင် လှုပ်ရှားတာမျိုးက မသင့်လျော်ဘူးလို့ယူဆတာကြောင့် ကျွန်တော် နှုတ်ဆိတ်နေခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေတွေက  တော်တော်ကြီးကို  စိုးရိမ်ပူပန်စရာဖြစ်လာပါပြီ။ ကျွန်တော် ရေးဖို့လည်းသင့်ပြီလို့တွေးမိတာကြောင့် ဒီစာကို ရေးလိုက်တာပါ။

တစ်နေ့က ဖေ့စ်ဘွတ်မှာ ဖတ်လိုက်ရတဲ့ ကာတွန်းလေးကနေစပြီးပြောချင်ပါတယ်။ ကာတွန်းလေးကအောက်ပါအတိုင်းပါ။

                                အမြင်ခွဲဖို့တော့လိုပါသည်..

  ဒီကာတွန်းလေးကို ဖတ်ရတော့ တော်တော်သဘောကျသွားပါတယ်။ ကိုယ့်စိတ်အခံနဲ့တိုက်ဆိုင်တာလည်း ပါမယ်ထင်ပါတယ်။ မှန်ပါတယ်။ အခု ရိုဟင်ဂျာတွေနဲ့ ရခိုင်တွေဖြစ်တဲ့ ကိစ္စမှာ မြန်မာပြည်တွင်းက မြန်မာမွတ်ဆလင်တွေကို ရောထွေးလုံးကြိတ်နေကြတာတွေကို တွေ့နေ၊ မြင်နေ၊ ကြားနေ၊ ဖတ်နေရပါတ.ယ်။ ကျွန်တော်ရိုဟင်ဂျာတွေဘက်က ကာကွယ်ပြီးမပြောပါဘူး။ သူတို့ တောင်းဆိုတဲ့ ရိုဟင်ဂျာတွေကို  မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ်လက်ခံပေးဖို့ကိစ္စကိုလည်း မထောက်ခံပါဘူး။ ထို့အတူပဲ အခုလို ရခိုင်ပြည်နယ်အတွင်း လူသတ်၊ အကြမ်းဖက်နေကြတဲ့လုပ်ရပ်တွေကို လည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချပါတယ်။ ပြီး သူတို့တွေကို ဒေါသတော်တော်ထွက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေကြောင့်  ပြည်တွင်းက မြန်မာမွတ်ဆလင်တွေမှာ အနှောင့်အယှက်အခက်အခဲတွေ ဖြစ်ရလို့ပါ။ ဒါကလည်း ရိုဟင်ဂျာနဲ့ မြန်မာမွတ်ဆလင်တွေကို ကွဲကွဲပြားပြားဖြစ်အောင် မရေးကြ၊မပြောကြတဲ့သူတွေကြောင့်လည်းပါပါတယ်။( နိုင်ငံပိုင်သတင်းစာကြီးကိုယ်တိုင်ကိုက မှားယွင်းဖော်ပြသွားမိပါတယ်ဆိုပြီး “ မွတ်ဆလင်ကုလားများ” ဆိုတဲ့ အသုံးအနှုန်းကို လက်လွတ်စပ ယ်သုံးနှုန်းဖော်ပြသေးတာပဲ။) ဒီတော့ ကျွန်တော်တို့ မြန်မာမွတ်ဆလင်တွေမှာအများကြီးနစ်နာပါတယ်။ တောင်ကုတ်ကဖြစ်ရပ်ကိုပဲကြည့်လေ.....။ ဂျမာအတ်ဆယ်ဦးဆိုတာ မြန်မာမွတ်ဆလင်တွေ၊ ရခိုင်မှာသောင်းကျန်းနေကြတာတွေက ဘင်္ဂါလီ ရိုဟင်ဂျာတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ.....။  ကွဲကွဲပြားပြားသိမြင်တတ်ဖို့လိုပါတယ်။ တချို့ကကျတော့ ဒီအရေးကိစ္စကိုနင်းပြီး မွတ်ဆလင်တိုက်ခိုက်ရေးလှုံ့ဆော်စာတွေ ရေးသားကြတဲ့အထိပါ။ ဒါ့အပြင် ဘာသာရေးကို ပါ  သေသေချာချာမလေ့လာဘဲ မသိနိုးနား ပြောကြဆို ကြ ရေးကြ ရှုံ့ချကြနဲ့ လုပ်နေကြတဲ့အထိပါ။

အခုဆိုရင်၁၅ရက်နေ့ သောကြာနေ့နေ့လယ် ဂျွမ္မာနမာဇ်အပြီး ဗလီကအဆင်းမှာ မွတ်ဆလင်တွေကို  တိုက်ခိုက်မှုတွေလုပ်မယ်လို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေကြောင်းကြားသိရပါတယ်။ ပြီး အစ္စလာမ်ဘာသာဝင်တွေကလည်း အဲဒီနေ့မှာ လက်နက်ကိုင်တိုက်ခိုက်မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ ။ ဒီလို လက်ကမ်းစာစောင်တွေထုတ်၊ လူသိရှင်ကြားကြေငြာနေတာကို အဲဒီနေ့ရောက်အောင် ငုတ်တုတ်ထိုင်စောင့်ြ ကည့်နေကြမှာလား။ ဒါမှမဟုတ်.....ဗုဒ္ဓဘာသာ-အစ္စလာမ် ဘာသာရေးအဓိကရုဏ်းတိုက်ပွဲဝင်ကြမှာလား။ ဒီယုန်မြင်လို့ ဒီခြုံထွင်ထားတဲ့ ကိစ္စကြီးကို အကောင်အထည်ဖော်ပေးကြမှာလား။ စဉ်းစားသုံးသပ်ကြဖို့လိုပါတယ်။(  အခုဆိုရင်ရန်ကုန်ကသာမက နယ်တွေက အစ္စလာမ်ဘာသာဝင်တွေပါ အဲဒီနေ့ ဗလီကိုသွားဖို့ စဉ်းစဉ်းစားစားဖြစ်နေကြပါပြီ။ သောကြာနေ့ဆိုတာလည်း မသွားလို့ မကောင်းတာဆိုတော့   စိတ်အနှောင့်အယှက်တွေဖြစ်နေကြရပါတယ်။)

ှဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ ခွဲခြားသိမြင်ဖို့လိုသလို မြန်မာမွတ်ဆလင်များအနေနဲ့လည်း ဘင်္ဂါလီတွေအပေါ် သဘောကျထောက်ခံတာမျိုးမဖြစ်သင့်ပါဘူး။ အစ္စလာမ်ချင်းဆိုပေမယ့် သူတို့ လုပ်ရပ်တွေဟာ အစ္စလာမ့်ကျင့်ဝတ်တွေနဲ့နည်းနည်းမှ မညီတာကို တွေ့ရမှာပါ။ ပြီး ကျွန်တော်တို့တွေဟာ မြန်မာ့မြေမှာကြီးပြင်း၊ မြန်မာ့ရေကိုသောက်၊ မြန်မာ့ဆန်ကို စားနေကြတဲ့ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်နေသူများဟာ မြန်မာနိုင်ငံကို တရားမ၀င် (၀န်ထမ်းများရဲ့ အကျင့်ပျက်ခြစားမှုများအပါအ၀င်) ရောက်ရှိနေကြပြီး မိမိကိုးကွယ်တဲ့ဘာသာကို အများအမြင်မှာ အထင်အမြင်သေးခံရအောင် လုပ်ဆောင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအဖြစ် ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား နားလည် သဘောပေါက်ကြစေချင်ပါတယ်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း  မြန်မာနိုင်ငံဟာဘုရားပွင့်တဲ့နိုင်ငံတစ်ခုမဟုတ်ပါဘူး ။ သယ်ယူဆောင်ကြဉ်းပေးလာသူများရဲ့ ဂုဏ်ကျေးဇူးကြောင့် ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့ကြတာပါ။ ဒီတော့ ဒီလိုနိုင်ငံမျိုးမှာ ကိုယ်ကိုးကွယ်ရာ ဘာသာတရားသာရှင်သန်စေရမယ်ဆိုတဲ့စိတ်ဓါတ်မျိုးမထားကြဘဲ ဘာသာမရွေးလူမျိုးမရွေး လူ့အခွင့်အရေးအပြည့်အ၀နဲ့ စိတ်အေးလက်အေးလုံခြုံမှုပေးနိုင်တဲ့ နိုင်ငံမျိုးဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးထားစေချင်ပါတယ်။

အထူးသဖြင့် ပြောချင်တာကတော့ ရိုဟင်ဂျာနဲ့ ပြည်တွင်းက မြန်မာမွတ်ဆလင်တွေကို ကွဲပြားသိမြင်ပြီး မြန်မာမွတ်ဆလင်တွေကို တိုက်ခိုက်မယ့် အစီအစဉ်မျိုး ၊ ဘာသာရေးအဓိကရုဏ်းဖြစ်စေမယ့်ကိစ္စမျိုး အကောင်အထည်မဖော်ကြဖို့ အထူး အထူး မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ မွတ်ဆလင်တွေထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံသားအဖြစ် အစဉ်အဆက်နေထိုင်လာခဲ့ကြပြီး  မြန်မာ့နိုင်ငံ့အရေး စွမ်းစွမ်းတမံကျိုးပမ်းဆောင်ရွက်ခဲ့သူတွေ များစွာရှိခဲ့တာကိုလည်း အမှတ်ရစေချင်ပါတယ်။ပြီး တော့ ဒီနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်လာနေသူတွေအနေနဲ့ ဘာသာရေးကိုအစွဲပြုပြီး တခြားဘယ်နိုင်ငံသားစိတ်ဓါတ်မှ ကိန်းအောင်းမနေပါဘူး။ မြန်မာစိတ်ပဲရှိကြတာပါ။ ကိုးကွယ်ယုံကြည်ရာ ဘာသာရေးအယူဝါဒသာကွဲပြားတဲ့ မြန်မာနိုင်ငံသားများအဖြစ် မြင်စေလိုပါတယ်။ ( ပြီး မေလ၂၁ရက်နေ့ထုတ် အလင်းတန်းဂျာနယ်မှာဖော်ပြပါရှိတဲ့ ဦးအေးလွင်ရဲ့ “ မြန်မာ့အလှ” ဆောင်းပါးကိုလည်း ဖတ်ရှုကြစေချင်ပါတယ်။  http://www.shweamyutay.com/index.php?option=com_content&view=article&id=4095:2012-05-21-08-15-48&catid=118:2008-06-22-18-46-23&Itemid=49   )

 ဒီတော့ အားလုံးအနေနဲ့ ဘယ်လို ဘာသာရေးအဓိကရုဏ်းမျိုးမှမဖြစ်အောင် ကာကွယ်တားဆီးရမယ့်တာဝန်ရှိပါတယ်။ ဆရာမ မသီတာ(စမ်းချောင်း) ပြောတဲ့ စကားလေးပြန်ကိုးကားရရင်
အားလုံး သတိကြီးကြီး ထားကြစေချင်ပါတယ်။ သွေးဆူပြီး သေချာမတွေးရင် ထောင်ချောက်ထဲ ကျဖို့ လက်နှစ်လုံးအလို အခြေအနေမျိုး ဖြစ်ပြီး ကယ်တင်ရှင် ပေါ်နေပါဦးမယ်။ ဘေးပြောတာရော၊ သွေးပြောတာရောကို ဦးနှောက်နဲ့ နားထောင်ပေးကြပါ။ ဖြစ်စဉ်တစ်ခုလုံးမှာ ဟာကွက်တွေ အများကြီး ရှိနေပါတယ်။ အလှည့်စား မခံကြပါနဲ့။
  • 1

  • Ma Thida
    ဒီနေ့ ကြားရတဲ့သတင်းက ရန်ကုန်က လူတွေက အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြတာမျိုးထက် အကြမ်းဖက်ခံနေရသူတွေကို ကူညီဖို့ စီစဉ်မယ်ဆိုတာပါ။ သိပ်ကောင်းပါတယ်။ ကျန်တာကတော့ လက်ရှိအခြေအနေမှာ အသံတွေကို ပြည့်ပြည့်စုံစုံ နားထောင်ခွင့် မရတာက ဟာကွက်ဖြစ်နေပါတယ်။ တစ်စုံတစ်ရာ တောင်းဆိုမှု၊ စိန်ခေါ်မှုက်ု တရားဝင်နဲ့ ပီပီပြင်ပြင် မတွေ့ရဘဲ အကြမ်းဖက်မှုသက်သက်တွေချည်း ကြားသိနေရတာမျိုး ဖြစ်နေပါတယ်။ စိတ်မကောင်းစရာတွေချည်း ဖြစ်နေတာပါ။ ကွင်းဆက်ပြတ်နေတဲ့ ဖြစ်ရပ်တွေကြားမှာ ၀ှက်ဖဲတွေ ရှိနေမယ် ထင်ပါတယ်။ ဘာရယ်လို့ မသိပေမယ့် ပုစ္ဆာတစ်ပုဒ်အနေနဲ့ ပေးထားချက်တွေ မပြည့်စုံဘဲ အဖြေထုတ်နေကြသလို ဖြစ်နေတယ် ထင်ပါတယ်။ ကျောက်နီမော်နဲ့ တောင်ကုတ်မှာ ဖြစ်တဲ့ ပြသနာက မိုင်ရာချီဝေးတဲ့ နေရာတွေမှာ ပေါက်ကွဲပြီး အဲဒီနေရာတွေမှာ အခုထိ ဘာမှ မဖြစ်သလိုဘဲ သတင်းမကြား ဖြစ်နေတာက ပြတ်နေတဲ့ ကွင်းဆက်ပါ။ အဲဒါကိုပါ ဖော်ထုတ်မှ ဖြစ်စဉ်ကို အပြည့်အ၀ နားလည်နိုင်မယ်လို့ ယူဆပါတယ်။
    ဒါကြောင့် အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ ဘာသာေ၇းအဓိကရုဏ်းဖြစ်စေနိုင်တဲ့ ဘယ်လို ကိစ္စမျိုးကို မှ အကောင်အထည်ဖော်၊ ဆောင်ရွက်ခြင်းများမပြုမိကြစေချင်ပါ။  စိတ်ကို အေးအေးထားပြီး သေသေချာချာ သုံးသပ်ရှုမြင်ကြစေချင်ပါတယ်။  သွေးဆူပြီးလက်လွတ်စပါယ် ဆုံးဖြတ်လိုက်ရင် မဖြစ်သင့်တာတွေ ဖြစ်လာမှာစိုးလို့ပါ။

    ဆက်လက်ဖော်ပြမှာကတော့ ဇွန်လ၊ ၁၄ရက်နေ့ မှာ ထုတ်ဝေမယ့် Myanmar Independent News Journal မှာဖော်ပြထားတဲ့ အယ်ဒီတာ့အာဘော်ကို ပါ။
     

    နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် မရှိမဖြစ် အရေးကြီးသည်မှာ ဆင်ခြင်တုံတရား ပြည့်ဝသော၊ နိုင်ငံရေး အသိစိတ်ဓာတ် ရင့်ကျက်သော နိုင်ငံသားများ ဖြစ်ပါသည်။ နိုင်ငံရေး အသိစိတ်ဓာတ် မရင့်ကျက်သော၊ ဆင်ခြင်တုံတရားမရှိသော နိုင်ငံသားများသည် ငွေကြေး၊ အာဏာ အစရှိသော ဖြားယောင်းခြိမ်းခြောက်နိုင်စွမ်း ရှိသည့် အကြောင်းတစ်စုံတစ်ခုကြောင့် ဆုံးဖြတ်ချက်အမှားများကို ကျူးလွန်တတ်ကြပါသည်။  ထို့ပြင် ကျဉ်းမြောင်းသော လူမျိုးရေး၊ ဘာသာရေး စိတ်ဓာတ်သည်လည်း ဆင်ခြင်တုံတရား နည်းပါးပြီး နိုင်ငံရေး အသိစိတ်ဓာတ် မရင့်ကျက်သော နိုင်ငံသားများတွင် ရှိနေတတ် ပါသည်။ ထို့ကြောင့် နိုင်ငံသားများ၏ နိုင်ငံရေးအသိစိတ်ဓာတ် ရင့်ကျက်စေရေးအတွက် နိုင်ငံတော်၏ မဏ္ဍိုင်ကြီးလေးရပ်စလုံးတွင် တာဝန်ရှိပါသည်။ လတ်တလော ဖြစ်ပေါ်နေသော ကိစ္စရပ်များသည် အပေါ်ယံကြည့်လျှင် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုအပေါ် အခြေခံသည်ဟု ထင်မြင်ယူဆနိုင်သော်လည်း အခြေခံကျသော ပြဿနာမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အခြေတည်ခဲ့သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် မီဒီယာမဏ္ဍိုင်များ၏ အားနည်းချက်များကြောင့် ဟုပင် ဆိုရပေမည်။ နယ်စပ်ဒေသများတွင် လူမျိုးကွဲ၊ ဘာသာကွဲ နိုင်ငံခြားသားများ ဝင်ရောက်မှုပြဿနာမှာ ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသော ပြဿနာ ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံတော်၏ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး မူဝါဒနှင့် ဥပဒေများကို တိကျပြတ်သားစွာ ချမှတ်မှု၊ ဥပဒေကို လက်တစ်လုံးခြား လှည့်စားမည့်အရေးမှ ကာကွယ်ရန် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များက အဂတိကင်းစွာ ဆောင်ရွက်ကြမှုနှင့် မီဒီယာများက လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် အရေးအသားများကို ရှောင် ရှားကာ ပုံနှိပ်ဖော်ပြကြမှုတို့ကဲ့သို့ ရင့်ကျက်သော နိုင်ငံတော်၏ အပြု အမူများဖြင့် ထိုနှယ်သော နယ်စပ်အရေးကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံအများစုက အားထုတ်တတ် ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်မူ နှစ်ပေါင်းများစွာကပင် ထိုအရေးကိစ္စများအားလုံးတွင် ဝေဝါးနေခဲ့ကြောင်း ဝန်ခံရပေမည်။
    နိုင်ငံသားဥပဒေကို ခေတ်နှင့်အညီ ပြန်လည် မရေးဆွဲနိုင်သေးခြင်း၊ အဂတိမကင်းသည့် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏  ဥပဒေကို လက်တစ်လုံးခြား ကျူးလွန်နေသည့် နိုင်ငံသားများနှင့် နိုင်ငံခြားသားများကို လျစ်လျူရှုထားခြင်းနှင့် ဝါဒဖြန့်ချိရေး အသွင် ဆောင်နေသည့် မီဒီယာ၏ အရေးအသား ကြားမနေခြင်းတို့ကား မြန်မာ့လူ့ဘောင်၏ နာတာရှည်ဝေဒနာ ဖြစ်နေပါသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာက အခြေတည်ခဲ့သော မဏ္ဍိုင်ကြီးလေးခု၏ နာတာ ရှည်ယမ်းပုံကြီးပေါ်သို့ လတ်တလော ပေါ်ပေါက်နေသည့် အကြမ်းဖက်မှု မီးခြစ်ဆံတစ်ဆံ ကျရောက်သွားသည့်အခါ ကမ္ဘာ့သတင်းစာမျက်နှာပေါ်တွင် အရှက်ကွဲစရာ နိုင်ငံရေးဖြစ်ရပ်အဖြစ် ထွက်ပေါ်ခဲ့ရပါတော့သည်။
    ထိုအကြောင်းရင်းမှန်ကို သဘောမပေါက်ကြသည့်အတွက် နိုင်ငံသားများ၏ လတ်တလော အကြမ်းဖက်မှု များအပေါ် အမြင်များမှာ အစွန်းရောက်လာရသည်ဟု မြန်မာအင်ဒီပဲန်ဒင့်က သုံးသပ်မိပါသည်။ ထို့ကြောင့် ရင့်ကျက်သော နိုင်ငံသားများဖြစ်ရေးတွင် နိုင်ငံတော်၏ မဏ္ဍိုင်ကြီး လေးရပ်စလုံးက ရင့်ကျက်ရမည့်နည်းတူ ရင့်ကျက်သော နိုင်ငံတော်ကသာ ယင်း၏ နိုင်ငံသားများကို ရင့်ကျက်အောင် တတ်နိုင်မည် ဖြစ်ပေသည်။ ယခုအချိန်သည် ကမ္ဘာ့မျက်လုံးပေါင်း အထောင်အသောင်းက မြန်မာ့အရေးကို မျက်စိထောင့်ထောက် ကြည့်နေကြရာ နိုင်ငံတော်နှင့် နိုင်ငံသားဟူ၍ ခွဲခြားနေမည် မဟုတ်သည်ကိုလည်း မြန်မာနိုင်ငံသားများ အားလုံးက သတိထားကြရပေမည်။ မြန်မာ့မြေပေါ်တွင် ဖြစ်ပွားသမျှ သတင်းဟူသမျှ၏ အကြောင်းနှင့်အကျိုးကို မြန်မာနိုင်ငံတော်နှင့်တကွ မြန်မာနိုင်ငံသားအားလုံးက ဆက်ခံတာဝန်ယူကြရမည်ကိုလည်း သိထားကြရပါမည်။ သို့ဖြစ်ရာ မကြာသေးမီကမှ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို စံနမူနာ ထားသင့်ကြောင်း ချီးကျူးသံများ ကြားရဆဲတွင် ယခုကဲ့သို့ အကျည်းတန်အကြမ်းဖက်မှု များဖြင့် ကမ္ဘာ့စာမျက်နှာပေါ်တွင် မြန်မာ့ပုံရိပ်အား အကျည်းတန်မည့် ဖြစ်ရပ်ကို ဝိုင်းဝန်းကာကွယ်ရေးအတွက် နိုင်ငံတော်နှင့် နိုင်ငံသား များအားလုံးက မိမိတို့၏ အခန်းကဏ္ဍအသီးသီးမှ  တာဝန်ကျေပွန်ကြရမည်ဖြစ်ကြောင်း မြန်မာအင်ဒီပဲန်ဒင့်က တင်ပြလိုက်ရပါသည်။ လွတ်လပ်သော နိုင်ငံသားစိတ်ဓာတ်ဖြင့် ပြည်သစ်တည်အံ့။
    အယ်ဒီတာ( The Myanmar Independent News Journal )

    ဒီလောက်ဆိုရင် စာဖတ်သူများဆင်ခြင်စဉ်းစားနိုင်မယ်ထင်ပါတယ်။ ဘယ်လို ဘာသာရေးအဓိကရုဏ်းမျိုးဖြစ်ပွားအောင်ကြံစည်မှုမျိုးကိုမှ လက်မခံနိုင်တဲ့ မြန်မာနိုင်ငံသားများဖြစ်ကြစေချင်ပါတယ်။ 
    အားလုံးကိုကျေးဇူးတင်ပါတယ်။



    ဝေမိုးနိုင်(မုံရွာ)

15 comments:

  1. ဆရာရေ..နားလည်ခံစားပေးလိုက်ပါတယ်

    ReplyDelete
  2. ဆရာရေ... ရိုဟင်ဂျာဘင်ဂါလီ ဆိုတာ မြန်မာနိုင်ငံသား တိုင်းရင်းသားမဟုတ်ကြောင်း ညီညီညွတ်ညွတ် ဖော်ထုတ်ပြနိုင်ဖို့က
    အဓိကဖြစ်ပါတယ်။

    ReplyDelete
  3. ဆရာ နားလည်ပါတယ်

    ReplyDelete
  4. This is a really good post. I am buddhist but I also have many muslim friends. I agree this is not religion problem and we all should stay in peace with each other and see the difference.

    ReplyDelete
  5. ပြောချင်တာတွေ အားလုံးကို ခံစား နားလည်သွားပါတယ် ဆရာရေ။

    ခင်တဲ့
    ဂျွန်မိုး

    ReplyDelete
  6. ရေးပြသွားတာ သေသပ်တယ် ၊

    တော်တော်အားထုတ်ထားတယ်

    ReplyDelete
  7. အားလုံး အခြေအနေမှန်ကို ဆင်ခြင်ဥာဏ်နဲ့ ကွဲကွဲပြားပြား ခွဲခွဲခြားခြား မြင်တတ်စေချင်လှပါတယ်ရှင်..။

    ReplyDelete
  8. အခြေအနေ အမှန်ကို ဆင်ခြင်တတ်အောင် ပိုင်းခြားပေး တဲ့စိတ် ဓာတ်မျိုးကိုတော့ လေးစားတယ်ဗျာ
    ကျွန်တော်က ဗုဒ္ဓဘာသာ ၀င်တစ်ယောက်ပါ။

    ReplyDelete
  9. သိပ်ကောင်းတဲ့ရေးသားချက်ပါ။ ဒီလိုအချိန်မှာ ဒီလိုရေးသားချက်က သိပ်တန်ဖိုးရှိပါတယ်။ အထူးသဖြင့် ရေးတဲ့သူဟာ မူစလင် တစ်ယောက်ဖြစ်တဲ့ အတွက် မူစလင်တွေ အားလုံးကို ကိုယ်စားပြုနိုင်မှာပါ။ အားလုံး ရင့်ကျက်တဲ့ တွေးခေါ်မြော်မြင်မှုတွေနဲ့ ဘာသာစွဲ လူမျိုးစွဲမထားပဲ နေထိုင်နိုင်မှသာ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာပါ။ အခုလိုမျိုး ဗုဒ္ဓဘာသာနဲ. မူစလင်အရေးအခင်း ဖြစ်လာအောင် ဖန်တီးတဲ့ ရိုဟင်ဂျာတွေကိုလည်း အတူတကွ တွန်းလှန်ပစ်ဖို. အင်မတန်မှ အရေးကြီးတယ်လို. ထင်ပါတယ်။

    ReplyDelete
  10. http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete
  11. အခုမှ ဖတ်မိတယ်။ Highlight လုပ်ပြထားတဲ့ ကာတွန်းလေးကို သဘောကျမိတယ်။ မြန်မာနိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်စွာ ရှိကြဖို့ပဲ လိုပါတယ်။ ဘာသာတရားဆိုတာက ကိုယ် စိတ်ယုံကြည်ရာ၊ ကိုယ်ချစ်မြတ်နိုးရာကို ကိုးကွယ်ကြတာပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတဲ့ လူတိုင်း တစ်ယောက်ကိုတစ်ယောက် နားလည်စွာ၊ ပြီးတော့ ချစ်ချစ်ခင်ခင်နဲ့ စည်းစည်းလုံးလုံး ရှိသင့်ပါတယ်။

    ReplyDelete
  12. အကို ပြောတာမှန်တယ်ဗျာ.... ရိုဟင်ဂျာ အရေးအခင်းပါ.... အစ္စဘာသာအရေး အခင်းမဟုတ်ပါ...။ ကျွန်တော်တို့ အားလုံးဟာ မြန်မာမြေပေါ်မှာ ကြီးပြင်းလာတဲ့ မြန်မာနိုင်ငံသားတွေဘဲ...။ ရိုဟင်ဂျာတွေရဲ့လုပ်ရပ်က ပြည်တွင်းက အစ္စလာမ် ဘာသာဝင်တွေကို ထိခိုက်ပါတယ်....။ ကျွန်တော်ကတော့ လူမျိုးရေး တွေကို မုန်းတယ်။ လူတိုင်းဟာ ကိုယ်ယုံကြည်တဲ့ဘာသာတွေကို ကိုးကွယ်ကြတာပဲလေ...။

    ReplyDelete
  13. this is the true,not story.but,all are in necessary for that not story.peace is peace.

    ReplyDelete
  14. ကျွန်တော်လဲ အစ္စလာမ်ဘာသာပါ
    ကျွန်တော်ထင်တာက လူဆိုတာ အမျိုးအစား ၂ မျိုးပဲရှိတယ်လို့လေ။
    ကောင်းတဲ့လူ ၊မကောင်းတဲ့လူ
    ရီုဟင်ဂျာမကောင်းတာ
    အစ္စလာမ်ဘာသာမကောင်းတာမဟုတ်ပါဘူး။
    ယုတ်မာတဲ့လူက ယုတ်မာမှာပဲလေ...။

    ReplyDelete
  15. အကို ကျွန်တော်facebook အကောက် ခဏခဏ ကျနေလို့ ကူညီပေးပါအုံ့

    ReplyDelete