Saturday, June 2, 2012

အလွှာ (တစ်ချိန်က မီးပျက်ညများသို့ အမှတ်တရ)


ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း(သြဂုတ်၊၂၀၁၂) သရုပ်ဖော်ပန်းချီ- ကိုကိုနိုင်
အတန်သင့် လင်းကျင်းနေသော ပတ်ဝန်းကျင်သည် ရုတ်တရက် အကျည်းတန်သွားပြီး မဟူရာကောင်းကင်မှ ကြယ်ကလေးများကသာ ၀ိုးတ၀ါးအလင်းရောင်ကို ပေးစွမ်းနိုင်ကြတော့သည်။  သေးသေးရှည်ရှည် လမ်းကလေးတစ်လျှောက်၌ အသံဗလံများသည် ကောင်းကင်ယံတစ်ခွင် ၀ဲလွင့်ပျံတက်သွားသည်အထိဆူညံသွားလေသည်။



၁။

“ ဟာ ....  မီးပျက်သွားပြီ။ သားရေ..........နောက်တစ်လိုင်းပြောင်းလိုက်ဦး ”

ဦးကောင်းညွန့်က ဘီယာခွက်ကို စမ်းတ၀ါးဝါးလှမ်းရင်း သားဖြစ်သူကို လှမ်းအော်ပြောသည်။ ဘီယာတစ်ကျိုက် ကျိုက်ရင်း မီးခုံရှိရာဆီ လှမ်းကြည့်လိုက်တော့ မှောင်မဲနေသည်။

“ ဟ... နှစ်လိုင်းလုံးပျက်တာပါလား။ အေးခင်ရေ...ထ၊ အင်ဗာတာဖွင့်လိုက်ဦး”

အေးခင်က တီဗီရှေ့ ကြမ်းပြင်မှာ ငုတ်တုတ်လေး ထိုင်ငိုက်နေရင်းက ဆတ်ခနဲထပြီး အင်ဗာတာရှိရာဆီ အပြေးကလေးသွားသည်။  မကြာမီမှာပင် မီးချောင်းတချို့လင်းလာပြီး အိမ်အပေါ်ထပ်မှ သားဖြစ်သူက ဓါတ်မီးတစ်လက်ဆွဲကာ ဆင်းလာသည်။



“မီးစက်သာနှိုးပါသားရာ..။ အိုက်တယ်ကွ.......အဲယားကွန်းဖွင့်ရအောင်”

“ ဒါဆိုသားလဲအင်တာနက်သုံးလက်စကြီး . ဆက်သုံးမှာနော်”

သားဖြစ်သူ၏ စကားအဆုံး ဒေါ်အေမီ့အသံက စူးစူးရှရှကြီး ထွက်ပေါ်လာသည်။

“ အမလေး...............သားအဖနှစ်ယောက် ဖြုန်းတီးရေး စီမံကိန်းချနေလိုက်ကြတာ။ ဆီတစ်ဂါလံဘယ်လောက်မှတ်နေလဲ ၊ သုံးထောင့်ငါးရာ ဖြစ်နေပြီ။ တော်တို့ ဒီလို သုံးပုံနဲ့ဆို မဖြစ်သေးဘူး။ အစိုးရဆိုင်က ၀ယ်မှဖြစ်တော့မယ်”

ဦးကောင်းညွန့်က လက်ထဲမှ ဘီယာခွက်ကို စားပွဲပေါ်ပြန်တင်ပြီး ဒေါ်အေမီ့ခါးကို လှမ်းဖက်ရင်း  အသံကို ချွဲချွဲပျစ်ပျစ်လုပ်ကာပြောသည်။

“ အေမီရာ..........ကိုယ်က အလတ်ကြီး ရှိပါသေးတယ်ကွာ။ ငွေရှာနိုင်ပါသေးတယ်။ ရှာထားတဲ့ငွေတော့ သုံးပါရစေကွာ။ နို့မို့ ငွေတွေ အလကားဖြစ်ကုန်မှာပေါ့ မိန်းမရဲ့၊ နော့  သားရာ ”

ကောင်းမြတ်ဦးက အာလုတ်သံကြီးနှင့် .....

“ ဟုတ်ပါ့ဗျား” ဆိုပြီး ထောက်ခံလေ သည်။

“အတိုင်အဖောက်ကလည်း ညီပါ့တော်.........သားအဖနှစ်ယောက် ”

ဒေါ်အေမီက ယောက်ျားဖြစ်သူကိုတစ်လှည့်၊ သားဖြစ်သူကိုတစ်လှည့် ချစ်စနိုးမျက်စောင်းထိုးပြီး စားပွဲပေါ်က ပန်းကန်ထဲမှ ပန်းသီးတစ်စိတ်ကောက်စားသည်။ အေးခင်ကတော့ ဘာအရုပ်မှပေါ်မနေသော တီဗီဖန်သားပြင်ကြီးကို  မျက်လုံးမှေးစင်းစင်းနှင့် ငေးကြည့်ရင်း  စိတ်ထဲမှလည်း ဒီမိသားစု ဘယ်အချိန်ကျမှ ကိုယ့်အခန်းထဲကိုယ် ၀င်ကြမလဲမသိဘူး ဟုတွေးကာ သူတို့ ခိုင်းစရာရှိလျှင် အဆင်သင့် လုပ်ပေးနိုင်ရန်နေရာ၌ပင် မျက်လုံးမှိတ်ပြီး ငုတ်တုတ်အိပ်လေ၏။

“သားရေ...ပြီးရင် ဖုန်းဆက်မေးဦး၊  မီးဘာလို့ ဖြတ်တာလဲလို့။ ဘယ်အချိန်ပြန်ပေးမလဲပါမေး”

ဦးကောင်းညွန့်၏စကားသံအဆုံးတွင်  မီးစက်သံတထုံးထုံးထွက်ပေါ်လာပြီး တစ်အိမ်လုံး မီးများဝင်းထိန်လာလေသည်။



၂။

“ကဲ  ကဲ   ကိုဘခက်ရေ............ လုပ်ပါဦး။ အင်ဗာတာဖွင့်ဦး။ ဒီမှာကောင်းခန်းရောက်နေပြီ”

မခင်လှက တန်းလျားပေါ်တွင် လှဲနေသော ကိုဘခက်ကို အလန့်တကြားပြောရင်း ခြေထောက်ကို လှမ်းပုတ်သည်။

“ အဲတော့ ......ကျုပ် မနေ့ညက အင်ဗာတာ အားမသွင်းမိဘူး။ အားရှိပါ့မလားမသိဘူး”

မခင်လှက ရင်ဘတ်ကို လက်နှင့်ဖိရင်း စိုးရိမ်တကြီး ပြောတော့ ကိုဘခက်က ပုဆိုးပြင်ဝတ်နေရင်း ဟင်းခနဲ သက်ပြင်းချလိုက်ပြီး

“မင်းအကြောင်းသိလို့ ငါမနက်က လျှပ်စစ်ရုံးမှာ အားသွားသွင်းထားပါတယ်ကွာ။ အားသွင်းခကလဲ များလိုက်တာကွာ။ သုံးရာတဲ့။ ငါက မင်း ကိုးရီးယားကားမကြည့်ရမှာစိုးလို့သာ ။ ငါ့စိတ်နဲ့သာဆို အားသွားမသွင်းဘူး”

မခင်လှက တင်ပျဉ်ခွေထိုင်နေရာကနေ ဒူးတစ်ချောင်းထောင်ပြီး ထဘီကို ဗြန်းခနဲ မြည်အောင် ဆွဲစုသည်။

“ သူတို့လည်း ထောပါ့တော်။ ဘက်ထရီတစ်လုံး သုံးရာ။ တစ်နေ့  အလုံးသုံးဆယ်လောက်လာတယ်ထားဦး။  သုံးသုံးလီကိုး ဆိုတော့ ကိုးထောင်၊ ဟန်ကိုကျလို့တော်”

“ အင်း.........ဒါပေမယ့်  သူတို့လည်း ခိုးလုပ်ရတာကွ၊ အထက်က မိသွားရင် လွယ်မှာမဟုတ်ဘူး”

“အမလေး   ကိုဘခက်။ တော့်ပထွေးတွေဘက်က ရှေ့နေလိုက်ပေးမနေနဲ့။ ကျုပ် ကိုးရီးယားကားလွတ်သွားလိမ့်မယ်..........အမြန်ဖွင့်ပါတော့်”

မခင်လှက ကုန်းအော်တော့ ကိုဘခက်က ဘာမှ ပြောမနေတော့ဘဲ  အင်ဗာတာနှင့်  ဘက်ထရီချိတ်ဆက်နေသည်။  မခင်လှကတော့ ကိုဘခက် ကျောပြင်ကြီးကို ကြည့်ရင်း “ ဒင်းကို ယူခဲ့လို့  ငါဒီလိုနေနေရတာ။ ကိုစိန်မှန်ကြီးကိုသာ ရွေးခဲ့ရင်  ခုနေခါ တိုက်နဲ့ ကားနဲ့ ဇိမ်ကျနေပြီ” ဟုတွေးနေမိသည်။ သို့သော်လည်း  အင်ဗာတာဖွင့်အပြီး ဖျတ်ခနဲလင်းလာသည့် မီးချောင်းရောင်အောက်မြင်လိုက်ရသော  ကိုဘခက်ရုပ်သွင်ကိုကြည့်ရင်း  “အင်း.......သူ့ကို ရွေးခဲ့တာက  အချစ်စစ်တော့ ပျော်တော့ ပျော်ရတာပေါ့။ ကိုစိန်မှန်ကြီးနဲ့ဆို ငါ့ စိတ်ညစ်နေရမှာ” ဟုတွေးရင်း ကိုစိန်မှန်၏ ငါးကျည်းခြောက်ရုပ်ကို မြင်ယောင်ကာ ပြုံးမိလေ၏။

ဘာပဲပြောပြော  ကိုဘခက်လည်း  မဆိုးလှပါ။ မခင်လှသားသမီး မွေးမပေးနိုင်သည်ကိုပင် အပြစ်မမြင်ဘဲ  တယုတယ အားပေးဖေးမလျက် သူ့ဝင်ငွေလေးနှင့် ညီမျှအောင် ရှာဖွေကျွေးမွေးပါ၏။   ဇိမ်ခံပစ္စည်းများလည်း  အသင့်အတင့် ခံစားစေပါ၏။ ခု အင်ဗာတာလေးကို ပင် မခင်လှက ကိုးရီးယားကားကြည့်နိုင်ဖို့  ပူဆာ၍ ကိုဘခက် ခြစ်ခြုတ်စုဆောင်းကာ  ၀ယ်ပေးထားခြင်းဖြစ်သည်။  အင်ဗာတာလေးရှိတော့ ဘာပဲပြောပြော မျက်နှာငယ်စရာမလိုတော့ ။ ယခင်ကလို မီးပျက်သည်နှင့် သူများအိမ် ပြေးမော့စရာမလိုတော့။ ဟန်ကျလိုက်သည့်ဖြစ်ခြင်း။

“ ဒါ မီးက သန်းခေါင်ကျမှ ပြန်လာတော့မှာ”

“ပေးချင်တဲ့အချိန်ပေးတော်။  ကျုပ်ကိုးရီးယားကားကြည့်ရရင်ကျေနပ်တယ်”

မခင်လှက ပြုံးတုံ့တုံ့ကြီး လုပ်ရင်း တီဗီဖန်သားပြင်ထက်၌ ပေါ်လာမည့် ကိုးရီးယားကားကိုစောင့်မျှော်နေလေသည်။



၃။

“ဟောတော်.....လုပ်ပြီ။ မီးကတော့   ........လာရမယ့် ရက်ကို ကောင်းကောင်းမလာဘူး။ သူများမေတ္တာပို့တာ ခံချင်နေကြတယ်။ ”

တင်မေလွင်က လက်ထဲမှ တီဗီ ရီမုတ်ကို  စားပွဲပေါ် ဆတ်ခနဲ လှမ်းတင်ရင်း မကျေမနပ် ရေရွတ်သည်။  စူးရှသော တင်မေလွင့် စကားသံအဆုံး ဦးဘလွင်၏  ဖျောင်းဖျသံတိုးလျလျက ကပ်ပါလာ၏။

“သမီးကလည်းကွယ်  ......... ဒေါသချည်းပဲ ။ သူတို့မှာလဲ သူတို့ အခက်အခဲနဲ့ သူတို့ ရှိမှာပေါ့”

ဦးဘလွင်၏စကားသံပင်မဆုံးလိုက်.၊ တင်မေလွင်က ပိတ်အော်သည်။

“ဘာမှမခက်ခဲပါဘူးအဖေရာ။ ဟော.........ဟိုး မယ်  ဒေါ်အေမီတို့အိမ်မီးပြန်လာနေပြီ။ တွေ့လား”

ဦးဘလွင်က ပြတင်းပေါက်ကို  ခေါင်းပြူကြည့်သည်။  ဒေါ်သန်းရွှေက မမြင်မကန်းနှင့် ရေနွေးခွက် လှမ်းရာမှ  စိုသွားသော သူ့လုံချည်ကို ခါရင်း

“ သူတို့က အမေတို့နဲ့လိုင်းမတူဘူးလားသမီးရဲ့”

“သူတို့ကနှစ်လိုင်းတောင်အမေရ”

ကျော်ဖြိုးဝေထွန်းလိုက်သော ဖယောင်းတိုင်မီးရောင်အာက်၌ ဒေါ်သန်းရွှေသည်  ရေနွေးခွက်ကြီးကိုင်ရင်း ခေါင်းတဆတ်ဆတ်ညိတ်နေသည်။
ကျော်ဖြိုးဝေက ဖယောင်းတိုင်ကို သံဗူးတစ်ဗူးပေါ်မတ်မတ်ထွန်းပြီး ဗီရိုအမြင့်၌ တင်လိုက်သည်။

“မီးက ပြန်မလာတော့ဘူးနေမှာ။”

“ ဟာ.......ကို ကြီး ကလည်း ဘာတွေလျှောက်ပြောနေတာတုန်း ။ ပါးစပ်ပုပ်ကြီး နဲ့ လျှောက်ပြောမနေနဲ့။ သူ့ဖာသာပြန်လာရင်လာမှာပေါ့”

ကျော်ဖြိုးဝေက တင်မေလွင့်ကို မျက်မှောင်ကျုံ့ပြီးလှမ်းကြည့်သည်။

“ နင်က ဘာဖြစ်နေတာလဲ”

“ စိတ်တိုနေတာ။  စိတ်တိုနေတာ............ကိုးရီးယားကားမကြည့်ရလို့  စိတ်တိုနေတာ.......သိပြီလား”

တင်မေလွင်က ခပ်ဆောင့်ဆောင့် ဖြေသောအခါ ကျော်ဖြိုးဝေက ရယ်သည်။

“အဲဒီလောက်ကြည့်ချင်နေရင် မခင်လှတို့အိမ် သွားကြည့်ပါလား”

“အေး........ဟုတ်သားပဲ သမီး။ သွားချင်သွားလေ။ အမေ အဖော်လိုက်ပေးရမလား”

တင်မေလွင်က ဒေါ်သန်းရွှေကို ခေါင်းခါပြတော့ ဒေါ်သန်းရွှေလည်း ချထားသော ရေနွေးခွက်ကို ပြန်ကောက်ကိုင်ပြီး ဖရူးခနဲမြည်အောင် တစ်ကျိုက် သောက်လေ၏။

“ မသွားချင်ပါဘူးအမေရယ်။  အဲဒီ မခင်လှက အင်ဗာတာ ၀ယ်နိုင်သွားကတည်းက ထောင့်ကိုမကျိုးဘူး၊  ဘ၀င်လေဟပ်နေတာလေ။ သူ့အိမ်သွားကြည့်ရင်လည်း မိန်းမက အထက်စီးနဲ့။ အဲဒါကြောင့် အဖေတို့ကို ပြောတာ ၊ အင်ဗာတာလေးတစ်လုံးနဲ့ ဘက်ထရီလေးဝယ်ပါဆိုတာကို........”

ဆူဆူဆောင့်ဆောင့်ပြောလာသော သမီးဖြစ်သူကို ဦးဘလွင်က ချစ်စနိုးပြုံးကြည့်နေသည်။ ဒေါ်သန်းရွှေကတော့ ရေနွေးခွက်ကို ဆောင့်ချပြီး

“ ဒါဆို ညည်းအလုပ်လုပ်ပါ့လားအေ့။  ငါတို့လုပ်စာလေးနဲကကတော့ ဘယ်လိုလုပ်ဝယ်နိုင်မှာလဲ”

“ ဟုတ်တယ်အမေ..........ဒီကောင်မလေးကို အလုပ်လုပ်ခိုင်း”

ဆိုးခနဲ ၊ ဆတ်ခနဲ ၀င်ထောက်ခံလိုက်သော ကျော်ဖြိုးဝေထံ တင်မေလွင့် မျက်စောင်းတစ်ချက် ရောက်ရှိသွားသည်။

“ အလုပ်လုပ်တာက ဟုတ်ပါတယ်။  အလုပ်က ပေါတာကိုး။  ပြီးတော့ ခုခေတ်က အိုင်တီခေတ်။ ကွန်ပျူတာတို့ စာရင်းကိုင်တို့ကလည်း တတ်မှ ဖြစ်တာ။ သင်တန်းတက်ဖို့ ပိုက်ဆံမရှိမှတော့ ဘယ်မှာတက်ပြီး ဘယ်မှာ အလုပ်ရပါတော့မလဲ”

တင်မေလွင့်အသံက အဖျားခတ်တုန်ခါသွားသလို အားလုံးလည်း  ခေတ္တခဏ ဆိတ်ဆိတ်ငြိမ်သက်သွားလေသည်။




၎။

“အမေ့ ......ဖယောင်းတိုင်မရှိတော့ဘူးလား”

ရှိုင်းထက်က  စာအုပ်ကလေးတစ်အုပ်ပိုက်ထားရင်း  မအေဖြစ်သူကို  မ၀ံ့မရဲကြည့်ရင်း မေးတော့ မထွေးစိန်က  နေကြာစေ့ထုပ်တွေထဲ တံဆိပ်အထည့်မပျက် လှည့်ကြည့်သည်။ လက်ထဲက စာအုပ်ကို မြင်တော့ မျက်နှာကြော တင်းသွားသည်။

“ ဘာတုန်း.........စာကျက်မလို့လား။  လုပ်မနေနဲ့ မသာလေး။  ဖယောင်းတိုင်မရှိတော့ဘူး။ ”

မထွေးစိန်စကားအဆုံး ရှိုင်းထက်မျက်နှာလေးက ငိုမဲ့မဲ့လေး ဖြစ်သွားသည်။ ၀ိုင်းစက်စက်မျက်ဝန်းလေးထဲ မျက်ရည်ကြည်လေးများ လျှမ်းတက်လာသည်။

“ဘယ်လို လုပ်ရမလဲအမေရ........။မနက်ဖြန်မနက် စာမရရင် ဆရာမက ရိုက်မှာဗျ။ အီး     ဟီး      ဟီး”

ပြောရင်းနှင့် မျက်ရည်ပေါက်ကြီးတွေ လိမ့်ဆင်း ကျလာသော ရှိုင်းထက်ကိုကြည့်ြ့ပီး မထွေးစိန်က  လက်ထဲမှ နေကြာစေ့ထုပ်ကို အောက်သို့ ပစ်ချသည်။

“ခံပေါ့........နင့် အပြစ်နဲ့နင်ပဲ။ မအေပေး။ မအေစကားဆို သောက်ရေးကို မလုပ်တဲ့အကောင်။ ခံ.........ကဲ............ ဝေးဝေးသွားစမ်းဟယ်.။ ဝေးဝေးကိုသွား။ ငါဒီမှာ အလုပ်လုပ်နေတယ်ဟဲ့  ခွေးသူတောင်းစားလေးရဲ့။ ညနေလင်းလင်းကျင်းကျင်းတုန်းက  ကျက်ပါဟဲ့။ ကျက်ပါဟဲ့ နဲ့ပြောနေတာကို ကမြင်းနေတာကိုး။ ခုတော့ သောက်မီးက ပျက်ပြီ။ ”

ရှိုင်းထက်က ပါးပြင်ပေါ်မှ မျက်ရည်စများကို လက်ခုံနှင့် သုတ်ရင်း

“ခုစာဘယ်လို ကျက်ရမှာလဲအမေရ”

မထွေးစိန်က စိတ်ရှုပ်ဟန်ဖြင့် ခေါင်းတစ်ချက် ကုတ်သည်။ ပြီး ....ဟင်းခနဲသက်ပြင်းချကာ

“ဒီနားလာပြီး ကျက်နိုင်ရင်ကျက်။  မကျက်နိုင်ရင်တော့ မတတ်နိုင်တော့ဘူးဟယ်”

ဟုဆိုတော့မှ ရှိုင်းထက်က လွယ်အိတ်ကလေးကောက်ကိုင်ပြီး မထွေးစိန်ဘေး ဖယောင်းတိုင်မီးရောင်အောက် ခပ်ကုပ်ကုပ်လေးဝင်ထိုင်ကာ စာအုပ်ထုတ်ရှာလေသည်။



၅။

“ တော့် ..........ကို ခင်မောင်သန်း ။ တော့်လက်ထဲက စာအုပ်ကို ခုချမလား။ မချဘူးလား”

မအုန်းတင်က အိုးခွက်ပန်းကန်တွေးဆေးနေရာမှ  ဆေးလက်စ ဒန်အိုးကို ဒုန်းခနဲဆောင့်ချပြီး ကိုခင်မောင်သန်း ရှေ့တည့်တည့်၌ ခါးထောက်မတ်တတ်ရပ်လိုက်သည်။  ဖယောင်းတိုင်မီးရောင်အောက်၌မြင်တွေ့ရသော မအုန်းတင်၏ မျက်နှာအနေအထားကို ကြည့်ပြီး ကိုခင်မောင်သန်းက လက်ထဲမှ စာအုပ်ကို ဆတ်ခနဲ ဘေးပစ်ချကာ မိန်းမဖြစ်သူကို  ဟဲခနဲ တစ်ချက်ရယ်ပြသည်။

“ပြီးပါပြီ  မိန်းမရ...ဟဲ     ဟဲ ”

“ ဘာဟဲ ဟဲတုန်း ။ ကျုပ်စာအုပ်ချခိုင်းတာ အကြိမ်တစ်ရာလောက်ရှိနေပြီ။ ခုမှ စာအုပ်ဘေးဖယ်တာ။ အံ့သြပါ့တော်........ဒီလောက်မီးရောင်မှိန်မှိန်မွဲမွဲလေးနဲ့ကို သူမို့ ဖြဲသဲဖတ်နေတယ်။ ပြီးတော့ဖြင့်  မျက်မှန်က ပါဝါလေးရာ။ စာအုပ်က ညိုညစ်ညစ်၊ စာလုံးလေးတွေက သေးသေးကွေးကွေး၊ မျက်မှန်ပါဝါတိုးလို့ကတော့ ကျုပ်က ပိုက်ဆံထုတ်မပေးဘူး။  အဲဒါကြိုပြောပြီးသားနော်........ခုခေတ်က ကုန်ဈေးနှုန်းတွေ ကြီးပါဘိနဲ့။ အရေးထဲ မီးကလည်း ကောင်းကောင်းမလာဘူး။ အကုန်လုံး ကျက်သရေကိုတုံးတယ်”

အဆုံးမသတ်နိုင်အောင် တဘွတ်ဘွတ်ပြောရင်း အိပဲ့အိပဲ့နှင့်  ပန်းကန်ဆေးရာနေရာသို့ ထွက်ခွာသွားသော မိန်းမကို စိတ်မရှည်သလိုကြည့်ရင်း ကိုခင်မောင်သန်းသက်ပြင်းတစ်ချက်ချသည်။

“ ကဲပါ မိန်းမရာ........တော်ပါတော့ ။ ငါလဲ စာအုပ်မဖတ်တော့ပါဘူးဟ”



၆။

 “ဘာလိုလိုနဲ့ တို့တတွေတောင် ဒီအရသာလေးမခံစားရတာ တစ်လလောက်ရှိပြီနော်.....ငါ့သမီး”

ဦးမောင်မောင်က  သူ့လက်စွဲတော် ရေဒီယိုကြီးကို ဟိုလှည့်၊ ဒီလှည့်လုပ်ရင်း ပြောလာသည်ကို သီတာမြင့်က ခပ်ဖွဖွပြုံးရင်း  ထောက်ခံပြီး ဖယောင်းတိုင်မီးရောင်အောက်၌ လုပ်လက်စ အင်္ကျီလေးကို ကြယ်သီးတပ်နေသည်။  စောစောက စကားတပြောပြောနှင့် သွက်သွက်လက်လက်ရှိနေသောသမီးဖြစ်သူ ရုတ်တရက် ငြိမ်ကျသွားသည်ကို ဦးမောင်မောင် သတိထားလိုက်မိတော့  သက်ပြင်းတစ်ချက်ချသည်။

“ တစ်ချိန်ချိန်တော့ ပြန်ဝယ်နိုင်မှာပေါ့ သမီးရယ်။ အဖေတို့ အဖြစ်ကလည်းနော်...........ဆိုးပါရဲ့။ မီတာဘောက်စ်တောင်ရောင်းစားရတဲ့အဖြစ်။ အေးလေ.........ဒီလိုမှ မလုပ်ရင်လဲ အကြွေးဆပ်စရာငွေမှ မရှိတာပဲလေ။ အင်း..........သဗ္ဗေသတ္တာ ကမ္မသကာပေါ့”

ဦးမောင်မောင်က သူ့စကားကိုသူ  ခပ်ဟဟရယ်သည်။  သို့ပေမယ့် ရယ်သံက အသက်မပါဘဲ  အက်ရှရှဖြစ်နေတော့  သီတာမြင့် မျက်ရည်ပိုဝိုင်းတော့သည်။  ဦးမောင်မောင်က တိုးသဲ့သဲ့ရှိုက်နေသော သီတာမြင့်ကို လှမ်းကြည့်ပြီး သူ့ရေဒီယိုကြီးကိုပဲ ဟိုနှိုက်၊ ဒီနှိုက်ဆက်လုပ်နေသည်။

“ သမီးရေ.............ရေဒီယိုက ဓါတ်ခဲကုန်နေပြီထင်တယ်။ ဓါတ်ခဲကျန်သေးလား”

“ ရှန်...အော်........မရှိတော့ဘူးထင်တယ်။ ဟုတ်တယ်အဖေ၊ သမီး ဟိုနေ့က မကုလားမဆီ နှစ်ရာနဲ့ရောင်းလိုက်ပြီ”

” ဒါဆို သွားဝယ်..........သြော်..........နေနေ....... မ၀ယ်နဲ့တော့ ။ မေ့လို့ ၊ အဖေမေ့နေတာ၊ ပုတီးစိပ်ရမှာကို မေ့နေတာကြည့်စမ်း”

ဦးမောင်မောင်က ပြောရင်းဆိုရင်း ကုတင်ခေါင်းရင်းတွင်ချိတ်ဆွဲထားသော သစ်သားပုတီးလေးကို ဆွဲယူကာ တစ်ချောက်ချောက်မြည်အောင် စိပ်နေသည်။

သီတာမြင့်ကတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို  အဖေ့အကြောင်း အိမ့်အကြောင်း အူမချေးခါး သိပြီးသားမို့  ခေါင်းကြီးငုံ့ရင်း  ကျလာသည့် မျက်ရည်များကို အဖေ့မြင်ကွင်းမှ ဖယ်ရှားလိုက်ရသည်။



၇။

“ မီးပျက်သွားတာလား ဌေးဌေး”

“ဟုတ်ပါ့”

ဦးမြင့်လှိုင်က ခပ်မြူးမြူးလေး ပြုံးသည်။ ဒေါ်သန်းဌေးကတော့  ကုတင်ပေါ်ခြေပစ်လက်ပစ်ထိုင်ရင်း အမှောင်ထဲသို့ ကမ္မဋ္ဌာန်းရှုနေသည်။

“ တို့လမ်းထဲက ဟာတွေတော့ ပွက်လောရိုက်ကုန်ပြီပေါ့ကွာ”

“ မကြားဘူးလားတော့်”

“ကြားလို့ပြောတာပ၊ ငါဖြင့်ကွာ.......သူတို့အစား ရင်မောလိုက်တာဟ။ တော်ကြာနေ ဟေးခနဲ အော်လိုက်ကြ၊ တော်ကြာနေ ဟားခနဲအော်လိုက်ကြနဲ့”

ဦးမြင့်လှိုင်သောက်နေသော ဆေးပေါ့လိပ်က အမှောင်ထဲတွင် ရဲခနဲဖြစ်သွားသည်။ မကြာမီ ဆေးလိပ်ငွေ့များက ဦးမြင့်လှိုင် မျက်နှာပြင်ကို ဖြတ်သန်းကျော်လွှားလျက် ဝေဟင် အထက် ၀ဲပျံလာသည်။  ဒေါ်သန်းဌေးက သူ့မျက်နှာရှေ့နားရစ်သီ ရစ်သီလုပ်လာသော ဆေးလိပ်ငွေ့များကိုလက်နှင့် ရမ်းခါဖယ်ရှားရင်း

“သူတို့တွေ ဒီလို ဖြစ်နေကြတာ မြင်တော့ ကျွန်မဖြင့်  ကိုယ့်ဘ၀ကမှ အေးချမ်းတယ်လို့တောင် တွေးမိသေးတော့။  ဘာအပူအပင်မှ မရှိဘူးလေ။ တီဗီလည်းမရှိ၊ မီးစက်လည်းမရှိ၊ အောက်စက်လည်းမရှိ၊ မီတာဘောက်စ်တောင် မရှိတာတော်............ဒီတော့ အပူလဲကင်း  ရှင်း လို့။  အေးတာပဲ”

ဦးမြင့်လှိုင်က ပါးစပ်ထဲမှ  ဖွာလက်စ ဆေးပေါ့လိပ်ကို ဆတ်ခနဲ ဆွဲထုတ်ပြီး

“ ဘယ်လိုနေနေ ညဆိုတာ အိပ်ဖို့က အဓိက ပါပဲကွာ”

ဟုပြောတော့ ဒေါ်သန်းဌေးက အားပါးတရ ခေါင်းကြီးညိတ်ရင်းထောက်ခံလေ၏။



**********************************


ဝေမိုးနိုင်(မုံရွာ)



ပြောချင်တဲ့စကား

ဒီဝတ္ထုလေးဟာ ၂၀၀၈ခုနှစ်ကတည်းက ရေးထားတဲ့ဝတ္ထုလေးပါ။ အဲဒီအချိန်က မဂ္ဂဇင်းအချို့ကို ပို့ပေမယ့် ဖော်ပြမခံရပါဘူး။ နောက်ပိုင်း၂၀၁၁ ခုနှစ် လောက်  ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကို ပို့တော့ ကျတော့ အဲဒီအချိန်မှာမီးမှန်နေတာ့ ခေတ်ကာလနဲ့အံမ၀င်လို့မသုံးဖြစ်ပါဘူး။ ဒါနဲ့ ၀တ္ထုနောက်ခံကို ၂၀၀၈ လောက်ကို အခြေတည်ပြီး ပြန်ရေးဖွဲ့ဖြစ်ပါတယ်။ ဒါကို လက်ရှိကာလနဲ့ကိုက်ညီနေတာမို့တင်လိုက်တာပါ။ ဒါပေမယ့် ဒီစာမူမတင်ခင် တစ်ရက်အလိုကစပြီး မီးတွေ ပြန်မှန်လာပါပြီ။ ဒါကြောင့် စာဖတ်သူများအနေနဲ့ ဒီဝတ္ထုဟာ လွန်ခဲ့တဲ့အတိတ်တစ်ချိန်ကို ရေးဖွဲ့ထားခြင်းဖြစ်ကြောင်းအသိပေးလိုပါတယ်ခင်ဗျာ။

ဝေမိုးနိုင်မုံရွာ




နောက်ဆက်တွဲ

အခုတော့ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ၊ ၂၀၁၂ခုနှစ်၊ သြဂုတ်လထုတ်မှာ စင်တင်ပွင့်သစ်ဝတ္ထုတိုအဖြစ် ပုံနှိပ်ဖော်ပြခံခဲ့ရပါပြီ။ 

9 comments:

  1. ဒီဝတ္ထုတိုလေး ဖတ်ပြီးတော့ ဆရာမ မစန္ဒာရဲ့ အရေးအသားလေးတွေကို လွမ်းမောမိပါတယ်…။ကျွန်တော်ကျ ကံကောင်းတယ်လို့ ပြောရမလား..။ ထိုင်းနယ်စပ်မှာ ထိုင်းမီးကို အသုံးပြုခွင့်ရသလို တက္ကသိုလ်တက်တော့လည်း အဲဒီကျောင်းနားကရွာလေးတစ်ရွာမှာ ဘိလပ်မြေစက်ရုံရှိတော့ တခြားမြို့ နဲ့ စာရင် မီးမှန်တယ်လို့ ပြောရမယ်။ဒါပေမဲ့ စာမေးပွဲဖြေတဲ့အခါကျရင် မီးက မမှန်တော့ဘူး။ဖယောင်းတိုင် အတိုင်ကြီးတစ်ထုတ်၄၀၀နဲ့ ချွေတာပြီး သုံးခဲ့ရတဲ့
    တက္ကသိုလ်ကျောင်းသား ဘ၀လေးကို ဖြတ်ကျော်ဖူးပါရဲ့။ (အရေးအသား အရမ်းကောင်းလွန်းလို့ စာမူကို “တစ်ခါက မီးပျက်ည”လို့ ပြင်ပြီး magazine တစ်ခုခုကို ပေးပို့ စေချင်ပါတယ်။ပုံနှိပ်ဖော်ပြသင့်တဲ့ ၀တ္ထုမို့ လို့ ပါ)

    ReplyDelete
    Replies
    1. မြောက်ပါဆရာရေ...........
      ဒီဝတ္ထုကို မဂ္ဂဇင်းတစ်စောင်ကို ရက်ပိုင်းအတွင်းကပဲ ပို့လိုက်ပါတယ်။ အယ်ဒီတာဖတ်ကြည့်ပြီး သူ့ရင်ဘတ်နဲ့ တိုးထိ တိုက်မိမယ်ဆိုရင်တော့ ပုံနှိပ်ဖော်ပြခံဝတ္ထုတစ်ပုဒ်ဖြစ်လာနိုင်မှာပါ။

      Delete
  2. ဒီလိုညမျိုးတွေ ကိုယ်တိုင်ကျော်ဖြတ်ဖူးလို့  ကိုယ်ချင်းစာမိတယ်..

    ReplyDelete
  3. စာတွေလာဖတ်တယ်ဝေမိုးရေ။ ထိထိမိမိနဲ့ မီးပျက်တဲ့ရပ်ကွက်လေးတစ်ခု မျက်လုံးထဲမြင်မိတယ်။

    ReplyDelete
  4. ကောင်းလိုက်တာဗျာ။ ကျွန်တော်တို့တွေရဲ့ဘ၀ကို ကွက်ကွက်ကွင်းကွင်းပဲ။

    ညီညီဇော်

    ReplyDelete
  5. ဘ၀ထဲက ဘ၀တွေကို ကိုယ်စားပြုထားတဲ့ ဖြစ်ရပ်မှန်လေးပါဆရာ။
    နှစ်သက်စွာ ဖတ်သွားပါတယ်။
    စာမျက်နှာပေါ်ရောက်လာမယ့် စာမူလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  6. စာအရေးအသားထိမိလှတဲ့ ဆရာဝေမိုးရဲ့လက်ရာကောင်းတွေကိုလည်း
    အမြဲမျှော်လင့်လျက်ပါ။အမြဲတမ်းသတိတရ အားပေးတဲ့ဆရာ့ကို ကျေးဇူးတင်ပါတယ်။
    ချမ်းမြေ့ပျော်ရွှင်ပါစေဆရာဝေမိုးရေ..။
    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete
  7. အင်းးးးပေါ်လွင်လှပေါ့း))

    ReplyDelete
  8. တော်တော်ကောင်းတယ်ဗျ

    ReplyDelete