Friday, May 11, 2012

ရန်ကုန်မြို့လယ်တစ်နေရာ

၂၀၁၂ခုနှစ် မေလထုတ် ရနံ့သစ်မဂ္ဂဇင်း
ပန်းချီ - ကိုကိုနိုင်



ခြေထောက်အစုံကို မုံရွာ-ရန်ကုန် အဝေးပြေး မှန်လုံကားကြီးပေါ်မှ မြေပြင်ပေါ်သို့ချလိုက်မိသည်နှင့် တစ်ပြိုင်နက် သူ့ရင်ထဲအတန်ငယ်စိမ်းကာ ထူးခြားသည့် ခံစားမှုမျိုါ် ခံစားလိုက်ရသည်။ အဆုတ်ထဲထိရောက်ရှိသွားအောင် ခပ်ပြင်းပြင်းလေး ရှုရှိုက်လိုက်သော လေတို့၌ပင် သူနှင့်စိမ်းနေသော အငွေ့အသက်များ ယှက်သန်းနေကြသည်။

မြို့ကြီးပြကြီးဟူသော အသိက သူ့ကို အနည်းငယ် စိတ်လှုပ်ရှားစေသော်လည်း  သားကောင်ရှာနေကြသော မုဆိုးတို့၏မျက်ဝန်းများမှ စက်ကွင်းလွတ်နိုင်ရန် ရှိစုမဲ့စုအင်အားများကို အစွမ်းကုန်ထုတ်သုံးကာ ရဲရင့်လိုက်သည်။ နီညိုရောင် ခရီးဆောင်အိတ်ကို လက်တစ်ဖက်ကဆွဲပြီး အနက်ရောင်စလွယ်သိုင်းအိတ်ကိုလွယ်လျက် သူ့ထက်ငါ အလုအယက် ခရီးသည်ခေါ်နေကြသော တက္ကစီသမားများကို အလိမ္မာနှင့် ငြင်းဆန်ဖယ်ရှားရင်း တစ်နေရာ၌ ခဏရပ်လိုက်သည်။ ပြီး ပတ်ဝန်းကျင်အနေအထားများကို လေ့လာသုံးသပ်ရန် မျက်စိကစားကြည့်လိုက်သည်။

မျက်လုံးတစ်ချက်အ၀င့်မှာပင် မြို့ကြီးပြကြီးဟူ၍ သူ့စိတ်ထဲ အထင်ကြီးထားခဲ့သမျှထဲမှ တချို့တ၀က်က အရည်ပျော်ကျဆုံးသွားကြသည်။ ဗွက်ရေစွက်စိစွက်စိနှင့် စိတ်ပျက်ငြီးငွေ့စရာကောင်းလှသည့် မိုးတဖွဲဖွဲကြား၌ ပုပ်ဟောင်ညှီစို့နေသော အနံ့တချို့က  ဆိုးဝါးစွာ ပျံ့နှံ့လာသည်။ မလှမ်းမကမ်းမှ အညစ်အကြေးပေါင်းစုံ စုဝေးနေသော အမှိုက်ပုံများက မသတီစရာကောင်းလှသည်။



သူက အေးအေးလူလူ မျက်စိကစားနေမိသော်လည်း မြန်မာပြည်အရပ်ရပ်မှ ထောင်သောင်းများစွာသောခရီးသည်အပေါင်းတို့၏ ဟန်အမူအရာ အထာများစွာကို ပါးနပ်ကျွမ်းကျင်နေပြီဖြစ်သည့် တက္ကစီသမားတချို့က  အနီးတစ်ဝိုက်တွင် ၀ဲလည်ဝဲလည်လုပ်နေသည်။

အချိန်က နံနက် ခြောက်နာရီထိုးပြီဖြစ်သည့်တိုင် မိုးရွာနေသဖြင့် ကောင်းကင်တစ်ခုလုံး မှိုင်းမှုန်နေသည်။   ဂိတ်ထဲဝင်ထိုင်မည်ပြုသော်လည်း  ခရီးသည်များသာမက ဆေးလိပ်၊ ကွမ်းယာသည်၊ စာအုပ်သည်၊ မုန့်သည်မျိုးစုံတို့နှင့် ဗလုံးဗထွေးကျပ်ညပ်နေရာ ၀င်မထိုင်ဖြစ်တော့ဘဲ သူနှင့်အနီးကပ်ဆုံးအနေအထားတွင်ရှိသော တက္ကစီသမားတစ်ဦးကို ကြည့်လိုက်သည်။ သူက ဈေးညှိရန်ခေါ်မည်ပြင်ကာရှိသေး၊  ထိုသူက ပိုင်နိုင်စွာပြုံးလျက် “ကားငှားတော့မှာလားအကို” ဟု မေးရင်း သူ့ဆီရောက်လာသည်။  တည်းခိုရမည့်အိမ်လိပ်စာ ပြောပြီး သင့်တင့်သော ဈေးနှုန်းဟု သူလက်ခံသော အနေအထားတွင် သူသည် ကားတံခါးကို ဖွင့်ကာ အတွင်းသို့ ၀င်ထိုင်လိုက်၏။

ကားဆရာကကားထဲရောက်ပြီး စက်စနှိုးသည်နှင့် တစ်ပြိုင်နက် သူ့အား ပဋိသန္ဓာရစကားပေါင်းများစွာတို့ကို ပေါက်ပေါက်ဖောက်သလို တရစပ် ပြောလေတော့သည်။  သူကတော့ အလိုက်သင့် အလျားသင့်။ ခွန်းတုံ့ပြန်ဖို့လိုအပ်လာလျှင်  ထိုသူသိသင့်သလောက်သော အတိုင်းအတာအထိ ချိန်ဆဖြေလိုက်သည်။ သူကပြန်မေးဖို့ လိုအပ်လာလျှင် အနည်းငယ် ပြန်မေးပြီး  ကားဆရာပြောသမျှကိုသာ ခေါင်းတညိတ်ညိတ်နှင့် နားထောင်လာခဲ့သည်။

ကားကွင်းမှ ထွက်သည်နှင့်  ဆင်ခြေဖုးံဟုယူဆရသော လူနေမှုအဆောက်အအုံများကို သူမြင်တွေ့ရသည်။  ထိုဆင်ခြေဖုးံ မြင်ကွင်းများက စ၍ပင် သူတို့နယ်နှင့်ကွာခြားနေသည်မှာ အံ့သြစရာတော့မဟုတ်ပါချေ။

“ရန်ကုန်မိုး အစိုးမရ” ဟူသောစကားပင်ရှိလေရာ လူတိုင်းကိုယ်စီကိုယ်စီ ထီးကလေးများကို ဆောင်းလျက်၊ ကိုင်လျက် နိစ္စဓူဝကိစ္စများဆောင်ရွက်နေခြင်းသည်လည်းကောင်း၊ ဆင်ခြေဖုံးပင်ဖြစ်လင့်ကစား  ကြီးမားကျယ်ပြန့်သောလမ်းများသည်လည်းကောင်း သူ့အဖို့ ထူးခြားနေလေသည်။  ဟိုနေရာကအပေါက် ၊ ဒီနေရာက အပြဲ ၊ ဤနေရာက ကျင်း၊ ထိုနေရာက ချိုင့်တို့နှင့်  “နာမကျန်းသည်” ဖြစ်နေရှာသော လမ်းများ၏ သွင်ပြင်အနေအထားကိုတော့  သူ့အနေနှင့်  စိုးစဉ်းမျှ တုန်လှုပ်စရာမလိုပေ။  အခြားအခြားသော အရာများကို ရှောင်ကွင်းပြီး  လမ်းများကိုသာ ကြည့်မိပါက သူ့၌“ ဒါမြို့ပြပါလား”ဟူသော စိတ်ခံစားချက်ကလေးပင် ရှိနိုင်လိမ့်မည်မထင်။

ကားလေးကတော့ ၄င်း၏ အင်္ဂါရပ်များနှင့် ညီညွတ်မျှတသော မောင်းနှင်နှုန်းဖြင့် သူ့အားသယ်ဆောင်လာနေသည်။   မော်တော်ကားဘီးလုံးများ၏ ရွေ့လျားမှုအလျင်ကိုလိုက်၍ ပတ်ဝန်းကျင်မြင်ကွင်းများကလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။

တဲအိမ်၊ ကပ်အိမ်၊ သစ်သားအိမ်၊တိုက်ခံအိမ် အသေးစားလေးများအစား အထပ်မြင့် တိုက်ကြီးများ၊ နန်းတော်တမျှ ခံ့ညားထည်ဝါသော အိမ်ကြီးအိမ်ကောင်းများက နေရာယူလာသည်။  ကားလမ်းမပေါ်၌လည်း အရောင်စုံ၊ အသွေးစုံ၊ ဆိုဒ်စုံ ကားများသည် အတန်သင့်ကြည်လင်လာသော ကောင်းကင်၏ အရှိန်အ၀ါအောက်တွင်  တစ်စတစ်စ ပိုမိုသစ်လွင် တောက်ပြောင်လာကြလေသည်။

သူ့အဖို့တော့ မျက်လုံးများကို ဘယ်ညာအလျင်အမြန်ရွေ့လျားပြီး မြို့ပြကို အဆက်မပြတ် အကဲခတ်နေရသည်။  သူသည် ရန်ကုန်သို့ ငယ်စဉ်ကလေးဘ၀က နှစ်ခေါက်မျှရောက်ခဲ့ဖူးသော်လည်း သူ့ကိုယ်သူပင် လူမှန်းမသိတတ်သေးသည်မို့ ဒီမြို့ပြကို မှတ်မိနိုင်ဖို့သည် သူ့အတွက်အားထုတ်ခြင်းငှာ မစွမ်းသာခဲ့ချေ။ ထို့ကြောင့် မြို့ပြ၏ မြင်ကွင်းတိုင်းသည် သူ့အတွက် အသစ်ဖြစ်နေခြင်းဖြစ်သည်။ သို့ပေမယ့် သူသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဝေးလံခေါင်ဖျားဒေသများမှ မဟုတ်ရကား မြို့ပြဗဟုသုတသည် သူ့ထံတွင် အနည်းအကျဉ်းတော့ ကိန်းအောင်းနေပြီးဖြစ်သည်။  သို့ဖြစ်၍  သူ့မျက်စိထဲ မြင်တွေ့ရသော အထူးအဆန်းများကို မျက်ကလဲဆန်ပျာမဖြစ်သည့်တိုင် စူးစူးစိုက်စိုက်တော့ လေ့လာနေမိသည်။

ငေးမောရင်း၊ လေ့လာရင်း၊ ဆန်းစစ်ရင်း၊ တွေးတောရင်းနှင့်ပင်  ကောင်းကင်က စင်စင်လင်းလာသလို တည်းခိုရမည့်အိမ်သို့လည်း ရောက်ရှိလာတော့သည်။  သူတည်းခိုရမည့်အိမ်သည် ကားများ၊ လူများ ကြက်ပျံမကျ စည်ကားသည့် ရပ်ကွက်မျိုးမဟုတ်သလို ဆိတ်ငြိမ်ရပ်ကွက်တစ်ခုလည်း မဟုတ်ပါချေ။ လမ်းတစ်လျှောက်လုံး၌  ကန်ထရိုက်တိုက် အနိမ့်အမြင့်များစွာက နေရာယူထားပြီး ခြံကလေး၊ ၀င်းကလေးနှင့် လူနေအိမ်ဟူသည်ကို လုံးဝမတွေ့ရပေ။ သူ့အရပ်နှင့် သူ့ဇာတ်ကတော့ နေသားတကျ အပ်စပ်နေပါသည်။

ထိုလမ်းကလေးမှ ထွက်လိုက်ပြီး  ဆယ်မိနစ်ခန့်လမ်းလျှောက်လိုက်သည်နှင့် ကားများ၊ လူများ ဥဒဟို သွားလာလှုပ်ရှားနေကြသည့် မြို့လယ်သို့ ရောက်ရှိသွားသည်ဖြစ်ရာ မြို့ပြကို လေ့လာချင်သော သူ့အတွက် အဆင်ပြေပါသည်။

သူတည်းရမည်က ခုနစ်ထပ်ကန်ထရိုက်တိုက်တစ်လုံးမှ သုံးလွှာတွင်ဖြစ်သည်။  အိမ်ရှင်များသည် သူ့မိခင်နှင့် ပတ်သက်၍ ဆွေမျိုးတော်စပ်ရသူများ ဖြစ်သော်ငြား  ပင်စင်စားအဘိုးကြီး၊ အဘွားကြီး များဖြစ်သဖြင့်  ဆွေမျိုးမင်သည်။ တစ်နေကုန်၊ တစ်နေခန်းနေလို့မှ လုပ်စရာ ကိုင်စရာ ထွေထွေထူးထူးမရှိတော့ ဧည့်သည်ကိုသာ ထိုင်မျှော်နေတတ်၏။ 

သူတို့ နေသည်က သုံးလွှာမှ နှစ်ခန်းတွဲ ဖြစ်သော်လည်း သူ့ကိုမူ လေးလွှာမှ သူတို့ပိုင် တိုက်ခန်းတွင်နေစေသည်။  သုံးလွှာမှာက သူတို့ မိသားစုဝင် လေးဦးနှင့် ပြည့်နှက်နေသည်က တစ်ကြောင်း၊ သူ့အားလွတ်လွတ်လပ်လပ်နေစေရန်က တစ်ကြောင်းနှင့် သူလေးလွှာတိုက်ခန်းသို့ ရောက်လာခဲ့သည်။   ရောက်ရောက်ချင်း  ရေမိုးချိုးပြီး သုံးလွှာသို့ဆင်းကာ မနက်စာစားလိုက်သည်။  စားသောက်ပြီး အတန်ကြာ စကားစမြည်ပြောကာ  လေးလွှာသို့ ပြန်တက်လာခဲ့သည်။ အချိန်မှာ  ကိုးနာရီထိုးရန်ဆယ့်ငါးမိနစ်ပင်လိုသေးရာ သူသွားရမည့်အလုပ်ဌာနသို့ သွားရန် အချိန်တော်တော်ကြာလိုသေးသည်။   ထို့ကြောင့် ၀ရန်တာသို့ထွက်ကာ  အဆင်သင့်တိုးခွေ့ဝင်ရောက်လာသော  လေပြည်လေညင်းတို့ကို တစ်ဝကြီးရှုရှိုက်ပြီး လမ်းတစ်လျှောက်အား မျက်စိကစားကြည့်လိုက်သည်။

မီးခြစ်ပုံးများထောင်ထားသကဲ့သို့ ဖြစ်နေသော ကန်ထရိုက်တိုက် များမှာ နှစ်ထပ်ကတစ်မျိုး၊ သုံးထပ်ကတစ်သွယ် ၊လေးငါးခြောက်ထပ်က တစ်ဖုံ အမျိုးအစားစုံလှသည်။  ကန်ထရိုက်တိုက်များကို တစ်တိုက်ချင်းလေ့လာနေစဉ် စုလစ်မွမ်းချွန်းများနှင့် အဆောက်အအုံငယ်တစ်ခုက သူ့မြင်ကွင်းထဲ ၀င်ရောက်လာသည်။

အလို...............................။

 အာမေဋိတ်တစ်ခုက သူ့နှုတ်မှ ထိန်းချုပ်မရဘဲ လွင့်ခနဲက ထွက်ကျသွားသည်။

ဒါ ဓမ္မာရုံတဲ့လား..............။

သေးသေးကျဉ်းကျဉ်းကလေး။  အလွန်ဆုံးမှဆန့်လှ လူပေါင်း တစ်ရာ့ငါးဆယ် ခန့်သာ။

သူတို့နယ်နှင့်တော့ တစ်ခြားစီပင်။  သူတို့ဆီမှာကဓမ္မာရုံဆိုလျှင် နည်းနည်းနောနောကြီးတွေမဟုတ်။ လူရှစ်ရာ၊ တစ်ထောင်တော့ အေးအေးဆေးဆေးဆံ့သော ကျယ်ကျယ်ဝန်းဝန်းအဆောက်အအုံကြီးတွေဖြစ်သည်။ အထက်အောက်၊ ဘေးတိုက် ကြီးမားကျယ်ပြန့်သလို  သစ်သားတန်းများကို လေးထောင့်ကွက်ပုံဖော်၍   ကာရံထားသည်ကလည်း သဘာဝလေအေးကို ဖြတ်သန်းခွင့်လိုင်စင်ပေးထားခြင်းဖြစ်သည်။

အခုတော့ အနေအထားက တစ်ခြားစီ ဖြစ်နေသည်။ ဓမ္မာရုံလေးသည် တိုက်များကြား၌ ကျပ်ညပ်တိမ်မြုပ်နေသည်။  သူ့အကြည့်များကို ဓမ္မာရုံလေးဆီမှ စိတ်ပျက်လက်ပျက်နှင့် လွှဲဖ ယ်လိုက်သည်။ ထိုစဉ်မှာပင်  ၀ရန်တာအပေါ်မှ   ညှပ်ကလစ်တစ်ခုတပ်ထားသော  ရာဘာကြိုးတစ်ချောင်းက လှုပ်ရှားရမ်းခါလျက်  ကျဆင်းလာသည်။  တဖြည်းဖြည်း  အောက်ဆုံးမြေညီထပ်  မြေပြင်သို့မရောက်မီ  လေးပေခန့်အကွာတွင် ရပ်သွားသည်။

ဒါကိုမြင်မှ သူပတ်ဝန်းကျင်ကို သတိထားမိသည်။

ကြည့်ပါဦး။

ကြိုးတွေ.......ကြိုးတွေ............ကြိုးတွေ.........။

နှစ်လွှာမှစ၍ တိုက်ခန်းတိုင်း၊တိုက်ခန်းတိုင်း၌ နိုင်လွန်ကြိုးများကိုမြေညီထပ် လူများလက်လှမ်းမီနိုင်လောက်သော အနေအထားအထိ  တွဲလောင်းချထားသည်။  ကြိုး၏  အစ၊ တိုက်ခန်းဝရန်တာတွင်အောက်မှ ကြိုးစကိုဆွဲလျှင် သိနိုင်ရန် အသံပေးခေါင်းလောင်းများ ချိတ်ဆွဲထားကြသည်။  ကြိုး၏ အဆုံးမှာတော့  ညှပ်ကလစ်လေးများ၊ ဆွဲခြင်းတောင်းလေးများက အစီအရီ။

ထိုပစ္စည်းများအားအသုံးပြုပုံ၊ အသုံးချပုံများကို သူ ခပ်ရေးရေးလေးနားလည်လိုက်သည်။  စရောက်သည့်နေ့၌ပင် သူသည် ရန်ကုန်မြို့၏ လူနေမှုစနစ်ကို ရိုးတိုးရိပ်တိတ် သဘောပေါက်သွားခဲ့ပြီဖြစ်၏.။


@@@@@@@@@@@@@@@@@@@@


ကျယ်လောင်စူးရှသော သံစဉ်တေးသွားတစ်ခု၏ ပယောဂကြောင့်  သူ့နားစည်များ ရုန်းရင်းဆန်ခတ်လှုပ်ရှားသွားပြီး အိပ်ရာမှ နိုးလာခဲ့သည်။

 အသံက သီချင်းစာသားမပါဘဲ တီးလုံးချည်းသက်သက်ဖြစ်သည်။ သီချင်းတစ်ပုဒ်၏ သံစဉ်တေးသွားလည်း ဟုတ်ဟန်မတူပါ။ သူလည်း နားထဲထူးဆန်းနေ၍ အိပ်ရာမှ မထသေးဘဲ တီးလုံးသံကို နားဆင်နေမိသည်။

သိပ်မကြာလိုက်ပါ။

ထိုတီးလုံးသံမျိုး ထပ်ကြားလာရသည်။  စောစောက တီးလုံးကလည်း အထပ်ထပ် ပြန်ကျော့နေသည်။ နောက်မှ ကြားရသည့် တီးလုံးကလည်း ထိုနည်းတူပင်ဖြစ်သည်။  သူ့စိတ်ထဲ “ဘာလဲဟ” ဟူသော သိချင်စိတ်က ရုန်းကြွလာသဖြင့်  အိပ်ရာမှ  ကုန်းရုန်းထလျက် ၀ရန်တာသို့ထွက်လိုက်သည်။ လမ်းထဲမှာတော့  သင်္ဘောဆေး အပြာရောင်သုတ်ထားသော လက်တွန်းလှည်းနှစ်စီးက တစ်စီးနှင့်တစ်စီး မလှမ်းမကမ်း အကွာအဝေးတွင် ရှိနေကြသည်။ လှည်းနှစ်စီးလုံး၏ ထိပ်တွင် “ ထောပတ်ဘိန်းမုန့်” ဟု ဆေးအဖြူရောင်နှင့် ရေးထိုးထားပြီး လှည်းပေါ်ရှိ မုန့်ပုံးထဲမှ စားချင့်စဖွယ်  ဘိန်းမုန့် ကြီးများက ဈေးဝယ်သူကို ငံ့လင့်နေကြသည်။

သူကတော့ ဘိန်းမုန့်လှည်းနှစ်စီးကို အံ့သြခြင်းကြီးစွာနှင့်  ကြည့်နေမိလေသည်။ သူတို့မြို့မှာ မနက်စောစောစီးစီး ဘိန်းမုန့်စားချင်၍မရ။  တစ်မြို့လုံးပတ်၍ရှာလျှင်ပင်  တစ်ဆိုင်တစ်လေမှ တွေ့လိမ့်မည်မဟုတ်။ ဘိန်းမုန့်ကို မှ ချင်ခြင်းတပ်သူသည် ညဈေးတန်းဖွင့်ချိန် ညနေငါးနာရီခွဲ၊ ခြောက်နာရီအချိန် ရောက်မှသာ အလို ဆန္ဒပြည့်ဝနိုင်ပေမည်။ သည်မှာကတော့ မနက်ခင်းစောစော ၀ယ်၍ရနေသည့်အပြင် ဈေးသည်က အိမ်တိုင်ယာရောက်လာရောင်းနေသည်။

အထပ်မြင့်များမှ ဘိန်းမုန့်ဝယ်ချင်သူများက ကြိုးဆွဲခြင်းတောင်းလေးထဲ မိမိဝယ်ယူလိုသမျှ ကျသင့်ငွေထည့်ပေးကာ ခြင်းတောင်းကို အောက်ချပေးရသည်။ ဈေးသည်က ခြင်းတောင်းလေးထဲက ပိုက်ဆံကို ယူ၊ ဘိန်းမုန့်ကို ညှပ်နှင့်ကိုင်ကာ အိတ်ထဲ ထည့်ပြီး ခြင်းတောင်းလေးကို ဆွဲတင်၌ ဘိန်းမုန့်ကို ယူသည်။

သြော်.........ဒါဟာ ရန်ကုန်ရဲ့ ၀မ်းစာကွန်ရက်တစ်ခုပါလားဟု သူတွေးရင်း မျက်နှာသစ် ၊သွားတိုက်၊ ရေမိုးချိုးရန် အိမ်ထဲ ၀င်လာခဲ့သည်။

ရေမိုးချိုးပြီးတော့လည်း အောက်ထပ်က ထမင်းစားရန်လာခေါ်သည်ကိုပင် မနက်စောစောမစားတတ်လို့ပါဟု အကြောင်းပြပြီး  ၀ရန်တာသို့ထွက်ကာ  မျက်စိအာရုံခံစားနေမိသည်။  သူနှင့် ရင်းနှီးကျွမ်းဝင်သော မြင်ကွင်းများမဟုတ်သဖြင့် ရန်ကုန်၏ နံနက်ရှုခင်းကိုစိတ်ဝင်တစားငေးမောနေမိသည်။

အချိန်က နံနက်ခြောက်နာရီကျော်ကျော်သာရှိသေးသော်လည်း  အဖြူအစိမ်းကိုယ်စီ၊ ထီးကိုယ်စီနှင့် ပညာရည်နို့သောက်စို့ရန်  သွားလာနေကြသောကျောင်းသားကျောင်းသူများ၊ ထမင်းချိုင့်ကိုယ်စီ ကိုင်လျက် လွယ်အိတ်၊ ကျောပိုးအိတ်၊ စလွယ်သိုင်းအိတ်၊ စလင်းဘက်အိတ်များကို လွယ်လျက် အသီးသီး အလျှိုလျှိုထွက်လာကြသော လူငယ်လူရွယ်များနှင့် ရန်ကုန်၏ လမ်းများသည် အသက်ဝင် လှုပ်ရှားနေကြ၏။

မျက်လုံးများကို ဟိုဟိုဒီဒီ လူးလာဆန်ခတ်ရွှေ့ပြောင်းအကဲခတ်နေမိစဉ်တွင်  သူ့မြင်ကွင်းထဲသို့  ကိုရင်လေးတစ်ပါး ၀င်ရောက်လာသည်။  အလွန်ဆုံးမှ ရှိလှ ၊ ထိုကိုရင်လေး၏ သက်တော်သည် ကိုးနှစ် ဆယ်နှစ်ခန့်သာ။ ဦးပြည်းစိမ်းစိမ်း၊ သင်္ကန်းညိုညို နှင့် ပီဘိကလေးအသွင် မျက်နှာထားကလေးက ၀င်းပကြည်လင်နေသည်။   အနက်ရောင် သပိတ်ကို ပိုက်လျက် တည်ငြိမ်စွာကြွလှမ်းနေပုံက ဓမ္မကထိက တစ်ပါးဟန်အပြည့်။ သူအကဲခတ်နေစဉ်မှာပင်ကိုရင်လေးက သူရပ်နေသော ၀ရန်တာမှ မျက်စောင်းထိုး လောက်တွင်ရှိသော ကန်ထရိုက်တိုက်တစ်လုံး၏ရှေ့၌ရပ်လိုက်သည်။  မြေညီထပ်တိုက်ခန်းကလည်းတံခါးမဖွင့်ရသေး။

သူ့စိတ်ထဲ “ဘာလုပ်မှာပါလိမ့်” ဟူသော ပဟေဠိများကေ၀၀ါးနေသည်။  ထိုစဉ် ကိုရင်လေးက သုံးလွှာအခန်းတစ်ခန်းမှ တွဲလောင်းချထားသော ခြင်းတောင်းလေးထဲသို့ လက်နှိုက်လိုက်သည်။  သူ့ခေါင်းထဲ ပိုမို ရှုပ်ထွေးသွားရသည်။ ကိုရင်လေးက ဆွမ်းမခံဘဲ ဘာလုပ်နေတာပါလိမ့်ဟူသော မေးခွန်းများက ဦးနှောက်ကို တရစပ်ထိုးစစ်ဆင်နေသည်။

သုံးလွှာတိုက်ခန်းကို ကြည့်လိုက်တော့ အမျိုးသမီးတစ်ဦးက ၀ရန်တာကို ထွက်လာနေသည်။

ခြင်းထဲမှ ပြန်နုတ်လိုက်သော ကိုရင်လေး၏ လက်ထဲတွင်  အဖြူရောင်ဖော့ဘူးတစ်ဘူးနှင့်  ဖီးကြမ်းငှက်ပျောသီးနှစ်လုံးပါလာသည်။

ဟာ.............။

သူသိလိုက်ပြီ။ သူနားလည်လိုက်ပါပြီ။ 

အတွေးများနှင့်ရှုပ်ထွေးနေသော ပုစ္ဆာတစ်ပုဒ်၏ မျှော်လင့်မထားသောဘက်မှ အဖြေထွက်လာပုံကို မြင်လိုက်ရပြီး  သူ့ရင်ထဲ  ပြောမပြနိုင်သော၊ ပြောမပြတတ်သော  ခံစားမှုမျိုးဖွဲ့တည်လာသည်။  ဒါဟာ ရန်ကုန်မြို့ရဲ့ ပုံမှန်လည်ပတ်နေကျဖြစ်စဉ်တစ်ခုဆိုလျှင်တော့ သူ့အနေနှင့် ထိုဖြစ်စဉ်တွင် ပါဝင်လှုပ်ရှားလိုစိတ် ကုန်ခမ်းသွား၏။

မျက်စိထဲ မြင်ရသော အရာကို ဦးနှောက်မှ တစ်ပြိုင်တည်းတွေးတောတတ်ရာ သူသည် လက်ရှိအခြေအနေကို သူတို့မြို့မှ အနေအထားနှင့် ချိန်ထိုးစဉ်းစားနေမိသည်။

သူတို့ဆီမှာ  ကိုရင်ပဲဖြစ်ဖြစ်၊ ဦးဇင်းပဲဖြစ်ဖြစ်၊ ဘုန်းတော်ကြီးပဲဖြစ်ဖြစ် ဆွမ်းခံကြွလာပြီဆိုလျှင် ထိုင်ခုံပေါ်၌ နေရာထိုင်( နေကထိုင်)လေးကို ကျကျနန ဦးဆုံးခင်းရသည်။ ပြီးမှ ဦးဇင်းကို ထိုင်စေကာ  ဦးဇင်းလက်ထဲမှ သပိတ်ကို ရိုရိုသေသေလက်ကမ်းယူပြီး သပိတ်ချည်ပေါ်တင်ရသည်။ ထို့နောက် ဆွမ်းခွက်ထုတ်ယူပြီး  ဆွမ်းဟင်းထည့်သည်။ ဆွမ်းကို ဇွန်းနှင့် ကော်ယူပြီး သပိတ်ထဲလောင်းထည့်သည်။ ပြီးမှ သပိတ်ကို   ဦးဇင်းအားကပ်ရသည်။ ထိုမျှနှင့်မပြီးသေး။  ဦးဇင်းကို ၀တ်ဖြည့်ပြီး ဦးဇင်းဘာမိန့်ဦးမတုန်း စောင့်ရသေးသည်။ မိန့်စရာမရှိမှ ဆွမ်းလောင်းခြင်းအမှုကိစ္စပြီးဆုံးလေသည်။

သူ့မျက်ဝန်းထဲတွင် သူကိုယ်တိုင် လောင်းလှူခဲ့ဖူးသော ဆွမ်းခံကိုယ်တော်များအား တရိပ်ရိပ်မြင်ယောင်နေမိသည်။

ယခုတော့...........................။

သုံးလွှာတိုက်ခန်းမှ အမျိုးသမီးသည် ၀ရန်တာသို့ထွက်၍ လက်အုပ်ချီနေသည်ကို မြင်ရသည်။ သူ့စိတ်ထဲ ရန်ကုန်မြို့ကြီး၌ ဆွမ်းခံထွက်သည့်ချစ်စဖွယ်ဓလေ့တစ်ရပ် ပျောက်ဆုံးသွားမည်လားဟုပင် ပူပန်စွာ တွေးတောမိသေး၏.။ သို့ပေမယ့် ဒါဟာ ရန်ကုန်ရဲ့ တချို့သော နေရာများမှသာ ဖြစ်မှာပါဟု ဖြေတွေးတွေးမိလေသည်။ ဆွမ်းခံထွက်သော ဓလေ့ထုံးစံပျောက်ဆုံးသွားသည်အထိတော့ မြန်မာလူမျိုးများလက်လွတ်စပယ်နေကြမည် မဟုတ်ဟု  ယုံကြည်၍လည်းဖြစ်သည်။  ထို့ပြင် သူတို့ စိတ်ထဲ၌လည်း သံဃာတော်ကို ကိုယ်တိုင်ကိုယ်ကျ ဆွမ်းဆက်ကပ်ခွင့်မရသည့်အတွက်  မည်သို့ ခံစားနေရမည်နည်းဟုလည်း ကိုယ်ချင်းစာကြည့်ကာ တွေးတောမိပြန်သေးသည။်  အတွေးကို ရပ်ပြီး ပစ္စက္ခထဲပြန်လည်ဝင်ရောက်လိုက်သောအခါ  ကိုရင်လေးက  ဖော့ဘူးလေးနှင့် ငှက်ပျောသီးနှဏ်လုံးကို သပိတ်ပေါ်တင်ပြီး  ဆက်၍ဆွမ်းခံကြွရန် ခြေလှမ်းပြင်နေသည်ကို တွေ့ရသည်။  ထိုအချိန်မှာပင်  ကိုရင်လေးနှင့် မလှမ်းမကမ်း၌ အဘွားအိုတစ်ဦး တရွေ့ရွေ့ လမ်းလျှောက်လာနေသည်ကိုသူရော၊ ကိုရင်လေးပါ မြင်တွေ့နေရသည်။ 

ကိုရင်လေး၏ လှမ်းတော့မည့်ဆဲဆဲ ခြေလှမ်းတို့ တုံ့ခနဲရပ်သွားသည်ကို သူ သတိပြုလိုက်မိသည်။  အဘွားအိုကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်အားဘဲ  သူ့လမ်းသူဆက်လျှောက်နေသည်။  ညစ်ထေးထေးအ၀တ်အစားနှင့် ဇရာလွှမ်းမိုးနေသော အသွင်အပြင်တို့က ဂီလာနတစ်ဦး၏ ဒုက္ခကို အထင်းသားဖော်ပြနေကြသည်။ ထမင်းနှင့် ဟင်းများရောထည့်ထားဟန်တူသည့်  အိတ်တစ်လုံးကို ဆွဲထားသော လက်က အရေတွန့်ကာ ပျော့အိတွဲကျနေသည်။  ကျန်လက်တစ်ဖက်မှာတော့  ဂုန်နီအိတ်တစ်လုံးကို ဆွဲထားပြီး  အပေါက်အပြဲတို့နှင့် ပြည့်နှက်နေသော ဂုန်နီအိတ်ထဲမှ ရေသန့်ဘူးခွံများကို မြင်လိုက်ရတော့  သူ့ရင်ထဲ နွမ်းလျသွားသည်။  သက်ပြင်းရှည်တစ်ချက် ချရင်း  အဘွားအိုကို ကြည့်နေစဉ်အချိန်မှာပင်   အဘွားအိုက  ကိုရင်လေးဘေးမှ ဖြတ်ကျော်သွားသည်။


ကိုရင်လေးက လည်း မျက်တောင်မျှမခတ်ဘဲ အဘွားအိုကို ငေးကြည့်နေသည်။  သူကလည်း ကိုရင်လေးနှင့် အဘွားအိုကို စူးစိုက်ကြည့်နေသည်။ အဘွားအိုကတော့ အထုပ်နှစ်ထုပ်ကို တစ်ဖက်တစ်ထုပ်စီကိုင်ရင်း လမ်းအတိုင်းလျှောက်လှမ်းနေသည်။

ထိုအချိန်တွင် ကိုရင်လေးသည် သပိတ်ကို တစ်ချက်ငုံ့ကြည့်သည်။ ပြီး ကျောခိုင်းလျှောက်လှမ်းနေသော အဘွားအိုကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။  သူကတော့ နှစ်ဦးစလုံးကို မျက်ခြည်မပြတ်စေဘဲ လေ့လာနေမိ၏။  ကိုရင်လေးက ဖော့ဘူးအဖြူရောင်လေးကို ကိုင်ကြည့်သည်။ ပြီး သပိတ်ပေါ် ပြန်ချလိုက်သည်။  အဘွားအိုကို နောက်တစ်ကြိမ်ကြည့်သည်။ အဘွားအိုကတော့ သူ့ခရီးသူနှင်နေဆဲ။

အနီးပတ်ဝန်းကျင်တစ်ခွင်မှ ကိုယ့်ဦးတည်ချက်နှင့်ကိုယ် လှုပ်ရှားသွားလာနေကြသူများကတော့  ကိုရင်လေးနှင့်  အဘွားအိုကို  သတိမူမိဟန် မရှိကြပါချေ။

ကိုရင်လေးက ဖော့ဘူးလေးကို ကိုင်ကြည့်ပြန်သည်။ ပြီး သပိတ်ပေါ်ပြန်ချပြန်သည်။ အဘွားအိုကို နောက်တစ်ကြိမ်ကြည့်ပြန်သည်။  တစ်ဖန် ကိုရင်လေးသည်  ဖော့ဘူးလေးကို ဖွင့်မည်ပြုသည်။ လက်ကိုဟန်ပြင်ပြီးမှ အဘွားအိုကို  ထပ်ကြည့်ပြန်သည်။  သူ့စိတ်ထဲ ကိုရင်လေးသည် ဖော့ဘူးလေးကို ကြည့်လိုက်၊ အဘွားအိုကို ကြည့်လိုက် လုပ်နေသည်မှာ လေးကြိမ်ရှိပြီဟု တွေးလိုက်မိသည်။

ကိုရင်လေးက ဖော့ဘူးလေးကို စိုက်ကြည့်ပြန်သည်။ ပြီး မျက်လုံးကို စုံမှိတ်လိုက်သည်။ ထို့နောက် ဖွင့်ရန်ဟန်ပြင်ထားသော လက်ကိုရုပ်သိမ်းပြီး  ဖော့ဘူးလေးကို  ကိုင်လိုက်သည်။ ကိုရင်လေးသည် အဘွားအို၏နောက်သို့ မပြေးရုံတမယ် ခြေလှမ်းများနှင့်လိုက်သွားသည်။  ခဏချင်းမှာပင် ကိုရင်လေးသည် အဘွားအိုနှင့် မျက်နှာချင်းဆိုင်နေရာသို့ ရောက်ရှိသွားသည်။

အို....................................။

သူ့ရင်ထဲ သိမ့်ခနဲ လှိုက်ဖိုသွားသည်။  နှလုံးသားအစုံသည် နွေးနွေးထွေးထွေးဖြစ်လာသယောင်ထင်ရ၏။  အဘွားအိုသည် ဖော့ဘူးလေးကို မယူမီ ကိုရင်လေးအား လက်အုပ်ချီလိုက်ရှာသည်။  သူ့ရင်ထဲမှ ကြည်နူးပီတိသည် အဘွားအို၏ မျက်ရည်စများနှင့် ကာရန်ညီလွန်းလှ၏။

ထိုအခိုက်မှာပင် ငြိမ့်ညောင်းသော သံစဉ်ကလေးများ သူ့နှလုံးသားထဲသို့  အေးမြညင်သာစွာ ဖြတ်သန်းစီးဆင်းသွားကြလေတော့သည်။                  ။


ဝေမိုးနိုင်(မုံရွာ)

ရနံ့သစ်မဂ္ဂဇင်း၊ အမှတ်(၄၁)၊ မေ၊ ၂၀၁၂။ 


ပြောချင်တဲ့စကား 

ဒီဝတ္ထုလေးဟာ ၂၀၁၁ခုနှစ် စက်တင်ဘာလက ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း  ကိုးနှစ်ပြည့် အခမ်းအနားတက်ဖို့ ရန်ကုန်ကိုလာရင်းတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးပါ။ ဒီဝတ္ထုလေးကိုရန်ကုန်ကပြန်ရောက်ပြီးပြီးချင်း ၂၀၁၁ခုနှစ် အောက်တိုဘာလကစရေးလိုက်တာ လုံးဝအပြီးသတ်ရေးပြီးတဲ့ အချိန်ကျ ၂၀၁၁ခုနှစ် နိုဝင်ဘာလကုန်ပါ။ နှစ်လတိတိရေးခဲ့ရတဲ့ဝတ္ထုလေးပါ။ ဒီဝတ္ထုထဲက ဖြစ်ရပ်လေးကို မြင်လိုက်ရတော့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ကျွန်တော်ကိုယ်တိုင်ကို  ခံစားသွားရတာမို့ ဒီဝတ္ထုလေးကို ဖန်တီးရခြင်းဖြစ်ပါတယ်။ ဒီဝတ္ထုလေးနဲ့ပတ်သတ်ပြီး ကျေးဇူးတင်စကားပြောချင်တာက ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း အယ်ဒီတာတွေဖြစ်ကြတဲ့ ဆရာမ မသီတာ(စမ်းချောင်း)နဲ့ ဆရာဦးမျိုးမြင့်ညိမ်းတို့ကိုပါ။ ဆရာမတို့ ဖိတ်ကြားတဲ့အတွက် ရန်ကုန်ကိုလာခွင့်ရပြီး ဒီအဖြစ်လေးနဲ့ကြုံ၊ ဒီဝတ္ထုလေးဖွဲ့ ဖြစ်တာကြောင့်မို့ပါ။ ဒါ့အပြင်သွားခွင့်ပြု ပေးခဲ့တဲ့ ကျွန်တော့်မေမေကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခင်ဗျာ။ စာဖတ်သူများလည်း ဒီဝတ္ထုလေးကို ဖတ်ပြီးတစ်စုံတစ်ရာ သိရှိခံစားရမယ်လို့  မျှော်လင့်ကြောင်းပါ။

ဝေမိုးနိုင်(မုံရွာ)

8 comments:

  1. အားပေးဖတ်မှတ်သွားပါတယ်

    ReplyDelete
  2. ဖတ်ပြီးစိတ်ထဲ ကျဉ်းကျပ်သွားတယ် ဝေမိုးရေ..

    ခင်တဲ့
    အမဝသုန်

    ReplyDelete
  3. ဟုတ်တယ် ကိုဝေမိုးရေ
    ရန်ကုန်မှာ ၄လလောက်သွားနေဖြစ်လိုက်ပါတယ် - ရောက်တဲ့ရက်မှာတင်ပဲ ပြန်ပြေးချင်စိတ်ပေါက်သွားတယ် - နေရမယ့် အဆောင်အခန်းကျဉ်းလေးကြည့်ပြီး အ၀တ်တွေလည်း ခြောက်မှ ခြောက်ပါ့မလားလို့ ပထမဆုံးစိုးရိမ်မိတယ်။ သူ့အရပ်နဲ့သူ့ဇာတ် အဆင်ပြေပေမယ့် ကိုယ့်မြို့(မန်း) နဲ့ယှဉ်ရင် တခြားစီပါလား။ ကြာတော့လည်း စီးပွားရေးမြို့တော်ဖြစ်တဲ့ မြို့ကြီးကနေ ကိုယ့်မြို့ကိုပြန်လာချင်တာပဲ သိတော့တယ်... :D

    ReplyDelete
  4. ထိမိတဲ့ ပို့ စ်လေး

    ReplyDelete
  5. ကိုရင်လေးရဲ့ မိမိစားမဲ့ဆွမ်းထဲက ပြန်မျှဝေလိုက်တဲ့ သဒ္ဓါတရားက တကယ်ကို လေးစားစရာပါ.
    ရေးထားတာကလည်း မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာစေအောင် ကောင်းလွန်းပါတယ်။
    ရန်ကုန်ရဲ့ လူနေမှုစနစ်ကိုလည်း ထင်ရှားစေတယ်။

    ReplyDelete
  6. အရေးအသားညက်ညောတာလေး သဘောကျတယ်ဗျ။ အကြောင်းအရာလဲကြိုက်တယ်။ ကိုရင်လေး ဆွမ်းဘူးလေးကို ပြန်စွန့်ဖို့ ဆုံးဖြတ်ရတဲ့အခန်းလေးဖတ်ရတာ အရသာရှိတယ်။ စိတ်ဝင်စားစရာကောင်းတယ်း

    ReplyDelete
  7. အပေါ်တိုင်း တင်ပြမှုလေးတွေဖတ်ပြီး ရန်ကုန်ဆိုတာ ဒီလိုကြီးလားလို့ မျက်မှောင်ကျုတ်ပြီးတဲ့နောက် အဆုံးသတ်လေးဖတ်ပြီး ရင်ထဲမှာ ပီတိလေးတစ်မျိုးနဲ့ အေးချမ်းသွားတယ်။ အရေးအသားကလည်း အရမ်းကောင်းတော့ ဖတ်လို့ ပြေပြစ်လိုက်တာ။ အရသာ ရှိလိုက်တာ။

    ReplyDelete
  8. ၀တ္ထုလေးနဲ့ အတူ မွန်းကျပ်ကျပ် ခံစားမှုတွေနဲ့  စီးမျှော်သွားမိပါတယ်။
    လေးလွှာတိုက်ခန်းပေါ်ကနေ ဆွမ်းခံကြွလိုက်ပေးတဲ့ ဘုန်းကြီးကျောင်းသား
    တွေကို လက်ခုပ်တီးပြီး တစ်ထောင်တန်အရွက်လေးတွေ ပစ်ချပေးတတ်တာကိုလည်း
    ရန်ကုန်မြို့ ပြတွေမှာ ကြုံဖူးပါတယ်။
    ကိုရင်လေးဇာတ်ဝင်ခန်းကို သဘောကျမိပါကြောင်း ပြောကြားရင်း
    ဆက်လက်ပြီး ကလောင်စွမ်းထက်ပါစေကြောင်း ဆုမွန်ကောင်း
    တောင်းပေးလိုက်ပါတယ်ဆရာ….
    ထော်ဦး

    ReplyDelete