Friday, May 25, 2012

သူငယ်ချင်းတွေ စာဖတ်ကြစေချင်


သူငယ်ချင်းတွေ စာမဖတ်ကြပါ။ ကျွန်တော့် သူငယ်ချင်းများ စာမဖတ်ကြပါ။ ကျွန်တော့် သူငယ်ချင်းများ၏ သူငယ်ချင်းများလည်း စာမဖတ်ကြပါ။
ကျွန်တော်သည် ဆယ်ကျော်သက် လူငယ်တစ်ဦး ဖြစ်၍ ကျွန်တော့် သူငယ်ချင်း ဆယ်ကျော်သက် လူငယ်များ အကြောင်း အတန်အသင့် သိရှိ နားလည်ထားသည်။ သူတို့အကြောင်း၊ သူတို့ဘ၀၊ သူတို့ စိတ်နေစိတ်ထား၊ သူတို့ ၀ါသနာ၊ သူတို့ ခံယူချက်များကို လေ့လာ စူးစမ်းရင်း သူတို့နှင့် ဆက်နွယ် ပတ်သက် နေကြသော မိဘမောင်နှမ ဆွေမျိုးသားချင်း အပေါင်းအသင်းများ အကြောင်းကိုပါ ရိပ်စား သိရှိ လာခဲ့ရသည်။

ထိုသို့ ရိပ်စားမိခြင်းကို ခြုံငုံ သုံးသပ်၍ ကောက်ချက် တစ်ခု ဆွဲကြည့်သောအခါ တွေ့ရှိလာရသည်က  လူအများစုသည် စာမဖတ်ကြခြင်းပင် ဖြစ်သည်။ စာကို လုံးဝ မဖတ်ကြပေ။ စာဖတ်နေလျှင် သူတို့၏ Chatting ထိုင်ခြင်း၊ ရည်းစားနှင့် ချိန်းတွေ့ခြင်း၊ ဂိမ်းဆော့ခြင်း၊ ဆိုင်ကယ် လျှောက်စီးခြင်းများ ပြုလုပ်ရမည့် အဖိုးတန် အချိန်များ ဆုံးရှုံး သွားလိမ့်မည်ဟု စွဲမြဲစွာ ခံယူ ထားကြလေသည်။ လူငယ်များ ဤသို့ ခံယူထားခြင်း၏ အဓိက ရင်းမြစ်မှာ မိဘများကြောင့် ပင်ဖြစ်သည်ဟု ကျွန်တော်တစ်ဦးတည်း၏ ထင်မြင်ချက်နှင့် ဆိုချင်ပါသည်။

Tuesday, May 22, 2012

မုံရွာမှာ လျှပ်စစ်မီးရရှိရေး ဘာကြောင့်ဆန္ဒပြရတာလဲ( ဒုတိယနေ့ ဆန္ဒပြမှုမှ သိရှိရသော အကြောင်းရင်းမြစ်)






 စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့မှာ မေလ ၂၁ရက်နေ့က စတင်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေးဆန္ဒပြမှုဟာ မနေ့က မေလ၂၂ရက်နေ့မှာလဲ ဆက်လက်ဖြစ်ပွားခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမယ့်  လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြရတယ်လို့ပဲသိထားပြီး တကယ့် အစစ်အမှန်အရင်းအမြစ်ကို ဖော်ပြနိုင်ခြင်းမရှိတဲ့အတွက် မသိကြရပါဘူး။ ဒါကြောင့် မနေ့က မေလ၂၂ရက်နေ့ ည ၉နာရီခန့်မှာ စတင်လှည့်လည်ဆန္ဒပြခဲ့တဲ့ ဆန္ဒပြသူများထဲက ဦးဆောင်လှုပ်ရှားသူများကို မေးမြန်းကြည့်ခဲ့ပါတယ်။


Monday, May 21, 2012

မုံရွာမှာ ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ တတိယအကြိမ်မြောက် လူစုလူဝေးကြီး



ဆန္ဒပြနေကြစဉ်
 

မနေ့က မေလ ၂၁ရက်နေ့ည ကိုးနာရီလောက် အကိုတစ်ယောက်က အိမ်လာပြောပါတယ်။ မြို့ထဲမှာ လျှပ်စစ်မီးအချိန်မှန်ရရှိရေးအတွက် ဆန္ဒပြနေကြတယ်တဲ့။ ဆူဆူပူပူဖြစ်နေကြတာလားလို့ မေးလိုက်တော့ မဟုတ်ဘူးတဲ့။ အေးအေးဆေးဆေးပါပဲတဲ့။ ဖယောင်းတိုင်တွေကိုင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေကြတာပါတဲ့။ လျှပ်စစ်ရုံးရှေ့ကစတာတဲ့။ ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း ပတ်ပြီးသွားပြီတဲ့။ ခု လျှပ်စစ်ရုံးရှေ့ပြန်သွားနေကြပြီတဲ့။ ဒါနဲ့ ကင်မရာဆွဲပြီးထွက်ခဲ့လိုက်ပါတယ်။  ကျွန်တော်ထွက်လာတော့ အချိန်က ည( ၉) နာရီခန့်ပါ။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုပတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြစဉ် ( သစ်ထူးလွင်www.thithtoolwin.com မှ ကူးယူဖော်ပြသည်။)
  မြို့ထဲလိုက်ရှာကြည့်တော့ လျှပ်စစ်ရုံးကနေ ဗိုလ်ချုပ်ကြေးရုပ်ကို နောက်တစ်ခေါက်ပြန်လာနေပါပြီ။  လက်ထဲမှာ ဖယောင်းတိုင်ကိုယ်စီကိုင်ပြီး လမ်းလျှောက်ရင်း “ ဘာဖြစ်တာလဲ” ၊“ မီးမရလို့”၊  “ ဘယ်သူ့အတွက်လဲ” ၊ “ ပြည်သူ့အတွက် ” ဆိုသည့် ကြွေးကြော်သံတွေကလည်း ညံစီလို့နေပါတယ်။ ဖယောင်းတိုင်ကိုင်ပြီး လမ်းလျှောက်ဆန္ဒပြသူတွေက လူတစ်ထောင်လောက်ရှိမယ်လို့ ခန့်မှန်းရပြီး ဘေးတွေ၊ နောက်တွေကနေ ဆိုင်ကယ် စက်ဘီးများနဲ့လိုက်ပါ ဆန္ဒပြနေသူများရောဆိုရင် စုစုပေါင်း လူ ငါးထောင်လောက်နီးနီးရှိမယ်ထင်ပါတယ်။

Sunday, May 20, 2012

ချင်းတွင်း သလ္လာ ဇေယျာတစ်ပြ အမှတ်တရ ဓါတ်ပုံအလှ


ချင်းတွင်းမြစ်ရေ တက်နေတဲကအချိန်ကပါ။ အမှိုက်သရိုက်တွေနဲ့ မြစ်ရေပြင်ရယ်၊ အနားက သစ်ပင်ကြီးရယ်၊ နောက်ခံက ချင်းတွင်းတံတားကြီးရယ်ပါ။ ( အနီးကပ်ကြည့်လိုလျှင် ပုံကို ကလစ်ပါ။)
ဒီနေရာလေးကနေ အပေါ်က ဓါတ်ပုံကို ရိုက်ခဲ့တာပေါ့။ ဒါကသူငယ်ချင်းတွေပါ။ ဟိုဘက်မှာ ခေါင်းလေးသေးသေးထွက်နေတဲ့သူငယ်ချင်းကတော့ မြင်ရတဲ့ နွံတွေပေါ်က  ခြုံတွေကို နင်းပြီးမလာရဲဘူးဆိုလို့ ကျန်နေရစ်လေရဲ့။
မြင်လိုက်ရတဲ့ လှေသမားတွေကို အဝေးရောက်မှ zoom လှမ်းဆွဲပြီး ရိုက်လိုက်တာ။ ဒီဓါတ်ပုံလေးကို တော့ တော်တော်ကြိုက်မိတယ်။

ဗောဓိတစ်ထောင်ကိုသွားတုန်းက ရပ်တော်မူဘုရားကြီးနောက်က ပန်းခြံလေးထဲထိုင်ရင်း ပန်းလေးလှတယ်ဆိုပြီး သူငယ်ချင်းတစ်ယောက်ကောက်ရိုက်လိုက်တဲ့ ဓါတ်ပုံပါ။

Wednesday, May 16, 2012

ပန်းတွေနဲ့နေ အသက်ရှည်

ပန်းသွေးနှင်းဆီ ပွင့်အာပြီ (အနီးကပ်ကြည့်လိုက ပုံကို ကလစ်ပါ)
နှင်းဆီဝါ၀ါ နုထွေးစွာ

ရဲရဲနီစွေး နှင်းဆီလေး

အလှချင်းဖေးကူညီ ခိုင်ရွှေဝါနဲ့နှင်းဆီ

ပွင့်ဖတ်ဖြူဖြူ နှင်းဆီ...သူ


သစ်မင်းနောက်ခံ နှင်းဆီရံ



ချိန်တာနည်းနည်းလိုသွားတော့ ပုံက နည်းနည်း မပီပြင်သလို ဖြစ်သွားတယ်ဗျာ။

Friday, May 11, 2012

ရန်ကုန်မြို့လယ်တစ်နေရာ

၂၀၁၂ခုနှစ် မေလထုတ် ရနံ့သစ်မဂ္ဂဇင်း
ပန်းချီ - ကိုကိုနိုင်



ခြေထောက်အစုံကို မုံရွာ-ရန်ကုန် အဝေးပြေး မှန်လုံကားကြီးပေါ်မှ မြေပြင်ပေါ်သို့ချလိုက်မိသည်နှင့် တစ်ပြိုင်နက် သူ့ရင်ထဲအတန်ငယ်စိမ်းကာ ထူးခြားသည့် ခံစားမှုမျိုါ် ခံစားလိုက်ရသည်။ အဆုတ်ထဲထိရောက်ရှိသွားအောင် ခပ်ပြင်းပြင်းလေး ရှုရှိုက်လိုက်သော လေတို့၌ပင် သူနှင့်စိမ်းနေသော အငွေ့အသက်များ ယှက်သန်းနေကြသည်။

မြို့ကြီးပြကြီးဟူသော အသိက သူ့ကို အနည်းငယ် စိတ်လှုပ်ရှားစေသော်လည်း  သားကောင်ရှာနေကြသော မုဆိုးတို့၏မျက်ဝန်းများမှ စက်ကွင်းလွတ်နိုင်ရန် ရှိစုမဲ့စုအင်အားများကို အစွမ်းကုန်ထုတ်သုံးကာ ရဲရင့်လိုက်သည်။ နီညိုရောင် ခရီးဆောင်အိတ်ကို လက်တစ်ဖက်ကဆွဲပြီး အနက်ရောင်စလွယ်သိုင်းအိတ်ကိုလွယ်လျက် သူ့ထက်ငါ အလုအယက် ခရီးသည်ခေါ်နေကြသော တက္ကစီသမားများကို အလိမ္မာနှင့် ငြင်းဆန်ဖယ်ရှားရင်း တစ်နေရာ၌ ခဏရပ်လိုက်သည်။ ပြီး ပတ်ဝန်းကျင်အနေအထားများကို လေ့လာသုံးသပ်ရန် မျက်စိကစားကြည့်လိုက်သည်။

မျက်လုံးတစ်ချက်အ၀င့်မှာပင် မြို့ကြီးပြကြီးဟူ၍ သူ့စိတ်ထဲ အထင်ကြီးထားခဲ့သမျှထဲမှ တချို့တ၀က်က အရည်ပျော်ကျဆုံးသွားကြသည်။ ဗွက်ရေစွက်စိစွက်စိနှင့် စိတ်ပျက်ငြီးငွေ့စရာကောင်းလှသည့် မိုးတဖွဲဖွဲကြား၌ ပုပ်ဟောင်ညှီစို့နေသော အနံ့တချို့က  ဆိုးဝါးစွာ ပျံ့နှံ့လာသည်။ မလှမ်းမကမ်းမှ အညစ်အကြေးပေါင်းစုံ စုဝေးနေသော အမှိုက်ပုံများက မသတီစရာကောင်းလှသည်။