Friday, April 27, 2012

အမုန်းနောက်ကွယ်မှ

ပန်းချီ- စန်းလွင်အောင်


တကတည်းတော်။ ပြောမပြောချင်ဘူး။  ဒင်းနဲ့တော့.....။ စိတ်ပျက်စရာကောင်းတယ်။  လူကဖြင့် သေခါနီးနေပြီ။  ကိုယ့်ဟာကိုယ် အလုပ်ကလေးလုပ်ရင်း  တရားဓမ္မနဲ့ မွေ့လျော်မယ် မရှိဘူး။   အသက်အရွယ်နဲ့ မလိုက်တဲ့အတွေးတွေ တောင်စဉ်ရေမရလျှောက်တွေးပြီး ဇီဇာကြောင်နေတယ်။

တစ်ခါ၊ နှစ်ခါဆိုလည်း တော်သေးရဲ့။ ခုဟာက အချိန်ရှိသရွေ့.....။  ကျုပ်ကို ဘာများထင်နေလဲမသိဘူး။   ကျုပ်ဖြင့် အသက်အရွယ်နဲ့ မလိုက်မဖက်  ၀တ်စားဆင်ယင်နေတာလဲ မဟုတ်။ မျက်နှာပေါ် မိတ်ကပ်တွေ အတုံးလိုက် အတစ်လိုက်ဖို့နေတာလဲ မဟုတ်။ တွေ့သမျှ ယောက်ျားလေးတိုင်းကို ကလူ၏သို့၊ မြှူ၏သို့နဲ့ ကြာပစ်နေတာလဲမဟုတ်။

ပြီးတော့ ကျုပ်ပုံစံနဲ့ကြာပစ်တော့ရော .... ဘယ်ယောက်ျားက လာကြွေမှာလဲ။   ကိုယ်လုံးကိုယ်ပေါက် ကြည့်လိုက်ဦး။ ခါးဆိုတာ ဘယ်နားရှာရမှန်းမသိဘူး။ ဗိုက်ဆိုတာလည်း ကိုယ်ဝန်သည်နဲ့နင်လား ၊ငါလားပဲ။  အသားအရေလဲ ကြည့်လိုက်ဦး။ ချောကလက်လိုလို ၊ ကော်ဖီလိုလိုနဲ့ ။  တပ်ထားရတဲ့ မျက်မှန်က ပုလင်းဖင်လောက်ရှိတယ်။  ဒီလို အူတူတူ၊ အတတ အဘွားကြီးကို ဘယ်ယောက်ျားက လာကြိုက်မှာတဲ့လဲ။

ကျုပ်ကလဲ ဒီအသက်အရွယ်အထိ ဒင်းနဲ့ပဲ ပေါင်းလာတာ ကလေးသုံးယောက်တောင် မွေးပြီးခဲ့ပြီ။ ရုပ်ဖြောင့်ဖြောင့် ယောက်ျားမြင်တိုင်း စိတ်လှုပ်ရှားတတ်တဲ့ အရွယ်လဲ မဟုတ်တော့ဘူး။

ကိုယ်နဲ့ သက်တူ ရွယ်တူတွေ ကျပြန်တော့    ဆံဖြူ ၊ သွားကျိုး၊ နေတဲ့ ငါးဆယ်ကျော် ခြောက်ဆယ်နီးအဘိုးကြီးတွေဆိုတော့ ချောပါတယ်လို့ ပြောလို့ရတော့တာလဲ မဟုတ်တော့ဘူး။ ရွယ်တူတွေမဟုတ်လို့ ကိုယ့်အောက် အသက်ငယ်ငယ်လေးတွေကျပြန်တော့  ကိုယ်တိုင်က သားသုံးယောက်အမေဆိုတော့ ကိုယ့်သားလေးတွေ၊ ကိုယ့်တူလေးတွေလိုပဲ မြင်ပြီး သားတွေကို ဆက်ဆံသလိုပဲ ဆက်ဆံတယ်။ ဘယ်လိုမှ ရင်ခုန်စိတ်လှုပ်ရှားလို့ မရတော့ဘူး။

ကျုပ်နှလုံးသားက ဒင်းနဲ့ သားသုံးယောက်ရပြီးကတည်းက ရှားရှားပါးပါးရှိနေတဲ့ တစ်ခုတည်းသော အိုအေစစ်လေး ပျောက်ကွယ်သွားတဲ့ သဲကန္တာရတစ်ခုလိုပဲ။ ပူလောင်ခြောက်သွေ့သွားတာ ကြာ ကြာလှပေါ့။

တကယ်ပါ။ နှလုံးသားလို့သာ ပြောနေရတယ်။ အဲဒီနှလုံးသားက ကိုယ့်ရင်ထဲ ဘယ်ဘက်မှာလား၊ ညာဘက်မှာလားတောင် မေ့မေ့သွားလို့ လက်နဲ့ နှလုံးခုန်သံစမ်း စမ်းပြီး  ရှာနေရတယ်။ အိမ်ထောင်ရေးဆိုတာကို စိတ်ကုန်သွားပြီ။  ပြောရရင် ဒင်းကိုပါစိတ်ကုန်နေပြီ။   နေစဉ်နဲ့ အမျှ တွေ့သမျှယောက်ျားတိုင်းနဲ့ လိုက်သ၀န်တိုနေတယ်။  မဟုတ်ဘဲ အပြောခံရတော့ မခံချင်ဘူး။  အထူးသဖြင့် ကိုယ့်ဘက်က ပြတ်ပြတ်သားသားကြီး ရှင်းလင်းနေတဲ့ ကိစ္စကို  တစ်ဖက်သတ် အစွန်းရောက်အတွေးတွေနဲ့ ယုန်ထင်ကြောင်ထင်လုပ်တာကို အရမ်းမုန်းတာပဲ။

ဈေးဆိုတာ အိမ်ရှင်မတိုင်းသွားတဲ့ နေရာ။  ပြီးတော့ မိန်းမတွေပဲ အများဆုံး ရှိတဲ့နေရာ။  အဲဒါကိုလည်း ယောက်ျားတွေနည်းနည်းတော့ ရှိတာပဲဆိုပြီး မသွားရဘူးတဲ့။ သူသွားမယ် ဆိုပြီး ခြင်းကျားကြီးကိုင်ပြီး နေ့တိုင်းဈေးသွားတာ။ တစ်ခါတစ်လေ  ကျုပ် မဖြစ်မနေ လိုက်ဖို့လိုလာရင်လည်း ဒင်းနဲ့အသည်းအသန် အကြိတ်အနယ် ပြောပြီး မှ လိုက်ရတယ်။ ထားပါ။ ဒါကတော့။ ကျုပ်တောင် အပင်ပန်းသက်သာသေးတယ်။

သူကဘယ်လောက်ထိ ဆိုးဝါးသလဲဆိုတော့ ရုံးမှာ မန်နေဂျာနဲ့ စကားပြောရင်လည်း ပြောလို့။  ရေသန့်ကားမောင်းတဲ့ ကောင်လေးနဲ့ ရေသန့်ဘူး အရေအတွက် စစ်ဆေးရင်း စကားပြောရင်လည်း  ကွက်ကြည့်  ကွက်ကြည့်။ အလုပ်ရှင်သူဌေးက စာရင်းစဇယားတွေ ကိစ္စနဲ့ ရုံးခန်းထဲ ခေါ်တွေ့ရင်လည်း  ဂနာမငြိမ်တော့ဘူး။  ကြာနေရင် အကြောင်း အမျိုးမျိုးပြပြီး လိုက်ဝင်လာ။ အရမ်းရုပ်ပျက်တယ်။ သူ့ကြောင့် မျက်နှာပျက်ရပေါင်းလည်း များပြီ။  ဟိုလူ့အားနာရ၊ ဒီလူ့တောင်းပန်ရနဲ့ ။ တစ်ရုံးတည်းမို့သာ တော်တော့တယ်။ ရုံးများမတူရင် ဒင်း သူ့ရုံး သူတောင် ကောင်းကောင်းတက်ပါ့မလားမသိဘူး။

ပြီးတော့ ပြဿနာက ဒီတင်ပြီးတာ မဟုတ်ဘူး။ အိမ်ပြန်ရောက်ရင် “မင်း ဟိုကောင်နဲ့ ဘာတွေ ပြောပြီး ရယ.်နေတာတုံး” ၊ “ မင်း ...အဲဒီကောင်နဲ့ စကားမပြောစမ်းနဲ့”  ၊  “နောက် သူဌေးရုံးခန်းထဲ သွားရင်တံခါးမပိတ်နဲ့၊  ခပ်ဟဟဖွင့်ထား” နဲ့ ပြဿနာရှာသေးတာ။ ကျုပ်ကလည်း မခံနိုင်ဘူး။ အငယ်ကတည်းက မဟုတ်တမ်းတရားလာပြောလာရင် ဘယ်သူ့ကိုမှ ခေါင်းငုံ့ခံခဲ့တာမဟုတ်ဘူး။  ဒီတော့ဒင်းနဲ့ နောင်ဂျိန်ပလေးရရော။

ကျုပ် ဒေါသထွက်ပြီး နည်းနည်းလောက်ကြမ်းပြလိုက်ရင်လည်း  သွားဖြဲကြီးနဲ့ “ ဟီးဟီး........ဟီးဟီး”  လို့ ရယ်ပြီး လေချိုသွေးပြန်ရော ။ ဒီလိုလုပ်လို့ နောက်နေ့ အကျင့်ပျောက်သွားမယ်မထင်နဲ့ ။ ဒုံရင်းက ဒုံရင်းပဲ။

++++++++++++++++++++++++++++++++++++++++++++++++++++++


“ ဒီမယ် ကိုအောင်သန်း....တော် ကျုပ်ကို အဲလောက်ထိ သ၀န်တိုပြမနေနဲ့။ ကျုပ်လို သက်ကျားအိုကြီးကို ဘယ်သူမှ လာမကြိုက်ဘူး။  ရိုင်းရိုင်းပြောရရင် အလကားပေးတောင် ယူမယ့်သူမရှိဘူး။  တော် ...ဘာမှ ပလီ ပလာဖြစ်မနေနဲ့”

ကျုပ်က အဲဒီလို ပြောလိုက်၇င်လည်း မျက်လုံးမျက်ဆန်ပြူးပြီး သူများကြားမှာစိုးတာလိုလို၊  ကျုပ်စိတ်ဆိုးမှာကြောက်တာလိုလိုနဲ့ ဘာကြီးမှန်းကို မသိဘူး။  အဲဒီလို ပြောလို့လည်း အကျင့်က ပျောက်တယ်မထင်နဲ့။

တစ်ရက်ကလည်း  အလုပ်ကပြန်အလာ ...... အိမ်ရှေ့အိမ်က မိတ်ဆွေက  “  မခင်မာမြင့်တို့ ပြန်လာပြီလား” လို့ မေးတော့  “ ဟုတ်ကဲ့ ”လို့ ဖြေတာကို အိမ်ထဲ ရောက်တာနဲ့ ပြဿနာရှာတော့တာပဲ။  သူများ ယောက်ျားတွေလိုအော်ကြီးဟစ်ကျယ်နဲ့ ဆူဆုပူပူလုပ်တာမဟုတ်ဘူး။  ဘေးနားကနေ ကပ်ပြီး တတွတ်တွတ်၊ တဘွတ်ဘွတ်နဲ့ တအိအိ ဒုက္ခပေးတာ။

“ ဒီလူ ငါ့ကို မမြင်တာလဲ မဟုတ်ဘဲနဲ့ ။ တမင်ပြောတာနေမှာ သိလား။ ကဲ......ကိုအောင်သန်းတို့လို့ ပြောတော့  ရရဲ့ သားနဲ့ ဘာသဘောမှန်းမသိဘူး”

ကျုပ်ဖြင့် ၀မ်းခေါင်းထဲကနေ ဒေါသတွေ တလိပ်လိပ်တက်လာလိုက်တာများ  ဒင်းကိုချက်ချင်း ဂုတ်ချိုးဖဲ့သတ်ပစ်လိုက်ချင်တယ်။

ကျုပ်က ဘယ်လောက် အော်ပြပြ၊ ဟစ်ပြပြ၊  စိတ်ဆိုးစိတ်ကောက် လုပ်ပြပြ၊ ငိုယိုပြပြ ဒင်းကတော့ ဒင်းအကျင့်အတိုင်း သ၀န်တိုမြဲ တိုလျက် ။ ကျုပ်ကလည်း အဲဒီ သ၀န်တိုတဲ့ သောက်ကျင့်ကို အမုန်းတီးဆုံး။ ရှင်းရှင်းပြောရရင် အဲဒီ သောက်ကျင့်ကို  ဂရုတစိုက် ပြုစုယုယ ပျိုးထောင်နေတဲ့ ဒင်းကို ဆို မုန်းရုံမကလို့ ရွံရှာစက်ဆုပ်တောင်လာသေး။

တကယ်....တကယ်....တွေးမိတိုင်း  ဒင်းကို မုန်းလိုက်တာ............ပစ်ပစ်ခါခါ။ တကယ်................. ကျုပ်ဒင်းကို အရမ်းမုန်းတာပဲ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++


ကျုပ်ဖြင့် ဒီနေ့တစ်နေ့လုံး စိတ်တွေ ချမ်းသာလို့။  ဘာဖြစ်ရမတုန်း။ ဒင်းပေါ့.....ဒင်း။ သင်္ကြန်တွင်း သူ့အမေဆီပြန်ဦးမယ်ဆိုပြီး သားအကြီးနှစ်ယောက်နဲ့ သာစည်ခဏပြန်သွားလေရဲ့။  ကျူပ်ဖြင့် ၀မ်းသာလိုက်တာ။  သင်္ကြန်တွင်းလေးငါးရက်တော့ ဒင်းဒဏ်က လွတ်ပြီကိုး။

ဒင်းက သွားသာသွားတာ။  ဆန့်ငင်ဆန့်ငင်နဲ့ရယ်။  သင်္ကြန်တွင်း  ကျုပ်ဈေးသွားမှာစိုးလို့ဆိုပြီး တစ်ပတ်စာ မီးဖိုချောင်ပစ္စည်း သားငါးအစုံ ၀ယ်ပေးသွားတယ်။  ဝေ့လည်ကြောင်ပတ်စကားတွေလည်း လျှောက်ပြောသွားသေးတာ။  “ အပြင်တွေ ဘာတွေ မထွက်နဲ့နော် ” တို့၊  “ မတော်တဆ နေမကောင်းဖြစ်လို့ ဆေးခန်းပြရရင် ဒေါက်တာမောင်မောင်အေးဆီ မသွားနဲ့။ ဟိုဘက်ရပ်ကွက်ကဒေါက်တာ ခင်မြရီဆီသွား” တို့ လျှောက်ပြောနေသေးတာ။  ကျုပ်က အမြင်ကတ်ကတ်နဲ့ ဟောက်လိုက်မှ ငြိမ်ကုပ်သွားတာ။

ဒါတောင် အိမ်ကနေ ဘူတာကို ထွက်ခါနီး  သားငယ်ကို ကပ်ပြီး မှာသွားသေးတယ်။

“သားငယ်...........မင်းအမေကို ဂရုစိုက်နော်။ အပြင်တွေ ဘာတွေ လျှောက်ထွက်မနေနဲ့။ မင်း အမေက အိမ်မှာတစ်ယောက်တည်းရယ်”

ကြည့် ။ တစ်ယောက်တည်းတော့ ဘာဖြစ်တုန်း။ ကျုပ်ကို ဘယ်သူက လာဆွဲမှာမို့လို့တုန်း။ ဒင်းဟာလေ....။ တကယ် ...တကယ်။ ကျုပ် ယောက်ျားယူမိတာ တအားမှားတာပဲ။ ဒါပေမယ့် မှားမှန်းသိတဲ့အချိန်ကျတော့လည်း ကလေးက နှစ်ယောက်နဲ့တစ်ဗိုက်ဆိုတော့ ဘာမှလုပ်လို့မရတော့ဘူး။ ခုဆို သားငယ်တောင် အသက်နှစ်ဆယ်ကျော်လာပြီ။  ဒီလိုပဲ ဒင်းကို ဆူလိုက်၊ ပူလိုက်၊ ဆဲလိုက်၊ ဆိုလိုက်နဲ့ စိတ်ဆင်းရဲခံပြီး ပေါင်းနေရတယ်။

အမှန်အတိုင်းပြောရရင်  ကျုပ်  ကိုအောင်သန်းကို ဆက်မပေါင်းချင်တော့ဘူး။  ရင်ထဲမှာ ဒင်းနဲ့ပတ်သတ်လာရင် မုန်းတီးမှုတွေကပဲ ပြည့်နှက်နေတော့တာ။ ညားခါစကာလတွေတုန်းကတော့  ဒင်းသ၀န်တိုတာလေးကိုပဲ စိတ်ထဲ ကျိတ်ကျေနပ်ခဲ့ရတာ။ တဖြည်းဖြည်းနဲ့ ဒင်းသ၀န်တိုပုံကြီးက ကြောက်စရာကောင်းလာတယ်။ ကျုပ်အထင် ကိုအောင်သန်းမှာ သ၀န်တို ဆိုက်ကိုများရှိနေမလားမသိဘူး။

ခုတော့ ဒင်းကို မမြင်ရတာ စိတ်ချမ်းသာလိုက်တာ။ နေ့စဉ်နဲ့အမျှ နားပူနေရတဲ့ ၀ဋ်က ကျွတ်သွားတာကိုး။ ခဏဆိုပေမယ့် အဲဒီခဏလေးကိုပဲ စိတ်အေးလက်အေးနေပစ်လိုက်ဦးမယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++

သွားမယ့်သွားတော့လည်း ဒင်းက နှစ်ဆန်းနှစ်ရက်နေ့ထိတောင် ပြန်မလာဘူး။ ကျုပ်အကြိုက်တွေ့ပြီပေါ့။  အလုပ်သွားတော့လည်း စိတ်ဖြောင့်လက်ဖြောင့်။ သူပါမလာတော့ ဓါတ်သိတွေကတောင် စနောက်နေကြသေး။  ကျုပ်ကတော့ တစ်နေ့လုံး ပြုံးပြုံးရွှင်ရွှင်ပဲ။ သူဌေးကတောင် ပြုံးစိစိနဲ့ မခင်မာမြင့် ဒီနေ့ တော်တော်ပျော်နေပုံရတယ်လို့  ပြောနေသေးတယ်။ ဒီလို လွတ်လွတ်လပ်လပ်မနေရတာကြာပြီကိုး။ ဒီဂရီမျက်မှန်ကြီးပေါ်ကနေ မျက်ထောင့်နီကြီးနဲ့ စူးစိုက်ပြီး တရားခံကြည့် ကြည့်ခံနေရတဲ့ ကျုပ်ဘ၀ကို စဉ်းစားကြည့်လိုက်ကြပါဦး။

ကျုပ်ကတော့ ဒင်းတော်တော်နဲ့ ပြန်မလာပါစေနဲ့ဦးလို့ ဆုတောင်းနေမိတယ်။

++++++++++++++++++++++++++++++++++++++++++++++++++++++

ဒီနေ့တော့  ကျုပ် ကိုယ့်ဘာသာ ဈေးသွားရတော့တယ်။ ဒင်းဝယ်ပေးခဲ့တဲ့ ဟင်းချက်စရာက ကုန်ပြီလေ။ဈေးဝယ်တော့ ဈေးသည်ကောင်မလေးကတောင်  “အန်ကယ်ကြီးမပါဘူးလား”လို့မေးနေသေး။

ညနေကျ သာစည်က ဖုန်းလာတယ်လို့ ဘေးအိမ် ဖုန်းဆိုင်ကလာပြောတယ်။ သာစည်က ဆိုတော့ ဒင်းပဲနေမှာဆိုပြီး ကျုပ်သွားမကိုင်ပေါင်။ သားငယ်ကို လွှတ်လိုက်တယ်။ ကိုအောင်သန်းအမေ နေမကောင်းလို့တဲ့။ နောက်ထပ် တစ်ရက်နှစ်ရက်နေဦးမတဲ့။ အဲဒီအကြောင်းကို ကြားကြားချင်း ကျုပ် ယောက္ခမကြီးအတွက် စိတ်မပူဘဲ ကျေးဇူးတောင်တင်မိသွားတယ်။ ကျုပ်မျက်နှာကြီးပြုံးပျော်နေလို့ထင်ပါရဲ့။ သားငယ်ကတောင် ရယ်ကျဲကျဲလုပ်ပြီး “ အဘွားဘာဖြစ်တာလဲ မေးဖို့တောင်မေ့သွားတာလားအမေ” တဲ့။

တကယ်ပါ။ ကျုပ်  ... ယောက္ခမကြီးအတွက် လုံးဝ စိတ်မပူမိဘူး။ ဒင်း ပြန်မလာသေးတာကိုပဲ ၀မ်းသာနေမိတယ်။


++++++++++++++++++++++++++++++++++++++++++++++++++++++++


သားကြီးနဲ့သားလတ်ပြန်လာတော့ ဒင်းပါမလာသေးဘူး။ တစ်ရက်နှစ်ရက် နေဦးမတဲ့။ ယောက္ခမကြီးကလည်း သိပ်မသက်သာသေးဘူးဆိုပဲ။  ဒါကြောင့် နေဦးမယ်ဆိုပြီး ကျုပ်ကို ပြောခိုင်းလိုက်တယ်။

နေပေါ့ ။ သူ့ဟာသူနေတာ ကျုပ်နဲ့ ဘာဆိုင်လဲ။  ကျုပ်ပြောပြီးလေ။ မလာလေကောင်းလေလို့။

ရုံးကလည်း အရင်လို မစကြတော့ပါဘူး။ အားလုံးပုံမှန်ပြန်ဖြစ်သွားကြပြီ။  ကျုပ်ကသာ တစ်ယောက်ယောက်နဲ့ စကားပြောပြီးရင် သူ့နေရာ လှမ်းလှမ်းကြည့်မိတာ။ အဲဒီအခါကျမှ ကိုယ့်ဖာသာ တစ်ယောက်တည်း ကျိတ်ရယ်ရတယ်။

 ++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျုပ် ဘယ်လို ဖြစ်နေလဲ မသိပါဘူး။ မနက်ခင်း ထမင်းချိုင့်တွေပြင်တော့ ကျုပ်ရယ် ၊ သားသုံးယောက်အတွက်ရယ် လေးခ်ျိုင့်ပြင်ရမှာကို ငါးချိုင့်ကြီးသွားပြင်နေမိတယ။် ပထမ သားတစ်ယောက်ယောက်များမေ့ကျန်ခဲ့သလားဆိုပြီး စဉ်းစားမရဘူး။ နောက်ဆုံးကျမှ ဒင်းချိုင့်မှန်း သတိရတယ်။

နေ့လယ်ခင်း အလုပ်မှာ သူဌေးက ရုံးခန်းထဲ ခေါ်တော့လည်း တံခါးကြီး တစ်ဝက်တစ်ပျက်ဖွင့်ထားခဲ့မိတယ်။အပြင်ပြန်ထွက်လာတော့  ဒင်းစားပွဲလွတ်ကြီးမြင်မှ သတိရတယ်။ ကျုပ်ကလည်းကျုပ်ပဲ။ ဘယ့်နှယ့် ဖြစ်နေလဲမပြောတတ်ဘူး။

  ++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒီနေ့မနက်ခင်း ကျုပ်ယောင်ပြီး

“ကိုအောင်သန်းရေ.. ဈေးသွားချည်ဦး”

လို့အော်ပြောမိတယ်။

သားသုံးယောက်ကဆို ရယ်လိုက်ကြတာ ၀က်ဝက်ကိုကွဲရော.။  ကျုပ်ဖြင့်ရှက်လွန်းလို့ မျက်နှာတောင်ဘယ်နားထားရမှန်းမသိဘူး။  ဒင်းကိုလဲ ဒေါသတွေ ထွက်လာတယ်။

ဒင်းကြောင့်   .......   ၊ ဒင်းကြောင့်.............။

ကျုပ်လည်း ဒေါသထွက်ထွက် ၊ခပ်ရှက်ရှက်နဲ့ပဲ ဈေးသွားရတယ်။ ကိုယ်တိုင်ကိုယ်ကျ ဈေးဝယ်ဦး၊ ဟင်းချက်ဦး၊ ချိုင့်ပြင်ဦး၊ ရေချိုးဦး၊ ၀တ်ဦး၊ စားဦးနဲ့ဆိုတော့ ကသီလင်တနိုင်လိုက်တာ။ အလုပ်ချိန်တောင် နည်းနည်းနောက်ကျသွားတယ်။

ဒင်းကလည်း ဘာလုပ်နေသလဲမသိဘူး။ ယောက္ခမကြီးကလည်းသက်သာသွားပြီ ပြောပါတယ်။ ဒါကို ပြန်လာမယ်မရှိဘူး။ ဆယ်ရက်တောင်ရှိနေပြီ။  တစ်ခါမှ ဒီလောက်ကြာကြာခရီးမထွက်ဖူးဘူးဒီလူ ဘယ်လို ဖြစ်နေလဲမသိဘူး။  ရုံးပျက်တာလဲ ခြောက်ရက်ရှိနေပြီ။ လစာက အဖြတ်ခံရတော့မယ်။ အဲဒါပြောတာ ဒင်းက မိသားစုအပေါ်ကျ အလေးအနက်ကို မရှိဘူး။  ဒါတွေကြောင့် ကျုပ်က ဒင်းကို မုန်းတာ။

အရင်ကဆို ဒင်းရှိတော့ ကျုပ်အိမ်အလုပ်လုပ်ရတာ သက်သာတယ်။ ခုကျတော့ တစ်ယောက်တည်း မနိုင်မနင်းတွေဖြစ်နေပြီ။ လူလည်း ဖတ်ဖတ်ကိုမောလို့။  သူကတော့ ကိုယ်လွတ်ရုန်းထွက်နေတယ်။

မဖြစ်ဘူး။ မဖြစ်ဘူး။  ဒီအတိုင်းလက်ပိုက်ကြည့်နေလို့တော့ မဖြစ်တော့ဘူး။  တစ်ခုခုလုပ်မှ ဖြစ်မယ်။ သည်းမခံနိုင်တော့ဘူး။

“ ဟဲ့..... သားငယ် ၊ မင်းအဖေဆီ ဖုန်းသွားဆက်ချည်။ လာခဲ့တော့လို့။ ဆယ်ရက်တောင်ရှိနေပြီ။ အမေက ခုလာခဲ့တော့လို့ ပြောနေတယ်လို့ ပြောလိုက်။ သွား............အယ် ဒီကောင်လေး ဘာစပ်ဖြဲဖြဲလုပ်နေတာတုန်း။ သွားဆက်ချည် .။ တယ်...........ငါရိုက်လိုက်ရ.............”



ဝေမိုးနိုင်(မုံရွာ)

မဟေသီမဂ္ဂဇင်း၊ မေ၊ ၂၀၁၂။ ဖူးသစ်ဖွဲ့သီ ၀တ္ထုတို

10 comments:

  1. ဆရာရေ...
    မဟေသီမှာ စာမူပါလာတာကို ဂုဏ်ယူမိပါတယ်...
    ဆက်လက်ပြီး အခြားmagazineများမှာ
    ကလောင်စွမ်းထက်ပါစေ...
    ထပ်တူဝမ်းသာမိပါကြောင်းလည်း ပြောကြားချင်ပါသေးတယ်ခင်ဗျာ...
    ထော်ဦး

    ReplyDelete
  2. ညီရေးထားတာ မိုက်တယ်။ ချစ်ခြင်းကို အဲလို ငေါ်တော်ငေါက်တောက်ကလေး ဖွဲ့တာ ကြိုက်တယ်။
    အောင်မြင်ပျော်ရွှင်ပါစေ ညီ။
    ခင်မင်သော သတိုး

    ReplyDelete
  3. တကယ်ပဲ ဝေမိုးရေ... ဖတ်ရင်းကို ပြုံးမိရတယ်... မိသားစုရဲ့ ချစ်ခြင်းနဲ့ သံယောဇဉ်လေး ပေါ်လွင်လိုက်တာ..

    ခင်တဲ့
    မမဝသုန်

    ReplyDelete
  4. ချစ်ချင်းသံယောဇဉ်ကို ပုံစံလေးတမျိုးဖွဲ့ရေးထားတာ ဖတ်လို့ကောင်းပါတယ်။ စာမျက်နှာပေါ်မှာ စာတွေအမြဲရေးနိုင်ပါစေ ဆရာဝေမိုး.။

    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  5. မောင်လေးရေ..

    မောင်လေးရဲ့ ဝတ္တုလေးကို စာမျက်နှာထက်မှာ တွေ့ရလို့ ဝမ်းသာတယ်။ ဝတ္တုလေးက တကယ်လည်း ကောင်းတယ်။
    ပြီးတော့ အစ်မရေးသမျှကို အမြဲအားပေးတတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

    ခင်မင်လေးစားစွာဖြင့်
    မြတ်

    ReplyDelete
    Replies
    1. ကျေးဇူးပါအစ်မရေ.........
      အစ်မရေးသမျှအားပေးတာကတော့ ကျေးဇူးတင်စရာမလိုပါဘူး။ ကျွန်တော်တို့ကသာကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့ စာကောင်းလေးတွေဖတ်ခွင့်ရတဲ့အတွက်ပါ။

      Delete
  6. ကောင်းတယ်ဗျို့ 

    ReplyDelete
  7. ကြိုက်သွားပြီဟေ့။ ရယ်ရတယ်။ မဂ္ဂဇင်းမှာဖော်ပြခံရတာ တန်ပါတယ်ကွာ။ အရေးအသားကြောင့် ပိုဖတ်လို့ကောင်းသွားတယ်။ တော်တယ်ကွာ။

    ReplyDelete
  8. ဆရာ ဝေမိုးနိုင်... ကျွန်တော်တော့ ဒီစာကို ရုံးမှာဖတ်မိတာ မှားတာပဲ။ ရယ်ချင်တာကို အားရပါးရ မရယ်ရဘူး။ ကျိတ်ကျိတ်ရယ်နေရတယ်။ ကောင်းတယ် ဆရာ။ ကျွန်တော် ကြိုက်မိတယ်။
    ကောင်းလတ်

    ReplyDelete