Tuesday, April 3, 2012

ကံကြမ္မာရဲ့ ဥပေက္ခာလူ

ဒီညကျမှ တော်တော်နှင့် အိပ်မပျော်နိုင်ဖြစ်နေသည်။ မနက်လင်းဖို့ စိတ်စောနေခြင်းဖြစ်နိုင်သည်။ ဘာကိုမှ မတွေးတောချင်တော့ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားချင်ပါမှ မျက်စိက ကြောင်နေသည်။ အတွေးတွေကလည်း တောင်ရောက်မြောက်ရောက် ၊ ညနေက လက်ဖက်ရည်ဆိုင်တွင် ဦးမြင့်အောင် ပြောခဲ့သော စကားများက ဦးသန်းမောင်၏ စိတ်ကို လှုပ်ရှားစေသည်။ ယခုအချိန်ထိပင် ရင်ထဲမှာ မတင်မကျနှင့် ။ ဦးသန်းမောင်ကတော့ မယုံချင့် ယုံချင် ဖြစ်နေသည်။ ဘယ်ယုံချင်ပါ့မလဲ။  ဒီကိစ္စကြီးကို တကယ့် စိတ်ကူးယဉ် အိပ်မက်ကြီးလို သတ်မှတ်ခဲ့ ၊ နားလည်ခဲ့ကြတာကိုး။

ဒါက ဦးသန်းမောင်တစ်ယောက်တည်းလည်း မဟုတ်။ သူတို့ တစ်မိသားစုလုံး၊  အို.................လူတော်တော်များများ ဒီလိုပဲ နားလည်ခဲ့ကြသည်။  ဒီလိုပဲနားလည်ဆို ............ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထူးခြားပြောင်းလဲမှုဖြစ်စဉ် ဖြစ်မလာတာ ကြာပြီမဟုတ်ပါလား။

ဦးသန်းမောင်က ဦးမြင့်အောင် ပြောပြောချင်း ဒီလူနောက်နေတာလားဟု တွေးမိသည်။ ပြီးမှ အတည်ပြောနေမှန်း သဘောပေါက်သည်။ ဦးမြင့်အောင် ပုံစံကလည်း လုံးဝဥဿုံသေချာနေသည့် ပုံစံ။ တီဗွီမှာသတင်းနားထောင်လိုက်ရတယ်ဟုဆိုသည်။  တကယ်ဟုတ်ရင် ခင်ဗျားရမယ့် ငွေတစ်ဝက် ကျုပ်ကို ပေးမလားဟုပင် ပြောလိုက်သေး၏။ အမှန်တကယ် ဖြစ်လာလျှင်တော့ အကောင်းဆုံးပင်။ သို့ပေမယ့်  ဦးသန်းမောင် မမျှော်လင့်ရဲ။  သူ့ဘ၀က မျှော်လင့်ခွင့် မရှိသည်မှာ ကြာပြီ မဟုတ်ပါလား။  ဒီတော့ ဦးသန်းမောင်အဖို့ မယုံကြည်သည့်ဘက်က အလေးသာနေသည်။

ညဘက်ထမင်းဝိုင်းမှာ မိန်းမကို တိုင်ပင်ကြည့်တော့ မိန်းမက သေချာအောင် ပညာရေးမှူးရုံးသွားမေးပါလားဟုဆိုသည်။ ဒီအကြံကတော့ မဆိုး။ ရေရာသည်။ အဲသည်အတိုင်း လုပ်မည်ဟု ဦးသန်းမောင် တေးထားသည်။ ထို့ကြောင့် မနက်ရောက်ဖို့ကိုသာ အားခဲနေမိခြင်းဖြစ်သည်။ ညတာကလည်း ရှည်နိုင်လွန်းလှသည်။ ဟော................................. မီးကင်းကတောင် သံချောင်းခေါက်နေပြီ။

“ ဒေါင်.............ဒေါင်............. ဒေါင်.............ဒေါင်.............ဒေါင်.............ဒေါင်............. ဒေါင်.............ဒေါင်............. ဒေါင်.............ဒေါင်.............ဒေါင်...”


~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~


ညက ဘယ်အချိန်မှာ အိပ်ပျော်သွားသည် မသိလိုက် ။ ဦးသန်းမောင် အိပ်ယာကနိုးလာတော့ မနက်ခုနှစ်နာရီ ထိုးနေပြီ။ မိန်းမက အိမ်ဆိုင်လေးကိုတောင် ခင်းကျင်းရှင်းလင်းနေပြီ။ သမီးငယ်ကလည်း ထမင်းအိုးကျက်ပြီးလို့  ဟင်းအိုးကိုပင် တည်နေပြီ။ ဦးသန်းမောင်စိတ်ထဲ ညက ကိစ္စကိုသာ သိချင်ဇောကြီးနေသည်။ စိတ်ထဲမရှင်းမလင်းနှင့်ပင် နံနက်ခင်းပြုဖွယ်ကိစ္စများကို လုပ်ဆောင်ရ၏။

“ဆရာကြီး  ပင်စင်လစာတွေတိုးတယ်ဆို........”

“အဲ....ကြားတာပဲဗျို့”

မျက်နှာသစ်နေတုန်း တစ်ဖက်ခြံမှ လူကလှမ်းမေးသည်။ ဒီလိုတွေတောင် မေးနေကြပြီဆိုတော့ ဟုတ်လောက်သည်။ သို့သော်လည်း စိတ်ကို တော့ ဒုံးဒုံး မချနိုင်သေး။

“အဖေ   ပင်စင်လစာတွေတိုးမှာလား ၊ ဟုတ်လားအဖေ။  ဟင်...... ဘယ်လောက်တိုးမှာတဲ့လဲ။”

ခြံဝင်းထဲ ၀င်လာတဲ့သမီးကြီးက ဟိုလူ့အမေးကို နားစွန်နားဖျားကြားပြီး ချီထားသည့်  ကလေးကိုပင် အောက်ချကာ မျက်ကလဲ ဆန်ပြာလာမေးသည်။

“အမလေး .....မိကြည်မရေ.... သိပ်ပျော်မနေနဲ့ဟေ့။  ဘယ်လောက်တိုးမယ်ဆိုတာမပြောနဲ့  ၊ တကယ်တိုး မတိုးကို မသေချာသေးတာ ”

ဦးသန်းမောင်ပင်မဖြေလိုက်ရဘဲ  ဆိုင်လေးထဲမှ မိန်းမက အထုပ်ပလုပ်တွေ ချိတ်ဆွဲရင်း  လှမ်းအော်သည်။ သမီးကြီးက မျက်မှောင်ကျုံ့ကာ တစ်ချက် စဉ်းစားဟန်ပြုသည်။

“နို့ နေပါဦး။  ဘာလို့မသေချာသေးတာလဲ”

“ကြားတာပဲ ရှိသေးတာ သမီးရ...။ အဲဒါကြောင့် သေချာအောင် ပညာရေးမှူးရုံးသွားမေးမလို့”

“ဟယ်  အဝေးကြီးပဲ ”

“တတ်နိုင်ဘူးဟာ...။ သွားရမှာပဲ ”

ဦးသန်းမောင်တို့နေတာက မြို့အရှေ့ဘက်ထိပ်က သလ္လာရပ်ကွက် ၊ ပညာရေးမှူးရုံးက မြို့တောင်ဘက်ထိပ်က မုံရွာတောင်ရပ်ကွက်။ ခရီးကတော့ ခပ်သေးသေးမဟုတ်။ သမီးကြီးက နှာခေါင်းရှုံ့ပြီး မိန်းမနားသွားကပ်သည်။  ပြီးတော့ သားအမိနှစ်ယောက် တတွတ်တွတ်နှင့် စကားတွေ ပြောနေကြသည်။ တစ်ချက်တစ်ချက် မိန်းမ၏ အော်သံကြားရသည်။ တစ်အောင့်အကြာ သမီးကြီးက သူ့ကလေးချီကာ ပြန်သွားသည်။ ဦးသန်းမောင် ကိုတောင် နှုတ်ဆက်မသွား ။

“ သမီးကြီးက ဘာတဲ့လဲ”

အိမ်ပေါ်လှမ်းတက်ရင်း ဦးသန်းမောင် မေးလိုက်တော့ မိန်းမက မဲ့ရွဲ့ပြီး

“ ထုံးစံအတိုင်းပေါ့ ...ဆန်လာချေးတာ”

“မပေးလိုက်ဘူး လား”

“ တော့်သမီးက မနေ့ညနေကမှ ဆန်လာချေးသွားတာ။ ခုတော့မပေးနိုင်တော့ဘူး။ ကျုပ်တို့လည်း ရှိတာမဟုတ်ဘူး။ ဘယ်.........သူ့ယောက်ျားလည်း အလုပ်လေးဘာလေးလုပ်ခိုင်းမှပေါ့။ အားအားရှိမူးနေတယ်။ ကောင်မကလည်း ခုမှ ၊ ဒုက္ခရောက်မှ မိဘဆီလာ လက်ဖြန့်တာ။ လင်ယူတုန်းက ကျော့လို့ မော့လို့ ”

မိန်းမကလည်း အမြဲလိုလို စိတ်တိုနေသည်။ ဟုတ်တာပေါ့လေ။   အဆင်မပြေမှုတွေနဲ့ပဲ လုံးချာလည်လိုက်နေတာဆိုတော့   ဒီလောက်တော့ ရှိမှာပေါ့။  သူ့ခမျာ တစ်နေ့တစ်ကြိမ်တောင် ရယ်ပြုံးသေးရဲ့လားမသိ။

“ ကဲ . .တော်လည်း ထမင်းစားတော့မှာ မဟုတ်လား။ မိအေးရေ....ညည်းအဖေဖို့ ထမင်းခူးပေးလိုက်ဦး။ ညည်းလည်း ဟင်းကျက်ရင် စားသောက်ပြီး ကျောင်းသွားဖို့ပြင်တော့၊ ခုနစ်နာရီခွဲနေပြီ”

သမီးငယ်က ထမင်းပန်းကန်နှင့် ဟင်းခွက်ကလေးနှစ်ခွက်လာချပေးသည်။ ဟင်းကတော့ ထွေထွေထူးထူးမဟုတ်။ ပဲနီပြုတ်ဆီပါလေကာဆမ်းထားတာလေးနှင့် ငါးပိရည်ကျိုသာ ဖြစ်၏။ အိမ်နောက်ဖေးမှ ခူးထားသော ဆူးပုပ်ရွက်နုနုလေးတွေကို ညကကျန်သည့် ထမင်းကြမ်းခဲပေါ်တင်ထားပေးသဖြင့် ဦးသန်းမောင်မြင်ရုံနှင့် သွားရေ ကျလာသည်။ သို့နှင့် ထမင်းကြမ်းခဲပေါ် ပဲနီပြုတ်လေးတစ်ဇွန်းခပ်ထည့်ပြီး ဆာနေသည့်ဝမ်းကို ဖြည့်တင်းရသည်။ မဖြည့်လို့မဖြစ် ။ သွားရမည့်ခရီးက ရှိသေးသည်။

“တော်လည်း တစ်ခါထဲ ကိစ္စပြတ်မေးခဲ့။ ဘယ်လိုထုတ်ရမှာလဲ ။ ဘယ်လောက်ထုတ်ရမှာလဲ။ ဘာလဲ၊ ညာလဲ အကုန်မေးခဲ့။ ဟုတ်တယ်ဆိုရင်ပေါ့တော်”

ထမင်းစားနေရင်း ဦးဘဆွေကို ၀င်ခေါ်ရင်ကောင်းမလားဟုတွေးမိသည်။ ဒီလူ ဘာမှ မသိလောက်သေးဘူးထင်သည်။အဖော်လေးနဲ့ဆိုတော့ ကြောင်တောင်တောင်မနိုင်တော့ဘူးဟု ယူဆသည်။ လမ်းတစ်လျှောက်တွင်လည်း စကားလေးတစ်ပြောပြောနှင့် ရောက်မှန်းမသိ ရောက်သွားနိုင်သည်။

“အမလေး  .... ကိုသန်းမောင် ။ ပဲတွေချည်း သုတ်မနေနဲ့ ။ ကျုပ်တို့စားဖို့ ကျန်သေးတယ်။  ဟောဒီမယ်  ငါးပိရည်ကျိုနဲ့ ဖောင်စားဦး။ ဟေး................ဘာတုန်းဟေ့ ၊ ဘာယူမှာလဲ ။ လာပြီ....လာပြီ”

ဆိုင်ခန်းလေးထဲ ပြေးဝင်သွားသော မိန်းမကို ဒေါသထွက်စွာကြည့်လိုက်မိသည်။ သို့သော်လည်းမတတ်နိုင်သည်မို့ပဲနီပြုတ်ပန်းကန်လေးနောက်တွန်းပို့ပြီး ငါးပိရည်ကျိုနှင့်လွေးရပြန်သည်။ ငါးပိရည်ကျိုဆမ်းထားသော ထမင်းလုတ်ကလေးကို ဆူးပုပ်ရွက်နုနုလေးတွေ မြှုပ်မြှုပ်ပြီးစားရသည်မှာ မြိန်လိုက်သည့် ဖြစ်ခြင်း ။ ထမင်း ပန်းကန်ထဲ ထမင်းတစ်စေ့မျှပင် မကျန်တော့ပေ။

စားသောက်ပြီး  စက်ဘီးကလေးဆွဲကာ ဦးဘဆွေအိမ်ဘက်ထွက်လာလိုက်သည်။ ဦးဘဆွေအိမ်ရောက်တော့ ကိုယ့်လူက ဘာမှမသိ။ ဦးသန်းမောင်ပြောပြမှ အံ့သြ၀မ်းသာ ဖြစ်နေသည်။သို့သော်ဦးဘဆွေလည်း ပြည့်ပြည့်၀၀ မယုံကြည်ရဲရှာပေ။

သည်လိုနှင့်နှစ်ဦးသား ပညာရေးမှူးရုံးဆီသို့ ချီတက်ခဲ့ကြသည်။  စကားလေးတပြောပြောနှင့် နေကလည်း အတော်ထွက်လာသည်။ အတန်အသင့်ခရီးပေါက်တော့ ဦးသန်းမောင်တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်လာသည်။ အချိန်က နံနက်ရှစ်နာရီခွဲကျော်ကျော်သာရှိသေးသော်လည်း  မုံရွာအပူဒဏ်က မခံသာ။ ဦးဘဆွေကို လှမ်းကြည့်လိုက်တော့ သူလည်း ချွေးတွေ သံတွေနှင့်။

“အင်း.....ဒီအတိုင်းဆို အစိုးရသစ်က မဆိုးဘူးပဲဗျ ”

“ တကယ်တိုးပေးရင်တော့အကောင်းဆုံးပေါ့ ကိုသန်းမောင်ရာ။ ကျုပ်တို့ ဒါလေးကို မျှော်လင့်ခဲ့ကြတာကြာပြီမို့လား”

ဦးသန်းမောင် ပင်စင်သက်က ငါးနှစ်ကျော်လာခဲ့ပြီ။ ပင်စင်မယူခင်ကတည်းက သူ့လစာသည် အိမ်စရိတ်အတွက် လောက်ငှခြင်းမရှိခဲ့သည်ဖြစ်ရာ ပင်စင်လစာလေးနှင့်ဆိုတော့ ပိုဆိုးတော့သည်။  အခုနောက်ပိုင်း သမီးငယ် အလုပ်ရလိုက်မှ အနည်းငယ် ချောမွေ့သွားခြင်းဖြစ်၏။ သို့သော်လည်း ဒီရေအလား တစ်ဟုန်ထိုး တိုးတက်နေသော ကုန်ဈေးနှုန်းကို ဦးသန်းမောင်တို့ လိုက်မမီနိုင်ခဲ့ချေ။

“အင်း ...... ကျူပ်တို့ ပင်စင်လစာတိုးတာကတော့ ဟုတ်ပါရဲ့ဗျာ။ ကုန်ဈေးနှုန်းက မတိုးဖို့တော့ လိုတယ်ဗျ။ နို့မို့ ဒုံးရင်းက ဒုံးရင်းပဲ ဖြစ်နေမှာ”

“ကုန်ဈေးနှုန်းတော့ တက်လောက်ဖူးထင်ပါတယ်ဗျာ။ တခြားဝန်ထမ်းတွေပါတိုးတာမှ မဟုတ်ဘဲ။ ကျုပ်တို့တင်တိုးတာဆိုတော့ ကုန်ဈေးနှုန်းတက်လောက်ဖူးထင်ပါတယ်”


~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~


ပညာရေးမှူးရုံးရောက်တော့  မျက်နှာချင်းဆိုင်က ကွမ်းယာသည်လေးဆီ ကွမ်းဝယ်ရင်း ခဏတစ်ဖြုတ်အမောဖြေရသည်။ နှစ်ယောက်စလုံး ဟောဟဲဆိုက်နေကြသည်။ ရေသောက်ပြီး တော်တော်နှင့် စကားမပြောနိုင်ကြ။  ချွေးသီးချွေးပေါက်ကြီးတွေက ရွေးစေ့ခန့်မျှ တဖြိုင်ဖြိုင်ကျဆင်းနေကြသည်။ ဦးသန်းမောင်ခေါင်းထဲက တရိပ်ရိပ်မူးဝေနေသည်။ နေပူရှိန်ကို ဦးခေါင်းက မခံနိုင်တော့ဘူးထင်သည်။ ကွမ်းယာထုပ်လှမ်းယူရင်း ကွမ်းယာသည်လေးဆီ နည်းနည်းပါးပါး စုံစမ်းမေးမြန်းရသေးသည်။

“ငါ့တူရေ..... ပင်စင်လစာတွေ တိုးတယ်ဆိုတာ ဟုတ်သလားကွဲ့”

“ သြော်....ဟုတ်တယ်တဲ့ ဦးလေး”

“ဘယ်လောက်တိုးတာတဲ့လဲ ကလေး”

“ အဲဒါတော့ မသိဘူးဗျ။ စောစောက ဆရာကြီးတစ်ယောက်ကတော့ ပညာရေးမှူးရုံးထဲဝင်မေးမယ်ပြောတာပဲ”

ဦးသန်းမောင်ကတော့ ပင်စင်လစာ တကယ်တိုးသည်ကိုပင် ၀မ်းသာလှပါပြီ။ ဘယ်လောက်ပဲတိုးတိုး အရေးကြီးတာက တိုးဖို့ပင်။ သက်ပြင်းမောကြီးကိုလည်း အခုမှချနိုင်တော့သည်။ ဦးသန်းမောင်အထင် ခေါင်းမူးနေသည့်ဝေဒနာပင် အတန်ငယ်သက်သာသွား၏။ ၀မ်းသာမှုဖြင့် ရင်ထဲက တလှပ်လှပ်ခုန်နေသည်။ ဦးဘဆွေလည်း တဟေးဟေး တဟားဟားနှင့် ပျော်နေသည်။ ဦးသန်းမောင်ကတော့ မျက်ရည်များပင်လည်မိသေးတော့၏။  အိမ်က မိန်းမနှင့်မိသားစုကိုလည်း ပြေးသတိရ၏။ ဘာပဲပြောပြော သူတို့မိသားစု ယခင်ကထက် အနည်းငယ် ပို၍အဆင်ပြေလာတော့မည်။ ယခင်ကထက် အနည်းငယ်ပို၍ လှုပ်သာလှည့်သာရှိလာတော့မည်။

အမောပြေတော့ ကွမ်းယာသည်လေးကို ကွမ်းဖိုးပေးပြီး ပညာရေးမှူးရုံးထဲဝင်လိုက်သည်။ ရုံးထဲရောက်တော့မျက်နှာထားအချိုသာဆုံးစာရေးမတစ်ယောက်ကို မေးရသည်။

“ဘာကိစ္စရှိုလို့လဲရှင့်”

“ဟို......ပင်စင်လစာတွေ တိုးမယ်ဆိုတာ...........”

ဦဘဆွေစကားပင်မဆုံးလိုက်။ စာရေးမလေးက ကောက်ကာငင်ကာဖြေသည်။

“ဟုတ်ပါတယ်။ ပင်စင်လစာတွေ တိုးမှာပါရှင့်”

“အဲဒါဘယ်လောက်တိုးမှာလဲ ။ ဘယ်လို ထုတ်..........”

“အဲဒါက ကျွန်မလိုင်းမဟုတ်ဘူးရှင့်။ ဟိုးစားပွဲက စာရေးကြီးကို မေးလိုက်ပါရှင့် ”

ဦးသန်းမောင်တို့ ကုပ်ချောင်းချောင်းနှင့် စာရေးကြီးစားပွဲရှေ့ရပ်ရသည်။ ကြည့်လိုက်တော့ စာရေးကြီးက ဦးသန်းမောင်နှင့် မျက်မှန်းတန်းရင်းနှီးဖူးသူ ဖြစ်နေသည်။

“ အော်...ဆရာကြီးတို့ပါလား။ ထိုင်ကြဗျာ၊ ထိုင်ကြ ၊ ထိုင်ကြ၊ ဘာကိစ္စများရှိလို့ပါလိမ့်”

“ဒီလိုပါစာရေးကြီး......ပင်စင်လစာတွေတိုးမယ်ဆိုတာ ဘယ်လောက်တိုးမလဲ သိချင်လို့ပါခင်ဗျ”

“အော်...........အဲဒါလား။ အင်း.......ကျွန်တော်တော့ ဘာမှ အသေးစိတ်မသိရသေးဘူးဗျ။ အထက်က ဘာမှမညွှန်ကြားသေးဘူး။ တိုးမယ့်ငွေကလည်း တွက်ရ၊ ချက်ရဦးမှာနဲ့တူတယ်။ လုပ်သက်တွေ၊ လက်ရှိခံစားခွင့်တွေနဲ့ ချိန်တွက်မယ်ထင်တယ်။ ဒီလိုလုပ်ဗျာ......နောက်တစ်ပတ်လောက်နေမှလာခဲ့ပါလား။  နေပါဦး။  ဆရာကြီးတို့က တော်တော်ဆန္ဒစောနေကြတယ်ထင်တယ်”

“အဲ ၊ ကျွန်တော်တို့လည်း ကြားတာနဲ့ ၀င်မေးကြည့်လိုက်တာပါ”

“ သြော်...ဟုတ်ကဲ့ ဟုတ်ကဲ့ ။ ဒါနဲ့ ဆရာကြီး ခုဘယ်မှာနေလဲဗျ”

“ သလ္လာထဲနေတယ်စာရေးကြီး”

စာရေးကြီးက မျက်လုံးပြူးပြီး..........

“နို့် ...ခု ဘာနဲ့လာတာလဲ”

“ဘာနဲ့ ရှိရမတုန်းဗျာ.။ စက်ဘီးနဲ့ပဲပေါ့”

စာရေးကြီးက စိတ်မကောင်းသည့်ဟန်ဖြင့် ...........

“ဟာ .........ဝေးလိုက်တာဆရာကြီးတို့ရာ၊ အပင်ပန်းခံပြီးလာနေကြသေးတယ်။ ခဏလောက် တစ်ရက်နှစ်ရက်စောင့်ပြီး သူများကိုမေးမြန်းကြည့်ရမှာဗျ။ အင်း.........ခုရော  ကျန်းမာရေးလေး ဘာလေး ကောင်းရဲ့လား”

“ သိပ်ကောင်းတယ်ရယ်တော့ မဟုတ်ဘူးပေါ့ဗျာ။ သွေးတိုးတို့ ဆီးချိုတို့ကလဲ ဖြစ်ချင်ပြီထင်ပါရဲ့။ ခုတောင် စက်ဘီးစီးလာရလို့ ခေါင်း ကိုက်နေသေးဗျာ”

“ကျန်းမာရေးတော့ ဂရုစိုက်ပါဆ၇ာကြီးရာ”

အပြန်လမ်းတွင် ဦးသန်းမောင်တို့ နှစ်ဦး လက်ဖက်ရည်ဆိုင်ဝင်ထိုင်ကာ စကားပြောလိုက်ကြသေးသည်။  ပြောသည့် အကြောင်းအရာများက ဦးတည်ချက်ရယ်လို့ မရှိ။ ၀မ်းသာလုံးဆို့နေကြပြီး  စကားတွေက ဗလုံးဗထွေး ရောပြွမ်းလျက်။  အိမ်အပြန်ခရီးမှာလည်း နှစ်ဦးသား တိုင်ပင်မထားပါဘဲလျက်  စက်ဘီးစီးနှုန်းတွေက သွက်နေသည်။ စက်ဘီးခြေနင်းခုံများပေါ်မှ ခြေထောက်အစုံတို့သည် ၀မ်းသာပီတိဖြင့်  ရွှင်မြူးကာ သွက်လက်စွာ လှုပ်ရှားနေတော့၏။

ဦးသန်းမောင်ကတော့ အိမ်ကိုသာ အမြန်ပြန်ရောက်ချင်လှပါပြီ။  မိန်းမကို ပင်စင်လစာ အမှန်တိုးကြောင်း ပြောပြချင်လှပြီ။  မနက်တုန်းက အထင်သေးသည့်ဟန်ဖြင့် အရေးမလုပ်ခဲ့သည့် မိန်းမ။  ပင်စင်လစာအမှန်တိုးကြောင်းသိလျှင် မည်သို့ နေမည်မသိ။  တွေးရင်းနှင့် သကာရည်သုတ်လိမ်းထားသော မိန်းမမျက်နှာကို မြင်ယောင်လာသည်။ ဘာပဲပြောပြော ယခင်ကထက်တော့ အတန်ငယ်ချောင်လည်နိုင်ကောင်းရဲ့ ဟုတွေးမိသည်။ အရင်က ဦးသန်းမောင်၏ပင်စင်လစာကတစ်သောင်းရှစ်ထောင်သာသာကလေး။ သမီးငယ်၏မူလတန်းပြလစာကလည်း မဖြစ်စလောက် ။ ကျူရှင်ပြဖို့ရာကျပြန်တော့ အချက်အချာကျကျ၊ သူဌေးသားသမီးများနေသော ကျောင်းမဟုတ်သည်မို့ ကျောင်းသားမရှိ။ မိန်းမ၏အိမ်ဆိုင်လေးမှ ခြောက်တိခြောက်ကပ်ဝင်ငွေလေးနှင့် ဦးသန်းမောင်တို့ အသက်ဆက်နေရခြင်းဖြစ်သည်။

လက်ရှိရနေသောပင်စင်လစာ၏ နှစ်ဆလောက်တိုးပေးလျှင်ကိုမဆိုးဘူးဟုတွေးမိသည်။ လုပ်သက်တွေ ၊ ဘာတွေရော ထည့်တွက်ဦးမှာဆိုတော့ ဦးသန်းမောင်တို့ ဟန်ကျပြီ။ သူ့အလယ်တန်းပြလုပ်သက်က နှစ်သုံးဆယ်ကျော်နေပါပြီပကော။

ပင်စင်လစာသည် အဖြူအစိမ်းဝတ်ကာ ကျောင်းသားတွေကြား  မြေဖြူတဖွေးဖွေးနှင့်အလုပ်လုပ်ခဲ့ရခြင်း၏ ချွေးနှဲစာအကျိုးဆက်ကလေးမို့ ဦးသန်းမောင်ဂုဏ်ယူသည်။  စိတ်ထဲတွင်လည်း ဆုလာဘ်တစ်ပါးအသွင်ခံယူမိသည်။

စက်ဘီးစီးလာရင်း နေပူထဲမှာကြာသွားလို့လားမသိ။ ခေါင်းက ပိုကိုက်လာသည်။ သို့ပေမယ့် ဦးသန်းမောင်၏အပျော်များကိုတော့ ဖုံးလွှမ်းမသွားနိုင်ပေ။

တိုးမြှင့်ပင်စင်လစာတွေ အမှန်တကယ်ထုတ်ပေးသည့်နေ့ကတော့ ဦးသန်းမောင်တို့ အိမ်အပြန်မျက်နှာပန်းလှချေဦးတော့မည်။  အဲသည်နေ့ကျလျှင် မိန်းမကို ကြက်သားဟင်းချက်ခိုင်းရမည်။ မြေးလေးဖို့လည်း အရုပ်လေးတစ်ရုပ်လောက်တော့ ၀ယ်ပေးသင့်သည်။ အဲသည်နေ့ ထမင်းစားဝိုင်းကတော့ စားလို့ မြိန်ဦးမှာသေချာပါသည်။

အတွေးနှင့် ပျော်နေသော ဦးသန်းမောင်ကို တစစ်စစ်ပိုမိုကိုက်ခဲလာသော ဦးခေါင်းက နှောင့်ယှက်ပြန်သည်။ နေပူရှိန်ကလည်း အတော်ကြီးကို ပြင်းနေသည်။ ဦးထုပ်ကလေးမှ မဆောင်းခဲ့ရဟု နောင်တရမိသည်။  ခေါင်းကကိုက်၊ နေကပူ၊ ချွေးကရွှဲ ၊ အို .....တကယ့်ငရဲပါပဲလား။ အိမ်ကို မြန်မြန်ပြန်ရောက်ချင်လှပြီ။  သို့ပေမယ့် ခြေထောက်တွေက အခုကျမှ ပိုမိုနှေးကွေးလာသည်။ ဦးဘဆွေကလည်း အရှိန်လျော့ကာ လိုက်နှေးစီးပေးရှာသည်။

“ကိုသန်းမောင်......ခေါင်းကတအားမူးတာလား.၊ ဖြစ်ရဲ့လား။ ခဏနားမလား”

“ရတယ် ကိုဘဆွေ။ မနားတော့ဘူး”

ဆက်ပြီး စီးရင်းစီးရင်းနှင့် ဦးခေါင်းထဲက မခံမရပ်နိုင်အောင် ထိုးကိုက်လာသည်။ မျက်လုံးတွေက တစ်စတစ်စေ၀၀ါးလာနေသည်။ လက်ရှိအခြေအနေကို ဦးသန်းမောင်အာရုံထဲ ပေါ်လိုက်၊ မပေါ်လိုက် ဖြစ်နေသည်။ မိန်းမမျက်နှာ၊ သမီးနှစ်ယောက်မျက်နှာ၊ မြေးလေးမျက်နှာတွေကို မြင်လိုက်၊ ငွေပုံကြီးတစ်ပုံက ဘွားခနဲပေါ်လာလိုက်ဖြစ်နေသည်။  ခေါင်းကို တအားရမ်းခါပြီး ကြည့်လိုက်တော့ လမ်းမပေါ်ပြန်ရောက်လာပြန်သည်။ ပြီး မကြာမီမှာပင် မြင်ကွင်းများက ထွေပြားလာပြန်သည်။

စက်ဘီးလက်ကိုင်ပေါ်မှ လက်နှစ်ဖက်က ချိနဲ့ပျော့ခွေကာ မမြဲမြံချင်တော့ ။ ဦးခေါင်းထဲမှလည်း  ဆယ်ပေါင်တူတစ်ချောင်းနှင့် ထုနေသည့်အလား စူးစူးနစ်နစ် ကိုက်ခဲနာကျင်လှသည်။ စက်ဘီးခြေနင်းခုံပေါ်မှခြေထောက်အစုံကလည်း နွမ်းလျနေကြပြီ။

“ကိုသန်းမောင်....ဖြစ်ရဲ့လားဗျာ”

ဦးဘဆွေအမေးကို ပြန်ဖြေနိုင်အောင် ဦးသန်းမောင်တွင် အင်အားမရှိ။ ဦးခေါင်းမှ  စူးနစ်နင့်သည်းစွာ ဆစ်ခနဲ နာကျင်သွားသည့် ခံစားမှုအဆုံးတွင် ဦးသန်းမောင်၏မျက်လုံးအစုံသည် ဖွင့်မရတော့ပေ။ ခြေထောက်အစုံက လှုပ်ရှားမှုကင်းမဲ့သွားသည်။   စက်ဘီးလက်ကိုင်ပေါ်မှ လက်နှစ်ဖက်သည် လေထဲတွင် မျောလွင့်လျက်။


“ ဟေ့လူ ... ကိုသန်းမောင် ၊ ဟေ့လူ   သတိထား၊ သတိထား။ ကိုသန်းမောင်......”

ဦးဘဆွေအသံက ဦးသန်းမောင်နားထဲ တိုးတိုးသဲ့သဲ့ကြားရသည်။ နောက်...........လုံးဝပျောက်ကွယ်သွားသည်။ ဦးသန်းမောင်လည်း အမှောင်တိုက်ကြီးတစ်ခုအတွင်းသို့  ကျရောက်သွားသည့်နှယ်ပင်။

ထို့နောက်.....ထို့နောက်......ထို့နောက်.......ထို့နောက်တွင်....................

ဦးသန်းမောင် ဘာဆိုဘာကိုမှ မသိတော့ဘဲ စက်ဘီးရော၊ လူပါ လမ်းမအလယ်တွင် အရုပ်ကြိုးပြတ်လဲကျသွားလေတော့သည်။                                ။


ဝေမိုးနိုင်(မုံရွာ)

7 comments:

  1. ဖတ်ပြီး စိတ်မကောင်းလိုက်တာ.။ မျက်လုံးထဲမှာလည်း အငြိမ်းစား ဆရာဆရာမကြီးတွေကို မြင်ယောင်နေမိတယ်။

    ခင်မင်လေးစားလျက်
    သဒ္ဓါ

    ReplyDelete
  2. ဖတ်ပြီး စိတ်မကောင်းဖြစ်သွားရတယ်ဗျာ. ကျွန်တော်မိတ္ထီလာမှာနေခဲ့တုန်းက လကုန်ပြီဆိုရင် ဘဏ်မှာ ပင်စင်စားတွေ တန်းစီနေကြတာတွေ့ရတယ်. လက်ထဲမှာ ပင်စင် စာအုပ်လေးတွေကိုင်လို့ ဟိုနားမတ်တပ်၊ ဒီနားမတ်တပ်လေးတွေနဲ့ ဆံပင်တွေလည်းဖြူပြီ. အ၀တ်အစားလေးတွေကလည်း နွမ်းခြောက်ခြောက်နဲ့...

    ဒီကြားထဲ ပင်စင်ထုတ်ပေးတဲ့ စာရေး/စာရေးမက ခပ်တင်းတင်းနဲ့ ပြောဆိုဆက်ဆံရင် ခေါင်းလေးတွေငုံ့လို့ ဖောင်လေးတွေဖြည့်လိုက်၊ မျက်စေ့လေးတွေကို အားစိုက်ကြည့်လိုက်နဲ့ တကယ့်လက်တွေ့ဘ၀တွေက မလှပကြပါဘူးဗျာ.

    နောက်ဆုံးမှာ ထည့်သွားလိုက်တဲ့ လှည့်ကွက် (Twist) လေးလှတယ်. အဆုံးသတ်သွားတဲ့နေရာလေးလည်း ကွက်တိပဲ. ဂွတ်တယ် ဘရားသား..

    Y.

    ReplyDelete
  3. ဒီဝတ္ထုကို ကျွန်တော် ဘလော့ဂ်တင်လိုက်တော့ ဖတ်ရတဲ့ သူငယ်ချင်းတချို့က ဇာတ်ကောင် ဦးသန်းမောင်က ဘာလို့ သေတာလဲဆိုတဲ့ မေးခွန်း ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်က သေရတဲ့ အကြောင်းအရင်းကို ပြောတော့ သူတို့က “ဟင်......အဲဒီလိုလည်း ရေးမထားဘဲနဲ့ ” လို့ ဆိုပါတယ။် ပြီး သေရတဲ့ အကြောင်းအရင်းကို ထည့်ရေးသင့်တယ်၊ ထည့်ရေးရမယ်လို့ ဆိုပါတယ်။
    တကယ်တော့ ကျွန်တော့်ဝတ္ထုထဲမှာ ဦးသန်းမောင် ဘာကြောင့်သေတယ်ဆိုတာ ရေးခဲ့ပြီးသားပါ။ ဘာရောဂါနဲ့ သေပါတယ်လို့ တိတိကျကျ ရေးမထားတာပဲ ရှိပါတယ်။ ဒါကလည်း မလိုအပ်လို့ မရေးထားခြင်းပါ။

    သို့သော်လည်း မတတ်နိုင်သည်မို့ ပဲနီပြုတ်ပန်းကန်လေး နောက်တွန်းပို့ပြီး ငါးပိရည်ကျိုနှင့် လွေးရပြန်သည်။ ငါးပိရည်ကျိုဆမ်းထားသော ထမင်းလုတ်ကလေးကို ဆူးပုပ်ရွက်နုနုလေးတွေ မြှုပ်မြှုပ်ပြီးစားရသည်မှာ မြိန်လိုက်သည့် ဖြစ်ခြင်း ။ ထမင်း ပန်းကန်ထဲ ထမင်းတစ်စေ့မျှပင် မကျန်တော့ပေ။

    ဦးသန်းမောင်ခေါင်းထဲက တရိပ်ရိပ်မူးဝေနေသည်။ နေပူရှိန်ကို ဦးခေါင်းက မခံနိုင်တော့ဘူးထင်သည်။

    “ သိပ်ကောင်းတယ်ရယ်တော့ မဟုတ်ဘူးပေါ့ဗျာ။ သွေးတိုးတို့ ဆီးချိုတို့ကလဲ ဖြစ်ချင်ပြီထင်ပါရဲ့။ ခုတောင် စက်ဘီးစီးလာရလို့ ခေါင်း ကိုက်နေသေးဗျာ”

    အဲဒီလောက် ဖော်ပြထားရင် လုံလောက်မယ်လို့ ယူဆတာကြောင့် ဒီလောက်ပဲ ဖော်ပြခဲ့တာပါ။ ဒီဝတ္ထုမှာ ကျွန်တော်က အဓိက ဇာတ်ကောင်ကို ဦးတည်ပြီးရေးတာဖြစ်တာကြောင့် ဇွတ် ပြောနေလို့ ချည်းမရပါဘူး။ ဒါကြောင့်မို့ အပြနဲ့တင် ရေးခဲ့တာပါခင်ဗျာ။

    ReplyDelete
  4. ဒီဝထ္ထုလေးကတော့ လက်တွေ့ ဘဝကို ထင်ဟပ်တယ်

    ReplyDelete
  5. သေသပ်လှပတဲ့ အရေးအသားကြောင့် အဆုံးသတ်မှာ နင့်နင့်နဲနဲ ခံစားရပါတယ် ကိုဝေမိုးနိုင်ရေ... ခေတ်ကာလရဲ့ ပုံရိပ်ကို ရသနဲ့ပေါင်းပြီး မှတ်တမ်းတင်လိုက်တဲ့ ဝတ္ထုတစ်ပုဒ်ပါ...

    ReplyDelete
  6. တကယ်ကောင်းတဲ့ ဝတ္တုတိုလေးပါ။ဖတ်ရတာ အရာသာရှိပြီး အီစိမ့်သွားတယ်
    တကယ်ကောင်းတယ် ငါ့မောင်ရေ။



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  7. ဖတ်လို့ ကောင်းပါသည်။တစ်ကယ့်လက်တွေ့ ဘ၀ကိုထင်ဟပ်စေပါတယ်။ပင်စင်စားမိဘရှိသည့်အတွက် စာနာမိပါတယ်။

    မဖြိုး

    ReplyDelete