Saturday, March 17, 2012

ငါးထောင်တန်ဖုန်းကိစ္စ (တဂ်ပို့စ်)



 ဘလော့ဂ်ဂါ အန်တီ မဒမ်ကိုး ( ဘယ်အသက်အရွယ်မှန်းမသိလို့  ဒီအတိုင်းရေးလိုက်တာ ခွင့်လွှတ်ပါ။) က သူ့ဆိုက်ကနေ ငါးထောင်တန်ဖုန်းနဲ့ ပတ်သတ်ပြီး တဂ်လုပ်ထားတော့ သူ့မေးခွန်းတွေကို ပြန်ဖြေလိုက်ပါတယ်။

ငါးထောင်တန်ဖုန်းကိစ္စကို ကျွန်တော်သိပ်နားမလည်ပါဘူး။ ဒါကြောင့် ဒီမေးခွန်းတွေကို ဖြေနိုင်ဖို့  ငါးထောင်တန်ဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို လိုက်လံရှာဖွေ ဖတ်ရှုရပါတယ်။ ဒီလို ရှာဖွေ ဖတ်ရှုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေနိုင်လောက်ပြီလို့ ယူဆတဲ့ အချိန်မှာကောက်ဖြေလိုက်ပါတယ်။ ဒီနေရာမှာ တခြားဘလော့ဂ်ဂါတော်တော်များများနဲ့ တူညီချင်မှတူညီပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က မြန်မာပြည်မှာ လက်ရှိနေထိုင်နေသူတစ်ဦးဖြစ်တဲ့အပြင် ၀န်ထမ်းမိသားစုမှ ဖြစ်ပြီး  အခြေခံလူတန်းစားနဲ့ နီးစပ်တဲ့  သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်သိထားသလောက် အခြေခံလူတန်းစားကို အဓိက၇ည်ရွယ်ပြီး မေးခွန်းများကို ဖြေဆိုသွားမှာ ဖြစ်ပါတယ်။


 ၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။ 
 ဒီ နှစ်သိန်း ( တစ်သိန်းရှစ်သောင်း) ဖုန်းတွေ ချလာသည့်တိုင်အောင်  ၀ယ်ယူသုံးစွဲခြင်းမပြုနိုင်သူတွေ  အများကြီးကို ရှိနေပါသေးတယ်။ အစိုးရက ဒီဖုန်းတွေကို  တန်းဖိုးနည်းဖုန်းတွေဆိုပြီး  ချပေးလာတာဟာ  အခြေခံလူတန်းစားကို အဓိက ရည်ရွယ်တာဖြစ်တယ်လို့သာ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ   အခြေခံလူတန်းစားအရေအတွက်က  အများဆုံးရှိနေလို့ပါပဲ။  ဒါကြောင့် တကယ်သာ အခြေခံလူတန်းစားတွေ အတွက်    ရည်ရွယ်တယ်ဆိုရင်၊  တစ်နိုင်ငံလုံး ဖုန်းကိုင်နိုင်စေချင်တယ်ဆိုရင်တော့ ဒီဖုန်းတန်ကြေးဟာ  တန်ဖိုးနည်းမဖြစ်နိုင်ပါဘူး။ တန်ဖိုးလတ်လောက်သာ  ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့  လူလတ်တန်းစားတွေလောက်သာ သုံးစွဲနိုင်မှာ မို့လို့ပါ။ ၀န်ထမ်းတွေကတော့   တော်တော်များများ အဆင်ပြေပါလိမ့်မယ်။   ဒါပေမယ့် မသုံးနိုင်သေးတဲ့လူပေါင်း မြောက်မြားစွာ ရှိနေပါသေးတယ်။  ဒါကြောင့် ဒီဖုန်းတွေဟာ တန်ဖိုးနည်း တော့ မဖြစ်နိုင်ပါဘူး။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ
တောင်းဆိုတဲ့ ကိစ္စကတော့ ကောင်းပါတယ်။ အားလုံးအဆင်ပြေမယ့် ကိစ္စပဲလေ.။ ဒီမိုကရေစီခေတ်မှာ ပြည်သူတွေကိုယ့်ဆန္ဒကို လွတ်လွတ်လပ်လပ်ဖော်ထုတ်တာကတော့ အများပြည်သူကို အနှောင့်အယှက်မဖြစ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာဆိုရင်  ပြည်သူအားလုံး သဘောကျကြမှာပါ။

 ၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။ 
ဒါပေါ့။ တင်ပြရမှာပေါ့။ ခု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း  လက်မလျှော့ဘူး။ သမ္မတကြီး ဦးသိန်းစိန်ကလည်း စဉ်းစားပေးမယ်ဆိုတော့ ဘာပဲပြောပြော မဆိုးပါဘူး။ မျှော်လင့်ချက်လေး ရောင်နီတော့ သန်းလာပြီပေါ့။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။ 
ဝမ်းပန်းတသာ၊ ကြည်ကြည်နူးနူး၊ လှိုက်လှိုက်လှဲလှဲ ၊ အားရပါးရ၊ ပက်ပက်စက်စက်ကို ကြိုဆိုပါတယ်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။ 
ဖုန်းဆိုတာ ကျွန်တော်တို့အတွက် အလှပြဖို့လိုအပ်နေကြတာမဟုတ်ပါဘူး။ အမှန်တကယ်ကို မရှိမဖြစ်လိုအပ်နေတဲ့ အရာတစ်ခုပါ။ ဒီလို မရှိမဖြစ်ပစ္စည်းတစ်ခုကို တစ်နိုင်ငံလုံး လူတန်းစားမရွေး သုံးစွဲနိုင်ဖို့ အားလုံးရဲ့ ၇င်ထဲ အသည်းထဲမှာ ရှိကြပါတယ်။  တကယ်ဖြစ်လာဖို့ များစွာ မျှော်လင့်ပါတယ်။

 ၆။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား
  ဒီမေးခွန်းကတော့ ဖြေဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။

တစ်ဆက်တည်း ပြောချင်တာက ခုတစ်လော ပို့စ်အသစ်မတင်နိုင်တဲ့ ကိစ္စပါ။ အမှန်အတိုင်းပြောရရင် စာလည်းမရေးဖြစ်သလို ရေးဖို့လည်း အချိန်အားသိပ်မရှိတာလည်းပါပါတယ်။ ဒါပေမယ့် စာမေးပွဲပြီးလို့ စာတွေ လိမ့်ရေးဖြစ်ပြီဆိုရင်တော့ မျက်စိညောင်းနေအောင် ဖတ်ရမယ်လို့ မှတ်ထားပေးကြပါခင်ဗျာ။ အားပေးဖတ်ရှုသူများအားလုံးကို ကျေးဇုးအများကြီးတင်ပါတယ်။

ဝေမိုးနိုင်(မုံရွာ)

9 comments:

  1. ငါ့ညီရေ ငါးထောင်တန်လေး ဖတ်သွားပါတယ်.....

    ReplyDelete
  2. စာမေးပွဲပြီးလို့စာတွေပြန်ရေးမယ်ဆိုရင်လည်း အများအကျိုးပြုဖြစ်စေမယ့်စာတွေရေးနော်..
    မဟုတ်ရင်တော့လာဖတ်မှာမဟုတ်ဘူး...

    ခင်တဲ့
    မိစံ

    ReplyDelete
    Replies
    1. မိစံသို့...........

      ကျွန်တော်ရေးရင် အများအကျိုးပြုမယ့်စာ ဆိုတာထက် ကိုယ့်စိတ်ကူးထဲက အကြောင်းအရာကိုရေးတာများပါတယ်။ ရေးပြီးသွားမှ အကျိုးပြုချင်လည်းပြု၊ မပြုချင်တဲ့ဟာလည်းမပြုပါဘူး။ ဒါပေမယ့် ကျွန်တော်ရေးရင် အများစုက အခြေခံလူတန်းစားကို ကိုယ်စားပြုပြီးရေးတာများပါတယ်။ တစ်ခါတစ်လေမှာလဲ ကျွန်တော့်ရင်ထဲက ခံစားချက်တွေ၊ စိတ်ကူးတွေကို ချပြမိတဲ့အခါလည်းရှိပါတယ်။ မိစံသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပိုပြီးသတိထားမိသွားတာပေါ့။
      မိစံလာဖတ်နိုင်အောင် အများအကျိုးပြုတွေပဲ အများဆုးံ တင်ပေးပါမယ်ဗျာ

      Delete
  3. ဖတ်သွားပါပြီ ဆရာဝေမိုးနိုင်။။ စာတွေဖတ်ဖို့ မျှော်နေပါတယ်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  4. တဂ်ပိုစ့်လေးအတွက်ကျေးဇူးပါမင်းသားရေး)
    အန်တီလဲရပါတယ်ကြီးတော်ဆိုလဲဖြစ်ပါတယ် ကွယ် :P

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  5. မောင်လေးအမြင်လေးကို ဖတ်သွားခဲ့တယ်။

    ခင်တဲ့
    မြတ်

    ReplyDelete
  6. ငါးထောင်တန်ဖုန်းတဂ်ပို့စ်လေးဖတ်သွားတယ် မောင်ဝေမိုးနိုင်ရေ။ စာမေးပွဲမှာလည်း
    အထစ်အငေါ့မရှိ ကောင်းမွန်စွာဖြေဆိုနိုင်ပါစေနော်။ စာမေးပွဲပြီးလို့ ရေးတင်လာမဲ့
    ပို့စ်တွေကိုလည်း ဖတ်ဘို့မျှော်နေပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. tag post လာဖတ်သွားပါတယ်...
    ငါးထောင်တန်ဆင်းကဒ်လေးနဲ့  တစ်ကမ္ဘာလုံးဆက်လို့ ရရင်
    ကောင်းပါ့မယ်လို့  တွေးကြည့်ရင်း...
    ထော်ဦး

    ReplyDelete
  8. တဂ်ပို့ စ်လေး လာဖတ်သွားပါတယ်..စာမေးပွဲပြီးလို့  လိမ့်ရေးမယ့် ပို့ စ်တွေကို မျက်စိညောင်းနေအောင်ဖတ်ဖို့  စောင့်နေပါတယ် ခင်ဗျား

    ReplyDelete