Sunday, March 4, 2012

တစ်နေရာစာ

from Google

 ဓါတ်ဆီဆိုင်တွေ ပုဂ္ဂလိက ပေးလိုက်ပြီး လူတွေ ကြိတ်ကြိတ်တိုးဆီထုတ်နေကြကြောင်း ကြားရသော်လည်း ကျွန်တော်တို့ သွားမထုတ်ဖြစ်။ အချိန်မပေးနိုင်ခြင်းကြောင့် အပြင်ဆိုင်များကသာ ၀ယ်သုံးဖြစ်သည်။ သို့သော် တစ်စတစ်စနှင့် အပြင်ဆိုင်များမှ ဓါတ်ဆီဈေးနှုန်းက တစ်ဝက်ကျော်ကျော်လောက်ထိ ဈေးကြီးလာတော့ မခံနိုင်တော့ပေ။ အများနည်းတူ ဆီသွားထုတ်ရတော့သည်။ အချိန်ကုန်ခံရတော့သည်။

ပုဂ္ဂလိကဓါတ်ဆီဆိုင်တွင် ဆီစထုတ်သည့်နေ့က ကျွန်တော် မနက်ခုနှစ်နာရီတိတိ ဆိုင်ဖွင့်ချိန်၌ေ၇ာက်သွားသည်။  အားပါးပါး.........အံ့သြစရာကောင်းလောက်အောင် များပြားသော လူတန်းကြီးနှစ်တန်းကို ကြည့်ပြီး ရုတ်တရက် မှင်တက်မိသွားသည်။ ဆိုင်ကယ်သုံးစီးလျှင် တစ်တန်းကျ စီတန်းထားလိုက်သည်မှာ  ဘောလုံးကွင်း တစ်ပတ်စာခန့်ရှိပေမည်။ ဒါက ၀န်ထမ်းလိုင်းသာ ဖြစ်သေး၏။ ရိုးရိုးလိုင်းဘက်ကဆိုလျှင် ဒီထက်ပိုရှည်သည်။ လမ်းတွေလည်း ပိတ်နေပြီး ကျပ်ညပ်နေသည်။
 
ဆီထုတ်သူတွေ များကြောင်းကြားထားသော်လည်း ဤမှ များပြားမည်ဟု မထင်ခဲ့ရိုးအမှန်ပင် ဖြစ်ပါသည်။ ကျွန်တော် ရောက်တော့ မနက်ခုနှစ်နာရီဖြစ်သော်လည်း တကယ်တမ်းဆီထုတ်ရတော့  မနက်ဆယ်နာရီခွဲနေပြီ။ လူတစ်ကိုယ်လုံးချွေးတွေ ရွှဲနေပြီး ငြီးစီစီကြီး ဖြစ်နေသည်။ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင်လောက်အောင် နုံးချိသွားလေသည်။

အတွေ့အကြုံကပေးသောသင်ခန်းစာကြောင့် နောက်နေ့ကျတော့ မနက်ငါးနာရီလေးဆယ့်ငါးမိနစ်လောက်ကတည်းကရောက်သွားသည်။ စီတန်းထားသော ဆိုင်ကယ်တန်းကြီးက မနေ့ကထက်ပင် ပိုရှည်နေသေးသည်.။ အတွေ့အကြုံကိုအရင်းတည်ပြီး သင်ခန်းစာရယူတတ်သူမှာ ကျွန်တော်တစ်ဦးတည်းမဟုတ်မှန်းဆင်ခြင်မိ၏။ ထိုနေ့ကလည်း တကယ်ဆီထုတ်ရတော့ နံနက် ဆယ်နာရီ လေးဆယ့်ငါးမိနစ်။

ဓါတ်ဆီဆိုင်မှ ၀န်ထမ်းများက ရိုးရိုးလိုင်းမှ ဆိုင်ကယ်ခြောက်စီး တစ်ခါ၊ ၀န်ထမ်းလိုင်းမှ ဆိုင်ကယ် ခြောက်စီးတစ်လှည့် ဆီထုတ်ပေးနေသော်လည်း အိုးနှင့်ဆန် မတန်သဖြင့်  အလျင်မမီဘဲ ဖြစ်နေသည်။  ဒီတော့ စောင့်ရတော့သည်။ စောင့်ရသည်ကလည်း လုံးဝစိတ်ရှည်ချင်စရာမရှိ။

ထိုသို့ မစောင့်ချင်သူများက မနက်တစ်နာရီကတည်းက ထပြီး ဆိုင်ကယ်ကို လာတန်းထားခဲ့ကြသည်။ ပြီး ညအိပ်စောင့်သူက စောင့်သည်။ မစောင့်နိုင်သူတွေက ဆိုင်ကယ်ဘီးများကို သံကြိုးဖြင့်ခတ်ထားခဲ့ကြသည်။  နေရာကြိုဦးထားခဲ့ကြသည်။

တချို့ဆိုလွန်လွန်းသည်။ မနက်ဖြန်မနက်လိုမျိုးဆီထုတ်ရဖို့ ဒီနေ့ ညနေ ခြောက်နာရီလောက်ကတည်းက ဆိုင်ကယ်လာတန်းထားခဲ့ကြသည်။ ထိုအခါ နောက်နေ့ မနက်ဓါတ်ဆီဆိုင်ဖွင့်ဖွင့်ချင်း  ပထမဦးဆုံး ဆီထုတ်ရသည်။  သူများတွေလို စောင့်ဆိုင်းမနေရတော့။ စိတ်မရှည်မှုတွေနှင့် လုံးထွေးသတ်ပုတ်မနေရတော့။

ကျွန်တော်တို့ကတော့ ထိုသို့မလုပ်နိုင်။ ဆိုင်ကယ်ကို ညအိပ်ညနေမထားခဲ့နိုင်။ သူခိုး၊ သူဝှက် ခိုးဖို့ ပြုဖို့ မလွယ်ဘူးပဲ ထားဦး။ မီးရေးထင်းရေးကရှိသေးသည်။ ဆီဆိုင်နားက လက်ဖက်ရည်ဆိုင်က တစ်လောကမှ မီးလန့်ထားကြောင်းသိရသဖြင့် မနက်လင်းမှသာ တန်းဖြစ်တော့သည်။ ထိုအခါ စောင့်ရတော့သည်။ တကယ့်ကို တမေ့တမျောကြီး။  ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်နေမှ သုံးလေးပေလောက်ရွေ့သည်။  အလုပ်မတွင်။ နေကပူ၊ လူကအိုက်၊ ချွေးတွေကရွှဲ ၊ အလိုဆန္ဒတစ်ခုအတွက် ရင်းနှီးပေးဆပ်ရမှုက အဆမတန်ကြီးမားလွန်း၍ စိတ်ပျက်လက်ပျက်ဖြစ်မိသော်ငြား ကိုယ့်နောက်က စီတန်းနေကြသူတို့၏ မျက်နှာများကို မြင်မိသောအခါ  လက်ရှိနေရာလေးကိုပဲ ကျေနပ်နှစ်သိမ့်နိုင်ဖို့ မိမိကိုယ်ကို အားပေးရသည်။

ညကတည်းက နေရာဦးထားခဲ့သူများကတော့ အေးအေးဆေးဆေးပင်။ သူများတွေလို မနက်စောစောထစရာလည်း မလို။  မနက်မိုးလင်းမှ ထပြီး ခုနှစ်နာရီ ထိုးခါနီးသည်နှင့် ဖြုတ်ထားသော ဒူးကာလေးများကို ဟန်ပြတပ်ပြီး ဆီထုတ်ကာ ခေါင်း မော့ ရင်ကော့လျက် ဆိုင်ကယ်လေးကို ၀ူးခနဲ မောင်းထွက်သွားနိုင်သည်။

ထိုသူတို့၏ မာန်ဝင့်နေသော ဟန်ကလေးများကို ကျန်လူတို့က အောင့်သက်သက်နှင့် ငေးမောကြည့်ရှုနေရတော့သည်။ မျက်ဝန်းအစုံစုံမှလည်း စကားအဖုံဖုံကို တီးတိုးရေရွတ်နေကြလေသည်။ မနာလို ၀န်တိုစိတ်က တစ်မျိုး၊  အားကျစိတ်က တစ်သွယ်၊ နှစ်မျိုးလုံး ပေါင်းစပ်ပျော်ဝင်ထားသည်က တစ်ဖုံ။

သည်လိုနှင့်  တစ်နေ့ထက်တစ်နေ့  နေရာကြိုဦးထားသူတွေ များများလာသည်။ ကျွန်တော်တို့လို မိုးလင်းမှ လာတန်းသူတွေ ငါးပါးမှောက်တော့၏။  ယှဉ်ပြိုင်ဖက်မရှိ အလျင်မြန်ဆုံး ဘွဲ့ထူးကို လက်ခံရရှိထားသော စိတ်စေတသိက်၏ အလိုအ၇ဆိုလျှင် ရှေ့ဆုံးတန်းကပင် ဖြတ်ပြီး တန်းလိုက်ချင်တော့သည်။

သို့သော်လည်း လက်တွေ့မှာတော့ အကောင်အထည်မဖော်ရဲပါ။ ကျွန်တော့်အဖို့ အင်အားချင်းမမျှတလွန်းသော စစ်ပွဲတစ်ခုကို အရှုံးခံပြီး မဖန်တီးလိုပါ။ လူတွေခမျာမှာ ပင်ပန်းတကြီး ဦးယူထားရသော နေရာလေးများကို တသသမြတ်နိုးနေရရှာသည်။ တက္ကသိုလ်ဝင်တန်း မြန်မာကဗျာလက်ရွေးစင်တွင် ပြဋ္ဌာန်းထားသော ကဗျာဆရာနောင်၏ “နှင်းကို မြင်ခိုက်” ကဗျာထဲမှ  “ ကိုယ့်နေရာကို  တစ်ဖျာ တစ်ကွက် တစ်လက်မလည်း တသနှမျော စုံမက်မောသည့်  သဘောခြင်းရာ ” ဟူသော စာသားလေးသည် ယနေ့ခေတ်အနေအထားနှင့် တိတိကျကျကြီး အကျုံးဝင်နေသေးသည်ဟု ပြောလျှင် လွန်အံ့မထင်ပါ။

လူများမှာ “ငါ့ဆိုင်ကယ်ကို ကျော်သွားကြမလား”၊ “ အတန်းရွေ့တုန်း ဘယ်ကဆိုင်ကယ်က ကြားဖြတ်ဝင်လာလေမလဲ ” ဆိုသည့်စိုးရိမ်စိတ်များနှင့် မျက်လုံးအစုံတို့က  ကမ္ဘာကျော်စုံထောက်များသဖွယ် အခြေအနေအရပ်ရပ်ကိုလေ့လာ ထောက်လှမ်းနေကြရသည်။

နေရာလုမည့်သူများ၊ ကြားဖြတ်ဝင်မည့်သူများကလည်း အဆင်သင့်ပင်။ လူလပ်နေပြီလား။  ဆတ်ခနဲ ၀င်လိုက်ပြီ။  နောက်ကနေ ကျော်ချသည်။  ကျော်ချခံရသူက သည်းမခံနိုင်။ ထိုအခါ တစ်ပွဲတစ်လမ်း အကဲစမ်းကြတော့သည်။  ပါးစပ်သေနတ်များနှင့်  စစ်ပွဲတစ်ပွဲသဖွယ် နှစ်ဦးသားဖြစ်စေ၊ အများနှင့်တစ်ဦးဖြစ်စေ တိုက်ခိုက်ကြပြန်သည်။  အတွင်းသိ၊ အစင်းသိ ကမ္ဘာ့ရန်များ ၊ ကျောင်းတော်က ရန်စရှိသူများ ဖြစ်ပါက ငယ်ကျိုးငယ်နာမျိုးစုံကို ရိုက်မစစ်ရဘဲ ဖော်ထုတ်နေကြသည်မှာ တရားခွင်၌ ကျမ်းကျိန်ပြီးစစ်လျှင်ပင် ဤမျှ ပြည့်စုံနိုင်မည်မထင်။

နေရာလေးတစ်နေရာအတွက် ရန်ပွဲတွေက များပြားလွန်းလှသည်။ အတန်းလေးတစ်တန်းနောက်ကျသွားရုံမျှနှင့် ဆယ်မိနစ်လောက်သာ နောက်ကျပါမည်။ အချီကြီးစောင့်ဆိုင်းလာပြီးမှ ဒီခဏတာလေးအတွက် စိတ်ကို အနည်းငယ် ဆွဲဆန့်မထားနိုင်ဘူးလားမသိ။  သူများနေရာ ဦးသွား ၊ ကျော်ချသွားသူများကလည်း မိမိသာဆို မည်သို့ ခံစားရမည်နည်း။ ကိုယ်ချင်းစာ မကြည့်ကြဘူးလားမသိပါ။

ဆိုယ်ကယ်လေး တစ်စီးစာ သုံးပေခန့် မြေနေရာလေးအတွက်ပင် နေရာဦးမှု၊ နေရာလုမှုတွေက များပြားလွန်းနေပါက ဤမဟာ ဘဒ္ဒကမ္ဘာကြီး၌ ရှင်သန် ရပ်တည်ဖို့ အတွက် ဆိုလျှင်...................................။


~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~


 ကျွန်တော့်အတွေ့အကြုံကတော့ နုနယ်လွန်းလှပါသေးသည်။ တိုက်ဆိုင်လာသော အခြေအနေအရပ်ရပ်အရ  ကြုံတွေ့သင့်သလောက် ကြုံတွေ့ခဲ့ရပြီ ဖြစ်သော်လည်း  ကျောင်းသားလူငယ်ဘ၀အတွင်း ကြုံတွေ့ခဲ့ရသည့် နေရာနှင့် ပတ်သတ်သမျှတို့သည်  ဥပမာပြုစရာ၊ အတုယူစရာ၊ သင်ခန်းစာယူစရာများ ဖြစ်မလာခဲ့။  အသိတစ်ခု၊ ဗဟုသုတတစ်ခုအနေနှင့် ခေါင်းထဲ ရောက်သွားသလောက်မျှသာရှိပါသည်။

ထို့ပြင် ကျွန်တော်ကိုယ်တိုင် မကြုံတွေ့ရသေးသည်များကိုလည်း ကြုံတွေ့ဖူးသူတို့၏ လက်ဆင့်ကမ်းမျှဝေမှုကြောင့်  ကျွန်တော့် ဦးနှောက်ဥာဏ်မှ လက်ခံသလောက် သိခွင့်ရခဲ့ပြီး ဖြစ်ပါသည်။  ကိုယ်တွေ့မဟုတ်သည်မို့ နက်နက်ရှိုင်းရှိုင်းမရှုမှတ်မိသော်ငြား  အနည်းငယ်တော့ ဆင်ခြင်မိပါသေးသည်။

ယခုအချိန်တွင် ကျွန်တော်သည် ဆယ်ကျော်သက်လူငယ်တစ်ဦးမျှသာ ဖြစ်၍   ရှေ့ဆက်ပြီး ကျွန်တော်လျှောက်လှမ်းရမည့် လမ်းခရီးက အရှည်ကြီးကျန်ပါသေးသည်။   ဘ၀လှေကားထစ်များကို တစ်ထစ်ချင်း ဖြတ်သန်းကျော်လွှားနေချိန်တွင် ကိုယ့်နောက်ကနေ ကျော်ချသူများ၊ ကိုယ့်နေရာမှန်းသိပါလျက်နှင့် ဦးသွားပြီး မသိချင်ယောင်ဆောင်နေသူများကို မည်မျှသော အရေအတွက်အထိ ကြုံတွေ့ရဦးမည်မသိချေ။

ကျွန်တော်ကိုယ်တိုင်အတွက်လည်း ............ရရှိလာမည့် နေရာလေးတစ်နေရာသည် တစ်ကိုယ်စာအတွက်ပင်  လုံလုံလောက်လောက် ကျယ်ပြန့်နိုင်ပါ့မလား။ ကမ္ဘာရွာဟုပင် တင်စားခေါ်ဝေါ်နေကြသော ယနေ့ခေတ်ကြီးထဲ လူတစ်ကိုယ်စာအတွက် နေရာလေးတစ်နေရာသည် အင်မတန်ကျဉ်းမြောင်းသွားပြီဟု ဆိုကြပြန်သည်။

ထို့အတွက်ကြောင့် နေရာဦးမှု၊ နေရာလုမှုတွေ ဖြစ်ပေါ်လာရသလားမပြောတတ်ပါ။ မိမိနေရာ ပိုကျယ်ဖို့အတွက်လား၊ တစ်ကိုယ်စာလုံခြုံမည့်နေရာလေးတစ်နေရာပင် မရရှိသေး၍နေရာဦးရ၊ နေရာလုရသည်လား မသိရပေမယ့်  နေရာလေးတစ်နေရာအတွက် နေ့စဉ်နှင့်အမျှ  အလုပ်ရှုပ်၊ ခေါင်းရှုပ်၊ စိတ်ရှုပ်နေကြသူများကိုဒုနဲ့ဒေး မြင်တွေ့နိုင်သေးသည်။.

 တချို့က နေရာတစ်ခုကို လွယ်လင့်တကူရရှိလာပြီး မည်မျှပင် အဖိုးထိုက်တန်နေစေကာမူ စုံမက်ခြင်းအလျင်းမရှိဘဲ ရှောင်ဖယ်တတ်ကြသည်။  တချို့မှာကား နေရာတစ်ခုရရှိလာသော်လည်း  မိမိအတွက် စိုးစဉ်းမျှ အကျိုးဖြစ်ထွန်းခြင်းမရှိသည်မို့   နေရာလေးတစ်ခုကို တောင့်တမက်မောနေကြသူများအား လက်ဆင့်ကမ်းပေးလိုက်ဖို့ ၀န်မလေးတတ်ကြပေ။  တချို့ကမူ မိမိရရှိထားသော နေရာကို သေးသိမ်ကျဉ်းမြောင်းသည်ဟု ယူဆပြီး  ထိုနေရာထက် ပိုမို မြင့်မားသော နေရာမျိုးကို မည်မျှ ခက်ခဲ ကြမ်းတမ်းသည်ဖြစ်စေ ကြိုးစားအားထုတ်ကာ အောင်ပန်းကိုအမိအရ ဆွတ်ခူးတတ်ကြသည်။ တချို့ကျပြန်တော့လည်း   လူအများ၏ နေရာများစွာကို  မိမိ လိုသလို အကွက်ရွှေ့ခြယ်လှယ် ပြောင်းလဲနိုင်သော အကြီးစားနေရာမျိုးကိုမှ အာသာငမ်းငမ်းဖြစ်တတ်ကြသေး၏။

မည်သို့ဆိုစေ လူသားတို့ကျင်လည်ရာ ပတ်ဝန်းကျင်အများစုတွင်  နေရာဟူသည်  လူတို့၏ လိုချင်တပ်မက်မှု ရမ္မက်စက်ကွင်း အတွင်းမှ အရာတစ်ခု ဖြစ်နေလေသည်။   နေရာတစ်ခုအတွက် လူသား တစ်ဦးနှင့် တစ်ဦး ရင်ဆိုင်၊ ယှဉ်ပြိုင် ၊အနိုင်ကြဲလာရပြီဆိုလျှင်တော့ နေရာဟူသည် အမုန်းတရား၏ တမန်တော်သဖွယ်  အရောင်ပြောင်းလဲသွားတတ်၏။

နေရာလေးတစ်နေရာအတွက်  လူသားတစ်ဦးနှင့် တစ်ဦး  ထိတ်လန့်မှု၊ စိုးရိမ်မှု၊  သံသယဖြစ်မှု၊ အကောက်ကြံမှု၊ စော်ကားမှု၊ အနိုင်ကျင့်မှု၊ အသရေဖျက်မှု၊  လုယက်မှု၊ ကိုယ်ချင်းစာတရားကင်းမဲ့မှု၊ စသည့် ရက်စက်ယုတ်မာမှုများကလည်း မြေသြဇာကောင်းကောင်းနှင့် ရှင်သန်နေတတ်ပြန်သည်။

တွေးမိလာတိုင်း ရင်မောရပါသည်။ ရှေ့ဆက်လျှောက်ရဦးမည့် ဘ၀ခရီးတွင် ကျွန်တော့်အတွက် နေရာကျန်ပါဦးမလား၊  ကျွန်တော်နှင့် ထိုက်တန်သည့်နေရာ ရပါဦးမလား၊ သူများ ဦးသွားပြီလား၊ ဆိုသည့် ပူပန်ကြောင့်ကြမှုများကလည်း ကျွန်တော့်ကို မကြာခဏ ထိုးနှက်လေ့ ရှိပါသည်။  သို့သော်လည်း  ကျွန်တော်နှင့် ထိုက်တန်သော နေရာလေးတစ်ခုကို အနှောင့် ပယောဂကင်းကင်း ၊ စိတ်သန့်သန့် ရှင်းရှင်းနှင့် လက်ခံရရှိနိုင်ရန် လိုအပ်သည့်အရည်အချင်းများ ပြည့်ဝနေစေဖို့  အတိတ်ဆီက ကျွန်တော်တတ်စွမ်းသရွေ့  ကြိုးစားပြင်ဆင်ခဲ့ပါသည်။ ယခုလက်ရှိ ပစ္စုပ္ပန်တွင်လည်း ကြိုးစားအားထုတ်နေဆဲဖြစ်ပါသည်။   အနာဂတ်ကာလတွင် ကျွန်တော်နှင့် ထိုက်တန်သော နေရာတစ်ခု ရရှိလာလျှင်လည်း ထိုနေရာတွင် မြဲမြံအောင် ၊ ထိုနေရာထက် ပိုမိုကောင်းမွန်သော နေရာတစ်ခုရရှိလာအောင် ဆက်လက်ပြီး ကြိုးစားပြင်ဆင်သွားရပါဦးမည်။                    ။

 ဝေမိုးနိုင်(မုံရွာ)

10 comments:

  1. ညီရေ မင်းစာလေး လာဖတ်သွားတယ်ကွာ....အစ်ကိုတောင် ဆီထုတ်ဖို့ ဆိုင်ကယ်တန်းစီနေရသလို စိတ်ကျဉ်းကျပ်သွားတယ်.....မင်းအရေးအသားတွေ ကောင်းတယ်ကွ....အစ်ကိုလာဖတ်ပါဦးမယ်..........

    ReplyDelete
  2. နေရာ ဆိုတာ စကားလုံးကလေးကသာနှစ်လုံးထဲ ..တော်တော်ကလေးတာသွားလှတယ်..

    ခင်တဲ့
    မဝသုန်

    ReplyDelete
  3. ကွန်မန့်ပေးပါဆိုလို့ ပေးလိုက်ပါတယ်ဗျာ။ ဟိုးအရင်ကတည်းက ပေးချင်နေတာ ဒါပေမယ့် ပေးလို့မရလို့ ။ အခုတောင် လည်ထွက်နေအောင်ရှာလိုက်ရတယ်ဗျို့။
    နေရာနဲ့ ပတ်သတ်ပြီး တော်တော်လေးတွေးပြသွားတာကို သဘောကျကြောင်းပါ။ ဒါပေမယ့် ဒီပို့စ်ရဲ့ အဓိက ဆိုလိုရင်းကိုတော့ ကျွန်တော် ရှာမတွေ့မိဘူး။ တစ်ပုဒ်လုံးကို ခြုံကြည့်တဲ့အခါ ဘာပြောချင်မှန်းသိပ်မသဲကွဲဘူး။ လူတွေနေရာအပြိုင်အဆိုင်လုနေကြတယ်။ဒါကြောင့် ကိုယ့်နေရာရှိပါဦးမလားလို့ တွေးပူနေရတယ်။ ဒါပဲထင်ပါတယ်။ ဆရာ ဘာကိုဆိုလိုချင်ပါလိမ့်နော်။

    ReplyDelete
  4. ဇော်ထွန်းဦးMarch 5, 2012 at 8:53 PM

    ညီလေးရေ...............
    ကိုယ်တို့တွေရဲ့ အဖြစ်ကို ကွက်ကွက်ကွင်းကွင်းပဲဟေ့။ ခုနောက်ပိုင်းမှသာ တိုးစရာမလိုတော့တာ။ အရင် တိုးနေရတုန်းက သိပ်စိတ်ပျက်စရာကောင်းတယ်ကွာ ။ ရေးဖော်ရတဲ့အတွက်ကျေးဇူးပဲညီလေး။

    ReplyDelete
  5. အော်.... တော်ပါသေးရဲ့ တစ်နေရာစာဆိုလို့ ကျောချစရာတစ်နေရာစာထင်နေတာ

    ဒီပို့စ်လေးဖတ်လိုက်မှ ပေါက်သွားတော့တယ်..ကျေးဇူးနော် မုံရွာသားလေး

    ခင်မင်အားပေးလျှက်
    ဆန်းသစ်အောင်

    ReplyDelete
  6. နေရာလေးတခုအတွက် လူတွေကြိုးစားရုန်းကန်နေရတာပါပဲ..

    ReplyDelete
  7. ထူးကြီးMarch 6, 2012 at 7:32 PM

    အင်း.............လူတွေ...။လူတွေ.....။ ဒုက္ခပဲနော်...။ နေရာတစ်ခုအတွက်ကို...ဖြစ်နေလိုက်ကြတာ။

    ReplyDelete
  8. နေရာလေးတစ်ခုအတွက် တိုက်ခိုက်နေကြတာတွေ ရန်လိုနေကြတာတွေ လုယက်နေကြတာတွေကို ဘ၀မှမမြင်ချင်အဆုံး မကြားချင်အဆုံးဘဲမို့ ပေသားတော့ကျနေလေရဲ့ ဝေမိုးရေ

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  9. ပို့ စ်အသစ် စောင့်ရင်းနဲ့  ကွန်မန့် ပေးမလို့ ပါဆရာ...
    teen မှာ နေရာရလာအောင် ကဏ္ဍစုံစုံ ကလောင်သွေးမှ
    ရမယ်ထင်ပါတယ်...ကျွန်တော်လည်း ဒီလိုပဲ teenမှာကဏ္ဍစုံ ကလောင်သွေးနေတယ်ဆိုတော့...
    ဆရာလည်း မဂ္ဂဇင်းများမှာ ကလောင်စွမ်း ထက်ပါစေလို့ 
    ဆုမွန်ကောင်း တောင်းပေးရင်းနဲ့ ..
    ဘယ်နေရာ သင့်တော်သလဲဆိုတာ ကိုယ်တိုင်စမ်းသပ်ကြည့်မှ
    သိနိုင်မယ်လို့  ယူဆကြည့်ရင်း....
    ထော်ဦး

    ReplyDelete
    Replies
    1.ှဆရာထော်ဦးခင်ဗျာ...............
      ကျွန်တော့်အားနည်းချက်က စာကိုရေးချင်တိုင်းရေးမရတာပါ။ ဇာတ်လမ်းတစ်ခုရှိနေသည့်တိုင် ခံစားချက်မပါတော့ ရေးရတာ စိတ်မပါလှပါဘူး။ ဒီလိုနဲ့ မရေးဖြစ်ခဲ့တဲ့ စာမူပေါင်းကို မနည်းတော့ဘူး။ တစ်လနေလို့မှ တစ်ပုဒ်နှစ်ပုဒ်လောက်ထွက်လာရင် ကျွ်န်တော့်အတွက် ကံကောင်းပဲ။ ပြီး ပို့ဖြစ်တဲ့ မဂ်ဂဇင်းကလည်းနည်းပါတယ်။ ဖူးငုံရယ်၊ ရနံ့သစ်၊ မဟေသီ၊ ရုပ်ရှင်တေးကဗျာ၊ရတီ ဒီလောက်ပဲ ပို့ဖြစ်တယ်။ စာအရေးနည်းတာကအဓိကပါ.။ အမှန်အတိုင်းပြောရရင် ၂၀၁၂ဒီဇင်ဘာကတည်းက စာမူအသစ်မရေးဖြစ်ဘူး။ အဟေင်းးတွေ ပြင်တာဆင်တာလောက်၊ ဘလော့ဂ်ပို့စ်တင်တာလောက်ပဲ လုပ်ဖြစ်တယ်။ ခုတစ်လော စာမေးပွဲနဲ့ဆိုတော့ ပိုဆိုးတော့တာပေါ့။ ဒါပေမယ့် ပထမအဖြတ်အပြီး နှစ်လအပိတ်အတွင်း စာမူ ဆယ်ပုဒ်လောက်ပြီးရမယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် သန္နိဋ္ဌာန် ချထားတာပါပဲ။ ပြီးရင်လဲ ဆရာပြောသလို နေရာတော်တော်များများကို ဖြန့်ပို့ပြီး ဘယ်နေရာနဲ့ သင့်တော်မလဲ စမ်းသပ်ရှာဖွေကြည့်ပါဦးမယ်ဆရာရေ.။ အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

      Delete