Saturday, March 31, 2012

ကြားဖြတ်ရွေးကောက်ပွဲ




 ကြားဖြတ်ရွေးကောက်ပွဲ



ဧပရယ်ဖူးလ်( April Fool) မှာ တို့တွေကို 
အရူးတော့မလုပ်လိုက်ပါနဲ့......................။  ။          

ဝေမိုးနိုင်(မုံရွာ) 

အချိန်ကာလနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပို့စ်အဟောင်းလေးကို ပြန်တင်လိုက်ပါတယ်။

Saturday, March 17, 2012

ငါးထောင်တန်ဖုန်းကိစ္စ (တဂ်ပို့စ်)



 ဘလော့ဂ်ဂါ အန်တီ မဒမ်ကိုး ( ဘယ်အသက်အရွယ်မှန်းမသိလို့  ဒီအတိုင်းရေးလိုက်တာ ခွင့်လွှတ်ပါ။) က သူ့ဆိုက်ကနေ ငါးထောင်တန်ဖုန်းနဲ့ ပတ်သတ်ပြီး တဂ်လုပ်ထားတော့ သူ့မေးခွန်းတွေကို ပြန်ဖြေလိုက်ပါတယ်။

ငါးထောင်တန်ဖုန်းကိစ္စကို ကျွန်တော်သိပ်နားမလည်ပါဘူး။ ဒါကြောင့် ဒီမေးခွန်းတွေကို ဖြေနိုင်ဖို့  ငါးထောင်တန်ဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို လိုက်လံရှာဖွေ ဖတ်ရှုရပါတယ်။ ဒီလို ရှာဖွေ ဖတ်ရှုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေနိုင်လောက်ပြီလို့ ယူဆတဲ့ အချိန်မှာကောက်ဖြေလိုက်ပါတယ်။ ဒီနေရာမှာ တခြားဘလော့ဂ်ဂါတော်တော်များများနဲ့ တူညီချင်မှတူညီပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က မြန်မာပြည်မှာ လက်ရှိနေထိုင်နေသူတစ်ဦးဖြစ်တဲ့အပြင် ၀န်ထမ်းမိသားစုမှ ဖြစ်ပြီး  အခြေခံလူတန်းစားနဲ့ နီးစပ်တဲ့  သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်သိထားသလောက် အခြေခံလူတန်းစားကို အဓိက၇ည်ရွယ်ပြီး မေးခွန်းများကို ဖြေဆိုသွားမှာ ဖြစ်ပါတယ်။


 ၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။ 
 ဒီ နှစ်သိန်း ( တစ်သိန်းရှစ်သောင်း) ဖုန်းတွေ ချလာသည့်တိုင်အောင်  ၀ယ်ယူသုံးစွဲခြင်းမပြုနိုင်သူတွေ  အများကြီးကို ရှိနေပါသေးတယ်။ အစိုးရက ဒီဖုန်းတွေကို  တန်းဖိုးနည်းဖုန်းတွေဆိုပြီး  ချပေးလာတာဟာ  အခြေခံလူတန်းစားကို အဓိက ရည်ရွယ်တာဖြစ်တယ်လို့သာ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ   အခြေခံလူတန်းစားအရေအတွက်က  အများဆုံးရှိနေလို့ပါပဲ။  ဒါကြောင့် တကယ်သာ အခြေခံလူတန်းစားတွေ အတွက်    ရည်ရွယ်တယ်ဆိုရင်၊  တစ်နိုင်ငံလုံး ဖုန်းကိုင်နိုင်စေချင်တယ်ဆိုရင်တော့ ဒီဖုန်းတန်ကြေးဟာ  တန်ဖိုးနည်းမဖြစ်နိုင်ပါဘူး။ တန်ဖိုးလတ်လောက်သာ  ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့  လူလတ်တန်းစားတွေလောက်သာ သုံးစွဲနိုင်မှာ မို့လို့ပါ။ ၀န်ထမ်းတွေကတော့   တော်တော်များများ အဆင်ပြေပါလိမ့်မယ်။   ဒါပေမယ့် မသုံးနိုင်သေးတဲ့လူပေါင်း မြောက်မြားစွာ ရှိနေပါသေးတယ်။  ဒါကြောင့် ဒီဖုန်းတွေဟာ တန်ဖိုးနည်း တော့ မဖြစ်နိုင်ပါဘူး။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ
တောင်းဆိုတဲ့ ကိစ္စကတော့ ကောင်းပါတယ်။ အားလုံးအဆင်ပြေမယ့် ကိစ္စပဲလေ.။ ဒီမိုကရေစီခေတ်မှာ ပြည်သူတွေကိုယ့်ဆန္ဒကို လွတ်လွတ်လပ်လပ်ဖော်ထုတ်တာကတော့ အများပြည်သူကို အနှောင့်အယှက်မဖြစ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာဆိုရင်  ပြည်သူအားလုံး သဘောကျကြမှာပါ။

 ၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။ 
ဒါပေါ့။ တင်ပြရမှာပေါ့။ ခု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း  လက်မလျှော့ဘူး။ သမ္မတကြီး ဦးသိန်းစိန်ကလည်း စဉ်းစားပေးမယ်ဆိုတော့ ဘာပဲပြောပြော မဆိုးပါဘူး။ မျှော်လင့်ချက်လေး ရောင်နီတော့ သန်းလာပြီပေါ့။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။ 
ဝမ်းပန်းတသာ၊ ကြည်ကြည်နူးနူး၊ လှိုက်လှိုက်လှဲလှဲ ၊ အားရပါးရ၊ ပက်ပက်စက်စက်ကို ကြိုဆိုပါတယ်။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။ 
ဖုန်းဆိုတာ ကျွန်တော်တို့အတွက် အလှပြဖို့လိုအပ်နေကြတာမဟုတ်ပါဘူး။ အမှန်တကယ်ကို မရှိမဖြစ်လိုအပ်နေတဲ့ အရာတစ်ခုပါ။ ဒီလို မရှိမဖြစ်ပစ္စည်းတစ်ခုကို တစ်နိုင်ငံလုံး လူတန်းစားမရွေး သုံးစွဲနိုင်ဖို့ အားလုံးရဲ့ ၇င်ထဲ အသည်းထဲမှာ ရှိကြပါတယ်။  တကယ်ဖြစ်လာဖို့ များစွာ မျှော်လင့်ပါတယ်။

 ၆။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား
  ဒီမေးခွန်းကတော့ ဖြေဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။

တစ်ဆက်တည်း ပြောချင်တာက ခုတစ်လော ပို့စ်အသစ်မတင်နိုင်တဲ့ ကိစ္စပါ။ အမှန်အတိုင်းပြောရရင် စာလည်းမရေးဖြစ်သလို ရေးဖို့လည်း အချိန်အားသိပ်မရှိတာလည်းပါပါတယ်။ ဒါပေမယ့် စာမေးပွဲပြီးလို့ စာတွေ လိမ့်ရေးဖြစ်ပြီဆိုရင်တော့ မျက်စိညောင်းနေအောင် ဖတ်ရမယ်လို့ မှတ်ထားပေးကြပါခင်ဗျာ။ အားပေးဖတ်ရှုသူများအားလုံးကို ကျေးဇုးအများကြီးတင်ပါတယ်။

ဝေမိုးနိုင်(မုံရွာ)

Sunday, March 4, 2012

တစ်နေရာစာ

from Google

 ဓါတ်ဆီဆိုင်တွေ ပုဂ္ဂလိက ပေးလိုက်ပြီး လူတွေ ကြိတ်ကြိတ်တိုးဆီထုတ်နေကြကြောင်း ကြားရသော်လည်း ကျွန်တော်တို့ သွားမထုတ်ဖြစ်။ အချိန်မပေးနိုင်ခြင်းကြောင့် အပြင်ဆိုင်များကသာ ၀ယ်သုံးဖြစ်သည်။ သို့သော် တစ်စတစ်စနှင့် အပြင်ဆိုင်များမှ ဓါတ်ဆီဈေးနှုန်းက တစ်ဝက်ကျော်ကျော်လောက်ထိ ဈေးကြီးလာတော့ မခံနိုင်တော့ပေ။ အများနည်းတူ ဆီသွားထုတ်ရတော့သည်။ အချိန်ကုန်ခံရတော့သည်။

ပုဂ္ဂလိကဓါတ်ဆီဆိုင်တွင် ဆီစထုတ်သည့်နေ့က ကျွန်တော် မနက်ခုနှစ်နာရီတိတိ ဆိုင်ဖွင့်ချိန်၌ေ၇ာက်သွားသည်။  အားပါးပါး.........အံ့သြစရာကောင်းလောက်အောင် များပြားသော လူတန်းကြီးနှစ်တန်းကို ကြည့်ပြီး ရုတ်တရက် မှင်တက်မိသွားသည်။ ဆိုင်ကယ်သုံးစီးလျှင် တစ်တန်းကျ စီတန်းထားလိုက်သည်မှာ  ဘောလုံးကွင်း တစ်ပတ်စာခန့်ရှိပေမည်။ ဒါက ၀န်ထမ်းလိုင်းသာ ဖြစ်သေး၏။ ရိုးရိုးလိုင်းဘက်ကဆိုလျှင် ဒီထက်ပိုရှည်သည်။ လမ်းတွေလည်း ပိတ်နေပြီး ကျပ်ညပ်နေသည်။
 
ဆီထုတ်သူတွေ များကြောင်းကြားထားသော်လည်း ဤမှ များပြားမည်ဟု မထင်ခဲ့ရိုးအမှန်ပင် ဖြစ်ပါသည်။ ကျွန်တော် ရောက်တော့ မနက်ခုနှစ်နာရီဖြစ်သော်လည်း တကယ်တမ်းဆီထုတ်ရတော့  မနက်ဆယ်နာရီခွဲနေပြီ။ လူတစ်ကိုယ်လုံးချွေးတွေ ရွှဲနေပြီး ငြီးစီစီကြီး ဖြစ်နေသည်။ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင်လောက်အောင် နုံးချိသွားလေသည်။

အတွေ့အကြုံကပေးသောသင်ခန်းစာကြောင့် နောက်နေ့ကျတော့ မနက်ငါးနာရီလေးဆယ့်ငါးမိနစ်လောက်ကတည်းကရောက်သွားသည်။ စီတန်းထားသော ဆိုင်ကယ်တန်းကြီးက မနေ့ကထက်ပင် ပိုရှည်နေသေးသည်.။ အတွေ့အကြုံကိုအရင်းတည်ပြီး သင်ခန်းစာရယူတတ်သူမှာ ကျွန်တော်တစ်ဦးတည်းမဟုတ်မှန်းဆင်ခြင်မိ၏။ ထိုနေ့ကလည်း တကယ်ဆီထုတ်ရတော့ နံနက် ဆယ်နာရီ လေးဆယ့်ငါးမိနစ်။

ဓါတ်ဆီဆိုင်မှ ၀န်ထမ်းများက ရိုးရိုးလိုင်းမှ ဆိုင်ကယ်ခြောက်စီး တစ်ခါ၊ ၀န်ထမ်းလိုင်းမှ ဆိုင်ကယ် ခြောက်စီးတစ်လှည့် ဆီထုတ်ပေးနေသော်လည်း အိုးနှင့်ဆန် မတန်သဖြင့်  အလျင်မမီဘဲ ဖြစ်နေသည်။  ဒီတော့ စောင့်ရတော့သည်။ စောင့်ရသည်ကလည်း လုံးဝစိတ်ရှည်ချင်စရာမရှိ။

ထိုသို့ မစောင့်ချင်သူများက မနက်တစ်နာရီကတည်းက ထပြီး ဆိုင်ကယ်ကို လာတန်းထားခဲ့ကြသည်။ ပြီး ညအိပ်စောင့်သူက စောင့်သည်။ မစောင့်နိုင်သူတွေက ဆိုင်ကယ်ဘီးများကို သံကြိုးဖြင့်ခတ်ထားခဲ့ကြသည်။  နေရာကြိုဦးထားခဲ့ကြသည်။

တချို့ဆိုလွန်လွန်းသည်။ မနက်ဖြန်မနက်လိုမျိုးဆီထုတ်ရဖို့ ဒီနေ့ ညနေ ခြောက်နာရီလောက်ကတည်းက ဆိုင်ကယ်လာတန်းထားခဲ့ကြသည်။ ထိုအခါ နောက်နေ့ မနက်ဓါတ်ဆီဆိုင်ဖွင့်ဖွင့်ချင်း  ပထမဦးဆုံး ဆီထုတ်ရသည်။  သူများတွေလို စောင့်ဆိုင်းမနေရတော့။ စိတ်မရှည်မှုတွေနှင့် လုံးထွေးသတ်ပုတ်မနေရတော့။

ကျွန်တော်တို့ကတော့ ထိုသို့မလုပ်နိုင်။ ဆိုင်ကယ်ကို ညအိပ်ညနေမထားခဲ့နိုင်။ သူခိုး၊ သူဝှက် ခိုးဖို့ ပြုဖို့ မလွယ်ဘူးပဲ ထားဦး။ မီးရေးထင်းရေးကရှိသေးသည်။ ဆီဆိုင်နားက လက်ဖက်ရည်ဆိုင်က တစ်လောကမှ မီးလန့်ထားကြောင်းသိရသဖြင့် မနက်လင်းမှသာ တန်းဖြစ်တော့သည်။ ထိုအခါ စောင့်ရတော့သည်။ တကယ့်ကို တမေ့တမျောကြီး။  ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်နေမှ သုံးလေးပေလောက်ရွေ့သည်။  အလုပ်မတွင်။ နေကပူ၊ လူကအိုက်၊ ချွေးတွေကရွှဲ ၊ အလိုဆန္ဒတစ်ခုအတွက် ရင်းနှီးပေးဆပ်ရမှုက အဆမတန်ကြီးမားလွန်း၍ စိတ်ပျက်လက်ပျက်ဖြစ်မိသော်ငြား ကိုယ့်နောက်က စီတန်းနေကြသူတို့၏ မျက်နှာများကို မြင်မိသောအခါ  လက်ရှိနေရာလေးကိုပဲ ကျေနပ်နှစ်သိမ့်နိုင်ဖို့ မိမိကိုယ်ကို အားပေးရသည်။

ညကတည်းက နေရာဦးထားခဲ့သူများကတော့ အေးအေးဆေးဆေးပင်။ သူများတွေလို မနက်စောစောထစရာလည်း မလို။  မနက်မိုးလင်းမှ ထပြီး ခုနှစ်နာရီ ထိုးခါနီးသည်နှင့် ဖြုတ်ထားသော ဒူးကာလေးများကို ဟန်ပြတပ်ပြီး ဆီထုတ်ကာ ခေါင်း မော့ ရင်ကော့လျက် ဆိုင်ကယ်လေးကို ၀ူးခနဲ မောင်းထွက်သွားနိုင်သည်။

ထိုသူတို့၏ မာန်ဝင့်နေသော ဟန်ကလေးများကို ကျန်လူတို့က အောင့်သက်သက်နှင့် ငေးမောကြည့်ရှုနေရတော့သည်။ မျက်ဝန်းအစုံစုံမှလည်း စကားအဖုံဖုံကို တီးတိုးရေရွတ်နေကြလေသည်။ မနာလို ၀န်တိုစိတ်က တစ်မျိုး၊  အားကျစိတ်က တစ်သွယ်၊ နှစ်မျိုးလုံး ပေါင်းစပ်ပျော်ဝင်ထားသည်က တစ်ဖုံ။

သည်လိုနှင့်  တစ်နေ့ထက်တစ်နေ့  နေရာကြိုဦးထားသူတွေ များများလာသည်။ ကျွန်တော်တို့လို မိုးလင်းမှ လာတန်းသူတွေ ငါးပါးမှောက်တော့၏။  ယှဉ်ပြိုင်ဖက်မရှိ အလျင်မြန်ဆုံး ဘွဲ့ထူးကို လက်ခံရရှိထားသော စိတ်စေတသိက်၏ အလိုအ၇ဆိုလျှင် ရှေ့ဆုံးတန်းကပင် ဖြတ်ပြီး တန်းလိုက်ချင်တော့သည်။

သို့သော်လည်း လက်တွေ့မှာတော့ အကောင်အထည်မဖော်ရဲပါ။ ကျွန်တော့်အဖို့ အင်အားချင်းမမျှတလွန်းသော စစ်ပွဲတစ်ခုကို အရှုံးခံပြီး မဖန်တီးလိုပါ။ လူတွေခမျာမှာ ပင်ပန်းတကြီး ဦးယူထားရသော နေရာလေးများကို တသသမြတ်နိုးနေရရှာသည်။ တက္ကသိုလ်ဝင်တန်း မြန်မာကဗျာလက်ရွေးစင်တွင် ပြဋ္ဌာန်းထားသော ကဗျာဆရာနောင်၏ “နှင်းကို မြင်ခိုက်” ကဗျာထဲမှ  “ ကိုယ့်နေရာကို  တစ်ဖျာ တစ်ကွက် တစ်လက်မလည်း တသနှမျော စုံမက်မောသည့်  သဘောခြင်းရာ ” ဟူသော စာသားလေးသည် ယနေ့ခေတ်အနေအထားနှင့် တိတိကျကျကြီး အကျုံးဝင်နေသေးသည်ဟု ပြောလျှင် လွန်အံ့မထင်ပါ။

လူများမှာ “ငါ့ဆိုင်ကယ်ကို ကျော်သွားကြမလား”၊ “ အတန်းရွေ့တုန်း ဘယ်ကဆိုင်ကယ်က ကြားဖြတ်ဝင်လာလေမလဲ ” ဆိုသည့်စိုးရိမ်စိတ်များနှင့် မျက်လုံးအစုံတို့က  ကမ္ဘာကျော်စုံထောက်များသဖွယ် အခြေအနေအရပ်ရပ်ကိုလေ့လာ ထောက်လှမ်းနေကြရသည်။

နေရာလုမည့်သူများ၊ ကြားဖြတ်ဝင်မည့်သူများကလည်း အဆင်သင့်ပင်။ လူလပ်နေပြီလား။  ဆတ်ခနဲ ၀င်လိုက်ပြီ။  နောက်ကနေ ကျော်ချသည်။  ကျော်ချခံရသူက သည်းမခံနိုင်။ ထိုအခါ တစ်ပွဲတစ်လမ်း အကဲစမ်းကြတော့သည်။  ပါးစပ်သေနတ်များနှင့်  စစ်ပွဲတစ်ပွဲသဖွယ် နှစ်ဦးသားဖြစ်စေ၊ အများနှင့်တစ်ဦးဖြစ်စေ တိုက်ခိုက်ကြပြန်သည်။  အတွင်းသိ၊ အစင်းသိ ကမ္ဘာ့ရန်များ ၊ ကျောင်းတော်က ရန်စရှိသူများ ဖြစ်ပါက ငယ်ကျိုးငယ်နာမျိုးစုံကို ရိုက်မစစ်ရဘဲ ဖော်ထုတ်နေကြသည်မှာ တရားခွင်၌ ကျမ်းကျိန်ပြီးစစ်လျှင်ပင် ဤမျှ ပြည့်စုံနိုင်မည်မထင်။

နေရာလေးတစ်နေရာအတွက် ရန်ပွဲတွေက များပြားလွန်းလှသည်။ အတန်းလေးတစ်တန်းနောက်ကျသွားရုံမျှနှင့် ဆယ်မိနစ်လောက်သာ နောက်ကျပါမည်။ အချီကြီးစောင့်ဆိုင်းလာပြီးမှ ဒီခဏတာလေးအတွက် စိတ်ကို အနည်းငယ် ဆွဲဆန့်မထားနိုင်ဘူးလားမသိ။  သူများနေရာ ဦးသွား ၊ ကျော်ချသွားသူများကလည်း မိမိသာဆို မည်သို့ ခံစားရမည်နည်း။ ကိုယ်ချင်းစာ မကြည့်ကြဘူးလားမသိပါ။

ဆိုယ်ကယ်လေး တစ်စီးစာ သုံးပေခန့် မြေနေရာလေးအတွက်ပင် နေရာဦးမှု၊ နေရာလုမှုတွေက များပြားလွန်းနေပါက ဤမဟာ ဘဒ္ဒကမ္ဘာကြီး၌ ရှင်သန် ရပ်တည်ဖို့ အတွက် ဆိုလျှင်...................................။


~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~


 ကျွန်တော့်အတွေ့အကြုံကတော့ နုနယ်လွန်းလှပါသေးသည်။ တိုက်ဆိုင်လာသော အခြေအနေအရပ်ရပ်အရ  ကြုံတွေ့သင့်သလောက် ကြုံတွေ့ခဲ့ရပြီ ဖြစ်သော်လည်း  ကျောင်းသားလူငယ်ဘ၀အတွင်း ကြုံတွေ့ခဲ့ရသည့် နေရာနှင့် ပတ်သတ်သမျှတို့သည်  ဥပမာပြုစရာ၊ အတုယူစရာ၊ သင်ခန်းစာယူစရာများ ဖြစ်မလာခဲ့။  အသိတစ်ခု၊ ဗဟုသုတတစ်ခုအနေနှင့် ခေါင်းထဲ ရောက်သွားသလောက်မျှသာရှိပါသည်။

ထို့ပြင် ကျွန်တော်ကိုယ်တိုင် မကြုံတွေ့ရသေးသည်များကိုလည်း ကြုံတွေ့ဖူးသူတို့၏ လက်ဆင့်ကမ်းမျှဝေမှုကြောင့်  ကျွန်တော့် ဦးနှောက်ဥာဏ်မှ လက်ခံသလောက် သိခွင့်ရခဲ့ပြီး ဖြစ်ပါသည်။  ကိုယ်တွေ့မဟုတ်သည်မို့ နက်နက်ရှိုင်းရှိုင်းမရှုမှတ်မိသော်ငြား  အနည်းငယ်တော့ ဆင်ခြင်မိပါသေးသည်။

ယခုအချိန်တွင် ကျွန်တော်သည် ဆယ်ကျော်သက်လူငယ်တစ်ဦးမျှသာ ဖြစ်၍   ရှေ့ဆက်ပြီး ကျွန်တော်လျှောက်လှမ်းရမည့် လမ်းခရီးက အရှည်ကြီးကျန်ပါသေးသည်။   ဘ၀လှေကားထစ်များကို တစ်ထစ်ချင်း ဖြတ်သန်းကျော်လွှားနေချိန်တွင် ကိုယ့်နောက်ကနေ ကျော်ချသူများ၊ ကိုယ့်နေရာမှန်းသိပါလျက်နှင့် ဦးသွားပြီး မသိချင်ယောင်ဆောင်နေသူများကို မည်မျှသော အရေအတွက်အထိ ကြုံတွေ့ရဦးမည်မသိချေ။

ကျွန်တော်ကိုယ်တိုင်အတွက်လည်း ............ရရှိလာမည့် နေရာလေးတစ်နေရာသည် တစ်ကိုယ်စာအတွက်ပင်  လုံလုံလောက်လောက် ကျယ်ပြန့်နိုင်ပါ့မလား။ ကမ္ဘာရွာဟုပင် တင်စားခေါ်ဝေါ်နေကြသော ယနေ့ခေတ်ကြီးထဲ လူတစ်ကိုယ်စာအတွက် နေရာလေးတစ်နေရာသည် အင်မတန်ကျဉ်းမြောင်းသွားပြီဟု ဆိုကြပြန်သည်။

ထို့အတွက်ကြောင့် နေရာဦးမှု၊ နေရာလုမှုတွေ ဖြစ်ပေါ်လာရသလားမပြောတတ်ပါ။ မိမိနေရာ ပိုကျယ်ဖို့အတွက်လား၊ တစ်ကိုယ်စာလုံခြုံမည့်နေရာလေးတစ်နေရာပင် မရရှိသေး၍နေရာဦးရ၊ နေရာလုရသည်လား မသိရပေမယ့်  နေရာလေးတစ်နေရာအတွက် နေ့စဉ်နှင့်အမျှ  အလုပ်ရှုပ်၊ ခေါင်းရှုပ်၊ စိတ်ရှုပ်နေကြသူများကိုဒုနဲ့ဒေး မြင်တွေ့နိုင်သေးသည်။.

 တချို့က နေရာတစ်ခုကို လွယ်လင့်တကူရရှိလာပြီး မည်မျှပင် အဖိုးထိုက်တန်နေစေကာမူ စုံမက်ခြင်းအလျင်းမရှိဘဲ ရှောင်ဖယ်တတ်ကြသည်။  တချို့မှာကား နေရာတစ်ခုရရှိလာသော်လည်း  မိမိအတွက် စိုးစဉ်းမျှ အကျိုးဖြစ်ထွန်းခြင်းမရှိသည်မို့   နေရာလေးတစ်ခုကို တောင့်တမက်မောနေကြသူများအား လက်ဆင့်ကမ်းပေးလိုက်ဖို့ ၀န်မလေးတတ်ကြပေ။  တချို့ကမူ မိမိရရှိထားသော နေရာကို သေးသိမ်ကျဉ်းမြောင်းသည်ဟု ယူဆပြီး  ထိုနေရာထက် ပိုမို မြင့်မားသော နေရာမျိုးကို မည်မျှ ခက်ခဲ ကြမ်းတမ်းသည်ဖြစ်စေ ကြိုးစားအားထုတ်ကာ အောင်ပန်းကိုအမိအရ ဆွတ်ခူးတတ်ကြသည်။ တချို့ကျပြန်တော့လည်း   လူအများ၏ နေရာများစွာကို  မိမိ လိုသလို အကွက်ရွှေ့ခြယ်လှယ် ပြောင်းလဲနိုင်သော အကြီးစားနေရာမျိုးကိုမှ အာသာငမ်းငမ်းဖြစ်တတ်ကြသေး၏။

မည်သို့ဆိုစေ လူသားတို့ကျင်လည်ရာ ပတ်ဝန်းကျင်အများစုတွင်  နေရာဟူသည်  လူတို့၏ လိုချင်တပ်မက်မှု ရမ္မက်စက်ကွင်း အတွင်းမှ အရာတစ်ခု ဖြစ်နေလေသည်။   နေရာတစ်ခုအတွက် လူသား တစ်ဦးနှင့် တစ်ဦး ရင်ဆိုင်၊ ယှဉ်ပြိုင် ၊အနိုင်ကြဲလာရပြီဆိုလျှင်တော့ နေရာဟူသည် အမုန်းတရား၏ တမန်တော်သဖွယ်  အရောင်ပြောင်းလဲသွားတတ်၏။

နေရာလေးတစ်နေရာအတွက်  လူသားတစ်ဦးနှင့် တစ်ဦး  ထိတ်လန့်မှု၊ စိုးရိမ်မှု၊  သံသယဖြစ်မှု၊ အကောက်ကြံမှု၊ စော်ကားမှု၊ အနိုင်ကျင့်မှု၊ အသရေဖျက်မှု၊  လုယက်မှု၊ ကိုယ်ချင်းစာတရားကင်းမဲ့မှု၊ စသည့် ရက်စက်ယုတ်မာမှုများကလည်း မြေသြဇာကောင်းကောင်းနှင့် ရှင်သန်နေတတ်ပြန်သည်။

တွေးမိလာတိုင်း ရင်မောရပါသည်။ ရှေ့ဆက်လျှောက်ရဦးမည့် ဘ၀ခရီးတွင် ကျွန်တော့်အတွက် နေရာကျန်ပါဦးမလား၊  ကျွန်တော်နှင့် ထိုက်တန်သည့်နေရာ ရပါဦးမလား၊ သူများ ဦးသွားပြီလား၊ ဆိုသည့် ပူပန်ကြောင့်ကြမှုများကလည်း ကျွန်တော့်ကို မကြာခဏ ထိုးနှက်လေ့ ရှိပါသည်။  သို့သော်လည်း  ကျွန်တော်နှင့် ထိုက်တန်သော နေရာလေးတစ်ခုကို အနှောင့် ပယောဂကင်းကင်း ၊ စိတ်သန့်သန့် ရှင်းရှင်းနှင့် လက်ခံရရှိနိုင်ရန် လိုအပ်သည့်အရည်အချင်းများ ပြည့်ဝနေစေဖို့  အတိတ်ဆီက ကျွန်တော်တတ်စွမ်းသရွေ့  ကြိုးစားပြင်ဆင်ခဲ့ပါသည်။ ယခုလက်ရှိ ပစ္စုပ္ပန်တွင်လည်း ကြိုးစားအားထုတ်နေဆဲဖြစ်ပါသည်။   အနာဂတ်ကာလတွင် ကျွန်တော်နှင့် ထိုက်တန်သော နေရာတစ်ခု ရရှိလာလျှင်လည်း ထိုနေရာတွင် မြဲမြံအောင် ၊ ထိုနေရာထက် ပိုမိုကောင်းမွန်သော နေရာတစ်ခုရရှိလာအောင် ဆက်လက်ပြီး ကြိုးစားပြင်ဆင်သွားရပါဦးမည်။                    ။

 ဝေမိုးနိုင်(မုံရွာ)

Thursday, March 1, 2012

ဆန်းကြယ်ဖူးစာ

from Google
အချစ်ဆိုတာကို အေးသီတာဘယ်လိုမှ အဓိပ္ပါယ်မဖွင့်ချင်ပါဘူး။ ဖွင့်လည်းမဖွင့်တတ်ပါဘူး။ ပြီးတော့ စာဆိုက၀ိ ပညာရှိတွေသာမက သာမန်လူသားတွေကပါ အချစ်ဆိုတာကိုအမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းနေကြတာဆိုတော့  အေးသီတာရဲ့ အချစ်အဓိပ္ပါယ်ဟာ မရှိရင်လည်း ဖြစ်ပါတယ်။ အဓိကက ချစ်တတ်တဲ့ နှလုံးသားရှိနေဖို့ပဲ မဟုတ်လား။  ချစ်တတ်ရင်ဖြစ်ပြီ။ လူ့လောကထဲ နေလို့ရနေပြီ။  ဒါကြောင့် အချစ်နဲ့ပတ်သတ်ပြီး ဘာအဓိပ္ပါယ်မှ မဖွင့်ချင်တာပါ။


ဒါပေမယ့် အေးသီတာ တစ်ခုတော့ ပြောချင်တယ်။ အချစ်ဆိုတာ ဘယ်လိုနေတယ်မသိပေမယ့် ဖူးစာဆိုတာကတော့ အင်မတန်ဆန်းကြယ်တဲ့ အရာလို့ အေးသီတာ ပြောချင်တယ်။
 
########################


ဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုတာနဲ့ ဆက်သွယ်ရေးရုံးက တယ်လီဖုန်းအင်ဂျင်နီယာကြီး အဖေ့ဆီကို မင်္ဂလာဆောင်ဖိတ်စာတွေက တသဲသဲ၊ တဖွဲဖွဲနဲ့ မစဲအောင်ကို ရောက်လာတတ်လေ့ရှိတယ်။ အဖေ့လက်အောက်က ၀န်ထမ်းတွေရဲ့ ပွဲပဲဖြစ်ဖြစ်၊ သူတို့သားသမီးတွေရဲ့ ပွဲပဲဖြစ်ဖြစ်၊ အဖေ့ရုံးနဲ့ မကင်းတဲ့သူတွေဆီကပဲ ဖြစ်ဖြစ်၊ အခြားမိတ်ဆွေအပေါင်းအသင်းတွေဆီကပဲဖြစ်ဖြစ် မင်္ဂလာဆောင်ဖိတ်စာတွေ ရောက်ရောက်လာတတ်တာ နည်းနည်းနောနောမဟုတ်ဘူး။  ဖိတ်လာတဲ့ ပွဲတိုင်းကိုတော့ မတက်ရောက်နိုင်ပါဘူး။ ဒီလိုပဲ အလုပ်ကိုအကြောင်းပြပြီး အဖေက သွားလေ့မရှိဘူး။ တချို့ မသွားမဖြစ်တဲ့ မျက်နှာနာစရာ ပွဲမျိုးဆိုရင်တော့ အမေက အေးသီတာနဲ့ အောင်ဇော်ထွန်းကိုလက်ဆွဲပြီး သွားလေ့ရှိတယ်။ အေးသီတာတို့လည်း အဲဒီအချိန်တုန်းက ကလေးပဲ ရှိသေးတာကိုး။ အေးသီတာက ရှစ်နှစ်၊ ကိုးနှစ်၊ အောင်ဇော်ထွန်းက ဆယ်နှစ်၊ ဆယ့်တစ်နှစ် အရွယ်လေးတွေဆိုတော့ စားရသောက်ရဖို့ဆိုပြီး မောင်နှမနှစ်ယောက် အမေ့နောက်ကို ကောက်ကောက်ပါအောင်လိုက်ခဲ့ကြတာပေါ့။


အဲဒီလိုမင်္ဂလာပွဲတွေက ပြန်လာတဲ့အခါ တစ်ခါတစ်ရံ အမေပြောလေ့ရှိတာက -


“သြော်...........ဖူးစာ.....ဖူးစာ...........။ တော်တော်ဆန်းကြယ်သားနော်။ သိလား.............ကိုထွန်းရေ.....သတို့သားက ရုပ်ကလေးဆိုးရှာတယ်။ ကောင်မလေးကကျတော့ လှတယ်တော်။ ဘယ်လိုအကြောင်းပါကြလဲမသိဘူး။ ဖူးစာများ အံ့သြစရာကောင်းတယ်”


အေးသီတာတို့ကတော့ သတို့သား၊ သတို့သမီးကို ကြည့်မနေအားပါဘူး။ ကိုယ့်ရှေ့က စားစရာကိုပဲ သဲသဲမဲမဲ စားနေကြတာကိုး။ပြီးတော့ အဲဒီတုန်းက ကလေးဆိုတော့ အမေ့စကားကို လည်း အကျယ်ချဲ့ပြီး စဉ်းစားမနေအားပါဘူး။ စဉ်းစားရင် ခေါင်းရှုပ်လာတာမို့ ကိုယ့်ဖာသာပဲ ဆော့နေလိုက်တယ်။ အမေက တော့ အဲဒီလိုအကြောင်းဆက်စပ်ပြီးပြောတိုင်း


“အင်း..........ကိုထွန်းရေ....၊ ကျန်တဲ့ကလေးတွေတော့ ဘယ်လိုလာကြဦးမလဲမသိဘူးနော်......”


လို့ပြောတတ်တယ်။


အဲဒီအချိန်တုန်းက မမကြီးက အိမ်ထောင်ကျပြီးသား။ မမကြီး ယောက်ျားကိုအောင်သန်းက ဦးနှောက်ထဲအကျိတ်ပေါက်ပြီးဆုံးသွားတော့ မမကြီးခမျာ သမီးတစ်ယောက်နဲ့ မုဆိုးမဆိုတဲ့ သညာတစ်ခု အဖတ်တင်သွားခဲ့တယ်။  အမေပူမယ်ဆိုလည်း ပူစရာပါပဲ။ မွေးထားတာက သားသမီးဆယ်ယောက်တောင်ကိုး။ ပြီးတော့ မမကြီးရဲ့ အိမ်ထောင်ရေးကလည်း အမေ့ကို သင်ခန်းစာပေးသွားတာကိုး။ တကယ်တော့ မမကြီးတို့လင်မယားက သိပ်လိုက်ဖက်ညီတာ။ အားလုံးက မမကြီးကို ကံလှတယ်လို့ ယူဆနေကြချိန်မှာ ကိုအောင်သန်း အကျိတ်က တဖြည်းဖြည်းရင့်လာပြီး ခွဲစိတ်ရတော့တာပဲ။ ခွဲစိတ်ပြီးရင်ကောင်းသွားမှာလို့  ထင်ခဲ့ကြပေမယ့် ကိုအောင်သန်း သတိပြန်လည်မလာတော့။


ဒီတော့ အမေ့ခမျာ သူ့သားသမီးတွေရဲ့  အိမ်ထောင်ရေးကို ချောချောမွေ့မွေ့လေးဖြစ်စေချင်ခဲ့တယ်။ အေးသီတာက မောင်နှမတစ်တွေထဲမှာ အငယ်ဆုံးဆိုတော့ အမေ့နားကပ်ချွဲရင်း အမေ့စိတ်ခံစားချက်တွေကို ရိပ်မိခဲ့ရတယ်။


ဒါပေမယ့် အေးသီတာရဲ့ ဥာဏ်တစ်ထွာ တစ်မိုက်ကလေးနဲ့ ထူးထူးထွေထွေ စဉ်းစားမနေပါဘူး။ အောင်ဇော်ထွန်းရယ်၊ ဘေးအိမ်က ကလေးတွေရယ်နဲ့ ဆော့နေလိုက်တယ်လေ......၊ ပြီးရော။


########################


ဝင်းစန္ဒာကလာပြောတော့ အေးသီတာက မမကြီးအတွက် အမောပြေ သံပုရာရည်ဖျော်နေတဲ့အချိန်၊ အဖေတို့ စကားဝိုင်းနား သွားစပ်စုပြီးပြန်လာတဲ့ ၀င်းစန္ဒာက အေးသီတာကို အလန့်တကြားဖောက်သည်ချတယ်။ ကြားကြားချင်း ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး။


“ဟုတ်ရဲ့လားမမရယ်”


လို့ အံ့သြခြင်းကြီးစွာနဲ့ ပြန်မေးနေမိတယ်။ ဇော်ထွန်းဦး မိန်းမယူလာပြီတဲ့။  အံ့သြစရာပဲ။ သူ့အစွမ်းအစနဲ့လား။ မိန်းကလေးက စရတာလားလို့တောင် တွေးနေမိတယ်။


ဟုတ်တယ်လေ။ အေးသီတာတို့အစ်ကို ဇော်ထွန်းဦးကရုပ်ရည်လေးကတော့ ချောပါရဲ့။ အသားကဖြူဖြူ၊ မျက်ခုံးမွှေးထူထူ၊ နှာတံကစင်းစင်း၊ အရပ်ကထောင်ထောင်မောင်းမောင်းနဲ့ ကုလားမင်းသားလိုလို၊ ဘာလိုလို။ ဒါပေမယ့် အဲဒီဇော်ထွန်းဦးက ဘာကိုမှ ရဲရဲဝံ့ဝံ့ မရှိရှာဘူး။ အနေအေးတယ်ဆိုတာလောက်နဲ့ မပြည့်စုံဘူး။ သိပ်ကြောက်တတ်တာ။ ညဘက်၊ ညဘက် အပေါ့သွားချင်ရင် အဖော်ပါမှ သွားတတ်တာ။ ရန်တွေ၊ဘာတွေဖြစ်ရင်လည်း အမြဲတမ်း ခံဘက်က။ သူငယ်ချင်းအပေါင်းအသင်းလည်း များများစားစားမရှိဘူး။ သူ တစ်ခုခု မဟုတ်တာလုပ်လာရင်လည်း မပေါ်ဘူးဆိုတာမရှိဘူး။  သူက အဖေ့ရှေ့ရောက်ရင်ကို မလုံမလဲနဲ့ ဒူးတဆတ်ဆတ်တုန်နေတော့ အဖေက မသင်္ကာလို့ စစ်လိုက်ရင် ပေါ်ရော။ သိပ်ရိုးတာ၊ သိပ်အတာ။


အဲဒီလို ဇော်ထွန်းဦးက မိန်းမယူလာတယ်ဆိုတော့ အေးသီတာတို့ အံ့ သြတာပေါ့။ ခဏနေတော့ မမကြီးအတွက် သံပုရာရည်သွားပို့ပေးရင်း သူတို့ပြောနေကြတာကို အကဲခတ်ရတယ်။


အမေကတော့ မျက်နှာလေးညှိုးလို့။ အဖေကတော့ မမကြီးပြောတာကို စိတ်ဝင်တစားနားထောင်နေတယ်။


“သမီးလည်း ဘာမှ မသိဘူးအဖေရဲ့။ သူ ပုံမှန်ဆို သောကြာနေ့ညနေရထားနဲ့မှ ပြန်လာတာလေ။ ဒီတစ်ခေါက်ကျတော့ သောကြာနေ့မနက်ကတည်းကရောက်လာတယ်။  မျက်နှာလည်းမကောင်းဘူး။ ရောက်ရောက်ချင်းလည်း သမီးကို ဘာမှ မပြောဘူး။  နေ၀င်းကိုပြောတာ။ နေ၀င်းကမှ သမီးကို တစ်ဆင့်ပြောခိုင်းတာ။ သူတကယ်မကြိုက်ပါဘူးတဲ့။ မယူမဖြစ်လို့ပါတဲ့အမေရယ်။ ငိုယိုပြီး ပြောရှာတယ်”


“ငါ့သားလေး ဘယ်လိုတွေများ ဖြစ်လာတာလဲအေ”


အမေက ယူကျုံးမရလေသံကြီးနဲ့ ပြောတယ်။ အေးသီတာလည်း သူတို့ပြောနေတဲ့ စကားတွေကို ဆက်စပ်မရတာနဲ့ မီးဖိုချောင်ထဲ ပြန်ဝင်ခဲ့တယ်။ ၀င်းစန္ဒာကိုမေးတော့လည်း “ကိုဇော်က ကြိုက်ပုံမရဘူးဟဲ့ ၊ ဘယ်လိုဖြစ်လာကြတာလဲမသိဘူး” လို့ မရေမရာဖြေတယ်။


မမကြီးတောင် သာစည်ကနေ ပြန်လာတယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိတယ်။ အဖေ တာဝန်ကျရာ မုံရွာကို အငယ်တွေပဲ ပါလာတာလေ။  မမကြီးတို့သားအမိ၊ နေ၀င်းထွန်း၊ သိန်းဇော်ထွန်း နဲ့ ဇော်ထွန်းဦးတို့ အကြီးပိုင်းတွေက သာစည်မှာပဲ နေခဲ့ကြတယ်။ ဇော်ထွန်းဦးက သာစည်မှာတာဝန်ကျတာတော့ မဟုတ်ပါဘူး။ သာစည်နဲ့ လေးငါးဘူတာလောက်ခြားတဲ့  သပြေတောင်းဆိုတဲ့ ရွာကလေးမှာ တာဝန်ကျတာပါ။ ခုရလာတဲ့ မိန်းမက အဲဒီရွာကဆိုပဲ။မကြိုက်ဘူးလဲ ပြောသေးတယ်။ ဘယ်လိုမှကိုဆက်စပ်လို့ မရတာနဲ့ ညီအစ်မနှစ်ယောက် ခင်ညိုရီကို လက်ကုတ်ပြီး မီးဖိုထဲ ခေါ်လာမေးရတယ်။


“ ငါလဲ သေချာတော့မသိဘူးအေ့။  ဟိုမိန်းမက ကိုဇော့်ကို ဇွတ်ယူတာတဲ့အေ”


ဘယ်လိုမိန်းမမျိုးပါလိမ့်။ အေးသီတာစိတ်ထဲ အဲဒီ မိန်းမကို အတော် စိတ်ဝင်စားသွားတယ်။ အမေတို့ စကားဝိုင်းနားအကဲခတ်ကြည့်တော့ အားလုံးက မမကြီးအသံကိုပဲ စိတ်ဝင်တစားနားစွင့်နေကြတယ်။


“ အမေတို့ကိုတော့ ကြိုပြောထားမယ်နော်။  မိန်းမပုံစံကတော့ တော်တော်ဆိုးတယ်။ အို......တွေးမိလေလေ.....၊ ကိုဇော့်အတွက် စိတ်မကောင်းဖြစ်ရလေပဲ။ ဘယ်နှယ့်ဟာကြီးမှန်းကို မသိပါဘူး အမေရယ်...”


ကြူကြူမာက မျက်ရည်စို့စို့နဲ့ ပြောတော့ အမေ့ မျက်နှာမှာ ထိတ်လန့်စိုးရိမ်ပူပန်မှုတွေက ရုန်းရင်းဆန်ခတ်လှုပ်ရှားလာတယ်။ အေးသီတာတောင် ရင်ထဲ ခုတုတု၊ နင်တင်တင်နဲ့ ဘယ်လိုကြီး ဖြစ်သွားမှန်းကို မသိဘူး။


မမကြီးပြောတဲ့ ပုံစံအရ ထောက်ချင့်ကြည့်ရင်တော့ တော်တော်ဆိုးဆိုးဝါးဝါးမိန်းမမျိုးပဲနေမှာလို့ တွေးမိရင်း  ကိုယ့်အစ်ကို ပုံရိပ်ကိုမြင်ယောင်ပြီး သနားနေမိတယ်။


အမေက သားသမီးတွေငယ်ဘ၀အကြောင်း စားမြုံ့ပြန်တိုင်း  ဇော်ထွန်းဦးငယ်ငယ်က အတော့်ကိုလှတာလို့ ခဏခဏပြောတယ်။ ဆံပင်လေးက နီကြောင်ကြောင်၊ စုတ်ဖွားဖွားနဲ့ အသားလေးကလဲ ဖွေးနေတာပဲတဲ့။ ပြီး ဘာကိုမှ ရဲရဲရင့်ရင့်မရှိဘဲ အမြဲအားငယ်နေတတ်သတဲ့။ အမေတို့ကလည်း အဲဒီလို အားငယ်နေ၊ ကြောက်နေတာလေးကိုပဲ ချစ်နေကြပြီး ပြုပြင်ပြောင်းလဲမှုမလုပ်ခဲ့တော့ ဇော်ထွန်းဦးမှာ ကြောက်တတ်တဲ့ စိတ်ကလေးက အသက်ကြီးတဲ့အထိပါလာတုန်း။  ခုချိန်ထိကိုစွဲမြဲနေတုန်း။  လူပုံက ဖြူဖြူနုနု၊ ပါးပါးလှပ်လှပ်ကလေးကိုမှ ကြောက်စိတ်ကလေးကကဲတတ်တော့ အမေဟာ ဇော်ထွန်းဦး ရှေ့ရေးအတွက်ဆို အမြဲ ပူပန်လေ့ရှိတယ်။


အေးသီတာတို့ကတော့ ကိုယ့်အစ်ကို ရုပ်ရည်နဲ့ ဥစ္စာပေါ၊ ရုပ်ချော ၊ အဆင့်အတန်းရှိရှိ မိန်းမမျိုးကိုခေါင်းခေါက်ယူနိုင်တယ်လို့ပဲ တွက်တယ်။ ဒါပေမယ့် အေးသီတာတွက်ကိန်းကတော့ လွဲနေပြီ။ ဘယ်လောက်အတိုင်းအတာထိလွဲသလဲ ၊ အေးသီတာတွက်ကိန်းနဲ့လက်တွေ့ဘယ်လောက်ကွာဟနေလဲဆိုတာကတော့ ပဟေဠိတစ်ခုလိုပဲ စိတ်ဝင်စားစရာကောင်းလှတယ်။


မမကြီး ပြောစကားအရ ဇော်ထွန်းဦးတို့လင်မယား နက်ဖြန်ခါ ရောက်လာကြမတဲ့။ အေးသီတာကတော့ မနက်ဖြန်ကိုသာ ချက်ချင်းရောက်ချင်စမ်းလှပါတယ်။


########################


အိခနဲ ငိုချလိုက်တဲ့ အမေ့ငိုသံနောက်ပါးမှာ အေးသီတာ့ငိုသံက ကပ်လိုက်လာတယ်။ ၀င်းစန္ဒာတို့၊ ခင်ညိုရီတို့ကလည်း မျက်ရည်တွေ ၀ိုင်းတက်လာလိုက်တာ တမံကျိုးတော့မယ့်ဆည်အတိုင်းပဲ။  ကျော်ထွန်းဇော်ကတော့ ကျွတ်ခနဲ စုပ်သပ်ပြီး အတွင်းခန်းထဲ ၀င်သွားတယ်။ အဖေကတော့ မျက်နှာချင်းဆိုင်နံရံအမြင့်မှာ ချိတ်ထားတဲ့ မိသားစုဓါတ်ပုံကြီးကို တွေတွေကြီး ငေးစိုက်ကြည့်နေတယ်။


မမကြီးက မြင်ဖူးပြီးသားဆိုတော့ ဟန်မပျက် ဧည့်ခံနိုင်တယ်။ ဌေးဝင်းဇော်ကလည်း သူ့အစ်ကို အားမငယ်အောင် ပဋိသန္ဓာရစကားလေးတွေ ပြောပေးရှာတယ်။  ဇော်ထွန်းဦးကတော့  မျက်နှာလေးညှိုးရော်နွမ်းခွေပြီး အောက်က သမံတလင်းကိုကြည့်လိုက်၊ အဖေ့ကိုအကဲခတ်လိုက်၊ အမေ့ကို ငိုမဲ့မဲ့လေးနဲ့ကြည့်လိုက်လုပ်ရင်း  ငြိမ်ကုပ်နေတယ်။ သူ့ဘေးမှာတော့....................................................


ကြည့်ပါဦး...............။


ဒါ  ဇော်ထွန်းဦး မိန်းမတဲ့လား။  ရှေ့သွားနောက်လိုက်မညီလိုက်တဲ့ ဖြစ်ခြင်း။


အသားအရေက မညိုပေမယ့် မဖြူဘဲ ၀ါညစ်ညစ်အရောင်မျိုး ထွက်နေတယ်။ အရပ်က ပေမမီ၊ ဒေါက်မမီ ပုတလက်လေး။ နှုတ်ခမ်းနှစ်လွှာက ထူပိန်းပြဲထွက်နေပြီး ၀မ်းဗိုက်သားတွေကလည်း အပျိုလေးတစ်ယောက်လို့ ထင်ရက်စရာမရှိလောက်အောင် စူထွက်နေတယ်။  ကျောရယ်၊ ခါးရယ်၊ တင်ရယ်ကို ဘယ်နေရာက ဘာပါလို့ ခွဲခြားပြဖို့  တော်တော်ခဲယဉ်းမယ်လို့ အေးသီတာ တွေးနေမိတယ်။  မမကြီးကို ပြုံးပြလိုက်တဲ့ သူ့အပြုံးကိုမြင်လိုက်ရတော့ စပ်ဖြဲဖြဲကြီးလို့ အေးသီတာ စိတ်ထဲကရေရွတ်လိုက်မိတယ်။


အမေက ဧည့်ခန်းထဲမှာ ဆက်ထိုင်ပြီးစကားပြောဖို့အင်အားမရှိလောက်ဘူးလို့ ယူဆတာနဲ့ အေးသီတာ အမေ့ကို အိပ်ခန်းထဲ တွဲပို့ပေးလိုက်တယ်။ အေးသီတာလည်း ဧည့်ခန်းထဲမှာ ဆက်ထိုင်ပြီး အဲဒီမိန်းမမျက်နှာကို စေ့စေ့ကြည့်ဖို့ စိတ်မခိုင်လှတာမို့  မီးဖိုခန်းထဲ ၀င်နေမိတယ်။ အောင်ဇော်ထွန်းကလည်း လိုက်ဝင်လာတာမို့ အေးသီတာသိချင်စိတ်ကို မအောင့်နိုင်ဘဲ မေးကြည့်လိုက်တယ်။


“ ငါလဲ ကိုကျော် ပြန်ပြောပြမှ ရှင်းတာဟ ။ သပြေတောင်းသူတွေ ညနေ၊ ညနေ ရေခပ်ဆင်းရင် ဘူတာကိုဖြတ်ရတယ်တဲ့။ အဲဒီတော့ ရွာသူတွေ ထုံးစံ ဟေး၊ ဟား နဲ့ ကိုဇော့်ကို စကြမှာပေါ့ဟာ။ အဲဒီလိုနဲ့ မျက်မှန်းတန်းလာပြီး တစ်ညနေကျတော့  ညနေခြောက်နာရီကျော်နေမှ ကိုဇော့်လိုင်းခန်းကို တစ်ယောက်ထဲလာလည်သတဲ့။  မှောင်နေတော့မှ မပြန်ရဲဘူးဆိုပြီး  ပြောတာတဲ့။ အဲဒီအချိန် သူ့ဦးလေးဆိုလား၊ သူ့အစ်ကိုဆိုလား လိုက်လာပြီး ဇွတ်ယူခိုင်းတာတဲ့ ”


အောင်ဇော်ထွန်းက စကားခဏအဖြတ်  မီးဖိုခန်းထဲဝင်လာတဲ့ခင်ညိုရီကဆက်တယ်။


“ ဓါးကြိမ်းကြိမ်းတာတဲ့ဟယ်။ မယူရင်သတ်မယ်ပေါ့။ ဒီတော့ ကိုဇော်ကြောက်ပြီပေါ့အေ။ တို့အစ်ကိုထုံးစံပဲ။  ဟိုမိန်းမကလည်း ချိန်းတွေ့တယ်လို့ စွပ်စွဲတာကို မငြင်းဘူးတဲ့။ တခြားကပ်လျက်လိုင်းခန်းကလူတွေကလည်း ၀င်ပြောပေးတာမ၇ဘူးတဲ့။  ရုံပိုင်ကြီးက လဲမပေးစားရင် ကိုဇော် ဒီမှာဆက်အလုပ်လုပ်ရတာ ရွာနဲ့အဆင်မပြေမှာစိုးလို့ ပေးစားလိုက်ရသတဲ့အေ..............အီး..................ဟီး..........ဟီး.........”


ခင်ညိုရီက ပြောရင်းငိုချပါလေရော။


အေးသီတာကတော့ ပါးစပ်ထဲအာစေးထည့်ထားသလိုမျိုး ဘာပြောရမှန်းမသိဘဲ ဆွံ့အနေမိတ ယ်။  ရင်ထဲနင့်ခနဲ ဖြစ်သွားပြီး  မျက်ရည်တွေက အလိုလို ဝေ့တက်လာတယ်။ အတွေးထဲမှာတော့ အရင်တုန်းက အမေပြောခဲ့တဲ့  စကားလေးတစ်ခွန်းက ပဲ့တင်ရိုက်နေတယ်....။


“ ဖူးစာဆိုတာ ဆန်းကြယ်သားနော်...........”      တဲ့။


 ########################


ပြန်တွေးကြည့်လိုက်တိုင်း ခံစားမှုတွေက အသစ်အတိုင်းလတ်ဆတ်နေဆဲ။ အခုအချိန်မှာတော့ အဖေလည်းမရှိတော့။ အမေလည်း မရှိတော့၊ သိန်းဇော်ထွန်း၊ နေ၀င်းထွန်းသာမက ဇော်ထွန်းဦးပါမရှိတော့ ။


နှစ်ပေါင်းသုံးဆယ်နီးပါး ဒီမိန်းမကလွဲပြီး တခြားသူနဲ့ ဖောက်ပြန်ပြောင်းလွဲခြင်းမရှိ၊ လက်တွဲသွားခဲ့တဲ့ ဇော်ထွန်းဦးရဲ့ အိမ်ထောင်ရေးက ချောချောမွေ့မွေ့၊ အဆင်ပြေပြေ တော့ မဟုတ်ခဲ့ဘူး။ ဆူကြ၊ ပူကြ၊ ဆဲကြ၊ ဆိုကြနဲ့ ညံပွက်နေတဲ့ အိမ်ထောင်တစ်ခုမှာ သားသမီးကလည်း ခြောက်ယောက်တိတိမွေးဖွားခဲ့တယ်။  စီးပွားရေးကလည်း မိုးသဲလိုက်၊ နေသာလိုက်နဲ့ အူစိုတစ်ခါ ၊ ခြောက်တစ်လှည့် ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် ဇော်ထွန်းဦးကိုယ်တိုင်ကတော့ ဒီမိသားစုဘ၀ထဲမှာပဲ ကျေကျေနပ်နပ်ကြီး လုံးထွေးရစ်ပတ်သွားခဲ့တယ်။ လက်ထပ်ရတုန်းက တကယ်မကြိုက်ဘဲ လက်ထပ်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ “စန်းသဘော”၊ “စန်းစိတ်ကြိုက်” နဲ့ စန်းသာ အခရာဖြစ်သွားခဲ့တယ်။ ခင်စန်းဝင်းလို မိန်းမမျိုးကို ချစ်ခင်နှစ်လိုသွားတဲ့ ဇော်ထွန်းဦးကို သြချရပေမယ့် ဒါဟာ  သူတို့နှစ်ယောက်ရဲ့ ဖူးစာပေါ့လေလို့နားလည်လိုက်ရပြန်တယ်။


အေးသီတာတို့တစ်တွေကတော့  အမေပြောခဲ့တဲ့ “ဖူးစာဆိုတာ ဆန်းကြယ်သားနော်” ဆိုတဲ့ စကားလေးကို တဖွဖွ ညည်းနေရုံမှတစ်ပါး........................................။                                  ။


ဝေမိုးနိုင်(မုံရွာ)