Saturday, February 25, 2012

မောင်မောင်တို့ကတော့ တစ်ယောက်တည်း

from Google
သည်  အမျိုးသမီးကို ကိုထွေး စမြင်ကာစကတည်းက သူမအသက် အစိတ်လောက်သာရှိမည်ဟု ခန့်မှန်းခဲ့သည်။ စာအုပ်တွေစီရင်း လမ်းမပေါ် အကြည့်တစ်ချက် ဖျတ်ခနဲ ရောက်သွားခိုက် သူမကို မြင်လိုက်ရပြီး ကိုထွေး အသက်ရှူဖို့မေ့သွားခဲ့လေသည်။

အသားဖြူဖြူ၊ ခန္ဓာကိုယ်သွယ်လျလျနှင့် ရုပ်ရည်ကလည်း ချောမွတ်လှပသောသူမ၌ နက်မှောင်နေသော ဆံကေသာတို့က ဖြောင့်ဖြောင့်စင်းစင်းနှင့် ကျောလယ်ခန့်အထိ ဝေ့၀ဲနေသည်။  ပန်းသွေးရောင်အဆင်းနှင့် နှင်းဆီဖူးလေးသဖွယ် နုနုထွေးထွေးရှိသော နှုတ်ခမ်းသားအစုံနောက်မှ ဖြူဖွေးဝင်းလက်နေသော သွားကလေးများက ကျောက်တန်းစီထားသည့်နှယ် ။ တစ်ချက်ပြုံးလိုက်သောအခါ မကြီးလွန်း၊ မသေးလွန်းသော ပါးချိုင့်အစုံတို့က ပါးပြင်အသီးသီးတွင် နေရာယူလေ့ရှိသည်။ စပ်ဖြဲဖြဲအဆင့်ထိမဟုတ်ဘဲ အမြဲတမ်းပြုံးယောင်သမ်းနေသော သူမ၏မျက်နှာလေးက အစဉ်ကြည်လင်သန့်ရှင်းနေတတ်သည်။

မနက်ခင်းတိုင်း ကလေးငယ်တစ်ဦးကို လက်ဆွဲလျက် ကိုထွေး၏စာအုပ်ဆိုင်နှင့် မျက်နှာချင်းဆိုင်မှ မူကြိုကျောင်းလေးဆီသို့ လာပို့လေ့ရှိသည်။ ဒီရပ်ကွက်ထဲရောက်လာသည်မှာ မကြာသေးသော ကိုထွေးအဖို့ သူမကို မရင်းနှီးပါ။ မခင်မင်ပါ။ မကျွမ်းဝင်ပါ။ ထို့ထက်ကား သူမဘယ်ဆီနေသည်ကိုပင် ကိုထွေး ရိပ်စားသိရှိမိခြင်းမရှိပါ။ ကြာလာတော့ မနက်ခင်းတိုင်း သူမကိုငေးကြည့်ရခြင်းသည် ကိုထွေးအဖို့ တာဝန်တစ်ခုဖြစ်လာသည်။ ကလေးငယ်လေး၏အရွယ်ကို ထောက်ချင့်ပြီး သူမ၏တူကလေးဖြစ်မည်ဟု တွက်ဆကာ သူမအား လိပ်ပြာသန့်စွာ ငေးမောကြည့်ရှုမိမြဲ ဖြစ်ပါသည်။

ထိုသို့သူမအားငေးမောကြည့်ရှုသည်မှာ ကိုထွေးတစ်ယောက်သာမကဘဲ သူမကို မြင်လိုက်ရသမျှ ပုရိသအားလုံးငေးမောကြမြဲဖြစ်၏။ တစ်ခါတစ်ရံ မိန်းမသားအချင်းချင်းပင် တငေးတမောလုပ်နေကြတာမျိုး ကိုထွေးမြင်ဖူး၏။ မြင်ရတာ ကြာလာတော့ သူမအားကိုထွေး စိတ်ဝင်စားလာသည်။ သို့သော်လည်း မနက်ခင်းတိုင်း ခဏမျှတွေ့ရသည်ကလွဲ၍ ထူးခြားသော အရိပ်အယောင်မျိုးလည်း မမြင်မိ။  ကိုယ့်အသက်အရွယ်၊ ဂုဏ်သိက္ခာ နှင့်  အများကအပ်နှင်းထားသည့်ဘွဲ့ထူးတို့ကို ငဲ့ကွက်၍ မည်သူ့ကိုမှ မမေးမိသော်လည်း  သိချင်စိတ်က ယားကျိယားကျိဖြစ်လာလွန်းမက ဖြစ်လာသောအခါ  အိမ်ရှင်ဒေါ်စပ်စုကြီးကို မေးကြည့်လိုက်သည်။



ကိုထွေးက ဒေါ်စပ်စုကြီးဟု တစ်ဖက်သတ် အမည်ပေးထားသော ဒေါ်ခင်လှမြင့်သည် သတင်းစုံလှ၏။ စုံလည်းစုံနိုင်ကောင်းပါသည်။ မနက်ခင်း ထမင်းဟင်းချက်ပြီးပြီဆိုသည်နှင့် အိမ်ဆိုင်ကလေးကို သူ့ယောကျာ်းဦးသက်နှင့် လွှဲထားခဲ့ကာ ရပ်ကွက်ထဲသို့ လှည့်လည်သတင်းယူခြင်း၊ သတင်းများဖြန့်ဝေဖောက်ကားခြင်း၊ ဖလှယ်နာကြားခြင်း များသာမက လိုအပ်လျှင် အတင်းဟုမဆိုသာရုံလောက်မျှသော အကြောင်းအရာများကို  နှုတ်အာရွရွပြောကြားသည့် လုပ်ငန်းစဉ်များကို စတင်လေ့ရှိသည်။  ထို့အတွက် သူမအကြောင်းစုံစမ်းရန်ဌာနမှာ ဒေါ်စပ်စုကြီးမှတစ်ပါး အခြားမရှိချေပြီ။


“ သြော်...... ကိုမောင်မောင်ထွေးက ချောနုကို စိတ်ဝင်စားလို့လား ”

ဒေါ်စပ်စုကြီးက မျက်လုံးကြီးလှန်လျှက်မေးသည်ကို ကိုထွေး ဂရုမစိုက်နိုင်အားဘဲ ချောနုဟုသော နားဝင်ချိုမြိန်လှသည့် အမည်နာမလေးကို စိတ်တွင်းမှ တဖွဖွ ရေရွတ်နေမိသည်။ 


“ သူ့အကြောင်းသိချင်တာပါဗျာ...”

အမေးနှင့် အဖြေတို့၏ ကွာဟသွားသော အချိန်ကာလအပိုင်းအခြားနှင့်  မလုံမလဲ သုတ်တီးသုတ်ပြာဖြေသံတို့ကို ရိပ်မိ၍ထင့်...။ ဒေါ်စပ်စုကြီးက ငါးခူပြုံးလေးတစ်ချက်ပြုံးသည်။ 


“ချောနုက ကလေးတစ်ယောက်အမေ ကိုထွေးရေ။ သူ့ယောကျာ်းကတော့  ဆုံးသွားရှာပြီ။ ”

နေရာဒေသအတိအကျမသိရသော နှလုံးသား၏ တစ်ထောင့်တစ်နေရာမှ ဆစ်ခနဲ နာကျင်သွားမှုသည် ယင်းအား ကုစားရန် ဆေးမရှိတော့သည့်အလား ပြင်းထန်လွန်းလှသည်။ 


“ ဟင်.........ဒါဆို မနက်မနက် ကျောင်းလိုက်ပို့နေတဲ့ကလေးလေးက........”


“ အဲဒါ သူ့သားလေးလေ.............။ ကိုထွေးထင်မထားဘူးမို့လား..။ ဟင်းဟင်း ဟင်းဟင်း.....မေးဦးမယ်။ ချောနုအသက်ဘယ်လောက်လောက်ရှိမယ်ထင်လဲ”


“ကျွန်တော် အစကတော့ အစိတ်လောက်လို့ထင်တာပဲ ”


ဒေါ်စပ်စုကြီးက ဟက်ဟက်ပက်ပက်ရယ်လေသည်။ ပြီးတော့ သူ့ရှေ့က ပိုက်ဆံသေတ္တာလေးကိုလက်နှင့်ပုတ်ပြီး..........


“အမလေး........အဲဒါ သုံးဆယ့်ခွန်တော့....၊ သုံးဆယ့်ခွန်”


“ဟာ......ဟုတ်လို့လားဗျာ”


“အော်..........တော်ကကျုပ်ထက် သိဦးမလားတော့်”


ကိုထွေးအထင်တွေက ပါစင်အောင်လွဲချေပြီ။  ဒီလိုဆိုလျှင် သူမက ကိုထွေးထက်ပင် နှစ်နှစ်ခန့်ကြီးသေး၏ ။ သူ့ကိုကြည့်တော့ သုံးဆယ့်ခုနစ်နှစ်လို့ မထင်ရ။  မျက်နှာလေးက ဖူးရွနေသည်။  ခန္ဓာကိုယ်အချိုးအဆက်ကလည်း ဒီကလေးလေးကို ဘယ်လိုမွေးခဲ့သလဲဟု မေးရမလိုပင်။ သူမကိုကြည့်ရသည်မှာ ပန်းနုရောင်နှင်းဆီပွင့်လေးတစ်ပွင့် ကျက်သရေ ရှိစွာစွင့်စွင့်ကားကား လန်းတင့်ဝေဆာနေသည့်နှယ်။


****************************************


“ ဒီလထုတ် ရွှေအမြုတေရှိလားဟင်”


လေညင်းနုနုလေးတိုက်ခတ်လိုက်သည့်နှယ် ထွက်ပေါ်လာသော တိုးတိုးဖျဖျ အသံလေးကြောင့် စာအုပ်စာရင်းလုပ်နေသောကိုထွေး မော့ကြည့်လိုက်သည်။ 


ချောနု............................။


အဝေးက လှမ်းမြင်ရသည်ထက် သုံးဆလောက် ပိုမို လှပနေသော သူမကို ကိုထွေး စိုက်ငေးကြည့်နေမိသည်။  ပန်းနုရောင် ၀မ်းဆက်ဝတ်ထားပြီး ပန်းနုရောင်စကုပ်ကလေးကိုခေါင်းမှာကုပ်ထားသဖြင့်အပြောက်အစင်းကင်းသော နဖူးပြင်လေးက ပြောင်ဝင်းလျက်ရှိသည်။ လေအဝှေ့မှာ ဖြောင့်ဖြောင့်စင်းစင်းဆံကေသာတို့က ယီးလေးခိုလျက်။ ၀ိုင်းစက်ပြီး အရည်ရွှန်းလဲ့နေသည့် မျက်ဝန်းအစုံတို့က ကိုထွေးက ပြန်ကြည့်နေသည်။ ထိုအခါမှ ကိုထွေးအသိဝင်လာသည်။ 


“ဘာစာအုပ်လိုချင်လို့ပါလဲခင်ဗျာ...”


“ဒီလထုတ်ရွှေအမြုတေ ရှိလားလို့ပါ”


“သြော်.....ခဏနော်”


ကိုထွေးလက်က စားပွဲအံဆွဲကို အလိုလို ဆွဲဖွင့်မိလျက်သားဖြစ်သွားသည်။ စာအုပ်ကိုလက်ထဲ ကိုင်မိပြီးခါမှ ဆိုင်မှာ ဌားနေကျဖောက်သည် မရွှေမိချန်ထားခိုင်းသည်ကို သတိရလိုက်သည်။  ပြန်မရောက်သေးဘူးလို့ဘဲ ပြောလိုက်မယ်ဟု စိတ်ကူးရင်း စာအုပ်နောက်ကျော၌ အမှတ်စဉ်မှတ်ပြီး စာအုပ်ကလေးကို သူ့ထံကမ်းပေးလိုက်သည်။ 


“ အို............... ကျေးဇူးပါနော်..။ ဒါဆို ဒီစာအုပ်လေးဌားသွားဦးမယ်နော်။ ချောက ဒီဆိုင်မှာ တစ်ခါမှ မဌားဖူးဘူး။ အ၇င်ဌားနေကျဆိုင်က မရသေးလို့ လာဌားဖြစ်တာပါ။ အပေါင်ကြေးပေးခဲ့ရမလားဟင်”


“ရပါတယ် ..မပေးပါနဲ့ ။ ယူပါ.......အဲ......ဌားသွားပါ။ အိမ်လည်းနီးတာပဲ။ ဟိုဖက်တစ်ခြံကျော်က မို့လား”


“ဟုတ်ကဲ့..........နာမည်မှတ်လိုက်ဦးလေ”


“မချောနုနော်....”


“ရှင်”


သူ့နှုတ်ခမ်းအစုံဝိုင်းစက်သွားမှ ကိုထွေး ကိုယ့်အမှားကို ကိုယ်ပြန်သတိရသည်။

“သြော်......အိမ်ရှင်ဒေါ်ခင်လှမြင့်က ပြောထားတယ်လေ။ အိမ်နီးချင်းတွေလာဌားရင်ပေးလိုက်ပါလို့”

“သြော်....ဟုတ်ကဲ့ ၊ ကျေးဇူးပဲနော်”

စာအုပ်ကိုကိုင်ပြီး ချာခနဲ လှည့်ထွက်သွားသော သူမကိုကြည့်၇င်း ကိုထွေးမျက်လုံးထဲ လိပ်ပြာလေးတစ်ကောင်ဝဲပျံသွားသလို  မြင်ယောင်မိ၏။ အရောင်အသွေးစုံလင်စွာနှင့် လှလှပပ ကြွားကြွားရွားရွားရှိလှသော လိပ်ပြာလေးကိုကြည့်ရင်း ကိုထွေး သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။ ဘာကြောင့်မှန်းတော့ မသိပေ။

 ****************************************

“ကိုထွေးရယ်......သူ့တော့ စိတ်မကူးပါနဲ့လားဟယ်။ ပြီးတော့ သူကလည်း နင့်ကိုပြန်လက်ခံမှာ မဟုတ်ဘူးဟဲ့”

ဒေါ်ခင်လှမြင့်စကားက ကိုထွေးကို ထင့်ခနဲဖြစ်သွားစေသည်။ ကိုထွေးကို စော်ကားလိုက်ခြင်းပေလား။ သို့တည်းမဟုတ်..... ကိုထွေးမသိသေးသော သူမနှင့်ပတ်သတ်သည့် အကြောင်းတစ်စုံတစ်ရာကြောင့်ပေလော။ 

“ဘာလို့လဲ  အန်တီခင်၇ယ်”

ဒေါ်ခင်လှမြင့်က ကိုထွေးကို သနားသလိုကြည့်ပြီး 

“နင်တော်တော် စိတ်ဝင်စားနေပြီလား”

ကိုထွေး ဘာမှမဖြေလိုက်ပေ။ ဒေါ်ခင်လှမြင့်က သက်ပြင်းတစ်ချက်ချသည်။ ဦးသက်က ကိုထွေးဘေးနားဝင်ထိုင်ပြီး ကိုထွေးပခုံးကိုလှမ်းဖက်သည်။ 

“ငါ့တူရာ.......မင်းနှယ်၊ မင်းဆိုင်က ဖောက်သည် မရွှေမိကြီးကို မကြိုက်ဘူးလားကွ။ လူကလည်းကြည့်ပျော် ရှုပျော်။ ပြီးတော့ အထုပ်နဲ့ အထည်နဲ့”

“ဦးသက်ကလည်းဗျာ”

 “ငါတကယ်ပြောတာကွ ကိုထွေးရ။ ချောနုလေးက လှတာတော့ ငါလက်ခံပါတယ်။ ဒါပေမယ့်................”

ဦးသက်က စကားကိုဆက်မပြောဘဲ ဆေးလိပ်ကို တစ်ဖွာရှိုက်သည်။  

“ကဲ.............ငါပဲပြောပြပါ့မယ်ဟယ်။ ဒီလို .........ကိုထွေးရဲ့..............၊  ချောနုလေးက အေဖြစ်နေရှာတာဟဲ့”

လမ်းမပေါ် ငေးကြည့်နေသော ကိုထွေးခေါင်းက ဒေါ်ခင်လှမြင့်ဆီ အကြည့်ရောက်သွားသည်။ ဒေါ်ခင်လှမြင့်က မချိတင်ကဲမျက်နှာကြီးနှင့်ဆက်ပြောသည်။ 


“ သူ့ယောက်ျားဆီက ကူးတာလေ..။ ယောက်ျားလေးက သဘောင်္ လိုက်ရင်းဆိုတော့ မထိန်းသိမ်းနိုင်ခဲ့ဘူးနဲ့ တူပါတယ်ကွယ်။ ခုတော့ ချောနုလေးတင်မကဘူး။ ကလေးလေးမှာတောင် ရှိနေပြီပြောတယ်.။  သနားစရာပါကွယ်...”


ကိုထွေး စကားမပြောနိုင်တော့ပါ။  ဒေါ်ခင်လှမြင့်ကိုသာ ငေးကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ်ချနေမိတော့၏။ 


“ကိုထွေးရာ.........ဖူးစာမှန်ရင် တကယ်ဆုံရမှာပါကွာ၊ ချောနုကိုတော့..............”


ဦးသက်က စကားကိုဆုံးအောင်ဆက်မပြောပါ။ ကိုထွေးလည်း နားထောင်ချင်စိတ်မရှိပါ။ 


 ****************************************

“ကိုမောင်မောင်ထွေး   နေမကောင်းလို့လားဟင်”


“ကောင်းပါတယ်မချောနု ဘာဖြစ်လို့လဲ”


“မျက်နှာမကောင်းလို့ပါ။ ဒီမှာ စာအုပ်ဖိုး.။ ဒါက ကိုမောင်မောင်ထွေးဖို့ ဖိတ်စာ”


ချောနုက လက်တစ်ဝါးစာခန့်ရှိ ဖိတ်စာလေးတစ်စောင်ကို စားပွဲပေါ်ချပေးသည်။ 


“ဘာဖိတ်စာလဲဟင်“


ကိုထွေးက မေးရင်းနှင့် ဖိတ်စာကို ဖွင့်ဖတ်လိုက်သည်။ အပြာရောင် ဖိတ်စာကတ်ပြားလေးကို ဖတ်လိုက်၇သည်။ 


“လာမယ့် သောကြာ နေ့ဆို ချောအမျိုးသားဆုံးတာ ခြောက်နှစ်ပြည့်ပြီလေ”


ချောနု၏မျက်ဝန်းများထဲတွင် ကြေကွဲရိပ်ကလေးများစွန်းထင်းနေသည်ဟု ကိုထွေးထင်မိသည်။ ကိုထွေး သူ့ကိုကြည့်နေသည်ကိုမြင်သောအခါ  ခပ်ဖျော့ဖျော့ ပြုံးလေ၏။ 


ကိုထွေးစိတ်ထဲ ချောနုကိုကြည့်ရတာ အားမရ။ လွန်ခဲ့သည့်တစ်ခန့်.၊ ကိုထွေးနှင့်စတွေ့စဉ် အချိန်တုန်းကနှင့် မတူတော့။ တွေးရင်းနှင့်မှ ဒေါ်ခင်လှမြင့်ပြောခဲ့သောစကားများကို  ဖျတ်ခနဲ သတိရမိသည်။ 


သြော်...........သူ့ခမျာ၊  သနားစရာ။ 


“သွားဦးမယ်နော်”


လှုပ်လှုပ်လဲ့လဲ့ဖြင့် ဆိုင်ထဲမှ ထွက်ခွာသွားသော ချောနုကိုကြည့်ပြီး ကိုထွေး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဘာကြောင့်မှန်းတော့ ကိုထွေး မဝေခွဲတတ်ချေ။ 


 ****************************************

ကိုထွေးအဖို့ နှလုံးသားလမ်းကြောင်းတွင် ကျွန်းခံနေသည်ဟု ပြောရမည်။ ကိုထွေး အသက်လေးဆယ်ကျော်လာသည်အထိ အိမ်ထောင်မကျသောကြောင့်ဖြစ်သည်။ 

မျှော်လင့်ရင်ခုန်ခဲ့ရသော နုနုရွရွလှလှပပ ပန်းကလေးတစ်ပွင့် ဝေဆာပွင့်လန်းနေရာမှ နွမ်းခြောက်ပြီး အသရေ ကင်းမဲ့ကာ ကြွေလွင့်သွားသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၍လားတော့မသိပေ။ ချောနုဆုံးပါးသွားသည့်နောက်ပိုင်း ဒေါ်ခင်လှမြင့်တို့က အပျိုကြီး မရွှေမိနှင့်  စပ်ပေးသည်ကိုပင် အလိမ္မာနှင့်ငြင်းဆန်ခဲ့သည်မှာ ချောနုမှလွဲ၍မည်သူ့ကိုမှ မေတ္တာမမျှချင်၍သော်လည်းကောင်း၊ မိန်းမသားတစ်ယောက်အား အချစ်မပါဘဲ ကာမတဏှာအလိုအရသာ  အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းဆက်ဆံခြင်းမပြုလိုသော ယောက်ျားကောင်း ၊ယောကျာ်းမြတ်တို့၏ ဂုဏ်ကို ထိန်းသိမ်းသည့် သဘောအနေနှင့်သော်လည်းကောင်း     အခြားအဘယ်အကြောင်းများကြော င့်ဆိုသည်ကတော့ ကိုထွေးမှသာ သိပေလိမ့်မည်။ 


လက်ရှိမှာတော့ ကိုထွေးသည် တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေဆဲပဲဖြစ်ပါသည်။




ဝေမိုးနိုင်(မုံရွာ)

12 comments:

  1. ဘယ်လိုအကြောင်းများကြောင့်လဲ ကိုထွေးရယ် ပြောပြပါ့လား
    အားပေးခဲ့ပါတယ်

    ReplyDelete
  2. သြော် ..ကိုထွေးနှယ်... ဖြစ်ရလေ...

    ReplyDelete
  3. ကိုထွေးရယ် အချစ်ကံခေလှချည်လား..

    ReplyDelete
  4. ဆရာရေ...
    လာအားပေးသွားပါတယ်။
    လူပျိုကြီးကလည်း သူ့ အပူနဲ့ ပါလားလို့ သိလိုက်ရပါတယ်ခင်ဗျာ...
    ထော်ဦး

    ReplyDelete
  5. ကိုယ်တိုင်ခံစားပြီးဖတ်သွားတယ်ဗျာ... ကြိုက်ပါတယ်

    ReplyDelete
  6. လူပျိုကြီးကလည်း ဆုံးသွားတဲ့ မိန်းခလေးကိုမှ အချစ်ပိုနေရှာတာကိုး..
    အချစ်ဆိုတာလည်း နားလည်ရ အခက်သားဆိုတော့ လူပျိုကြီး မိန်းမမယူတာ အပြစ်မပြောတော့ပါဘူးလေ...
    စွဲလန်းစိတ်ကြောင့် ချောနုကို မေ့မရနိုင်တာ ဖြစ်မှာ..
    စိတ်တော့မကောင်းစရာပေမဲ့ ဖတ်လို့ကောင်းတယ်

    ReplyDelete
  7. ဖတ်လို့ကောင်းတယ်ဗျာ.... အချစ်ဆိုတာလေးကို ပါးပါးလေးပုံဖော်ပြသွားတယ်.... ချစ်တယ်ဆိုတာ ဘာပေတံနဲ့မှ တွက်စရာမလိုပဲ ရင်ထဲအရှိတိုင်း လက်ခံတာပါ.... ကိုထွေး သနားပါတယ်ဗျာ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  8. မန့်တာစီဘောက်နဲ့မှားမန့်မိလို့ စီဘောက်ထဲဝင်သွားဘီး))
    အဲလို အဲလို

    ReplyDelete
  9. ဝတ္တုတိုလေး လာဖတ်သွားတယ် မောင်လေး။
    ဝတ္တုလေးက ကောင်းတယ်။

    ခင်တဲ့
    မြတ်

    ReplyDelete
  10. ကိုထွေးရဲ့ အချစ်က သန့်စင်စွာနဲ့ တွယ်မက်တတ်တဲ့ အချစ်မျိုးပါ...။

    ReplyDelete
  11. ကိုထွေးနဲ့ချောနုလေး လာဖတ်သွားတယ်ညီရေ.....စိတ်မကောင်းစရာဘဲ.....

    ReplyDelete
  12. အလွမ်းတော့ ဒီနေ့ ဒီလင့်လေးဝင်မိတာ မှန်သွားပီ။
    ဝတ္တုတိုလေးတွေဖတ်ပြီး အချိန်ကုန်စေမိတယ်။
    ဖတ်လို့ကောင်းလို့ မန့်သွားတယ်
    အားပေးနေမယ်။
    လင့်လည်းချိတ်သွားတယ်


    ခင်မင်တဲ့
    အလွမ်း

    ReplyDelete