Saturday, February 25, 2012

တံငါနားနီးတံငါ

ပန်းချီဆရာ ဇော်မောင်၏ သရုပ်ဖော်ပုံ

မြန်မာ နိုင်ငံဟာ ရှေးအစဉ် အဆက် ကတည်းက ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်  ပြုခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာ နိုင်ငံမှာ မိမိတို့ရဲ့ ဘာသာ တရားကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိတာမို့ အခြား ဘာသာဝင် များစွာဟာလည်း မှီတင်း နေထိုင်ကြပါတယ်။

ကျွန်တော်ဟာ အစ္စလာမ် ဘာသာဝင် တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်ဟာ မိရိုးဖလာ ကိုးကွယ်မှု ဖြစ်လို့ ကိုးကွယ်တဲ့ အဆင့်ထက် မပိုခဲ့ပါဘူး။ ကျွန်တော့် အသက် ၁၂ နှစ်ကျော်လာတဲ့အထိ ဘာသာရေးကို စိုက်လိုက်မတ်မတ် လေ့လာ လိုက်စားမှု မရှိခဲ့ပါ။ မဖြစ်မနေ တတ်ထားသင့်တဲ့ ဘုရားစာ အချို့ကလွဲလို့ နေ့စဉ် ဘုရား ၀တ်ပြုခြင်းကိုပင် ကျွန်တော် မတတ်ကျွမ်းခဲ့။

ကျွန်တော်တို့ ဘာသာအရ တစ်နေ့ကို ငါးကြိမ် ဘုရား ၀တ်ပြုပါတယ်။ ဒါဟာ မဖြစ်မနေ ဆောင်ရွက်ရမယ့် ၀တ္တရား တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်က စနစ်တကျ ဆောင်ရွက်ခြင်း မရှိခဲ့။ မတတ်ခဲ့။ ရှေ့ဆောင်ဆရာရဲ့ နောက်ကနေ သူဝတ်ပြုတဲ့ အတိုင်းသာ လိုက်လုပ် နေခဲ့ပါ တယ်။

ငယ်စဉ်က ဘုရား ၀တ်ပြုသင့်ပေမယ့် ကျောင်းသင် ပညာရေးကို ဂရုစိုက် ရတာရယ်၊ ကိုယ်ကိုယ်တိုင်ကလည်း စိတ်မ၀င်စားတာ ရယ်ကြောင့် ဆုံးခန်းတိုင်အောင် မသင် ယူခဲ့ပါ။ မေမေကလည်း အလုပ် တစ်ဖက်နဲ့ ဆိုတော့ ကျွန်တော့်ကို မကြပ်မတ်နိုင်ခဲ့။ ဒီတော့ ကျွန်တော်ဟာ ဘာသာရေးပိုင်းမှာ အတော်လေးကို အားနည်းခဲ့ပါတယ်။

အစ္စလာမ် ဘာသာမှာ အသက် ၁၀ နှစ်ကျော်တဲ့ အထိ ဘုရားဝတ် မပြုတတ်ရင် အပြစ် ရှိပါတယ်။ ကာယကံရှင် သာမက သူ့ရဲ့မိဘတွေမှာပါ အပြစ်ရှိတယ်။ ဒါပေမဲ့လည်း ကျွန်တော်ဟာ ဘာသာရေးနဲ့ အလှမ်း ဝေးနေခဲ့ပါတယ်။

၂၀၀၈ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ညက မန္တလေးတိုင်း၊ သာစည်မြို့မှာ နေတဲ့ ကျွန်တော်တို့ ဦးလေးတစ်ယောက် ဆုံးတယ်လို့ ဖုန်းသတင်း ရလို့ ကျွန်တော်တို့ မိသားစုဝင်တွေ သာစည်ကို သွားရပါတယ်။ သာစည်မြို့ဟာ အစ္စလာမ် ဘာသာဝင် လေးပုံ တစ်ပုံလောက် ရှိတဲ့ မြို့ပါ။ ဒီမြို့ကို မကြာခဏ ရောက်ပေမယ့် သာစည်မြို့ရဲ့ သာရေးနာရေး ဆောင်ရွက်မှုတွေကို ဒီတစ်ခေါက်မှပဲ သိခွင့်ရခဲ့ပါတယ်။

ကျွန်တော်တို့ အစ္စလာမ်ဘာသာ ထုံးစံအရ လူတစ်ယောက် ကွယ်လွန်ရင် အဲဒီအိမ်မှာ ၃ ရက် အတွင်း မီးမမွှေးရပါဘူး။ အပူမီးကို ငြှိမ်းသတ်ထားတဲ့ သဘောပါ။ ဒီတော့ အခြား အစ္စလာမ် ဘာသာဝင်တွေက စားစရာတွေကို ပေးပို့ကြပြီး ကုသိုလ် ယူကြပါတယ်။ အစ္စလာမ် ဘာသာဝင်တွေသာမက ခင်မင် ရင်းနှီးသူ၊ အိမ်နီးချင်း ဗုဒ္ဓ ဘာသာဝင် တချို့ကလည်း စားသောက်ဖွယ်ရာ များ ပေးပို့ကြပါတယ်။ ဒီမှာ အံ့သြစရာ ကောင်းလောက်အောင် လူတွေရဲ့ သဒ္ဓါ တရားကို တွေ့ရပါတယ်။

ကျွန်တော်ကတော့ ဒီလို ဘာသာရေး အသိုက်အ၀န်းကြီးကို ရင်းရင်းနှီးနှီး တွေ့ရတော့ ထူးဆန်းနေပါတယ်။ သေသူကို မြှုပ်နှံပြီးနောက် နေအိမ်မှာ မန်ကျည်းစေ့(သို့)တည်စေ့တွေနဲ့ သေသူအတွက် စုပေါင်း ပုတီးစိပ်ကြပါတယ်။ အစ္စလာမ် ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတွေက လာရောက် ပုတီးစိပ်ပေးကြပါတယ်။ ဒါ့အပြင် ဘာသာရေး ရှေ့ဆောင်ဆရာများနဲ့ မိဘမဲ့ ကလေးများ၊ ဘာသာရေး စာသင်ကျောင်းမှ ကျောင်းသားလေးများကလည်း လာရောက်ပြီး ကျမ်းစာရွတ် ဖတ်ကြပါ တယ်။

သာစည်မှာနေခဲ့တဲ့ ကာလတစ်လျှောက် ကျွန်တော့်မှာ အံ့သြ နေရပါတယ်။ ဒီလို ဘာသာရေး လှုပ်ရှားမှုကြီးကို မြင်ရလို့ပါ။ မုံရွာမှာဆို ကျွန်တော်တို့ နေတဲ့ ရပ်ကွက်က အစ္စလာမ် အသိုက်အ၀န်း မဟုတ်တော့ ဘာသာရေးနဲ့ ပတ်သက်ပြီး နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး မရှိခဲ့ပါ။ သာစည်မှာ ဘာသာရေး လှုပ်ရှားမှုတွေကြား နေလိုက်ရတဲ့ ခဏဟာ ကျွန်တော့်အတွက် အတော်ကြီးကို ကောင်းသွားခဲ့ပါတယ်။

မုံရွာ ပြန်ရောက်တော့ မေမေ့ကို ကျွန်တော် ပြောမိတဲ့ စကားက ဘုရားဝတ် ပြုသင်ချင်တယ် ဆိုတာပါပဲ။ ဒါနဲ့ မေမေကလည်း ကျွန်တော့် ဆန္ဒကို ၀မ်းသာ အားရ ဖြည့်ဆည်း ပေးခဲ့ပါတယ်။ အိမ်ကို ဘာသာရေး ရှေ့ဆောင်ဆရာ ခေါ်ပြီး ဘုရား ၀တ်ပြု သင်ခဲ့ပါတယ်။ သိပ်မကြာပါဘူး။ တစ်လလောက် နေတော့ ကျွန်တော် ကောင်းကောင်းကြီး ဘုရားဝတ် ပြုတတ်သွားပါပြီ။ အရေးကြီးတဲ့ မဖြစ်မနေ သိထား တတ်ထားသင့်တဲ့ ဘုရားစာများ၊ ဘာသာရေး အဆုံး အမများသာမက ဘာသာရေး လုပ်ရမယ် ဆိုတဲ့ အသိပါ ကျွန်တော့် ခေါင်းထဲ ၀င်လာခဲ့ပါတယ်။

ဘယ်ဘာသာမှာ မဆို လူငယ်အများစု (ကျွန်တော့်လို လူငယ်များ)ဟာ ဘာသာရေးနဲ့ အလှမ်း ဝေးနေတတ်ပါတယ်။ ဘာကြောင့်ဒီလို ဖြစ်ရတာလဲဆိုရင် (ကျွန်တော့် အမြင်တော့) ပတ်ဝန်းကျင်ကြောင့်ပါပဲ။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တွေဟာ ဘာသာရေးကို အဓိက မထားတော့ပါဘူး။ အဓိက ထားသည့်တိုင် မထားသေးတဲ့ သူကို ထားအောင် လုပ်ပေးချင်တဲ့စိတ် မရှိကြပါဘူး။ ဒါကြောင့်မို့ ပတ်ဝန်းကျင်ဟာ အရေး ပါတယ်လို့ ဆိုရခြင်းပါ။

ကျွန်တော်နေ့စဉ် စာသင်ကျောင်းတွေမှာ တွေ့ရပါတယ်။ မနက်ခင်း ဘုရား ရှိခိုးနေချိန်မှာ အချိန်မရွေး ပြောလို့ရတဲ့ အာလာပ သလ္လာပ စကားတွေပြောပြီး ဘာသာရေးကို လျစ်လျူရှုနေ ကြပါတယ်။ ဒီလိုပဲ ကျွန်တော် အစ္စလာမ်တွေရဲ့ ဗလီ (ဘုရားဝတ်ပြုကျောင်း)တွေမှာ ဘုရားဝတ် ပြုနေ သူများကို အနှောင့် အယှက်ပေး၊ မိမိ ကိုယ်တိုင်လည်း ထိထိရောက်ရောက် ဘုရားဝတ် မပြုတဲ့ သူတွေကို မြင်နေရဆဲပါ။ ဒါတွေဟာ သက်ဆိုင်ရာ ဘာသာအသီးသီးအတွက် အနုတ် လက္ခဏာကို ဆောင်နေတာပါပဲ။ ဒီလို လူတွေဟာ အများအားဖြင့် လူငယ်တွေပဲ ဖြစ်နေတာကို စိတ်မကောင်းစွာ သိရပြန်ပါတယ်။

ကျွန်တော်တို့ မြို့မှာ ရဟန်းသံဃာများရဲ့ တရားပွဲများကို ဗုဒ္ဓဘာသာဝင်တွေရဲ့ လှုပ်ရှားမှု အဖြစ် မကြာခဏတွေ့နေရပါတယ်။ ဒါ့အပြင် အခါကြီး ရက်ကြီးကာလ(အများအားဖြင့်သင်္ကြန်) တွေမှာ ရေကစား သူတို့ ကစားသလို အချို့ ကလည်း တရား စခန်းများ ၀င်ပြီး တရား ဘာဝနာ အားထုတ်ကြပါတယ်။ ဒီလို ဘုရားအလုပ်၊ တရား အလုပ် လုပ်ကြသူတွေထဲမှာ ကျွန်တော်တို့ လူငယ် တွေဟာ အနည်းငယ်မျှသာ တွေ့ရတတ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ လူငယ် ဖူးငုံများ ခင်ဗျား။ မိမိ ကံကြမ္မာ၊ မိမိသက်တမ်းကို မသိနိုင်တဲ့ လူသားတွေဟာ လောကီသာမက လောကုတ္တရာ တရားများကို အခါအခွင့် သင့်တိုင်း လေ့လာ လိုက်စားပြီး နှလုံး သွင်းနိုင်ကြမယ် ဆိုရင် လူ့ဘ၀ကြီးထဲ လာရကျိုး နပ်ပါလိမ့်မယ် ဆိုတာကို ကျွန်တော့် အတွေ့အကြုံလေးနဲ့ ယှဉ်ပြီး ပြောပြ လိုက်ပါတယ် ခင်ဗျာ။

ဝေမိုးနိုင်၊မုံရွာ၊
(ဖူးငုံဆယ်ကျော်သက် (Teen) မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

1 comment:

  1. လေ့လာသွားပါတယ်.. ခင်ဗျာ.။

    ReplyDelete