Monday, February 13, 2012

ပြောမယုံ ကြုံဖူးမှသိ

လူ့ဘ၀၌ ကျင်လည် ဖြတ်သန်းရာတွင်အကျိုးတရားအမျိုးမျိုး၊ အကြောင်းတရားအထွေထွေ၊ အတွေ့အကြုံအဖုံဖုံ၊ အဖြစ်အပျက်မျိုးစုံကို လူတိုင်းရင်ဆိုင်ကြုံတွေ့ခဲ့ဖူးမည်ပင်။ ထိုအထဲမှ ဖြစ်ရပ်အချို့သည် တစ်ပါးသူကပြန်လည် ဖောက်သည်ချသောအခါ မယုံကြည်နိုင်ပေ။ သို့သော်...မိမိကိုယ်တိုင် ကြုံတွေ့လာရသည့်အခါတွင်မူ သည်းထိတ်ရင်ဖိုဖြစ်ရသည်လည်းရှိ၏။ အတိုင်းမသိ ၀မ်းသာပျော်ရွှင်ရသည်လည်း ရှိ၏။ ကျွန်တော်သည်လည်း အခြားသူက ကျွန်တော့်အားလာရောက်ပြောပြလျှင် မယုံနိုင်လောက်သော ဖြစ်ရပ်တစ်ခုနှင့် ကြုံဆုံခဲ့ရဖူးပါသည်။
 
@@@@@@@@@@@@@@@
ကျွန်တော်သည်ငယ်စဉ်ကတည်းကစာအုပ်စာပေ၌ မွေ့လျော်တတ်သော နှလုံးသားနှင့်  ကြီးပြင်းခဲ့ရသည်။ မေမေသည် ကျွန်တော့်အား စာဖတ်ခြင်းကို အလေ့အထုံတစ်ရပ်အနေဖြင့် မွေးမြူတတ်စေရန် ပျိုးထောင်ပေးခဲ့သည်။ ကျွန်တော်တို့တွင် သားအမိနှစ်ယောက်တည်း ရှိသည့်အတွက် မေမေ အလုပ်သွားလျှင် ကျွန်တော်က အိမ်၌ တစ်ဦးတည်း ကျန်ရစ်လေ့ရှိသည်။ ထိုအချိန်များတွင် ကျွန်တော် အပျင်းပြေစေရန် မေမေက ကာတွန်းစာအုပ်လေးများ ၀ယ်ယူပေးကာ ဖတ်ရှုစေခဲ့သည်။ စကားလုံးများကို ပေါင်း၍မဖတ်တတ်စဉ်ကပင် ရုပ်ပုံလေးများကိုကြည့်ရင်း စာအုပ်လှန်ရသည့် အကျင့်ကို စွဲလာခဲ့သည်။ စာလုံးများကို ပေါင်း၍ဖတ်တတ်လာသောအခါ စာနှင့်ရုပ်ပုံတွဲကြည့်ကာ ကာတွန်းဇာတ်လမ်းလေးများကို နားလည်လာရသည်။

တဖြည်းဖြည်း အသက်အရွယ်ရလာသောအခါ ကာတွန်းစာအုပ်များမှ တစ်ဆင့်တက်ကာ ၀တ္ထုစာအုပ်များ ဖတ်လာခဲ့သည်။ ကျွန်တော် ၀တ္ထုစဖတ်ဖြစ်တော့ တတိယတန်းကျောင်းသားအရွယ်ကဖြစ်သည်။ ကျွန်တော်၏ စာအုပ်စာပေဖတ်ရှုမှု ၀ါသနာကို လူများစုဖြစ်လေ့ဖြစ်ထရှိသည့် ထုံးစံအတိုင်း အပျော်ဖတ်အချစ်ဝတ္ထုများမှ စတင်ခဲ့ရသည်။ ဤသည်မှာ သဘာဝကျပါသည်။ စာဖတ်သူတွေ အလုအယက်ဌားရမ်းဖတ်ရှုနေကြသောဝတ္ထုများကို  စိတ်ဝင်စားမှုဖြင့် ဖတ်ရှုကြည့်ဖြစ်သည်။ ကျွန်တော်မဖတ်ဖူးသော အကြောင်းအရာမျိုးမို့ နှစ်သက်မိသည်။ ထို့နောက် အချစ်ဝတ္ထုပေါင်း မြောက်မြားစွာကို ဖတ်ရှုဖြစ်ခဲ့သည်။

ကျွန်တော်ငါးတန်းကျောင်းသားအရွယ်တွင် မေမေသည် ကျွန်တော့်အားစာအုပ်တစ်အုပ်ပေးလာခဲ့သည်။ ကျွန်တော်ဖတ်ဖို့ ၀ယ်လာတာဟုဆိုသည်။ စာအုပ်မျက်နှာဖုံးတွင် လွယ်အိတ်ပိုက်ထားသော ကလေးငယ်တစ်ယောက် မျက်ရည်ကျနေပုံကို သရုပ်ဖော်ထားသည်။ စာရေးသူမှာ မစန္ဒာ။  စာအုပ်အမည်က ကွက်လပ်ကလေးဖြည့်ပေးပါ။

ထိုဝတ္ထုကို စဖတ်သည့်အချိန်မှစ၍ ကျွန်တော်သတိထားမိသည်မှာ ယခင်က ကျွန်တော် ဖတ်ဖူးခဲ့သော အချစ်ဝတ္ထုများနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေခြင်းပင်။ သို့သော် ကလေးအမြင်၊ ကလေးအတွေးများကို တင်ပြထားသည်မှာလည်းတော်တော်စိတ်ဝင်စားစရာကောင်းပါသည်။ ထိုဝတ္ထုကို ကျွန်တော် အစမှ အဆုံးတိုင် တစ်ထိုင်တည်း ဖတ်ဖြစ်ခဲ့သည်။ ဖတ်ပြီးလျှင်ပြီးချင်း ကျွန်တော့်ရင်ထဲတွင် ယခင်က ဖတ်ဖူးခဲ့သောအချစ်ဝတ္ထုများမှ ပေးသောခံစားမှုနှင့်မတူညီ၊ ကွဲပြားသည့် ခံစားမှုမျိုးကို ခံစားလိုက်ရသည်။

အချစ်ဝတ္ထုပေါင်းများစွာကို ဖတ်ဖြစ်ခဲ့သဖြင့် ဖန်တရာတေနေပြီဖြစ်သော  ချစ်ကြိုက်ကွဲညားဝတ္ထုများကို ကျွန်တော့်မသိစိတ်က ရိုးအီနေပြီဖြစ်ရာ ထိုဇာတ်လမ်းများနှင့်မတူသည့် ၀တ္ထုလေးက ကျွန်တော့်နှလုံးအိမ်ကို ငြိတွယ်စေသည်။ ဒီလို ၀တ္ထုမျိုးတွေလည်း ရှိသေးပါလားဟူသောအသိဖြင့် အပျော်ဖတ်အချစ်ဝတ္ထုစာအုပ်စင်မှသည် ဘ၀သရုပ်ဖော်ဝတ္ထုစာအုပ်စင်ဆီသို့ ကူးပြောင်းခဲ့ပါသည်။ ထိုသို့ ကူးပြောင်းရာတွင် မေမေသည် ကျွန်တော့်အား ဒီစာအုပ်ကို အရင်ဖတ်၊ ဒါကိုမဖတ်နဲ့ဦး၊ ဒါကနောက်မှဖတ်၊ စသဖြင့် လမ်းညွှန်မှုများပေးခဲ့သည်။ မေမေ့လမ်းညွှန်မှုဖြင့် ကျွန်တော်သည် စာအုပ်များကို ကိုယ်တိုင် ရွေးချယ်ဖတ်ရှုလာနိုင်ခဲ့သည်။

မစန္ဒာ ၊ မိုးမိုး(အင်းလျား)၊ စမ်းစမ်းနွဲ့ (သာယာဝတီ) ၊ ဂျူး၊ ခင်ဆွေဦး၊ ခင်နှင်းယု၊ မင်းလူ၊ မောင်သာရ၊ ချစ်ဦးညို၊ တက္ကသိုလ်ဘုန်းနိုင်၊ မြသန်းတင့် စသဖြင့် ဖတ်ရှုလာခဲ့ရာ ဘာသာပြန်ဝတ္ထုတချို့ကိုပင် ဖတ်ရှုလာနိုင်ခဲ့သည်။ သို့သော်လည်း စစ်နှင့် ငြိမ်းချမ်းရေး ကဲ့သို့ ၀တ္ထုမျိုး၊ လေရူးသုန်သုန် ကဲ့သို့ ၀တ္ထုများကိုမူကား အသက်ဆယ်နှစ်၊ ဆယ့်တစ်နှစ်အရွယ် ကျွန်တော်၏ဦးနှောက်က လက်မခံနိုင်သေးသဖြင့် ဖတ်ရှုရန် မစွမ်းသာခဲ့။

ဘ၀သရုပ်ဖော် ၀တ္ထုတော်တော်များများကို ဖတ်ရှုခဲ့ပြီးနောက် မေမေသည် ကျွန်တော့်အား တစ်ဆင့်တက်၍ မဂ်ဂဇင်းစာအုပ်များပေးလာခဲ့သည်။ ထိုအချိန်က မှတ်မှတ်ရရ ကျွန်တော် ခုနှစ်တန်းကျောင်းသားအရွယ်။

မေမေပေးလာသော မဂ္ဂဇင်း စာအုပ်များကို ဖတ်ရှုကြည့်ရင်းမှ ၀တ္ထုတိုများကို ကျွန်တော်နှစ်ခြိုက်လာသည်။ တိုတို ရှင်းရှင်းနှင့် ပြောလိုသည်၊ သိစေလိုသည်များကို ထိထိမိမိရေးဖွဲ့ထားသည့် ၀တ္ထုတိုများက ကျွန်တော့်အာရုံကို များစွာဖမ်းစားနိုင်လေသည်။ သည့်နောက်ပိုင်းတွင် ကျွန်တော်သည် ၀တ္ထုတိုများကိုသာ မက်မက်စက်စက် ရှာဖွေ ဖတ်ရှုဖြစ်ခဲ့ပါသည်။ မဂ္ဂဇင်းများတွင် ဖော်ပြပါရှိသောဝတ္ထုတိုများကိုဖတ်ရုံနှင့် အားမရသောအခါ ၀တ္ထုတိုပေါင်းချုပ်များကိုပါ ရှာဖွေ ဖတ်ရှုခဲ့သည်။

ဝတ္ထုတိုများကို ဖတ်ရင်း ၀တ္ထုတို စာရေးသူများကို သဘောကျလာသည်။ ဘာမှမဟုတ်သည့် အကြောင်းအရာလေးများကို သူတို့၏ ၀တ္ထုအနုပညာဖြင့် သီကုံးခြယ်မှုန်းထားကြသည်မှာ  ဖတ်ရှု၍မ၀နိုင်အောင်ပင်။ ထိုဖတ်မ၀၊ ရှုမငြီးသည့်ဝတ္ထုတိုအလှအပများကို ဖတ်ရှုရင်း ကိုယ့်ပတ်ဝန်းကျင်မှ မြင်ရ၊ တွေ့ရ၊ ကြုံရ၊ ဆုံရသည်များကိုဝတ္ထုအဖြစ် ဖွဲ့သီချင်လာမိသည်။ ဤနေ၇ာတွင် လူထုထဲသို့ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိနိုင်မည့် ၀တ္ထုတိုများကိုသာ ကျွန်တော်ရွေးချယ်ခဲ့ပါသည်။

ကျွန်တော် ၀တ္ထုရေးချင်သည့် အဓိကအချက်မှာ စာဖတ်သူပြည်သူလူထုအား ပြည်သူလူထုအကြောင်းကိုပင် မျှဝေတင်ပြလို၍ဖြစ်သည်.။ လူထုထံသို့ ကျွန်တော် တင်ပြချင်သည့် အကြောင်းအရာများကို ၀တ္ထုတိုများအသွင် ပုံတူကူးယူပြီး မဂ္ဂဇင်းအချို့ကို ပို့ဖြစ်ခဲ့သည်။

ခေါင်းထဲတွင် အဆင်သင့် ရှိနေသော ဇာတ်လမ်းများကို ဒိုင်းဒိုင်း၊ ဒိုင်းဒိုင်းနှင့် ခုနှစ်ပုဒ်ခန့် ရေးပို့ဖြစ်ခဲ့သည်။ ခုနှစ်ပုဒ်ရေးပြီးသောအခါ ကျွန်တော့်တွင် ရေးစရာဇာတ်လမ်းမရှိတော့ပေ။ ရက်အတန်ကြာစဉ်းစားသော်ငြား ပေါ်မလာ။ တစ်ရက် ကျွန်တော်ကျောင်းသွားရင်း ရေးစရာဇာတ်လမ်းရခဲ့သည်.။ ထိုနေ့နံနက်က ကျွန်တော်သည် ပုံမှန်အတိုင်း အဖြူအစိမ်းဝတ်၊ လွယ်အိတ်ကလေးလွယ်ကာ စက်ဘီးလေးကိုစီးလျက် ကျောင်းသို့ သွားခဲ့ပါသည်။ လမ်းခုလတ်တစ်နေရာအရောက် စကားသံများကြားရသည်။ သေသေချာချာ နားစိုက်ထောင်သောအခါ မိန်းမတစ်ယောက်၏အသံ ။ဘာတွေပြောနေမှန်းလည်းမသဲကွဲပေ။ စကားလုံးတစ်လုံးနှင့် တစ်လုံး ၊ ၀ါကျ တစ်ကြောင်းနှင့် တစ်ကြောင်း အဆက်အစပ်မရှိ။

သို့နှင့် အသံက တစ်ဖြည်းဖြည်း နီးသည်ထက်နီးကပ်လာသည်။ ကျွန်တော်လည်း တောင်ကြည့်၊ မြောက်ကြည့်လျှောက်ကြည့်ရင်းမှ အသံရှင်ကို တွေ့ရသည်။ သံဆန်ကာများတပ်ထားသော အိမ်တစ်အိမ်အတွင်းရှိ  ထိုင်ခုံတစ်ခုံပေါ်၌ ထိုင်နေသော သနပ်ခါးဘဲကြားရိုက်နှင့် အသက် လေးဆယ်ကျော်ခန့် ရှိမည့် အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ နှုတ်ခမ်းနီများ ရဲပတောင်းခတ်နေအောင် ဆိုးထားသည်။ မျက်လုံးများက တစ်နေရာတည်းကို စိုက်ကြည့်နေသည်.။ သူ့ပုံစံကိုကြည့်လိုက်သည်နှင့် ကျွန်တော်သည် သူဘာလဲဆိုတာ သိသွားသည်။ ထို့နောက် ကျွန်တော် ကျောင်းဆက်သွားသည်။

ထိုရက်နောက်ပိုင်း ကျွန်တော်ကျောင်းသွားတိုင်း သူမကို ဂရုပြုမိလာသည်။ နေ့စဉ်လိုလို မြင်တွေ့နေရသောအခါ သူ့အကြောင်းကို စိတ်ဝင်စားလာသည်။ တစ်ရက် စကားစပ်မိပြီး သူ့အကြောင်း ကျွန်တော့်အစ်မ၀မ်းကွဲတစ်ယောက်အား ပြောပြဖြစ်ရာမှ ကျွန်တော့်အစ်မက သူ့အကြောင်းဖောက်သည်ချတော့သည်။  သူ့နာမည်က ချစ်ချစ်၊  အသက်က လေးဆယ်ခန့် ရှိပြီ ဖြစ်သည်။သို့သော် သူမက ဦးနှောက်ဥာဏ်၇ည်မပြည့်ဝရှာ။

ကျွန်တော်က စာရေးရန် အကြောင်းအရာရှာနေချိန်တွင် ချစ်ချစ်အကြောင်းက ကျွန်တော့်အား စာရေးရန် ညှို့ငင်လေသည်။

ပထမ ကျွန်တော်ရေးလိုက်သည်က မောင်နှမသုံးယောက်။ အစ်ကိုနှစ်ယောက်နှင့် ချစ်ချစ်။ စိတ်ပြည့်သောအစ်ကို နှစ်ယောက်ကမိဘကို မသိတတ်ဘဲ စိတ်မူမမှန်သူ ချစ်ချစ်က မိဘကို ရိုသေ သိတတ်သည့် အကြောင်း ရေးလိုက်သည်။ ရေးပြီး ကိုယ့်ဖာသာ ပြန်ဖတ်ကာ စိတ်တိုင်းမကျ။ ဇာတ်လမ်းကို ဘ၀င်မကျ။ သူတကာတွေ ရေးဖူးပြီးသော၊ ဖန်တစ်ရာတေနေသော ဇာတ်လမ်းမျိုးဟု သုံးသပ်မိပြီး ဇာတ်လမ်းပြင်ဖို့ စိတ်ကူးသည်။

ဤနေရာတွင် ကျွန်တော် အချက်တစ်ချက် စဥ်းစားမိသည်.။

အချစ်.........................။

ဟုတ်သည်။ ချစ်ချစ်လို လူမျိုးမှာရော အချစ်မရှိနိုင်ဘူးလား။ ရှိနိုင်သည်ဟု ကျွန်တော်မြင်သည်.။ ထို့ကြောင့် ချစ်ချစ်အကြောင်းကို အချစ်ဝတ္ထုရေးရန်ဆုံးဖြတ်သည်။ ဟုတ်ပြီ။ အချစ်ဝတ္ထုအနေနှင့် ရေးတော့ ချစ်ချစ်ကို မည်သူက လာကြိုက်မည်နည်း။  ကြိုက်မည့်သူကတော့ ရှိမှာမဟုတ်။ ဒါပေမယ့် ချစ်ချစ်ကရော မကြိုက်နိုင်ဘူးလား။ ဒါကလည်း စိတ်မူမမှန်သူဆိုတော့ တပ်အပ်မပြောနိုင်။ ဒါဖြင့် ဘယ်လိုရေးရမလဲ။

ဇာတ်ကောင်တွေ့ပါလျက် ဇာတ်လမ်းမတွေ့သဖြင့် စဉ်းစားရသည်ကပင် တော်တော်ကြာသည်။ တစ်၇က်ကျတော့ ကျွန်တော်စိတ်ကူးတစ်ခုရလာသည်။ ခေါင်းထဲတွင် လက်ခနဲ ပေါ်လာသော အကြောင်းအရာလေးကို ကိုယ့်ဖာသာသဘောအကျကြီးကျလျက်  စာရေးဖို့ပြင်သည်။

ချစ်ချစ်ကို အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ၊ ဦးနှောက်ဥာဏ်ရည်မပြည့်ဝသူအဖြစ် သရုပ်ဖော်လိုက်သည်။ အစပထမတွင်ကလေးတွေနဲ့ ရောဆော့လိုဆော့၊ ငြင်းခုန်ရန်ဖြစ်လိုဖြစ်နှင့် နေလာရာမှ သူနှင့် သက်တူရွယ်တူ မိန်းကလေးတစ်ယောက်၏မင်္ဂလာဆောင်သို့ သွားသည့် အချိန်မှစ၍ ချစ်ချစ်ပြောင်းလဲလာသည်။ အ၇င်က ဂါဝန်ဖို့ရို့ဖားရားကြီးတွေချွတ်ပြီး  အမေ့ထဘီတွေ ကောက်ဝတ်၊ မိတ်ကပ်တွေလူးနှင့် ရှိုးတွေ ထုတ်လာသည်။  နောက်ပိုင်း တစ်ဖြည်းဖြည်းနှင့် မှိုင်တွေလာပြန်သည်။ ထမင်းလည်းမစားဘဲ တငေးငေး၊ တငိုင်ငိုင်၊ တမှိုင်မှိုင်၊ တတွေတွေလုပ်နေတော့ မိဘတွေက စိတ်ပူပြီး ၀ိုင်းမေးကြပြီ။ ဘာဖြစ်လို့လဲ၊ ဘာလိုချင်လို့လဲ၊ ဘာအရုပ်ဝယ်ပေးရမလဲ စသဖြင့်......။ ထိုသို့ ၀ိုင်းမေးကြတော့မှ ချစ်ချစ်က

“ ရှေ့အိမ်က သိင်္ဂီအောင်တောင် ယောက်ျားယူသွားပြီ။ မီးလဲ ယောက်ျားလိုချင်တယ် ”

ဟု ဖြေသည်။ မိခင်ဖြစ်သူက ငိုရင်းအလန့်တကြားလှမ်းဟန့်တော့ ချစ်ချစ်ပြောလိုက်သည်ကား-

“မရဘူး....မရဘူး......မီးလဲ ယောက်ျားလိုချင်တယ်။ မီးကို ယောက်ျားဝယ်ပေး....၊ ယောက်ျားဝယ်ပေး...။ အီးဟီး...ဟီး................”

ဟူ၍ ဖြစ်ပါသည်။ ကျွန်တော်က၀တ္ထုကို ထိုသို့ ရေးပြီး ဇာတ်သိမ်းလိုက်သည်။ ဇာတ်သိမ်းပြီး ခေါင်းစဉ်ကို “သီးချိန်တန်သီး ၊ ပွင့်ချိန်တန်ပွင့်” ဟုအမည်ပေးလိုက်သည်.။ဒါပေမယ့် စိတ်ထဲတွင် ခေါင်းစဉ်ကြီးက ရိုးစင်းလွန်းပြီး ရှည်နေသည်။ ဒီထက်ပိုရှင်းလင်းထိမိသော ခေါင်းစဉ်မျိုးဖြစ်ရန် ရွေးချယ်ရပြန်သည်။ ဘယ်မှာတွေ့ဆိုတော့ ဟိုရှေးခေတ်က ရုပ်ရှင်မျက်မှန်၊ ရုပ်ရှင်သစ္စာမဂ္ဂဇင်းများတွင်တွေ့သည်။ “ပွင့်ချိန်တန်လျှင် ရုပ်ရှင်ထုတ်လုပ်ရေး” ဟူသော စာသားကို သဘောအကျကြီးကျကာ  ကျွန်တော့်ဝတ္ထုလေးအား  ပွင့်ချိန်တန်လျှင် ဟုအမည်ပေးခဲ့သည်.။

ထို့နောက် ထိုဝတ္ထုလေးကို ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း၏ ကလောင်သစ်ကဏ္ဍ(ရေးကြည့်ပါကဏ္ဍ)သို့ ပို့လိုက်သည်။  ကျွန်တော်က ထိုဝတ္ထုလေးကို ပုံနှိပ်စာမျက်နှာထက်ရောက်ရှိရန် မျှော်လင့်ထားပြီး ဖြစ်သော်လည်း မြန်မြန်ဆန်ဆန်ကြီး အလုံးအထည်ပေါ်လာလိမ့်မည်ဟုတော့ မထင်မိခဲ့ချေ။ ကျွန်တော်က ဧပြီလကုန်ပိုင်းတွင် ပို့လိုက်သော ထို ၀တ္ထုလေးကို အယ်ဒီတာအဖွဲ့က ကျွန်တော်မျှော်လင့်ထားသည်ထက် ဆောလျင်စွာ ၂၀၀၈ခုနှစ်၊ ဇူလိုင်လတွင် ဖော်ပြပေးခဲ့သည်။

ထို ၀တ္ထုလေး ဖော်ပြခံရကြောင်းသိတော့ ၀မ်းသာလိုက်သည့် ဖြစ်ခြင်း ။ အသက်ဆယ့်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအဖို့ ကြုံဖူးခဲ့သမျှ ပျော်ရွှင်မှုများထဲတွင် မည်သည်နှင့် မျှ အလဲအထပ်လုပ်မရသော ပျော်ရွှင်မှုမျိုးဖြစ်သည်။

တစ်ဆက်တည်း ချစ်ချစ်ကိုကျေးဇူးတင်မိသည်။ သူ့ကြောင့် ကျွန်တော် ဒီဝတ္ထုကို ရေးဖြစ်ခြင်း မဟုတ်ပါလော။  ကျွန်တော့်စိတ်ထဲ ချစ်ချစ်ကို ကျွန်တော့်ကျေးဇူးရှင်တစ်ယောက်ဟု သတ်မှတ်လိုက်သည်။ ကျွန်တော်က တစ်ဖက်သတ် သူ့ကို ၀တ္ထုလုပ်ရေး ၊  ၀တ္ထုပါလာတော့ ကျေးဇူးတွေ တင်နေမိသည်။ ချစ်ချစ်ကတော့ ကျွန်တော့်ကို ဖုတ်လေသည့် ငါးပိ ရှိသည်ဟုမျှ ထင်ရဲ့လားမပြောတတ်ပေ။

သည့်နောက်ပိုင်း ကျွန်တော်သည် ချစ်ချစ်တို့ အိမ်ရှေ့မှ ဖြတ်သွားတိုင်း  သူတို့ အိမ်ထဲသို့ လှမ်းကြည့်မိသည်။ သူတို့ အိမ်နားရောက်တိုင်း သရုပ်ဖော်ပုံနှင့်တကွ ဖော်ပြခံရသည့် ကျွန်တော့်ဝတ္ထုလေးအားမျက်စိထဲတွင် မြင်ယောင်ရင်း ပြုံးရွှင်ရယ်မောလျက် ချစ်ချစ်ကို ရှာဖွေတတ်မြဲပင် ။ တစ်ခါတစ်ခါ ချစ်ချစ်ကို သော့ခတ်ထားသော အိမ်တံခါးနောက်မှထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်လျက်တွေ့ရလေ့ ရှိပြီး တစ်ခါတစ်ခါ ချစ်ချစ်ကိုမတွေ့ ရ။ အိမ်တံခါး၊ ခြံတံခါးတွေကတော့ အမြဲ သော့ခတ်လျက်ပင်။ မခတ်လျှင် ချစ်ချစ်က အပြင်လျှောက်ထွက်သွားနိုင်သည် မဟုတ်ပါလား။

တစ်ရက် ကျွန်တော် ကျောင်းသွားရင်း  ချစ်ချစ်တို့ အိမ်ဘက်လှမ်းကြည့်မိသည်။ ချစ်ချစ်က အိမ်ထဲမှာမရှိ။ ခြံထဲဆင်း လမ်းလျှောက်နေသည်ကို တွေ့ရသည်.။ ချစ်ချစ်က လမ်းလျှောက်ရင်း ခြံအပြင်ဘက် လှမ်းကြည့်ရာမှ ကျွန်တော့်ကို မြင်သွားသည်။ ကျွန်တော်က ကိုယ့်ကျေးဇူးရှင်ဆိုသော သဘောဖြင့် ပြုံးပြလိုက်သည်။ ထိုအခါ ချစ်ချစ်မျက်နှာကြီး ပြုံးရွှင်သွားပြီး ခြံတံခါး သစ်သားတိုင်များအထိ ပြေးလာသည်။ ထိုနောက် အသံအကျယ်ကြီးနှင့် ခွအော်လေတော့သည်။

“ ကိုကိုရေ............ကိုကို................ကိုကိုးးးးး...............”

ကျွန်တော်လည်း နောက်ကိုလုံးဝလှည့်မကြည့်တော့ဘဲ စက်ဘီးကိုသာ သုတ်ခြေတင် နင်းပြေးရပါတော့သတည်း.......။                           ။


ဝေမိုးနိုင်(မုံရွာ)

8 comments:

  1. အယ်..ပြုံးတော့ပြုံးပြပြီးလိုက်ခေါ်တော့ထွက်ပြေးတယ်လား..

    ခင်တဲ့
    မဝသုန်

    ReplyDelete
    Replies
    1. မမ၀သုန်ခင်ဗျား......
      မပြေးလို့ မရဘူးဗျ။ မပြေးရင် ရှော့ ရှိတယ်လေ။ ဟဲဟဲ

      Delete
  2. ကိုယ်တိုင်က စာရေးသူမို့ လား မသိပါဘူး။
    စာရေးဆရာကို ဇာတ်ကောင်ဖွဲ့ ပြီး ရေးသားထားတဲ့ စာလေးတွေကို သဘောကျနှစ်ခြိုက်မိပါတယ်။
    ကိုယ်တိုင်းလည်း ဒီလိုဇာတ်ကောင်မျိုးကိုရေးပြီး ပထမဦးဆုံး စာပေလောကထဲ ဖူးပွင့်ခွင့်ရတဲ့အတွက်လည်း အမှတ်တရ
    ဖြစ်စေမိပါတယ်။
    ထော်ဦး

    ReplyDelete
  3. ရေးထားတာ ဖတ်ရင်း မျက်လုံးထဲ အစအဆုံး မြင်လာရတယ်။ အဆုံးသတ်မှာတော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိတယ်။ ဖူးငုံရဲ့ Experience Exchange ကို ပို့ပါလားဆရာ...။

    ReplyDelete
    Replies
    1. ဆရာမခင်ဗျား.....
      ဒီဝတ္ထုလေးကို ရေးပြီးပြီးချင်း ပြုံးစရာမဂ္ဂဇင်း ရဲ့ ဟာသ၀တ္ထုတိုပြိုင်ပွဲကို ပို့ခဲ့ပါတယ်။ ဆရာဆွန်အဲလူက ဟာသ၀တ္ထုစာရင်းမှာ အကျုံးဝင်မှုနည်းတယ်ဆိုတဲ့ မှတ်ချက်နဲ့ ဖြုတ်ချခဲ့ပါတယ်။ နောက် ဖူးငုံကို ၀တ္ထုတို အနေနဲ့ ပို့ပေမယ့် မသုံးဖြစ်ဘူးလို့ သိရပါတယ်။ သူတို့ပယ်ပြီးသားကို ကဏ္ဍပြောင်းပြီးပို့လို့ မသင့်တော်ဘူးထင်လို့ပါ။

      Delete
  4. အိုး တကယ်ကိုကောင်းတယ်..
    အဆုံးသတ်ကျမှ ရွှင်မြူးစရာလေးမှန်းသိတော့တယ်။။
    နောက်ဆုံးကျမှ လှလှပပ ရယ်ရယ်မောမော အဆုံးသတ်ပေးထားတာကိုး...
    တကယ်လဲ ၁၃နှစ်ကတည်းက စာရေးလာတယ်ထင်တယ်..
    ချီးကျူးပါတယ်ရှင်... ဂုဏ်လဲယူစရာကောင်းပါတယ်..

    ReplyDelete
    Replies
    1. ဆရာမခင်ဗျား........
      အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာမတို့ရဲ့ အားပေးမှုတွေနဲ့ ကျွန်တော် ဆက်လက်ရပ်တည်နေရတာပါ။
      စာစရေးတာကတော့ ၁၁နှစ်သားလောက်ကတည်းကပါ။ ဒါပေမယ့် အတည်တကျမဟုတ်ဘဲ ပေါက်တတ်ကရတွေပါ။ တကယ် အစဉ်တစိုက်ရေးဖြစ်တာက အသက်၁၃နှစ်အရွယ် ၂၀၀၈ခုနှစ်ဇန်န၀ါရီလကတည်းကပါခင်ဗျ။

      Delete