Friday, February 10, 2012

မျှော်လင့်ခြင်းများစွာ

ပန်းချီဆရာမောင်နိုး၏ သရုပ်ဖော်ပုံ


၁။

“ခွပ်“
“၀ုန်း”
ရုတ်တရက် ၀ရုန်းသုန်းကား ဖြစ်သွားတဲ့ အခြေ အနေကို အမေက ဆောလျင်စွာ သဘောပေါက်လိုက်ပြီး အဖေ့ကို ထဆွဲတယ်။
အေးသီတာနဲ့ ၀င်းဇော်ထွန်းက ခဏကြောင်ကြည့် နေကြတယ်။ ပြီးတော့မှ လဲကျသွားတဲ့ သိန်းဇော်ထွန်းကို ပြေးထူမ ကြတယ်။ အဖေ့ မျက်ဝန်းထဲမှာ ဒေါသအရိပ် အယောင်တွေက မီးတောက် တစ်ခုလို ၀င်းဝင်းတောက်လို့။

သိန်းဇော်ထွန်းက အေးသီတာနဲ့ ၀င်းဇော်ထွန်း အကူ အညီနဲ့ ကုန်းရုန်း ထလိုက် နိုင်ပေမယ့် လူကယိုင်ထိုး နေတုန်း။ ကျွတ်နေတဲ့ ပုဆိုးကို လက်တစ်ဖက်က ဆွဲဆုပ်ထားရင်း ကျန်တဲ့ လက်တစ်ဖက်က ကုလားထိုင်ပေါ် ထောက်ပြီး ရပ်နေတယ်။ အေးသီတာက နောက်ကနေ ပခုံးကို ကိုင်ရင်း ထောက်ကန် ပေးထားရတယ်။ ၀င်းဇော်ထွန်းက အဖေနဲ့ သိန်းဇော်ထွန်း ကြားမှာ အသင့်အနေ အထားနဲ့ ရပ်လျက်။

“အဖေ ကျုပ်ကို ထိုးတယ်... နော်... အေ့”
“ဟုတ်တယ်၊ ငါထိုးတယ်၊ မင်းဘာလုပ် ချင်လဲ။

ဟင်း- လူကဖြင့် တစ်စက်မှ အသုံး မကျဘူး။ ဖအေကိုများ ဝေဖန် နေလိုက်သေး။ အလကားကောင် ငမူး”အမေက လေသံ တိုးလျလျနဲ့ အဖေ့ကို ဖျောင်းဖျတယ်။
“ကဲ တော်ပါတော့ ကိုထွန်းရယ်၊ လူကြားလို့လည်း မကောင်းပါဘူး။ ကဲ ၀င်းဇော်၊ သား အစ်ကိုကြီးကို သူ့အခန်းထဲ လိုက်ပို့လိုက်။ လာကိုထွန်း၊ လာထိုင်ပါတော့”

တင်းမာနေတဲ့ အခြေ အနေက ရုတ်ခြည်း ပြေလျော့သွားတယ်။ ဒါ အဖေ့ ဒေါသ အကုန်ပဲ။ ဒီလောက် ဒေါသထွက်တယ် ဆိုတာလည်း ရှားရှား ပါးပါးပဲ။ အေးသီတာ တစ်သက် အဖေ ဒီလောက် ဒေါသထွက် နေတာမျိုး ဒီတစ်ကြိမ် နဲ့မှ နှစ်ခါပဲ ကြုံဖူးသေးတယ်။ ပထမ တစ်ကြိမ်က သိန်းဇော်ထွန်း အရက်တွေ စသောက်လာတဲ့ နေ့ကပေါ့။ အဲဒီတုန်းက အေးသီတာမှ ရှိလှ အသက် ဆယ့်နှစ်နှစ်။ စသောက်သောက် ချင်းမှာပဲ ခေါင်းမဖော် နိုင်လောက်အောင် သောက်လာတဲ့ သိန်းဇော်ထွန်းကို အဖေက နောက်နေ့မနက် လင်းတာနဲ့ လက်သီးနဲ့ တစ်ချက်ထိုးပြီး ဆူတော့၊ ငေါက်တော့တာပဲ။ မျက်ဝန်းထဲမှာ ဒေါသအရိပ် အယောင်တွေ ပြည့်နှက် နေပေမယ့် မျက်ရည်စတွေ စွန်းထင်း နေတာကို အေးသီတာ မှတ်မိနေတယ်။

ခုတစ်ခါ မှာတော့ အဖေ့ မျက်ဝန်းက ဒေါသ အရိပ်အယောင် တွေပဲ လွှမ်းမိုးနေတယ်။ ရင်းမြစ်ချင်းမှ မတူတာကိုး။
တကယ်တော့ သိန်းဇော်ထွန်း အနေနဲ့ အဖေ့ကို ဒီလိုမပြော သင့်ဘူးလို့ အေးသီတာ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူကျ အလုပ် မလုပ်ဘဲ အရက်ဖိုးတောင်း၊ အရက်သောက်လာ၊ အိမ်ရှိတဲ့ ထမင်း၊ ဟင်းအဆင်သင့် စားနဲ့ တကယ်ဆို ဒီအိမ်မှာ သိန်းဇော်ထွန်း ဇိမ်အကျ ဆုံးပဲ။ အဖေက တားမရတော့ လွှတ်ထား ရတာပါ။ ဒါပေမဲ့ လွန်ကျူး လာရင်တော့ အဖေက ပြောတတ်တယ်။

ကဲ တကယ်ဆို သူ့ကို အရက်အလွန် အကျွံ မသောက်ဖို့ ပြောတာလေးနဲ့ အဖေ့ကို ဒီလို ပြောစရာလား။ အဖေ့ ကိစ္စက ဘာမှ ပြောပလောက်တာ မဟုတ်ဘူး။ အလုပ်ပျက်၊ အကိုင် ပျက်နေတာလည်း မဟုတ်။ အိမ်ထောင့်တာဝန် လစ်ဟင်း နေတာလည်း မဟုတ်။ သားကျွေးမှု၊ မယားကျွေးမှု ပျက်ကွက် နေတာလည်း မဟုတ်။ အိမ်စရိတ်ကို တိုက်စား ဖဲ့ခြွေ နေတာလည်း မဟုတ်။

ပြီးတော့ ဒီကိစ္စကို အဖေက အမေ သိန်းဇော်ထွန်းကို ကိုယ်ဝန် မဆောင်ခင် အိမ်ထောင်ဦး အစ ကတည်းက သူ့ရည်ရွယ်ချက် လေးနဲ့ သူ လုပ်ဆောင် လာခဲ့တဲ့ ကိစ္စ။ အဖေ့ရဲ့ မျှော်လင့်ချက် အိပ်မက်ကလေး။ ရောင်စဉ် အလင်းတန်းလေး။ တကယ်တမ်းကျတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖေတင် မဟုတ်၊ အမေ၊ အေးသီတာ၊ ၀င်းဇော်ထွန်းနဲ့ သိန်းဇော်ထွန်း ကိုယ်တိုင်ကို မျှော်လင့် ခဲ့ကြတာပါ။ ဒါပေမဲ့ မျှော်လင့် ထားတာက လွယ်လွယ် ကူကူ ပြည့်ဝ မလာတာရယ်၊ သူ့ကို ထိုးနှက်လာတဲ့ ဖိအား မြားဦးတွေကို မခံနိုင်တာရယ် ကြောင့် တမင်လမ်းလွှဲပြီး အဖေ့ကိစ္စကို လက် ညှိုးထိုးတာပါ။

ဒီတော့ အဖေ စိတ်ဆိုးပြီပေါ့။ ဒေါသထွက် ပြီပေါ့။ တကယ်ဆို အဖေ့ကိစ္စက အိမ်တွင်း ကတောက်ကဆတ် ဖြစ်ရတဲ့ အထိ ဖြစ်မလာ သင့်ဘူးလေ။
စဉ်းစားကြည့်။
ထီထိုးတယ် ဆိုတာ လူတကာ လုပ်နေကြတဲ့ ကိစ္စမို့လား။ အဖေ့ကို ဘယ်လိုမှ အပြစ်ယူလို့ မရဘူး။ ဒါကြောင့် အေးသီတာ ကတော့ သိန်းဇော်ထွန်း ကိုပဲ အပြစ်တင်မိတယ်။

၂။

အဖေ ထီထိုးတယ် ဆိုတာကလည်း တစ်လမှ ငွေနှစ်ရာတန် ထီလက်မှတ် တစ်စောင်တည်းပါ။ အဲဒီ တစ်စောင်ကလည်း ကကြီး၊ ခခွေး အက္ခရာ ကနေ သင်္ချာဂဏန်း အစ အဆုံးဟာ အဖေ့ စိတ်ကြိုက်ဖြစ်မှ ထိုးတာ။ သူများတွေက နှစ်လုံး၊ သုံးလုံး ထိုးပါလားဆို အဖေ ခေါင်းယမ်းတယ်။ ဥပဒေနဲ့ ငြိစွန်းတဲ့ အလုပ် ငါမလုပ် ဘူးတဲ့။ ထီပဲ ထိုးမယ်ဆိုပြီး တစ်မူထူးခြား ထီဂဏန်း တွက်တယ်။

ဂဏန်း အစအဆုံး သူ့စိတ်ကြိုက် တွက်လို့ပြီးပြီ၊ အိပ်မက် အတိတ်ကလေး၊ ဘာလေးနဲ့ တိုက်ဆိုင်ပြီးပြီ ဆိုမှ အဲဒီ နံပါတ်နဲ့ ထီအစောင်ကို လိုက်ရှာပြီး ထိုးတာ။ အဲဒီဂဏန်း မတွေ့ရင် အနီး စပ်ဆုံးကို ရှာထိုးတယ်။ နီးစပ်တာတွေ များနေရင် ဂဏန်း ပြန်တွက်ရ၊ ပြန်တွက်ပြီးမှ စိတ်ကြိုက် အတွေ့ဆုံးကို ရွေးထိုးတတ်တာ။

အဖေတို့ ကျောင်းက အဖေ့ လုပ်ဖော်ကိုင်ဖက် တွေက အဖေ့ကို ဦးဇော်ထွန်း လို့တောင် မခေါ် တော့ဘူး။ ဆရာထီ ဇော်ထွန်းတဲ့။ အဖေ့ထီထိုး သက်ကလည်း နည်းနည်းနောနော မဟုတ်ဘူး။ သိန်းဇော်ထွန်းကို ကိုယ်ဝန် မလွယ်ခင် ကတည်းက ဆိုတော့ တွက်ကြည့်။ ခုဆို သိန်းဇော်ထွန်းတောင် အသက်သုံးဆယ့် ငါးနှစ် ရှိနေပြီ။

ဒီလောက် ထီကို နှစ်ပေါက်အောင် ထိုးလာ ခဲ့ပေမယ့် အဖေ တစ်ခါမှ ထီမပေါက်ဘူး။ တစ်ခါ တစ်ခါ အေးသီတာ အဖေ့ကို သနားမိတယ်။ ထီဖွင့်ရက်ဆို ကျောင်းကို ဖြောင့်ဖြောင့် မသွားနိုင်ဘူး။ ထီပေါက်စဉ် တိုက်တာလေ။ စာရွက်အစ အဆုံး အပြန်ပြန် အထပ်ထပ် တိုက်ရှု စစ်ဆေးပြီးမှ သက်ပြင်း ကလေးချ၊ သူ့လက်စွဲတော် လွယ်အိတ် ကလေးလွယ်လို့ ကျောင်းကို ကုပ်ကုပ်ကလေး သွားရှာတာ။

ထီဖွင့်ရက်ဆို အေးသီတာ ကျောင်းသွားရတာ စိတ်မပါ လှဘူး။ အဖေ့ကို သနားပြီး ရင်ထဲမှာ မွန်းမွန်း ကျပ်ကျပ်ကြီး ခံစားရတယ်။ စိတ်ထဲ တအားမွန်းကျပ် လာတဲ့အခါ ကိုယ့်အနားက ဆရာမ အချင်းချင်း ရင်ဖွင့်ရတော့ သူတို့တွေတောင် ထီဖွင့်ရက်ဆို ကိုယ့်ကို နှစ်သိမ့် စကားလေး၊ ရယ်စရာ မောစရာ လေးတွေ ပြောကြပြီး စိတ်ဖြေ ပေးကြသေးတယ်။

ဝင်းဇော်ထွန်းလည်း အေးသီတာ လိုပဲ။ အဖေ့အကြောင်း တွေးမိရင်း စိတ်မကောင်း ဖြစ်ရတယ်။ တစ်ခါတလေ အေးသီတာနဲ့ ၀င်းဇော်ထွန်း စကားလက်ဆုံ ကျမိလို့ အဖေ့အကြောင်း ပြောဖြစ်ရင် ၀င်းဇော်ထွန်းက သက်ပြင်းကြီး ချပြီး လေသံ ခပ်လေးလေး တွဲ့တွဲ့ကြီးနဲ့ ပြောတတ်တယ်။

“ငါ အဖေ့ကို ထီတစ်ခါလောက် ပေါက်ဖူး စေချင်လိုက်တာ ညီမလေးရယ်။ ဆုကြီးကြီး မဟုတ်ရင်တောင် တစ်သောင်းဆုလေး၊ ငါးသောင်းဆုလေး ဖြစ်ဖြစ်ပေါ့ဟာ”

အဖေကလည်း သိန်းငါးရာလို ဆုကြီးမျိုး ပေါက်မှ မဟုတ်ပါ။ တစ်သောင်းဆုမျိုး၊ ငါးသောင်းဆုမျိုး ပေါက်ရုံနဲ့တင် သေပျော်ပြီလို့ ပြောတတ် သူမျိုးပါ။ အဖေက အဲဒီလို ပြောတိုင်း အမေနဲ့ အေးသီတာက မျက်ရည် ကျရတယ်။ သိန်းဇော်ထွန်း ကတော့ သိပ်ခံစား တတ်ပုံမပေါ်ဘူး။ ဒါပေမဲ့ အမူးပြေ နေတဲ့အချိန် အဖေ ထီတွက် နေတာမျိုး တွေ့ရင် သူလည်း မျက်ရည်ဝဲ ကြီးနဲ့ ရှောင်ရှောင် ထွက်သွားတာမျိုး အေးသီတာ မြင်ခဲ့ဖူးတယ်။

အချိန်တွေသာ ကြာလာတယ်။ ထီပေါက်ဖို့က ဝေလာ ဝေးနေတော့ သိန်းဇော်ထွန်းလည်း မူးနေတုန်း စိတ်အချဉ် ပေါက်ပြီး ပြောလိုက်တာပါ။ ဒါပေမဲ့ အဖေ့ မျှော်လင့်ချက်ကို စော်ကားလိုက် သလို ဖြစ်သွားတာပေါ့။
“အဖေက ကျုပ်ကိုသာ အရက်သောက်တာ ပြောနေ၊ အဖေကျ အေ့ ထီဖိုးတွေ ဖြုန်းပြီး၊ အေ့ပေါက်တာလည်း မဟုတ်”
စကား မဆုံးသေးဘူး၊ သိန်းဇော်ထွန်း လဲကျ သွားတော့တာပဲ။ အဖေလည်း ဒုတိယ အကြိမ် ကြီးကြီးကျယ်ကျယ် ဒေါသထွက်ခဲ့ တာပဲ။

၃။

ဒီလိုနဲ့ အဖေ အသက်ခြောက်ဆယ် ပြည့်လို့ ပင်စင် ယူရတယ်။ အဖေ ပင်စင်ယူပြီး နောက်နှစ်မှာပဲ ထီဆုတွေက သိန်းငါးရာ ကနေ သိန်းတစ်ထောင် ဖြစ်သွားတော့ အဖေ့ခမျာ ၀မ်းတွေသာလို့။ သူကိုယ်တိုင် ထီပေါက်နေတဲ့ အတိုင်းပဲ။ အရင်က ထီတစ်စောင်တည်း ထိုးရာကနေ နှစ်စောင်တွဲ ထိုးလာတယ်။ ဒါကတော့ ထီသည်တွေက တစ်စောင်ချင်း ခွဲမရောင်း လို့ပါ။ အရင်က ထီတစ်စောင် နှစ်ရာတုန်းက အဖေ့ လခက အပြည့်ရနေ သေးတော့ ထီဖိုးက အိမ်စရိတ်ကို ဘာမှ မထိခိုက်။ ခုကျတော့ တစ်စောင်သုံးရာနဲ့ နှစ်စောင်တွဲခြောက်ရာ။ အဖေ့ ပင်စင်လခက မူလ လခရဲ့ သုံးပုံတစ်ပုံ ဆိုတော့ အိမ်မီးဖို ချောင်က ဟင်းအိုးက နည်းနည်း စကား ပြောလာပြီ။

ဒီတော့ အဖေ ဘာလုပ်တယ် ထင်လဲ။ အရင်ကဆို ထမင်းဝိုင်းမှာ အဖေ့ဖို့ အမြဲတမ်း ဟင်းအစုံ ကို ဦးဦးဖျားဖျား စားစေရတယ်။ ခုကျတော့ စားချင်စိတ် မရှိဘူးလို့ အကြောင်းပြပြီး ငါးပိထောင်းနဲ့ အချဉ်ဟင်းမျိုး ရှိရင် ငါးဟင်းဖြစ်စေ၊ အသားဟင်း ဖြစ်စေ မနှိုက်တော့ဘူး။ အမေကဆို အဖေ့ကို ပြောပြောပြီး ငိုတာ။ အေးသီတာလည်း ဘယ်စိတ်ကောင်း ပါ့မလဲ။ ဒါပေမဲ့ အဖေက သူ့ခံယူချက်နဲ့ သူလုပ်ဆဲ၊ လုပ်မြဲပဲ။ တားမရတဲ့ အဆုံး အဖေ စိတ်ချမ်းသာ ပြီးရောဆိုပြီး လွှတ်ထား ရတော့တာပဲ။

ဒါပေမဲ့ ကံတရား ကြီးကလည်း အဖေ့ကို နည်းနည်းလေးမှ မျက်နှာသာ မပေးခဲ့။ အဖေ့ ခမျာ အလုပ်လည်း မရှိတော့ နေကုန်နေခန်း ထီဂဏန်း ထိုင်တွက်၊ စိတ်ကြိုက်ဖြစ်ရင် ရှာဖွေထိုး၊ ထီဖွင့်ရက်ဆို ထီပေါက်စဉ် အပြေးအလွှား သွားပြီး တိုက်ရနဲ့။ သူများတွေတော့ ပင်စင်ယူပြီး ခါစဆို ပင်စင်နာ ဖြစ်တတ်တယ် ကြားဖူးတာပဲ။ အဖေ့ကျတော့ ပင်စင်နာ ဆိုတာ ကြားကောကြား ဖူးရဲ့လားလို့ မေးရမလို ဖြစ်နေပြီ။ ဒါပေမဲ့ အေးသီတာ အတပ် ပြောနိုင်တာ တစ်ခုက အဖေ့မှာ ထီနာရောဂါ ဖြစ်နေပြီ ဆိုတာပဲ။

၎။

ထီကို အသည်းအသန် အစွဲအလမ်း ကြီးလှတဲ့ အဖေဟာ သေတော့လည်း ထီပေါက်စဉ် ကြည့်ပြီး ပြန်လာတဲ့ အချိန် သေသွားတာပဲ။ နေပူပူ ထဲက ပြန်လာပြီး ချက်ချင်းရေချိုး လိုက်တာ အပူရှပ်ပြီး သေသွား ပါလေရော။ ရိုးရိုး အပူရှပ်တာ လောက်ဖြစ်မယ် ထင်ထားပေမယ့် အဖျားကြီးပြီး အသက်ပါ ပါသွားတော့တယ်။ အေးသီတာတောင် အဖေ့နောက်ဆုံး ထွက်သက်ကို မမီလိုက်ဘူး။ နေ့လယ် တစ်နာရီ ထမင်းစားကျောင်း ဆင်းလို့ အိမ်ပြန်လာတော့ အဖေ့ ခန္ဓာကိုယ် ယဲ့ယဲ့ အလောင်းလေးက အေးသီတာကို ဆီးကြို နေတော့တာပဲ။

ရင်ထဲ မကောင်းလိုက်တာ။ အမေကဆို “ထီထ ထိုးပါဦးလား ကိုထွန်းရဲ့၊ ထီပေါက်စဉ်လေး ပြေးတိုက် ပါဦးလား ကိုထွန်းရဲ့” ဆိုပြီး ငိုတာ၊ ငိုတာ။ အေးသီတာလည်း ဘာထူးလဲ။ ငိုတာပေါ့။ ပါးစပ်က နေတော့ ဘာမှ ထုတ်မပြော ဖြစ်ပါဘူး။ ဒါပေမဲ့ ရင်ထဲမှာ ခံစား နေရတာ တွေက ဆုပ်ဆုပ်ခဲခဲ၊ နင့်နင့် နဲနဲကြီး။ ပါးစပ်က ထုတ်ပြောဖို့ကို အေးသီတာ အတွက် လေးလံ ဖိစီးလွန်း နေတယ်။

နောက်ဆုံးတော့လည်း တရားနဲ့ ဖြေရတော့တာပဲ။ အဖေ ၀ဋ်ကျွတ်သွားတာ ပေါ့လို့။ နို့မို့နောက်ထပ် ဘယ်နှနှစ် အထိ ထီဂဏန်း တွက်လိုက်၊ ထီလေး ပြေးထိုးလိုက်၊ ထီပေါက်စဉ်လေး ပြေးတိုက်လိုက် လုပ်နေရ ဦးမယ်မှ မသိတာလေ။ ဒီတော့လည်း စိတ်က ပြန်တည်ငြိမ်သွား ပြန်ရော။ အဖေ့ကို လွမ်းပေမယ့် အဖေ့ဝဋ် ဒုက္ခ ကြီးကို တွေးမိတိုင်း အဖေ့အစား ရင်အေးရ ပြန်တယ်။ ဒီလိုနဲ့ ရက်လည် ပြီးသွားတော့ အဖေ့ပစ္စည်း ပစ္စယတွေ ရှင်းကြ၊ လင်းကြရတယ်။ အဖေ့အလောင်း တင်ခဲ့တဲ့ နှစ်ယောက်အိပ် ခုတင်ကြီးကို ဆေးမယ်၊ ကြောမယ်ဆိုပြီး ဖျာလှန် ချလိုက်တော့-
“အို”
အေးသီတာ ပါးစပ်က အာမေဍိတ်က ထိန်းမနိုင် သိမ်းမရ ထွက်ကျလာတယ်။ အမေတို့၊ သိန်းဇော်ထွန်းတို့၊ ၀င်းဇော်ထွန်းတို့ ဆိုတာလည်း ကြက်သေသေလို့။

ထီလက်မှတ်တွေ၊ ထီလက်မှတ်တွေ။ လပေါင်းများစွာ စုစည်းခဲ့တဲ့ ထီလက်မှတ် တွေက အိပ်ရာပေါ်မှာ ရှိနေတယ်။ ဒေါင်လိုက် တစ်မျိုး၊ အလျားလိုက် တစ်သွယ် ညီညီညာညာ ခင်းထားလိုက်တာ။
အဖေ့ အသုဘ တုန်းက ထိန်းနိုင်ခဲ့တဲ့ အေးသီတာ ခုတော့ မနေနိုင် တော့ဘူး။ ရင်ထဲမှာ ထုထည် ကြီးကြီးနဲ့ တည်ရှိနေတဲ့ ဝေဒနာ အစိုင် အခဲကို ၀စီကံနဲ့ ဖွင့်အန်ငိုချ လိုက်တော့တယ်။
“အမလေး အဖေရဲ့၊ အဲသလောက်တောင် ထီကို စွဲလမ်း လှချေလား အဖေရဲ့”

ဝေမိုးနိုင်၊မုံရွာ၊
(ဖူးငုံဆယ်ကျော်သက်(Teen) မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)

5 comments:

  1. ဖြစ်လေ့ဖြစ်ထရှိပြီး လက်တွေ့ဘဝဆန်တဲ့ ဝတ္ထုကောင်လေးတစ်ပုဒ်
    ဖတ်သွားတယ် မောင်ဝေမိုးရေ။ အများအားဖြင့်အိမ်ထောင်ဦးစီးတိုင်းမှာ
    ကိုယ့်ရဲ့မိသားစုလေးအတွက် အကောင်းဆုံးဖြစ်စေချင်တဲ့ဆန္ဒနဲ့ စိတ်ကူးယဉ်အိပ်မက်ကိုယ်စီရှိတတ်ကြတာသဘာဝပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. လူတိုင်းမှာ မျှော်လင့်ချက်ကိုယ်စီရှိကြတယ်
    တချို့ က ကြီးကြီးမားမား မျှော်လင့်ချက်ထားပြီး အိပ်မက်မက်တတ်ကြတယ်။
    ကိုယ်မက်တဲ့အိမ်မက်ဟာ အရမ်းကြီးမျှော်လင့်ချက်မထားပါနဲ့...
    စိတ်ကြောင့် ကြေစေနိုင်တဲ့အဖြစ်မျိုးကို မဖြစ်စေချင်ဘူး...
    ထော်ဦး

    ReplyDelete
  3. ဝတ္ထုကောင်လေးကို ဖတ်သွားပါတယ်

    ReplyDelete
  4. တမျိုးထူးခြားတဲ့ ဝထ္ထုလေးပဲ

    ReplyDelete
  5. မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေရတဲ့ ဘ၀တွေမှာ ဒီလိုမျိုး မျှော်လင့်နေရတာနဲ့ပဲ ကျေနပ်ရောင့်ရဲနေကြရတာ။ မျှော်လင့်ချက် ကုန်ဆုံးသွားတဲ့နေက ရွှေတောင်ကြီး ပြိုလဲရတဲ့နေ့ပဲပေါ့။ ဒုတိယမြောက် ပြန်ဖတ်သွားခဲ့ပါတယ်။

    ReplyDelete