Thursday, February 9, 2012

ကျေနပ်ရတဲ့၂၀၁၀အကယ်ဒမီ

 ၂၀၁၀ပြည့်နှစ်အတွက်ချီးမြှင့်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။
အားလုံးသိထားပြီးဖြစ်တဲ့ ဒီနှစ်ဆုရှင်တွေကိုပြန်လည်ဖော်ပြလိုက်ပ်ါတယ်။

အသံဆု-  ဆုချီးမြှင့်နိုင်ခြင်းမရှိပါ။
တေးဂီတဆု- မြန်မာပြည်ကျောက်စိမ်း (အငိုမျက်လုံး အပြုံးမျက်နှာ)
တည်းဖြတ်ဆု- ဦးမြင့်ခိုင် (ပင်လယ်ထက်က နေ၀န်းနီ)
ဓါတ်ပုံဆု- ပန်းချီစိုးမိုး (ပင်လယ်ထက်က နေ၀န်းနီ)
ဇာတ်ညွှန်းဆု- ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ )
အမျိုးသမီးဇာတ်ပို့ဆု- ၀ါဝါအောင် ( အမေ့ကျေးဇူးဆပ်ဖူးချင်တယ်)
အမျိုးသားဇာတ်ပို့ဆု- ဝေဠုကျော် ( ပင်လယ်ထက်က နေ၀န်းနီ)
ဒါရိုက်တာဆု- ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ)
ဇာတ်ကားဆု- အာဒမ်ရယ်...ဧ၀ရယ်...ဒဿရယ် ( Heart 'N Soul ရုပ်ရှင်ထုတ်လုပ်ရေး )
အမျိုးသမီးဇာတ်ဆောင်ဆု- သက်မွန်မြင့် (  အာဒမ်ရယ်...ဧ၀ရယ်...ဒဿရယ်)
အမျိုးသားဇာတ်ဆောင်ဆု- ပြေတီဦး (အာဒမ်ရယ်...ဧ၀ရယ်...ဒဿရယ်)

ဒီနှစ်အကယ်ဒမီမတိုင်ခင် ကျွန်တော့်ဆိုက်မှာ ကျွန်တော့်ထင်မြင်ချက်တွေကို အကယ်ဒမီ ဆိုပြီးရေးခဲ့ ပါတယ်။ ဆုထွက်လာတဲ့ အခါမှာ ကျွန်တော့်ခန့်မှန်းချက်နဲ့ မတူတဲ့ ဆုတွေ ရှိပေမယ့် ထိုက်တန်တဲ့ သူတွေ ဖြစ်တာကြောင့် ကျေနပ်ပါတယ်။ ဇာတ်ကားဆုကို အာဒမ်ဧ၀ဒဿ လို့ ကြေညာလိုက်တော့ စစချင်း တော်တော် အံ့သြသွားမိပါတယ်။ နောက်မှ ဇာတ်ကားရဲ့ ပရိသတ်ကိုပေးချင်တဲ့ message, Theme ကို ပြန်စဉ်းစားမိတော့ ပေးသင့်တယ်လို့ ယူဆလိုက်ပါတယ်။ အခုနောက်ပိုင်းပေးလာတဲ့ ဇာတ်ကားဆုအရည်အသွေးတွေအရ ပေးလို့ ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တည်းဖြတ်ဆုကိုလည်း ရုတ်တရက် အံ့သြသွားပေမယ့် အကွက်တွေ ထုတ်နုတ်ပြတဲ့အခါ နှစ်ဖက်ယှဉ်ပြတဲ့ နေရာမှာ သပ်ရပ်ပြီး ဘာပြောချင်တယ်ဆိုတာ ပီပြင်ပါတယ်။

 ဒီနှစ်မှာထူးခြားတဲ့ စင်အပြင်အဆင်တွေကို သဘောကျရပေမယ့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန ၊ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က န၀ရတ်ကိုးသွယ် အကကတော့ အကယ်ဒမီကို ကိုယ်စားပြုတယ်ဆိုပေမယ့် ဘာမှန်းမသိဘဲ ကြောင်တောင်တောင်နိုင်လွန်းလှပါတယ်။ အခမ်းအနားမှာ မြန်မာ့ဆိုင်းဝိုင်းကြီးတွေထည့်သွင်းပြီးတီးခတ်တဲ့ အစီအစဉ်ကိုတော့ သဘောကျပါတယ်။ အခမ်းအနားဖွင့်ပွဲ အော်တိုစနစ် မီးရှူးတွေကွန်ပျူတာအထူးပြုလုပ်ချက်တွေကတော့ အံ့သြစရာကောင်းလောက်အောင် လှပသပ်ရပ်တာကို တွေ့ရပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ဆုပေးဖို့ စင်ပေါ်တက်အသွား ဆုရှင်တွေက ၂၀၀၈ခုနှစ်အကယ်ဒမီမှာ ခန့်စည်သူ စတင်သန္ဓေတည်ပေးခဲ့တဲ့ မတ်တတ်ရပ်အရိုအသေပေးခြင်းလုပ်ဆောင်ဖို့ ပြင်တော့ ၀န်ကြီးက လက်ကာပြပြီး မရပ်ခိုင်းတာကလည်း အတန်အသင့် ကြည်နူးစေရပါတယ်။ အကယ်ဒမီကျေးဇူးတင်စကားများကိုလည်း မဖြတ်မတောက်ဘဲ ပြသခဲ့တဲ့ အတွက် ရုပ်သံလိုင်းများကိုကျေးဇူးတင်ရပါတယ်။ ဖျော်ဖြေရေးအစီအစဉ်မှာ နိုင်ငံကျော်အဆိုတော်များဖြစ်ကြတဲ့ နွဲ့ယဉ်ဝင်း၊ ဟေမာနေ၀င်း၊ ကဗျာဘွဲ့ မှူး၊ စည်သူလွင်၊ ဖိုးသောကြာ အစရှိသူများက ရုပ်ရှင်ဇာတ်ဝင်တေးများကိုချည်း ဖျော်ဖြေသွားတာကလည်း ကြားရနားဝချမ်းသာလှပါတယ်။

အံ့သြစရာကောင်းလောက်အောင် ခမ်းနားထည်ဝါတဲ့ စင်မြင့် အပြင်အဆင်ရယ်.....ဆုရွေးချယ်ပုံတွေရယ်.....ပြောင်းလဲလာတဲ့ အနေအထားတချို့ရယ်ကြောင့် ၂၀၁၀အကယ်ဒမီဟာ ကျွန်တော်နှစ်ခြိုက်သဘောကျရတဲ့ အကယ်ဒမီဆုပေးပွဲတွေထဲမှာ တစ်ပွဲ အပါအ၀င် ဖြစ်သွားပါပြီ။ ကျွန်တော်စမှတ်မိတဲ့ ၁၉၉၉ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကစလို့ ယခု၂၀၁၀အထိ အကယ်ဒမီဆုပေးပွဲပေါင်း (၁၂) ပွဲမှာ ဆုရွေးချယ်ပုံအရ နှစ်ခြိုက်မိတဲ့ ပွဲက၂၀၀၃၊၂၀၀၅၊၂၀၁၀တို့ပါ။ ၂၀၀၃နဲ့ ၂၀၀၅တို့က ဆုရွေးချယ်ပုံအရတင် ကျေနပ်ရတာ ဖြစ်ပြီး ၂၀၁၀ကတော့ စင်အပြင်အဆင်သာမက အခြားအနေအထားတွေအတွက်ပါ ကျေနပ်ရတဲ့ ပွဲ ဖြစ်ပါတယ်။ 
နောင်နှစ်နောင်နှစ်များမှာလဲ ဒီနှစ်လိုပဲ ကျေနပ်စရာကောင်းတဲ့ အကယ်ဒမီဆုပေးပွဲတွေ ဖြစ်ပါစေကြောင်းဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ.................။                      ။


ဝေမိုးနိုင်(မုံရွာ)


5 comments:

  1. ကျွန်တော်ကတော့ ဝေဠုကျော် ပြောသွားတဲ့ စကားတွေကို ကြိုက်တယ်။

    ReplyDelete
  2. တို့ကိုဝါးလုံးလေး ရတဲ့အတွက်ဝမ်းသာပါ့

    ReplyDelete
  3. ဒီနှစ်အကယ်ဒမီပေးပွဲကတော့ အားလုံးဝမ်းသာတာပေါ့

    ReplyDelete
  4. ဒီနှစ်အကယ်ဒမီ တန်းဝင်ကားနည်းတာကလွဲလို့ အားလုံး ကျေနပ်တယ်...။

    ReplyDelete
  5. အကယ်ဒမီပေးပွဲတွေကိုနှစ်စဉ်အသေးစိတ်လေ့လာထားတာချီးကျူးပါတယ်
    မောင်ဝေမိုးနိုင်ရေ။ 'ဝန်ကြီးကလက်ကာပြပြီးမရပ်ခိုင်းတာ'
    'အကယ်ဒမီကျေးဇူးတင်စကားများကိုလည်းမဖြတ်မတောက်' ကအစရေးသွားတာ
    သဘောကျတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete