Friday, February 3, 2012

အကယ်ဒမီမှာ အမြင်မတော်တာများ

                       
                                     ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ တင်လိုက်တဲ့ အကယ်ဒမီ ဆောင်းပါးကြောင့် ကျွန်တော့်ဆိုက်မှာ ၀င်ဖတ်တဲ့သူများလာပါတယ်။ ဒါကြောင့် လူတွေပိုဖတ်မိ ၊ ပိုသိမိပြီး ၊ သက်ဆိုင်သူများကို လက်တို့ သတိပေးနိုင်အောင် အကယ်ဒမီမှာ အမြင်မတော်တာများ လို့ ခေါင်းစဉ်တပ်ပြီးရေးလိုက်ပါတယ်။ အကယ်ဒမီ ဆောင်းပါးတုန်းကတော့  ဒီနှစ်ရုံတင်ဇာတ်ကားတွေ အပေါ် ကိုယ့် အမြင်ကို တင်ပြခဲ့တာ ဖြစ်ပြီး အတ္တကိုစွဲကိုင်တာမို့ လူတိုင်းနဲ့ အကြိုက်မညီပါဘူး။ ဒီဆောင်းပါးကတော့ ကျွန်တော်သာမက ရုပ်ရှင်ချစ်ပရိသတ်များအားလုံးလိုလိုရဲ့ မျက်စိထဲ အမြင်မတော်ဖြစ်နေတာတွေကို ထောက်ပြသွားမှာဖြစ်ပါတယ်။ ဒါကို ဖတ်မိတဲ့သူများထဲက အကယ်ဒမီပွဲနဲ့ နီးစပ်သူများ သတိထား၊ သတိမူမိ စေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အမြင်မတော်လွန်းလို့ပါ။

@             @               @                @               @                 @                  


ပထမဦးဆုံးအချက်က  အကယ်ဒမီပွဲကို တက်ရောက်လာကြတဲ့ အနုပညာရှင်များ(အထူးသဖြင့်  မင်းသမီးများ) ရဲ့ ပွဲတက်ဖက်ရှင်များပဲ ဖြစ်ပါတယ်။ အကယ်ဒမီပွဲဆိုတာ နိုင်ငံတော်အဆင့် အနုပညာချီးမြှင့်ပွဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက တိုက်ရိုက်ကြည့်ရှု အားပေးနေတဲ့ ပွဲကြီးတစ်ပွဲမှာ မြင်မကောင်း၊ရှုမကောင်းအောင် ဖော်ချွတ်လာကြတာကတော့ အဆင်မပြေလှဘူးထင်ပါတယ်။ ဘယ်လိုမှ မသင့်တော်ပါဘူး။ ကိုယ့်ဖာသာ ၀ါသနာကြီးလွန်းလို့ ဖော်ချင်သပ၊ ချွတ်ချင်သပဆိုလဲ ဒီပွဲလေးကိုတော့ သည်းခံပေးပေါ့ဗျာ။ ခုတော့ မဟုတ်ပါဘူး။ အကယ်ဒမီပွဲ နဲ့ အော်စကာဆုပေးပွဲ နဲ့တောင် သိပ်မသဲကွဲချင်တော့ဘူး။ အဆိုးဆုံးက အေးမြတ်သူပါ။ နှစ်စဉ် ရိုးရာမပျက်ဖော်ချွတ်ရတာကို တော်တော် ၀ါသနာကြီးပုံရပါတယ်။ ဒီနှစ်လဲ ထုံးစံအတိုင်း ဖော်လာဦးမယ်ထင်ပါတယ်။ မြန်မာရိုးရာ ၀တ်စုံဆိုတာ ကမ္ဘာမှာ မတွင်ကျယ်လို့သာ ၊တကယ်တမ်းက မိန်းကလေးတွေရဲ့ အလှအပကိုတော်တော် ဖော်ကျူးပေးနိုင်တယ်လို့ ကျွန်တော်သိထားပါတယ်။ ဒီလို့ပွဲမျိုးမှာ မြန်မာ့ဝတ်စုံကို ၀တ်ဆင်ပြပြီး မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာက သိအောင် ဖော်ထုတ်ရမှာပါ။  မြန်မာဆန်ဆန်ဝတ်လို့ ဘယ်သူကမှ အချစ်လျော့မသွားပါဘူး။ ဒီမင်းသမီးလေး မြန်မာ့ ရိုးရာအစဉ်အလာကို ထိန်းသိမ်းသားပဲဆိုပြီး ချီးကျူး ဂုဏ်တင် ပိုအချစ်ဝင်ကြမှာပါ။ ဒါကိုနားမလည်ကြတာလား၊ ဒါမှ မဟုတ် ဒီလောက်ချမ်းအေးနေတဲ့ ရာသီ အချိန်အခါ ညကာလမှာ တမင်ကိုစတိုင်ထုတ်ပြီး ပါးပါးလှပ်လှပ်၊ တိုတိုကျပ်ကျပ်၊ ဖော်ဖော်ချွတ်ချွတ်တွေ ၀တ်လာကြသလားမသိပါဘူး။မဖော်မချွတ်တဲ့သူကျပြန်တော့  ဆံပင်ကို အတွန့်တက်တွေနဲ့ တခြားဂြိုဟ်ကလာတဲ့သူလိုလို၊ အရူးထောင်က ထွက်လာတာလိုလိုနဲ့ ကြည့်လို့ကိုမရ။ အကယ်ဒမီပွဲကိုတော့ ဆံထုံးလေးထုံးပြီးလာသင့်ပါတယ်ဗျာ။ ကိုယ့်ကိုယ်ကိုယ်လည်း ငါမြန်မာအမျိုးသမီးတစ်ဦးပါလားဆိုတာ ပြန်လည် အောက်မေ့ဆင်ခြင်ကြည့်သင့်ပါတယ်။ ဒါ့အပြင် မြန်မာအမျိုးသမီးတွေဟာ သူတို့ ချစ်တဲ့ အနုပညာရှင်ရဲ့ လွှမ်းမိုးမှုအောက်မှာသူတို့ ၀တ်သလို လိုက်ဝတ်ပြီးစတိုင်ထုတ်နေကြရင် ပြီးပါလေရော။ ခုကို လိုက်လုပ်တဲ့သူတွေ ရှိပါရဲ့။ လွန်လွန်ကျူးကျူးတွေသာ မတွေ့ရသေးတာ။
အမျိုးသမီးတွေက အ၀တ်အစားဒီဇိုင်းတွေ စတန့်ထွင်ကြတော့ အမျိုးသားတွေကလည်း လိုက်လုပ်ကြသဗျ။ ပုဆိုးမှာ စိန်စီရတဲ့သုနဲ့၊ တိုက်ပုံမှာ ရွှေချည်ငွေချည်ထိုးရသူနဲ့ ၊ အရုပ်တွေဆွဲလာတဲ့သူနဲ့ ။သိပ်လွန်လွန်ကျုးကျူးတွေတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဘယ်တော့တွေ့လာရမလဲဆိုပြီး တွေးပူနေရသဗျ။ 

နောက်တစ်ချက်က အကယ်ဒမီပွဲမှာ သီချင်းဆိုကြတဲ့ ကိစ္စ။ ရုပ်ရှင်ထုးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ဇာတ်ဝင်တေးတွေကိုသာ အမှတ်တရအနေနဲ့ ပြန်လည်သီဆိုသင့်တယ်လို့ ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်နဲ့ ဆိုချင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း  အဓိပ္ပါယ်ရှိရှိ သီချင်းလေးတွေ ဆိုသင့်ပါတယ်။ ခုတော့ မဟုတ်ဘူး။ တွေ့ကရာ ပေါက်တတ်ကရ သီချင်းတွေ တက်ဆိုလိုဆို ၊ တာဝန်ရှိသူတွေကလည်း မဟန့်တားဘူးလားမသိပါဘူး။ ပြီးတော့ ဒီလိုပွဲမျိုးမှာသီချင်းဆိုတယ်ဆိုရင် ကိုယ့်အသံ အနေအထားလေးလဲ နည်းနည်းပါးပါး ပြန်နားထောင်သင့်ပါတယ်။ ခုတော့ ကီးကြောင်သံကြီးတွေနဲ့ သံစဉ်မညီမညာတက်ဆိုနေကြတာ နားမခံသာလှပါ။ ကျွန်တော်ကြည့်ရသလောက်သီချင်းဆိုသူတွေဟာ မင်းသားမင်းသမီး၊ အဆိုတော်တွေထက် အပြင်ကလူတွေ ၊ အနုပညာလောကထဲ ခြေချချင်သူတွေ ဆိုကြတာများပါတယ်။ ကြည့်ရတာ အစည်းအရုံးကို ပိုက်ဆံပေးပြီးဆိုကြပုံရပါတယ်။ အစည်းအရုံးမှာ အဲဒီလောက် ဘဏ္ဍာရေးချို့တဲ့နေရှာသလားမပြောတတ်ပါ။ တကယ်ဆိုဖြစ်သင့်တာက အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားမင်းသမီးအဆိုတော်တွေကို ရုပ်ရှင်ဇာတ်ဝင်တေးတွေ၊ အကယ်ဒမီပွဲမှာဆိုဖို့ သင့်တော်မယ့် သီချင်းမျိုးတွေ ရွေးချယ်သီဆိုခိုင်းသင့်ပါတယ်။ လုပ်ဖို့ ခဲယဉ်းမယ့် ကိစ္စတစ်ခုမဟုတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ သက်ဆိုင်သူများ စဉ်းစားစေချင်ပါတယ်။

နောက်တစ်ချက်က ပုဂ္ဂလိကရုပ်သံလွှင့်ဌာနများနဲ့ သက်ဆိုင်ပါတယ်။ အကယ်ဒမီဆုပေးပွဲ ပြီးပြီဆိုရင် ရုပ်သံလွှင့်ဌာနတွေက အကယ်ဒမီဆုပေးပွဲမှတ်တမ်းဆိုပြီး ခွေ ပြန်ထုတ်ကြပါတယ်။ အဲဒီခွေတွေကို ကျွန်တော်ကတော့ ရုပ်ရှင်ချစ်သူဆိုတော့ ၀ယ်ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ အမြင်မတော်တာ ဘာသွားတွေ့ရလဲဆိုတော့   အင်တာဗျူဝါတွေရဲ့ အမေးတွေ၊ အနုပညာရှင်တွေရဲ့  အဖြေတွေပါ။ အင်တာဗျူးသမားတွေအနေနဲ့ အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေကို တီးမိခေါက်မိရှိထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့ လဲဆိုတော့ မေးခွန်းတွေက တော်တော် ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေလို့ပါ။ ဓီရာမိုရ်ကိုမေးတာ“အကို့ကို အသံဆုအနေနဲ့ တစ်ပေးခြင်းခံရတဲ့ အပေါ် ဘယ်လိုခံစားရလဲ” တဲ့။ တစ်နှစ်ကလဲ မင်းမော်ကွန်း ဇာတ်ကားတစ်ကားမှ မရှိတာကို “အကယ်ဒမီရင်ခုန်သံကဘယ်လိုလဲ”မေးတော့ ဟိုက သူများတွေကိုအားပေးဖို့တက်လာတာပါဆိုတော့ အံ့အားသင့်သွားတဲ့ ပုံနဲ့ အကို့နာမည်လဲ ပါတယ်နော်ဆိုပြီးဇွတ်ပြောတာ။ ပြီး မေးတဲ့ မေးခွန်းက တစ်ချိန်ချိန်မှာ အကယ်ဒမီ ရမယ်ဆိုရင် ပထမဦးဆုံး ကျေးဇူးတင်မှာ ဘယ်သူ့ကိုလဲ တဲ့ ။ အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေနဲ့ မေးနေ ကြတာကို အူလည်လည်တချို့ကလည်း ဖြေသဗျ။ တကယ်စိတ်ပျက်ဖို့ကောင်းတယ်။ တကယ်ဆို မေးခွန်းတွေကို ကြိုတင်ပြင်ဆင်ထားသင့်တယ်။ အကယ်ဒမီသတင်းထွက်သူဆို အကယ်ဒမီရင်ခုန်သံဘယ်လိုနေလဲ။ ရိုးရိုးပွဲတက်လာသူဆို ဘယ်သူတွေ ဆုရမယ်ထင်လဲ။ ဒီဖက်ရှင်ကဘယ်သူချုပ်ပေးတာလဲ။ ကိုယ်ကိုယ်တိုင်ရော အကယ်ဒမီအတွက် ဘယ်လို မျှော်လင့်ရင်ခုန်မှုတွေရှိလဲ။ဒါလောက်ပေါ့ ။ ခုဟာကတော့ မဟုတ်ပါဘူး။ အမြင်မတော်လွန်းအားကြီးတယ်။ 
@                          @                   @                         @                        @

အမြင်မတော်လွန်းလို့ ရေးလိုက်တာပါဗျာ။ ကျွန်တော်ဒီလို ရေးလို့ အပြစ်ရှိတယ်ထင်ရင်လည်း ခွင့်လွှတ်သည်းခံပေးကြဖို့ ၊ အမြင်မတော်တာ ဆုံးမပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ 

                                      
                                                 ရွှေပြည်စိုး (ဝေမိုးနိုင်-မုံရွာ)

13 comments:

  1.း) ပြောရမယ်ဆိုရင်တော့ အမြင်မတော်တာတွေ အတော်များများရှိပါသေးတယ်။ ဒါပေမဲ့ ပြောတော့ပါဘူး။ နိုင်ငံတော်အဆင့်ပွဲ တစ်ခုဖြစ်လို့ တာဝန်ရှိသူတွေက ပိုပြီးသတိထားရမှာမဟုတ်လား။ အခုနောက်ပိုင်း အကယ်ဒမီပွဲတွေကို ဟိုးငယ်ငယ်တုံးက ကြည့်ခဲ့ဖူးတဲ့ အကယ်ဒမီပွဲတွေလောက် စိတ်မ၀င်စား ရင်မခုန်တော့တာ အမှန်ပဲ။ အကယ်ဒမီရတဲ့ ကားတွေရဲ့ အဆင့်အတန်းတွေကအစ အရမ်းကွာသွားပြီ။

    ReplyDelete
    Replies
    1. ဆရာမခင်ဗျား။။ ဆရာမမြင်တာလေးတွေကို ထပ်ပြောပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒါမှ သူတို့ ပြင်ကြမှာပါ။ မဟုတ်ရင် ငါတို့လုပ်သမျှ ပရိသတ်လက်ခံတယ်ဆိုပြီး ဂရုစိုက်ကြမှာမဟုတ်ပါဘူးခင်ဗျာ။

      Delete
  2. ဟုတ်ပါ့..ထောက်ခံ၏

    ReplyDelete
  3. နောက်ပြီး ရှိသေးတယ်ဆရာ..
    အကယ်ဒမီပွဲက ရှုပ်ရှပ်ခတ်သား...
    အင်တာဗျူးဝါး(ကင်မရာမန်းအပါအ၀င်)တွေနဲ့  ပရိသတ်တွေက မင်းသားမင်းသမီးနားမှာခြေရှုပ်...
    စင်မြင့်သေးသေးလေးမှာ ဆိုတဲ့လူကဆိုနေပေမယ့် လူတွေကလည်း အဲဒီ စင်မြင့်နားမှာ
    ရစ်သီရစ်သီနဲ့ အလုပ်ရှုပ်... ( အတင်းပြောတာတော့ ဟုတ်ဘူးနော်)
    ဒါပေမဲ့ ဒီနှစ်ကျတော့ အော်စကာဆုပေးပွဲလို လုပ်မယ်ဆိုပဲ။ သူ့ နေရာနဲ့ သူ စည်းခြားထားမယ်လေ (ဒါမှ မျက်စိနောက် သက်သာမှာ)
    ပြောသလို ဟုတ်မဟုတ်ကျတော့ ကြေငြာများတဲ့ ဖန်သားပြင်ပေါ် ရှုစားတော်မူကြကုန်...
    ထော်ဦး

    ReplyDelete
  4. ငယ်ငယ်တုန်းက အကယ်သမီးပွဲတွေလောက် ရင်မခုန်ပါဘူး
    အခုပွဲတွေက လုပ်ပွဲတွေများနေတော့ စိတ်ကိုမ၀င်စားတော့တာ
    စာရေးသူတင်ပြချက်တွေဟာ အရမ်းကောင်းပါတယ် မှန်လဲမှန်ပါတယ်

    ReplyDelete
  5. ဖတ်မိသူများထဲက ထပ်ပြောချင်တာတွေ ရှိရင် ပြောကြပါ။ ဒါမှ သူတို့ ပြင်ကြမှာပါ။

    ReplyDelete
  6. အမှန်တွေကို ရေးသွားတာမို့ အစ်မဖတ်ပြီး ပြုံးနေမိတယ်။ အားပေးတယ်မောင်လေး။ နောင်လည်း များများ ထပ်ရေးပါဦး။

    ခင်တဲ့
    မြတ်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ မမမြတ်ပန်းနွယ်.......။ အခုလို အားပေးတဲ့အတွက် များစွာ အားတက်မိပါတယ်။ ဒီအချက်တွေကတော့ ကျွန်တော်သာမက အများပြည်သူအားလုံးရဲ့ ရင်ထဲမှာ ရှိနေတာကို ကျွန်တော်က သုတို့ သေချာသတိထားမိအောင် တပ်လှန့်တဲ့ သဘောပါ။ နောက်လည်း အမြင်မတော်တာတွေ့လို့ ကျွန်တော်ရေးဖို့အဆင်ပြေမယ်ဆိုရင် ရေးမှာပါ။ ဒါပေမယ့် ....လူကလက်တောက်လောက်..ပြောနေတာတွေက ကြီးကြီးကျယ်ကျယ်ဆိုပြီး ကြည့်မရဘဲ အမြင်ကတ်နေကြပါဦးမယ်။

      Delete
  7. ကောင်းလေစွတကား... ဟုတ်တယ်ဝေမိုးနိုင်ရေ..ကိုယ်တော့စိတ်ပျက်လို့ကြည့်ကိုမကြည့်တော့ဘူး..ဘယ်သူတွေဖြင့်ရတယ်ဆိုတဲ့စကားလေးပဲနားထောင်လိုက်ပြီးကိုယ်ရစေချင်တဲ့သူတွေရတော့ အကုသိုလ်ဖြစ်စေမယ့်ပုံရိပ်တွေမမြင်ရပဲ မုဒိတာပွားနိုင်တာပေါ့ကွာ ...

    ReplyDelete
  8. ခုလိုထောက်ပြပေးတဲ့ စေတနာမျက်လုံး အမြင်မျက်လုံးတွေနဲ့ ကာယကံရှင်တွေကို မြင်စေသိစေချင်လိုက်ထှာ



    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  9. yes, you are right. One of the best posts I have ever read. You view the points. Keep it up friend.

    ReplyDelete
  10. ခင်သီတာထွန်းဇာတ်ကားတွေရှိ၇င်တင်ပေးပါလား။

    ReplyDelete