Saturday, February 25, 2012

မောင်မောင်တို့ကတော့ တစ်ယောက်တည်း

from Google
သည်  အမျိုးသမီးကို ကိုထွေး စမြင်ကာစကတည်းက သူမအသက် အစိတ်လောက်သာရှိမည်ဟု ခန့်မှန်းခဲ့သည်။ စာအုပ်တွေစီရင်း လမ်းမပေါ် အကြည့်တစ်ချက် ဖျတ်ခနဲ ရောက်သွားခိုက် သူမကို မြင်လိုက်ရပြီး ကိုထွေး အသက်ရှူဖို့မေ့သွားခဲ့လေသည်။

အသားဖြူဖြူ၊ ခန္ဓာကိုယ်သွယ်လျလျနှင့် ရုပ်ရည်ကလည်း ချောမွတ်လှပသောသူမ၌ နက်မှောင်နေသော ဆံကေသာတို့က ဖြောင့်ဖြောင့်စင်းစင်းနှင့် ကျောလယ်ခန့်အထိ ဝေ့၀ဲနေသည်။  ပန်းသွေးရောင်အဆင်းနှင့် နှင်းဆီဖူးလေးသဖွယ် နုနုထွေးထွေးရှိသော နှုတ်ခမ်းသားအစုံနောက်မှ ဖြူဖွေးဝင်းလက်နေသော သွားကလေးများက ကျောက်တန်းစီထားသည့်နှယ် ။ တစ်ချက်ပြုံးလိုက်သောအခါ မကြီးလွန်း၊ မသေးလွန်းသော ပါးချိုင့်အစုံတို့က ပါးပြင်အသီးသီးတွင် နေရာယူလေ့ရှိသည်။ စပ်ဖြဲဖြဲအဆင့်ထိမဟုတ်ဘဲ အမြဲတမ်းပြုံးယောင်သမ်းနေသော သူမ၏မျက်နှာလေးက အစဉ်ကြည်လင်သန့်ရှင်းနေတတ်သည်။

မနက်ခင်းတိုင်း ကလေးငယ်တစ်ဦးကို လက်ဆွဲလျက် ကိုထွေး၏စာအုပ်ဆိုင်နှင့် မျက်နှာချင်းဆိုင်မှ မူကြိုကျောင်းလေးဆီသို့ လာပို့လေ့ရှိသည်။ ဒီရပ်ကွက်ထဲရောက်လာသည်မှာ မကြာသေးသော ကိုထွေးအဖို့ သူမကို မရင်းနှီးပါ။ မခင်မင်ပါ။ မကျွမ်းဝင်ပါ။ ထို့ထက်ကား သူမဘယ်ဆီနေသည်ကိုပင် ကိုထွေး ရိပ်စားသိရှိမိခြင်းမရှိပါ။ ကြာလာတော့ မနက်ခင်းတိုင်း သူမကိုငေးကြည့်ရခြင်းသည် ကိုထွေးအဖို့ တာဝန်တစ်ခုဖြစ်လာသည်။ ကလေးငယ်လေး၏အရွယ်ကို ထောက်ချင့်ပြီး သူမ၏တူကလေးဖြစ်မည်ဟု တွက်ဆကာ သူမအား လိပ်ပြာသန့်စွာ ငေးမောကြည့်ရှုမိမြဲ ဖြစ်ပါသည်။

ထိုသို့သူမအားငေးမောကြည့်ရှုသည်မှာ ကိုထွေးတစ်ယောက်သာမကဘဲ သူမကို မြင်လိုက်ရသမျှ ပုရိသအားလုံးငေးမောကြမြဲဖြစ်၏။ တစ်ခါတစ်ရံ မိန်းမသားအချင်းချင်းပင် တငေးတမောလုပ်နေကြတာမျိုး ကိုထွေးမြင်ဖူး၏။ မြင်ရတာ ကြာလာတော့ သူမအားကိုထွေး စိတ်ဝင်စားလာသည်။ သို့သော်လည်း မနက်ခင်းတိုင်း ခဏမျှတွေ့ရသည်ကလွဲ၍ ထူးခြားသော အရိပ်အယောင်မျိုးလည်း မမြင်မိ။  ကိုယ့်အသက်အရွယ်၊ ဂုဏ်သိက္ခာ နှင့်  အများကအပ်နှင်းထားသည့်ဘွဲ့ထူးတို့ကို ငဲ့ကွက်၍ မည်သူ့ကိုမှ မမေးမိသော်လည်း  သိချင်စိတ်က ယားကျိယားကျိဖြစ်လာလွန်းမက ဖြစ်လာသောအခါ  အိမ်ရှင်ဒေါ်စပ်စုကြီးကို မေးကြည့်လိုက်သည်။



ကိုထွေးက ဒေါ်စပ်စုကြီးဟု တစ်ဖက်သတ် အမည်ပေးထားသော ဒေါ်ခင်လှမြင့်သည် သတင်းစုံလှ၏။ စုံလည်းစုံနိုင်ကောင်းပါသည်။ မနက်ခင်း ထမင်းဟင်းချက်ပြီးပြီဆိုသည်နှင့် အိမ်ဆိုင်ကလေးကို သူ့ယောကျာ်းဦးသက်နှင့် လွှဲထားခဲ့ကာ ရပ်ကွက်ထဲသို့ လှည့်လည်သတင်းယူခြင်း၊ သတင်းများဖြန့်ဝေဖောက်ကားခြင်း၊ ဖလှယ်နာကြားခြင်း များသာမက လိုအပ်လျှင် အတင်းဟုမဆိုသာရုံလောက်မျှသော အကြောင်းအရာများကို  နှုတ်အာရွရွပြောကြားသည့် လုပ်ငန်းစဉ်များကို စတင်လေ့ရှိသည်။  ထို့အတွက် သူမအကြောင်းစုံစမ်းရန်ဌာနမှာ ဒေါ်စပ်စုကြီးမှတစ်ပါး အခြားမရှိချေပြီ။


“ သြော်...... ကိုမောင်မောင်ထွေးက ချောနုကို စိတ်ဝင်စားလို့လား ”

ဒေါ်စပ်စုကြီးက မျက်လုံးကြီးလှန်လျှက်မေးသည်ကို ကိုထွေး ဂရုမစိုက်နိုင်အားဘဲ ချောနုဟုသော နားဝင်ချိုမြိန်လှသည့် အမည်နာမလေးကို စိတ်တွင်းမှ တဖွဖွ ရေရွတ်နေမိသည်။ 


“ သူ့အကြောင်းသိချင်တာပါဗျာ...”

အမေးနှင့် အဖြေတို့၏ ကွာဟသွားသော အချိန်ကာလအပိုင်းအခြားနှင့်  မလုံမလဲ သုတ်တီးသုတ်ပြာဖြေသံတို့ကို ရိပ်မိ၍ထင့်...။ ဒေါ်စပ်စုကြီးက ငါးခူပြုံးလေးတစ်ချက်ပြုံးသည်။ 


“ချောနုက ကလေးတစ်ယောက်အမေ ကိုထွေးရေ။ သူ့ယောကျာ်းကတော့  ဆုံးသွားရှာပြီ။ ”

နေရာဒေသအတိအကျမသိရသော နှလုံးသား၏ တစ်ထောင့်တစ်နေရာမှ ဆစ်ခနဲ နာကျင်သွားမှုသည် ယင်းအား ကုစားရန် ဆေးမရှိတော့သည့်အလား ပြင်းထန်လွန်းလှသည်။ 


“ ဟင်.........ဒါဆို မနက်မနက် ကျောင်းလိုက်ပို့နေတဲ့ကလေးလေးက........”


“ အဲဒါ သူ့သားလေးလေ.............။ ကိုထွေးထင်မထားဘူးမို့လား..။ ဟင်းဟင်း ဟင်းဟင်း.....မေးဦးမယ်။ ချောနုအသက်ဘယ်လောက်လောက်ရှိမယ်ထင်လဲ”


“ကျွန်တော် အစကတော့ အစိတ်လောက်လို့ထင်တာပဲ ”


ဒေါ်စပ်စုကြီးက ဟက်ဟက်ပက်ပက်ရယ်လေသည်။ ပြီးတော့ သူ့ရှေ့က ပိုက်ဆံသေတ္တာလေးကိုလက်နှင့်ပုတ်ပြီး..........


“အမလေး........အဲဒါ သုံးဆယ့်ခွန်တော့....၊ သုံးဆယ့်ခွန်”


“ဟာ......ဟုတ်လို့လားဗျာ”


“အော်..........တော်ကကျုပ်ထက် သိဦးမလားတော့်”


ကိုထွေးအထင်တွေက ပါစင်အောင်လွဲချေပြီ။  ဒီလိုဆိုလျှင် သူမက ကိုထွေးထက်ပင် နှစ်နှစ်ခန့်ကြီးသေး၏ ။ သူ့ကိုကြည့်တော့ သုံးဆယ့်ခုနစ်နှစ်လို့ မထင်ရ။  မျက်နှာလေးက ဖူးရွနေသည်။  ခန္ဓာကိုယ်အချိုးအဆက်ကလည်း ဒီကလေးလေးကို ဘယ်လိုမွေးခဲ့သလဲဟု မေးရမလိုပင်။ သူမကိုကြည့်ရသည်မှာ ပန်းနုရောင်နှင်းဆီပွင့်လေးတစ်ပွင့် ကျက်သရေ ရှိစွာစွင့်စွင့်ကားကား လန်းတင့်ဝေဆာနေသည့်နှယ်။


****************************************


“ ဒီလထုတ် ရွှေအမြုတေရှိလားဟင်”


လေညင်းနုနုလေးတိုက်ခတ်လိုက်သည့်နှယ် ထွက်ပေါ်လာသော တိုးတိုးဖျဖျ အသံလေးကြောင့် စာအုပ်စာရင်းလုပ်နေသောကိုထွေး မော့ကြည့်လိုက်သည်။ 


ချောနု............................။


အဝေးက လှမ်းမြင်ရသည်ထက် သုံးဆလောက် ပိုမို လှပနေသော သူမကို ကိုထွေး စိုက်ငေးကြည့်နေမိသည်။  ပန်းနုရောင် ၀မ်းဆက်ဝတ်ထားပြီး ပန်းနုရောင်စကုပ်ကလေးကိုခေါင်းမှာကုပ်ထားသဖြင့်အပြောက်အစင်းကင်းသော နဖူးပြင်လေးက ပြောင်ဝင်းလျက်ရှိသည်။ လေအဝှေ့မှာ ဖြောင့်ဖြောင့်စင်းစင်းဆံကေသာတို့က ယီးလေးခိုလျက်။ ၀ိုင်းစက်ပြီး အရည်ရွှန်းလဲ့နေသည့် မျက်ဝန်းအစုံတို့က ကိုထွေးက ပြန်ကြည့်နေသည်။ ထိုအခါမှ ကိုထွေးအသိဝင်လာသည်။ 


“ဘာစာအုပ်လိုချင်လို့ပါလဲခင်ဗျာ...”


“ဒီလထုတ်ရွှေအမြုတေ ရှိလားလို့ပါ”


“သြော်.....ခဏနော်”


ကိုထွေးလက်က စားပွဲအံဆွဲကို အလိုလို ဆွဲဖွင့်မိလျက်သားဖြစ်သွားသည်။ စာအုပ်ကိုလက်ထဲ ကိုင်မိပြီးခါမှ ဆိုင်မှာ ဌားနေကျဖောက်သည် မရွှေမိချန်ထားခိုင်းသည်ကို သတိရလိုက်သည်။  ပြန်မရောက်သေးဘူးလို့ဘဲ ပြောလိုက်မယ်ဟု စိတ်ကူးရင်း စာအုပ်နောက်ကျော၌ အမှတ်စဉ်မှတ်ပြီး စာအုပ်ကလေးကို သူ့ထံကမ်းပေးလိုက်သည်။ 


“ အို............... ကျေးဇူးပါနော်..။ ဒါဆို ဒီစာအုပ်လေးဌားသွားဦးမယ်နော်။ ချောက ဒီဆိုင်မှာ တစ်ခါမှ မဌားဖူးဘူး။ အ၇င်ဌားနေကျဆိုင်က မရသေးလို့ လာဌားဖြစ်တာပါ။ အပေါင်ကြေးပေးခဲ့ရမလားဟင်”


“ရပါတယ် ..မပေးပါနဲ့ ။ ယူပါ.......အဲ......ဌားသွားပါ။ အိမ်လည်းနီးတာပဲ။ ဟိုဖက်တစ်ခြံကျော်က မို့လား”


“ဟုတ်ကဲ့..........နာမည်မှတ်လိုက်ဦးလေ”


“မချောနုနော်....”


“ရှင်”


သူ့နှုတ်ခမ်းအစုံဝိုင်းစက်သွားမှ ကိုထွေး ကိုယ့်အမှားကို ကိုယ်ပြန်သတိရသည်။

“သြော်......အိမ်ရှင်ဒေါ်ခင်လှမြင့်က ပြောထားတယ်လေ။ အိမ်နီးချင်းတွေလာဌားရင်ပေးလိုက်ပါလို့”

“သြော်....ဟုတ်ကဲ့ ၊ ကျေးဇူးပဲနော်”

စာအုပ်ကိုကိုင်ပြီး ချာခနဲ လှည့်ထွက်သွားသော သူမကိုကြည့်၇င်း ကိုထွေးမျက်လုံးထဲ လိပ်ပြာလေးတစ်ကောင်ဝဲပျံသွားသလို  မြင်ယောင်မိ၏။ အရောင်အသွေးစုံလင်စွာနှင့် လှလှပပ ကြွားကြွားရွားရွားရှိလှသော လိပ်ပြာလေးကိုကြည့်ရင်း ကိုထွေး သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။ ဘာကြောင့်မှန်းတော့ မသိပေ။

 ****************************************

“ကိုထွေးရယ်......သူ့တော့ စိတ်မကူးပါနဲ့လားဟယ်။ ပြီးတော့ သူကလည်း နင့်ကိုပြန်လက်ခံမှာ မဟုတ်ဘူးဟဲ့”

ဒေါ်ခင်လှမြင့်စကားက ကိုထွေးကို ထင့်ခနဲဖြစ်သွားစေသည်။ ကိုထွေးကို စော်ကားလိုက်ခြင်းပေလား။ သို့တည်းမဟုတ်..... ကိုထွေးမသိသေးသော သူမနှင့်ပတ်သတ်သည့် အကြောင်းတစ်စုံတစ်ရာကြောင့်ပေလော။ 

“ဘာလို့လဲ  အန်တီခင်၇ယ်”

ဒေါ်ခင်လှမြင့်က ကိုထွေးကို သနားသလိုကြည့်ပြီး 

“နင်တော်တော် စိတ်ဝင်စားနေပြီလား”

ကိုထွေး ဘာမှမဖြေလိုက်ပေ။ ဒေါ်ခင်လှမြင့်က သက်ပြင်းတစ်ချက်ချသည်။ ဦးသက်က ကိုထွေးဘေးနားဝင်ထိုင်ပြီး ကိုထွေးပခုံးကိုလှမ်းဖက်သည်။ 

“ငါ့တူရာ.......မင်းနှယ်၊ မင်းဆိုင်က ဖောက်သည် မရွှေမိကြီးကို မကြိုက်ဘူးလားကွ။ လူကလည်းကြည့်ပျော် ရှုပျော်။ ပြီးတော့ အထုပ်နဲ့ အထည်နဲ့”

“ဦးသက်ကလည်းဗျာ”

 “ငါတကယ်ပြောတာကွ ကိုထွေးရ။ ချောနုလေးက လှတာတော့ ငါလက်ခံပါတယ်။ ဒါပေမယ့်................”

ဦးသက်က စကားကိုဆက်မပြောဘဲ ဆေးလိပ်ကို တစ်ဖွာရှိုက်သည်။  

“ကဲ.............ငါပဲပြောပြပါ့မယ်ဟယ်။ ဒီလို .........ကိုထွေးရဲ့..............၊  ချောနုလေးက အေဖြစ်နေရှာတာဟဲ့”

လမ်းမပေါ် ငေးကြည့်နေသော ကိုထွေးခေါင်းက ဒေါ်ခင်လှမြင့်ဆီ အကြည့်ရောက်သွားသည်။ ဒေါ်ခင်လှမြင့်က မချိတင်ကဲမျက်နှာကြီးနှင့်ဆက်ပြောသည်။ 


“ သူ့ယောက်ျားဆီက ကူးတာလေ..။ ယောက်ျားလေးက သဘောင်္ လိုက်ရင်းဆိုတော့ မထိန်းသိမ်းနိုင်ခဲ့ဘူးနဲ့ တူပါတယ်ကွယ်။ ခုတော့ ချောနုလေးတင်မကဘူး။ ကလေးလေးမှာတောင် ရှိနေပြီပြောတယ်.။  သနားစရာပါကွယ်...”


ကိုထွေး စကားမပြောနိုင်တော့ပါ။  ဒေါ်ခင်လှမြင့်ကိုသာ ငေးကြည့်ရင်း သက်ပြင်းအကြိမ်ကြိမ်ချနေမိတော့၏။ 


“ကိုထွေးရာ.........ဖူးစာမှန်ရင် တကယ်ဆုံရမှာပါကွာ၊ ချောနုကိုတော့..............”


ဦးသက်က စကားကိုဆုံးအောင်ဆက်မပြောပါ။ ကိုထွေးလည်း နားထောင်ချင်စိတ်မရှိပါ။ 


 ****************************************

“ကိုမောင်မောင်ထွေး   နေမကောင်းလို့လားဟင်”


“ကောင်းပါတယ်မချောနု ဘာဖြစ်လို့လဲ”


“မျက်နှာမကောင်းလို့ပါ။ ဒီမှာ စာအုပ်ဖိုး.။ ဒါက ကိုမောင်မောင်ထွေးဖို့ ဖိတ်စာ”


ချောနုက လက်တစ်ဝါးစာခန့်ရှိ ဖိတ်စာလေးတစ်စောင်ကို စားပွဲပေါ်ချပေးသည်။ 


“ဘာဖိတ်စာလဲဟင်“


ကိုထွေးက မေးရင်းနှင့် ဖိတ်စာကို ဖွင့်ဖတ်လိုက်သည်။ အပြာရောင် ဖိတ်စာကတ်ပြားလေးကို ဖတ်လိုက်၇သည်။ 


“လာမယ့် သောကြာ နေ့ဆို ချောအမျိုးသားဆုံးတာ ခြောက်နှစ်ပြည့်ပြီလေ”


ချောနု၏မျက်ဝန်းများထဲတွင် ကြေကွဲရိပ်ကလေးများစွန်းထင်းနေသည်ဟု ကိုထွေးထင်မိသည်။ ကိုထွေး သူ့ကိုကြည့်နေသည်ကိုမြင်သောအခါ  ခပ်ဖျော့ဖျော့ ပြုံးလေ၏။ 


ကိုထွေးစိတ်ထဲ ချောနုကိုကြည့်ရတာ အားမရ။ လွန်ခဲ့သည့်တစ်ခန့်.၊ ကိုထွေးနှင့်စတွေ့စဉ် အချိန်တုန်းကနှင့် မတူတော့။ တွေးရင်းနှင့်မှ ဒေါ်ခင်လှမြင့်ပြောခဲ့သောစကားများကို  ဖျတ်ခနဲ သတိရမိသည်။ 


သြော်...........သူ့ခမျာ၊  သနားစရာ။ 


“သွားဦးမယ်နော်”


လှုပ်လှုပ်လဲ့လဲ့ဖြင့် ဆိုင်ထဲမှ ထွက်ခွာသွားသော ချောနုကိုကြည့်ပြီး ကိုထွေး သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ဘာကြောင့်မှန်းတော့ ကိုထွေး မဝေခွဲတတ်ချေ။ 


 ****************************************

ကိုထွေးအဖို့ နှလုံးသားလမ်းကြောင်းတွင် ကျွန်းခံနေသည်ဟု ပြောရမည်။ ကိုထွေး အသက်လေးဆယ်ကျော်လာသည်အထိ အိမ်ထောင်မကျသောကြောင့်ဖြစ်သည်။ 

မျှော်လင့်ရင်ခုန်ခဲ့ရသော နုနုရွရွလှလှပပ ပန်းကလေးတစ်ပွင့် ဝေဆာပွင့်လန်းနေရာမှ နွမ်းခြောက်ပြီး အသရေ ကင်းမဲ့ကာ ကြွေလွင့်သွားသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၍လားတော့မသိပေ။ ချောနုဆုံးပါးသွားသည့်နောက်ပိုင်း ဒေါ်ခင်လှမြင့်တို့က အပျိုကြီး မရွှေမိနှင့်  စပ်ပေးသည်ကိုပင် အလိမ္မာနှင့်ငြင်းဆန်ခဲ့သည်မှာ ချောနုမှလွဲ၍မည်သူ့ကိုမှ မေတ္တာမမျှချင်၍သော်လည်းကောင်း၊ မိန်းမသားတစ်ယောက်အား အချစ်မပါဘဲ ကာမတဏှာအလိုအရသာ  အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းဆက်ဆံခြင်းမပြုလိုသော ယောက်ျားကောင်း ၊ယောကျာ်းမြတ်တို့၏ ဂုဏ်ကို ထိန်းသိမ်းသည့် သဘောအနေနှင့်သော်လည်းကောင်း     အခြားအဘယ်အကြောင်းများကြော င့်ဆိုသည်ကတော့ ကိုထွေးမှသာ သိပေလိမ့်မည်။ 


လက်ရှိမှာတော့ ကိုထွေးသည် တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေဆဲပဲဖြစ်ပါသည်။




ဝေမိုးနိုင်(မုံရွာ)

တံငါနားနီးတံငါ

ပန်းချီဆရာ ဇော်မောင်၏ သရုပ်ဖော်ပုံ

မြန်မာ နိုင်ငံဟာ ရှေးအစဉ် အဆက် ကတည်းက ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်  ပြုခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာ နိုင်ငံမှာ မိမိတို့ရဲ့ ဘာသာ တရားကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိတာမို့ အခြား ဘာသာဝင် များစွာဟာလည်း မှီတင်း နေထိုင်ကြပါတယ်။

ကျွန်တော်ဟာ အစ္စလာမ် ဘာသာဝင် တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်ဟာ မိရိုးဖလာ ကိုးကွယ်မှု ဖြစ်လို့ ကိုးကွယ်တဲ့ အဆင့်ထက် မပိုခဲ့ပါဘူး။ ကျွန်တော့် အသက် ၁၂ နှစ်ကျော်လာတဲ့အထိ ဘာသာရေးကို စိုက်လိုက်မတ်မတ် လေ့လာ လိုက်စားမှု မရှိခဲ့ပါ။ မဖြစ်မနေ တတ်ထားသင့်တဲ့ ဘုရားစာ အချို့ကလွဲလို့ နေ့စဉ် ဘုရား ၀တ်ပြုခြင်းကိုပင် ကျွန်တော် မတတ်ကျွမ်းခဲ့။

ကျွန်တော်တို့ ဘာသာအရ တစ်နေ့ကို ငါးကြိမ် ဘုရား ၀တ်ပြုပါတယ်။ ဒါဟာ မဖြစ်မနေ ဆောင်ရွက်ရမယ့် ၀တ္တရား တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်က စနစ်တကျ ဆောင်ရွက်ခြင်း မရှိခဲ့။ မတတ်ခဲ့။ ရှေ့ဆောင်ဆရာရဲ့ နောက်ကနေ သူဝတ်ပြုတဲ့ အတိုင်းသာ လိုက်လုပ် နေခဲ့ပါ တယ်။

ငယ်စဉ်က ဘုရား ၀တ်ပြုသင့်ပေမယ့် ကျောင်းသင် ပညာရေးကို ဂရုစိုက် ရတာရယ်၊ ကိုယ်ကိုယ်တိုင်ကလည်း စိတ်မ၀င်စားတာ ရယ်ကြောင့် ဆုံးခန်းတိုင်အောင် မသင် ယူခဲ့ပါ။ မေမေကလည်း အလုပ် တစ်ဖက်နဲ့ ဆိုတော့ ကျွန်တော့်ကို မကြပ်မတ်နိုင်ခဲ့။ ဒီတော့ ကျွန်တော်ဟာ ဘာသာရေးပိုင်းမှာ အတော်လေးကို အားနည်းခဲ့ပါတယ်။

အစ္စလာမ် ဘာသာမှာ အသက် ၁၀ နှစ်ကျော်တဲ့ အထိ ဘုရားဝတ် မပြုတတ်ရင် အပြစ် ရှိပါတယ်။ ကာယကံရှင် သာမက သူ့ရဲ့မိဘတွေမှာပါ အပြစ်ရှိတယ်။ ဒါပေမဲ့လည်း ကျွန်တော်ဟာ ဘာသာရေးနဲ့ အလှမ်း ဝေးနေခဲ့ပါတယ်။

၂၀၀၈ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ညက မန္တလေးတိုင်း၊ သာစည်မြို့မှာ နေတဲ့ ကျွန်တော်တို့ ဦးလေးတစ်ယောက် ဆုံးတယ်လို့ ဖုန်းသတင်း ရလို့ ကျွန်တော်တို့ မိသားစုဝင်တွေ သာစည်ကို သွားရပါတယ်။ သာစည်မြို့ဟာ အစ္စလာမ် ဘာသာဝင် လေးပုံ တစ်ပုံလောက် ရှိတဲ့ မြို့ပါ။ ဒီမြို့ကို မကြာခဏ ရောက်ပေမယ့် သာစည်မြို့ရဲ့ သာရေးနာရေး ဆောင်ရွက်မှုတွေကို ဒီတစ်ခေါက်မှပဲ သိခွင့်ရခဲ့ပါတယ်။

ကျွန်တော်တို့ အစ္စလာမ်ဘာသာ ထုံးစံအရ လူတစ်ယောက် ကွယ်လွန်ရင် အဲဒီအိမ်မှာ ၃ ရက် အတွင်း မီးမမွှေးရပါဘူး။ အပူမီးကို ငြှိမ်းသတ်ထားတဲ့ သဘောပါ။ ဒီတော့ အခြား အစ္စလာမ် ဘာသာဝင်တွေက စားစရာတွေကို ပေးပို့ကြပြီး ကုသိုလ် ယူကြပါတယ်။ အစ္စလာမ် ဘာသာဝင်တွေသာမက ခင်မင် ရင်းနှီးသူ၊ အိမ်နီးချင်း ဗုဒ္ဓ ဘာသာဝင် တချို့ကလည်း စားသောက်ဖွယ်ရာ များ ပေးပို့ကြပါတယ်။ ဒီမှာ အံ့သြစရာ ကောင်းလောက်အောင် လူတွေရဲ့ သဒ္ဓါ တရားကို တွေ့ရပါတယ်။

ကျွန်တော်ကတော့ ဒီလို ဘာသာရေး အသိုက်အ၀န်းကြီးကို ရင်းရင်းနှီးနှီး တွေ့ရတော့ ထူးဆန်းနေပါတယ်။ သေသူကို မြှုပ်နှံပြီးနောက် နေအိမ်မှာ မန်ကျည်းစေ့(သို့)တည်စေ့တွေနဲ့ သေသူအတွက် စုပေါင်း ပုတီးစိပ်ကြပါတယ်။ အစ္စလာမ် ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတွေက လာရောက် ပုတီးစိပ်ပေးကြပါတယ်။ ဒါ့အပြင် ဘာသာရေး ရှေ့ဆောင်ဆရာများနဲ့ မိဘမဲ့ ကလေးများ၊ ဘာသာရေး စာသင်ကျောင်းမှ ကျောင်းသားလေးများကလည်း လာရောက်ပြီး ကျမ်းစာရွတ် ဖတ်ကြပါ တယ်။

သာစည်မှာနေခဲ့တဲ့ ကာလတစ်လျှောက် ကျွန်တော့်မှာ အံ့သြ နေရပါတယ်။ ဒီလို ဘာသာရေး လှုပ်ရှားမှုကြီးကို မြင်ရလို့ပါ။ မုံရွာမှာဆို ကျွန်တော်တို့ နေတဲ့ ရပ်ကွက်က အစ္စလာမ် အသိုက်အ၀န်း မဟုတ်တော့ ဘာသာရေးနဲ့ ပတ်သက်ပြီး နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး မရှိခဲ့ပါ။ သာစည်မှာ ဘာသာရေး လှုပ်ရှားမှုတွေကြား နေလိုက်ရတဲ့ ခဏဟာ ကျွန်တော့်အတွက် အတော်ကြီးကို ကောင်းသွားခဲ့ပါတယ်။

မုံရွာ ပြန်ရောက်တော့ မေမေ့ကို ကျွန်တော် ပြောမိတဲ့ စကားက ဘုရားဝတ် ပြုသင်ချင်တယ် ဆိုတာပါပဲ။ ဒါနဲ့ မေမေကလည်း ကျွန်တော့် ဆန္ဒကို ၀မ်းသာ အားရ ဖြည့်ဆည်း ပေးခဲ့ပါတယ်။ အိမ်ကို ဘာသာရေး ရှေ့ဆောင်ဆရာ ခေါ်ပြီး ဘုရား ၀တ်ပြု သင်ခဲ့ပါတယ်။ သိပ်မကြာပါဘူး။ တစ်လလောက် နေတော့ ကျွန်တော် ကောင်းကောင်းကြီး ဘုရားဝတ် ပြုတတ်သွားပါပြီ။ အရေးကြီးတဲ့ မဖြစ်မနေ သိထား တတ်ထားသင့်တဲ့ ဘုရားစာများ၊ ဘာသာရေး အဆုံး အမများသာမက ဘာသာရေး လုပ်ရမယ် ဆိုတဲ့ အသိပါ ကျွန်တော့် ခေါင်းထဲ ၀င်လာခဲ့ပါတယ်။

ဘယ်ဘာသာမှာ မဆို လူငယ်အများစု (ကျွန်တော့်လို လူငယ်များ)ဟာ ဘာသာရေးနဲ့ အလှမ်း ဝေးနေတတ်ပါတယ်။ ဘာကြောင့်ဒီလို ဖြစ်ရတာလဲဆိုရင် (ကျွန်တော့် အမြင်တော့) ပတ်ဝန်းကျင်ကြောင့်ပါပဲ။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တွေဟာ ဘာသာရေးကို အဓိက မထားတော့ပါဘူး။ အဓိက ထားသည့်တိုင် မထားသေးတဲ့ သူကို ထားအောင် လုပ်ပေးချင်တဲ့စိတ် မရှိကြပါဘူး။ ဒါကြောင့်မို့ ပတ်ဝန်းကျင်ဟာ အရေး ပါတယ်လို့ ဆိုရခြင်းပါ။

ကျွန်တော်နေ့စဉ် စာသင်ကျောင်းတွေမှာ တွေ့ရပါတယ်။ မနက်ခင်း ဘုရား ရှိခိုးနေချိန်မှာ အချိန်မရွေး ပြောလို့ရတဲ့ အာလာပ သလ္လာပ စကားတွေပြောပြီး ဘာသာရေးကို လျစ်လျူရှုနေ ကြပါတယ်။ ဒီလိုပဲ ကျွန်တော် အစ္စလာမ်တွေရဲ့ ဗလီ (ဘုရားဝတ်ပြုကျောင်း)တွေမှာ ဘုရားဝတ် ပြုနေ သူများကို အနှောင့် အယှက်ပေး၊ မိမိ ကိုယ်တိုင်လည်း ထိထိရောက်ရောက် ဘုရားဝတ် မပြုတဲ့ သူတွေကို မြင်နေရဆဲပါ။ ဒါတွေဟာ သက်ဆိုင်ရာ ဘာသာအသီးသီးအတွက် အနုတ် လက္ခဏာကို ဆောင်နေတာပါပဲ။ ဒီလို လူတွေဟာ အများအားဖြင့် လူငယ်တွေပဲ ဖြစ်နေတာကို စိတ်မကောင်းစွာ သိရပြန်ပါတယ်။

ကျွန်တော်တို့ မြို့မှာ ရဟန်းသံဃာများရဲ့ တရားပွဲများကို ဗုဒ္ဓဘာသာဝင်တွေရဲ့ လှုပ်ရှားမှု အဖြစ် မကြာခဏတွေ့နေရပါတယ်။ ဒါ့အပြင် အခါကြီး ရက်ကြီးကာလ(အများအားဖြင့်သင်္ကြန်) တွေမှာ ရေကစား သူတို့ ကစားသလို အချို့ ကလည်း တရား စခန်းများ ၀င်ပြီး တရား ဘာဝနာ အားထုတ်ကြပါတယ်။ ဒီလို ဘုရားအလုပ်၊ တရား အလုပ် လုပ်ကြသူတွေထဲမှာ ကျွန်တော်တို့ လူငယ် တွေဟာ အနည်းငယ်မျှသာ တွေ့ရတတ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ လူငယ် ဖူးငုံများ ခင်ဗျား။ မိမိ ကံကြမ္မာ၊ မိမိသက်တမ်းကို မသိနိုင်တဲ့ လူသားတွေဟာ လောကီသာမက လောကုတ္တရာ တရားများကို အခါအခွင့် သင့်တိုင်း လေ့လာ လိုက်စားပြီး နှလုံး သွင်းနိုင်ကြမယ် ဆိုရင် လူ့ဘ၀ကြီးထဲ လာရကျိုး နပ်ပါလိမ့်မယ် ဆိုတာကို ကျွန်တော့် အတွေ့အကြုံလေးနဲ့ ယှဉ်ပြီး ပြောပြ လိုက်ပါတယ် ခင်ဗျာ။

ဝေမိုးနိုင်၊မုံရွာ၊
(ဖူးငုံဆယ်ကျော်သက် (Teen) မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

Friday, February 17, 2012

ကတိပေးပါတယ် မေမေရယ်

Google မှ ရယူပါသည်။
 သူကလေ..........အိကို ညှို့နေသလိုပဲ ။ သူ့ရဲ့ နက်မှောင်နေတဲ့ ဆံကေသာတွေက တစ်ချောင်းချင်းထောင်နေတတ်ပြီး ခပ်လတ်လတ်အသားအရေ ရှိတဲ့ လည်ပင်းသားမှာ ပလက်တီနမ်ဆွဲကြိုး နှစ်ကုံး၊ သုံးကုံးလောက် အမြဲဆွဲထားလေ့ရှိတယ်။ အင်္ကျီကြယ်သီးကိုဘယ်တော့မှ ကုန်အောင်တပ်လေ့ မရှိဘဲ ထိပ်ဆုံးနှစ်လုံးဖြစ်စေ၊ အောက်ဆုံးနှစ်လုံးဖြစ်စေ အမြဲ ဖြုတ်ထားတယ်။ ပုဆိုးဝတ်ရင်လဲ ခါးပုံစက အရှည်ကြီးနဲ့ ၊ ဖိနပ်ဆိုရင် ဂွင်းထိုးဖိနပ်ကြီးတွေ ဖြစ်ဖြစ်၊ ကြက်ပေါင်ဖိနပ်အကြီးကြီးတွေဖြစ်ဖြစ် စီးတတ်တယ်။

ရုပ်ရည်က အချောကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်အဆင့်ထက်တော့ သာတယ်။ ဆွဲဆောင်မှုရှိတယ်ဆိုကြပါစို့လေ။ အိကတော့ သူ့ဒီဇိုင်း၊ သူ့ပုံစံကို သဘောကျတယ်။ ဒါပေမယ့်.......ဆရာ၊ ဆရာမတွေက မကြိုက်ကြဘူး။ ကျောင်းအုပ်ဆရာကြီးဆို ပိုဆိုးတာပေါ့။ ဆရာကြီးနဲ့ ထိပ်တိုက်တွေ့ပြီဆိုရင်တော့ သူ့ခမျာ အဆူခံရတော့တာပဲ။ တစ်ခါတစ်လေ အရိုက်တောင် ခံရသေးတယ်။  ဆရာကြီးက နည်းနည်းပိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အပြင်အဆင်အထိတော့ စည်းကမ်းမတင်းကျပ်သင့်ပါဘူး။ တကယ်ဆို လူငယ်တွေပဲ ၀တ်ချင်၊ စားချင်ကြမှာပေါ့။  ဘယ်သူတွေ ဘယ်လိုပြောပြောပါ၊ အိကတော့ သူ့ဒီဇိုင်းလေးကို သဘောကျတယ်။ ကြိုက်တယ်။ သူက သိမှာမဟုတ်ပေမယ့် အိရင်ထဲမှာတော့ သူ့ကို တိတ်တခိုး လှုပ်ရှားနေမိပြီလေ။ သူ့ဒီဇိုင်း၊ သူ့ပုံစံ၊ သူ့ သွင်ပြင်၊ သူ့လှုပ်ရှားမှုလေးတွေ အားလုံးကို အိ အသည်းနှလုံးထဲမှာ  တစိမ့်စိမ့် စီးဝင်စေခဲ့ပြီ။

ဒါပေမယ့် အိမကြိုက်တာ တစ်ခုတော့ ရှိတယ်။ သူက ရန်ခဏခဏ ဖြစ်တယ်။ ဆယ်တန်းက ရန်ဖြစ်လို့တဲ့ဆိုရင် သွားမကြည့်နဲ့ ၊ သူပါပြီးသား။ သူ့လက်ချက်ကြောင့် ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရကုန်တာပဲ ။ သူ့အဖွဲ့ကလည်း လူများများ အင်အားတောင့်တောင့်ဆိုတော့ သူများတွေကို အမြဲ အနိုင်ကျင့် ရန်ဖြစ်လေ့ ရှိတယ်။ တစ်ခါတစ်လေ အခန့်မသင့်မှသာ သူ ခံရတာ။ သူ့ရဲ့ အဲဒီ အကျင့်ကြီးကိုတော့ အိမကြိုက်ဘူး။  ဒါပေမယ့်လေ......အိ ရင်ထဲမှာ သူ့အပေါ်ဘယ်လောက်တောင်ချစ်နေမိလဲဆိုတော့ ကိုယ့်နှလုံးသားကိုကိုယ် ပြန်မေးမိတိုင်း သူဆိုးတာတွေကိုတောင် ခွင့်လွှတ်နိုင်တယ်လို့ အဖြေထွက်ခဲ့တယ်လေ။ ဘယ်လောက်တောင် အချစ်မီးဒီဂရီတွေ ပြင်းထန်လွန်ကဲနေသလဲဆိုတော့ သူခံလာရရင်တောင် သနားပြီး လုပ်တဲ့သူကို ဒေါသတွေ ထွက်နေမိတဲ့ အဖြစ်ပါပဲ။

သူက အိနဲ့ ဘာမှ မပတ်သတ်ခင်ကတည်းက အိမှာ သူ့ကို ဒီလိုတွေ ချစ်စိတ်တွေယိုဖိတ်နေခဲ့တယ်။  တကယ်ဆို သူ့ကို အိ မချစ်ခဲ့သင့်ဘူး။ အချစ်ဆိုတာလဲ ဆန်းကြယ်သားမို့လား။ဖြစ်သင့်တာက ကိုယ်နဲ့ ရွယ်တူတန်းတူ ရှစ်တန်းကျောင်းသားတွေကို စိတ်ဝင်စားရမှာလေ။ ခုလို သူ့ကိုမှ ချစ်ခဲ့မိတာကတော့ အချစ်မှာမျက်စိမရှိဆိုတဲ့ စကားအတွက် သက်သေ သက္ကာရ တစ်ခုတိုးသွားတာပေါ့လေ။

ဒီလို မဆွတ်ခင်က ညွတ်ချင်နေတဲ့ အိကြောင့် သူ့ရဲ့ ချစ်ရေးဆိုမှုဟာ တစ်ခဏအတွင်း အောင်မြင်ခဲ့တယ်။  သူစပြီး ချစ်ရေးဆိုကာစကဆို အိရင်ထဲ ၀မ်းသာပီတိတွေ လျှံတက်လာတာများ ချက်ချင်းတောင် အဖြေပေးမိတော့မတတ်ပဲ။ ဒါပေမယ့် မကြာပါဘူး။ သုံးရက်လောက်နေတော့ အဖြေပေးလိုက်တယ်လေ.။ ကိုယ်က တိတ်တခိုး သိုဝှက်ပြီးချစ်နေရတာ ကြာပြီမို့လား။ အာင့်အီးမနေနိုင်တော့ပါဘူး။  ဒီလိုနဲ့ပဲ အိတို့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်ဆိုကြပါစို့လေ။

@@@@@@@@@@@@@@@

 ချစ်သူဖြစ်ပြီးပြီးချင်း ကြုံရတဲ့ ပြဿနာက နှစ်ခုတောင်။ ပထမတစ်ခုက မေမေမသိအောင် ဖုံးရ၊ ဖိရတာပေါ့။ သူငယ်ချင်းတွေ အိမ်လာလည်ရင် သူ့အကြောင်းမပြောဖို့ ပိတ်ရတယ်။ ကျောင်းပြင်မှာချိန်းတွေ့ရင် မေမေ့မိတ်ဆွေတွေနဲ့ ဝေးတဲ့ နေရာမျိုးမှာ တိတ်တဆိတ်တွေ့ရတယ်။

နောက်တစ်ခုက သူ့ရဲ့ သ၀န်တိုမှုပဲ။ အိအနားကပ်တဲ့ ကောင်လေးတွေ၊ အိကို စာပေးတဲ့ ကောင်လေးတွေကို သူက ပြဿနာရှာတော့တာပဲ။ ဟိုက ငြိမ်ခံမနေရင် ပြဿနာဖြစ်ကြတော့တာပဲ။ပြောရမယ်ဆိုရင် အိကလည်း ယောက်ျားလေးတွေကြားမှာ ရေပန်းစားတဲ့ မိန်းကလေးတွေထဲက တစ်ယောက်ပေါ့။  အိရုပ်ရည်က အချောအလှကြီးမဟုတ်ပေမယ့် အိရဲ့ ကိုယ်လုံးကိုယ်ပေါက်၊ အပြင်အဆင်၊ စတိုင်လ်တွေကြောင့် ယောက်ျားလေးတွေရဲ့ စိတ်ဝင်စားမှုကို ခံရတယ်။ ဒါပေမယ့်  အိက သူတို့တွေကို ပြန်မချစ်ဘဲ သူ့ကိုမှ ချစ်ခဲ့မိတာ။ ဒီတော့ သူသ၀န်တိုတာကိုလည်းခံ၇တော့တာပေါ့။

ဒါပေမယ့် အိသူ့ အပေါ် အချစ်မပျက်ခဲ့ပါဘူး။ သူကလည်း အချစ်မပျက်အောင် ပြောတတ်တယ်လေ။ အိလည်း သူ့နှုတ်ခမ်းဖျားလေးတွေပေါ်မှာ ဘီယာမူးမူးနေသလိုကို ယစ်မူးနေခဲ့တော့တာပေါ့။  ပတ်ဝန်းကျင်ကိုလည်း အိ ဂရုမစိုက်မိတော့ဘူး။  အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့ စကားကို အိက ရာနှုန်းပြည့် ထောက်ခံတယ်။ အိကိုယ်တိုင်လည်း မျက်စိကန်းနေမိပြီလေ။ အဲဒီလို မျက်စိကန်းမိတော့ ဆရာမတွေက ရိပ်မိကုန်ရော။ ကြည့်ရတာ တစ်ယောက်ယောက် သွားတို့ပုံပေါ်ပါတယ်။ တစ်နေ့က အိကိုဆရာမတွေ ခေါ်မေးတယ်လေ။ သိနေမှတော့ ငြင်းနေလည်း အပိုပဲမို့ အိ ၀န်ခံလိုက်ပါတယ။်

အဲဒီတော့ ဆရာမတွေက ဘာပြောတယ်မှတ်လဲ ။ သူနဲ့ အဆက်ဖြတ်ပါတဲ့။ သူကလည်း ဆယ်တန်းတဲ့။ ပညာရေးမှာ အနှောင့်အယှက်ဖြစ်လိမ့်မယ်တဲ့။ အိလည်း ငယ်သေးတယ်တဲ့။ အိစိတ်ညစ်တယ်။ တကယ်ဆို ချစ်ကြတာက သူနဲ့အိပါ။ ကျန်တဲ့သူတွေက အိတို့ကိစ္စမှာ မပါသင့်ဘူးလို့ထင်တယ်။  ဒါပေမယ့် အိတစ်ခုတော့ စဉ်းစားမိတယ်။  ဆရာမတွေ ပြောသလို သူ့ပညာရေးကိုများ အနှောင့်အယှက် ဖြစ်နေမလားမသိဘူး။ အို .....မဖြစ်နိုင်ပါဘူး။ ခုမှ ကျောင်းက ဖွင့်ကာစရှိသေးတာ၊ အချိန်တွေအများကြီးကျန်သေးတယ်။ ပြီးတော့ သူကဥာဏ်ကောင်းတယ်။ အောင်မှာပါ။ အိကတော့ အခုပျော်ရွှင်နေရတဲ့ ခံစားမှုလေးကို မပျောက်ပျက်စေချင်ပါ။

@@@@@@@@@@@@@@@

မနေ့က သူပေးတဲ့ အသည်းပုံပန်းခြင်းလေးကို မေမေတွေ့သွားတယ်။ အိက သူငယ်ချင်းတစ်ယောက် နယ်ပြောင်းမှာမို့လို့ လက်ဆောင်ပေးတာလို့ ပြောလိုက်ပေမယ့် မေမေက ယုံပုံမပေါ်ဘူး။ စိတ်ညစ်ပါတယ်။ တစ်နေ့ကလည်း စိုးနွယ်လှိုင် အိမ်လာလို့ စကားပြောနေတာကို မောင်လေးက ခိုးနားထောင်နေတယ်။ တော်သေးတာပေါ့။ ကြိုသိသွားလို့  သူ့အကြောင်းတွေ မပြောဖြစ်ခဲ့ကြဘူး။ မောင်လေးသိလို့ မဖြစ်ဘူး။ သူက မေမေ့ကို အကုန်ပြန်တိုင်မှာ ။ မေမေသိသွားရင်လည်း မိုးမီးလောင်မှာ။ ဟူး....................ရည်းစားလေးတစ်ယောက်ထားမိတာ .၊ သူခိုးတစ်ယောက်ကျနေတာပဲ။ မယုံသင်္ကာတွေနဲ့။

@@@@@@@@@@@@@@@

စိုးနွယ်လှိုင်သယ်လာတဲ့ စာတစ်စောင်က အိကို မီးစနဲ့ ထိုးလိုက်သလိုပဲ။ သူ့ဆီကစာပါ။ အကြောင်းအရင်းက သူ့ကို မိဘတွေက မန္တလေးမှာကျောင်းပြောင်းထားမလို့တဲ့။ အိတို့အကြောင်းတွေကို သိသွားပြီဆိုပဲ။ အို.................ဒါဆို အိတို့ ခွဲရတော့မှာပေါ့...။ ဟင့်အင်း.....ဟင့်အင်း...........။  အိ သူ့ကို မခွဲနိုင်ဘူး။  သူက နောက်ဆုံးအနေနဲ့ တွေ့ချင်တယ်တဲ့။ နောက်ဆုံးတဲ့လား.......။  နားခါးလိုက်တာ...။ သူဘာတွေ ပြောဦးမလို့လဲ မသိဘူး ။  အိကတော့ သူ့ကို မခွဲချင်ပါ။  အိ သူ့ကို မခွဲနိုင်ပါ။ 

@@@@@@@@@@@@@@@

မေမေ့ကို သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲသွားမလို့လို့ ပြောပြီး ကန်သာယာသွားဖို့ စက်ဘီးထုတ်နေတော့ မေမေက လက်ဆောင်မပေးဘူးလားတဲ့ ။ သူငယ်ချင်းတစ်ယောက်က ၀ယ်လာမှာ ၊ ပိုက်ဆံပေးပြီးသားလို့ အိကပြောပေမယ့် မေမေ့ကြည့်ရတာ ယုံပုံမပေါ်ဘူး။  ဒါပေမယ့် အိ ဆက်ဖြေရှင်းမနေတော့ဘူး။ သူ့ကို တွေ့ချင်ဇောကကြီးနေတာမို့ စက်ဘီးကိုသာ အားသွန်နင်းလိုက်တယ်။

ကန်သာယာရောက်တော့ သူက အဆင်သင့် စောင့်နေတယ်။ အိက စက်ဘီးဒေါက်ထောက်ပြီးပြီးချင်း သူ့ကို ပြေးဖက်လိုက်တယ်။  အိတို့ နှစ်ယောက်  တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားလိုက်ကြတာ တော်တော်ကြာတဲ့ အထိပဲ။  ပြီးမှ သူက စကားစပြောတယ်။ ခိုးပြေးကြရအောင်တဲ့။

အို...................။ အိတစ်ခါမှ မတွေးခဲ့ဖူးဘူး။ သူနဲ့ မခွဲနိုင်ပေမယ့်လည်း ခိုးရာလိုက်ဖို့ အထိတော့  အိ သတ္တိ မရှိပါ။ အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးဘဲ  ခိုးရာလိုက်လို့ ဥပဒေနဲ့လည်း မညီညွတ်ပါ ။ ဒါပေမယ့် ခိုးရာမလိုက်ဘူးဆိုရင်လည်း သူနဲ့ အိ ခွဲရတော့မှာ ...။ ဒါပေမယ့် တစ်နှစ်ထဲပဲ။ အိစောင့်ရမှာပေါ့။ သူ့ပညာရေးအတွက်ပဲ။ အဲဒီလို အိ သူ့ကို ချော့လိုက်တော့ သူပြန်ပြောတဲ့စကားက အိကို အရုပ်ကြိုးပြတ် ဖြစ်သွားစေတယ်။  သူဆယ်တန်းပြီးရင် သူ့မိဘတွေကပါ မန္တလေးပြောင်းကြမှာတဲ့။ နဂိုကတည်းက စီစဉ်ပြီးသားတဲ့။  အခု အိတို့ ကိစ္စကြောင့် သူ့ကို စောပို့လိုက်တာတဲ့။

အိတို့ ဘယ်လိုလုပ်ရပါ့။ သူ့ကို အိလည်း မခွဲနိုင်။ သူကလည်း အိကို မခွဲနိုင်။ တခြားနည်းလမ်း မရှိတော့ပါ။ ခိုးရာလိုက်ရုံသာ ရှိတော့တယ်။  ဒါပေမယ့်.......................................။

အိတို့ အဲဒီလို စကားပြောနေတဲ့ အချိန်မှာပဲ အိတို့နားကို စက်ဘီးတစ်စီး ထိုးရပ်လာတယ်။ အိက မထူးဆန်းလို့ နောက်လှည့်မကြည့်ဖြစ်ပေမယ့် သိသိသာသာ ပျက်ယွင်းနေတဲ့ သူ့မျက်နှာကြောင့် နောက်ကို လှည့်ကြည့်လိုက်တော့ ...............။ ဟာ.............မေမေ.....။ အိရဲ့ နှုတ်ဖျားက အာမေဋိတ်တစ်ခုလွင့်ကျသွားတယ်။ စက်ဘီးလေးဘေးမှာ ငုတ်တုတ်လေးထိုင်နေတယ်။ အသက်ရှုသံ ခပ်ပြင်းပြင်းကိုလည်း ကြားနေရတယ်။ အိ တစ်ကိုယ်လုံး ထူပူသွားတယ်။ ဘာလုပ်လို့ ဘာကိုင်၇မှန်းလည်း မသိတော့ဘူး။  သူ့ကိုလှည့်ကြည့်လိုက်တော့  ဆိုင်ကယ်ကို ၀ုန်းဒိုင်းကြဲအောင် စီးသွားတဲ့ သူ့ကျောပြင်တစ်ခုကပဲ အိကို လှောင်ပြောင်နေတယ်။

မေမေ့ဘက်ကို လှည့်ကြည့်လိုက်တော့ မေမေ့မှာ စကားတောင် မပြောနိုင်ရှာသေးပါ။ စက်ဘီးလေးဘေးမှာ ဆောင့်ကြောင့်ထိုင်ရင်း အသက်ကို မနည်းရှုနေရတဲ့ မေမေ့ကိုကြည့်ပြီး အိရင်ထဲ မေမေ့ကို သနားတဲ့ စိတ်တွေ လျှံတက်လာတယ်။ အဲဒီနောက် “လာ....သွားမယ်” ဆိုတဲ့ စကားတစ်ခွန်းနဲ့ မေမေက အိကို အိမ်ပြန်ခေါ်သွားတယ်။ အိလည်း အပြစ်ရှိသူပီပီ မေမေ့နောက်ကနေ ကုပ်ချောင်းချောင်းနဲ့ လိုက်လာခဲ့ရတယ်။ မေမေ့ဆီက စကားတစ်ခွန်းတစ်လေ ကြားရလိမ့်မယ်လို့ ထင်ပေမယ့် မေမေကအိကို စကားပြောဖို့နေနေသာသာ လှည့်လို့တောင် မကြည့်ခဲ့။

အိမ်ပြန်ရောက်တော့လည်း အိက မေမေဆူတော့မယ်လို့ ထင်ပေမယ့် မေမေ့ဆီက စကားသံတစ်စွန်းတစ်စကိုမှ မကြားရ။ မေမေ ပြောမလား၊ ပြောမလား နဲ့ အိမျှော်လင့်နေပေမယ့်  မိုးချုပ်သွားသည်အထိ မေမေက အိကို စေ့စေ့မကြည့်ခဲ့။

ညအိပ်ရာဝင်တော့ တစ်ညလုံး မေမေ့အခန်းဘက်က ရှိုက်သံတွေ ကြားခဲ့ရတယ်။ မေမေ့ရှိုက်သံတွေကြောင့် အိ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အပြစ်တင်မိတယ်။ သူ့ကို ချစ်ပါတယ်ဆိုတဲ့ စိတ်တွေလည်း ဘယ်ရောက်သွားမှန်းမသိတော့ ။ ညနေက မေမေ့ပုံစံလေးကိုမြင်ယောင်နေမိရင်း အိ အသံမထွက်ဘဲ ငိုနေမိတာ တစ်ညလုံးပါပဲ။ မနက်မိုးလင်းခါနီးမှ  အိလည်းမှေးခနဲ အိပ်ပျော်သွားတော့တယ်။

@@@@@@@@@@@@@@@

မနက်လင်းတော့ အိပ်ရာဘေးက  စားပွဲခုံလေးမှာ နှိုးစက်နာရီနဲ့  ဖိထားတဲ့ စာလေးတစ်စောင်ကို အိတွေ့ရတယ်။

   “သမီး.....
              ထမင်းကြော်နဲ့ကော်ဖီ မေမေပြင်ထားခဲ့ပြီ။ မောင်လေးနိုးရင် စားသောက်ပြီး ကျောင်းသွားကြပါ။
              မေမေကတော့ စာသင်သွားပြီ။ ထမင်းစားကျောင်း ဆင်းတော့မှ မေမေ သမီးတို့ကျောင်းကို လာ
              ခဲ့မယ်။ အစစအရာရာ မေမေ စိတ်ချမယ်နော်။ ပျက်အစဉ်ပြင်ခဏပါ သမီးလေးရယ်............။

                                                                                                                          မေမေ

အိမျက်ရည်တွေ တားမနိုင် ၊ဆီးမရ ဖြစ်ခဲ့ရပါပြီ။ ပျက်အစဉ် ပြင်ခဏတဲ့လားမေမေရယ် ........။ တစ်ညလုံးလည်း အိအတွက် စိတ်ဆင်းရဲခဲ့ရလို့ အိပ်ရေးတွေ ပျက်ခဲ့ပြီး မနက်မိုးလင်းတော့လည်း အိတို့အတွက် စားသောက်စရာတွေ ပြင်ဆင်ပေး၇တယ်။ အားလုံးပြီးတော့မှအလုပ်ကိုအပြေးအလွှား သွားရတဲ့ မေမေ့ရဲ့ သောကတွေကို အိ ပိုပြီး နားလည်ခံစားမိပါပြီ။ အိကတိပေးပါတယ်မေမေရယ်။ နောက်နောင် အိအတွက်နဲ့ မေမေစိတ်ဆင်းရဲစေမယ့် ၊သောကရောက်စေရမယ့် အဖြစ်မျိုး အိမလုပ်တော့ပါဘူး။ အိ ....ကတိပေးပါတယ် မေမေရယ်။ တကယ်ကို ကတိပေးတာပါမေမေရယ်။

 မေမေယုံလိုက်ပါတော့နော်................။                          ။

 
ဝေမိုးနိုင်(မုံရွာ)


ပြောချင်တဲ့စကား 

ဒီဇာတ်လမ်းလေးက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်လေးပါ။ ဇာတ်သိမ်းကလို အပြင်မှာ ဖြစ်ပါစေဆိုတဲ့ စေတနာနဲ့ ဒီဝတ္ထုကို ရေးသားခဲ့တာဖြစ်ပေမယ့် အပြင်မှာတော့ သူငယ်ချင်းမက ပြုပြင်ပြောင်းလဲမှု မရှိတာကို စိတ်မကောင်းစွာ တွေ့ရပြန်ပါတယ်။ ကျွန်တော့် အနုပညာက ရှုံးသွားတဲ့ သဘောပေါ့။ ဒါပေမယ့် ဖတ်မိသူပိုများအောင် ဘလော့ပို့စ်အဖြစ်တင်ပေးလိုက်ပါတယ်။ ဖတ်မိသူများထဲက လူငယ်မောင်မယ်များအနေနဲ့  သင်ခန်းစာယူတတ်ပါစေလို့ ဆုတောင်းပါတယ်။

Monday, February 13, 2012

ပြောမယုံ ကြုံဖူးမှသိ

လူ့ဘ၀၌ ကျင်လည် ဖြတ်သန်းရာတွင်အကျိုးတရားအမျိုးမျိုး၊ အကြောင်းတရားအထွေထွေ၊ အတွေ့အကြုံအဖုံဖုံ၊ အဖြစ်အပျက်မျိုးစုံကို လူတိုင်းရင်ဆိုင်ကြုံတွေ့ခဲ့ဖူးမည်ပင်။ ထိုအထဲမှ ဖြစ်ရပ်အချို့သည် တစ်ပါးသူကပြန်လည် ဖောက်သည်ချသောအခါ မယုံကြည်နိုင်ပေ။ သို့သော်...မိမိကိုယ်တိုင် ကြုံတွေ့လာရသည့်အခါတွင်မူ သည်းထိတ်ရင်ဖိုဖြစ်ရသည်လည်းရှိ၏။ အတိုင်းမသိ ၀မ်းသာပျော်ရွှင်ရသည်လည်း ရှိ၏။ ကျွန်တော်သည်လည်း အခြားသူက ကျွန်တော့်အားလာရောက်ပြောပြလျှင် မယုံနိုင်လောက်သော ဖြစ်ရပ်တစ်ခုနှင့် ကြုံဆုံခဲ့ရဖူးပါသည်။
 
@@@@@@@@@@@@@@@
ကျွန်တော်သည်ငယ်စဉ်ကတည်းကစာအုပ်စာပေ၌ မွေ့လျော်တတ်သော နှလုံးသားနှင့်  ကြီးပြင်းခဲ့ရသည်။ မေမေသည် ကျွန်တော့်အား စာဖတ်ခြင်းကို အလေ့အထုံတစ်ရပ်အနေဖြင့် မွေးမြူတတ်စေရန် ပျိုးထောင်ပေးခဲ့သည်။ ကျွန်တော်တို့တွင် သားအမိနှစ်ယောက်တည်း ရှိသည့်အတွက် မေမေ အလုပ်သွားလျှင် ကျွန်တော်က အိမ်၌ တစ်ဦးတည်း ကျန်ရစ်လေ့ရှိသည်။ ထိုအချိန်များတွင် ကျွန်တော် အပျင်းပြေစေရန် မေမေက ကာတွန်းစာအုပ်လေးများ ၀ယ်ယူပေးကာ ဖတ်ရှုစေခဲ့သည်။ စကားလုံးများကို ပေါင်း၍မဖတ်တတ်စဉ်ကပင် ရုပ်ပုံလေးများကိုကြည့်ရင်း စာအုပ်လှန်ရသည့် အကျင့်ကို စွဲလာခဲ့သည်။ စာလုံးများကို ပေါင်း၍ဖတ်တတ်လာသောအခါ စာနှင့်ရုပ်ပုံတွဲကြည့်ကာ ကာတွန်းဇာတ်လမ်းလေးများကို နားလည်လာရသည်။

တဖြည်းဖြည်း အသက်အရွယ်ရလာသောအခါ ကာတွန်းစာအုပ်များမှ တစ်ဆင့်တက်ကာ ၀တ္ထုစာအုပ်များ ဖတ်လာခဲ့သည်။ ကျွန်တော် ၀တ္ထုစဖတ်ဖြစ်တော့ တတိယတန်းကျောင်းသားအရွယ်ကဖြစ်သည်။ ကျွန်တော်၏ စာအုပ်စာပေဖတ်ရှုမှု ၀ါသနာကို လူများစုဖြစ်လေ့ဖြစ်ထရှိသည့် ထုံးစံအတိုင်း အပျော်ဖတ်အချစ်ဝတ္ထုများမှ စတင်ခဲ့ရသည်။ ဤသည်မှာ သဘာဝကျပါသည်။ စာဖတ်သူတွေ အလုအယက်ဌားရမ်းဖတ်ရှုနေကြသောဝတ္ထုများကို  စိတ်ဝင်စားမှုဖြင့် ဖတ်ရှုကြည့်ဖြစ်သည်။ ကျွန်တော်မဖတ်ဖူးသော အကြောင်းအရာမျိုးမို့ နှစ်သက်မိသည်။ ထို့နောက် အချစ်ဝတ္ထုပေါင်း မြောက်မြားစွာကို ဖတ်ရှုဖြစ်ခဲ့သည်။

ကျွန်တော်ငါးတန်းကျောင်းသားအရွယ်တွင် မေမေသည် ကျွန်တော့်အားစာအုပ်တစ်အုပ်ပေးလာခဲ့သည်။ ကျွန်တော်ဖတ်ဖို့ ၀ယ်လာတာဟုဆိုသည်။ စာအုပ်မျက်နှာဖုံးတွင် လွယ်အိတ်ပိုက်ထားသော ကလေးငယ်တစ်ယောက် မျက်ရည်ကျနေပုံကို သရုပ်ဖော်ထားသည်။ စာရေးသူမှာ မစန္ဒာ။  စာအုပ်အမည်က ကွက်လပ်ကလေးဖြည့်ပေးပါ။

ထိုဝတ္ထုကို စဖတ်သည့်အချိန်မှစ၍ ကျွန်တော်သတိထားမိသည်မှာ ယခင်က ကျွန်တော် ဖတ်ဖူးခဲ့သော အချစ်ဝတ္ထုများနှင့် လုံးလုံးလျားလျား ဆန့်ကျင်နေခြင်းပင်။ သို့သော် ကလေးအမြင်၊ ကလေးအတွေးများကို တင်ပြထားသည်မှာလည်းတော်တော်စိတ်ဝင်စားစရာကောင်းပါသည်။ ထိုဝတ္ထုကို ကျွန်တော် အစမှ အဆုံးတိုင် တစ်ထိုင်တည်း ဖတ်ဖြစ်ခဲ့သည်။ ဖတ်ပြီးလျှင်ပြီးချင်း ကျွန်တော့်ရင်ထဲတွင် ယခင်က ဖတ်ဖူးခဲ့သောအချစ်ဝတ္ထုများမှ ပေးသောခံစားမှုနှင့်မတူညီ၊ ကွဲပြားသည့် ခံစားမှုမျိုးကို ခံစားလိုက်ရသည်။

အချစ်ဝတ္ထုပေါင်းများစွာကို ဖတ်ဖြစ်ခဲ့သဖြင့် ဖန်တရာတေနေပြီဖြစ်သော  ချစ်ကြိုက်ကွဲညားဝတ္ထုများကို ကျွန်တော့်မသိစိတ်က ရိုးအီနေပြီဖြစ်ရာ ထိုဇာတ်လမ်းများနှင့်မတူသည့် ၀တ္ထုလေးက ကျွန်တော့်နှလုံးအိမ်ကို ငြိတွယ်စေသည်။ ဒီလို ၀တ္ထုမျိုးတွေလည်း ရှိသေးပါလားဟူသောအသိဖြင့် အပျော်ဖတ်အချစ်ဝတ္ထုစာအုပ်စင်မှသည် ဘ၀သရုပ်ဖော်ဝတ္ထုစာအုပ်စင်ဆီသို့ ကူးပြောင်းခဲ့ပါသည်။ ထိုသို့ ကူးပြောင်းရာတွင် မေမေသည် ကျွန်တော့်အား ဒီစာအုပ်ကို အရင်ဖတ်၊ ဒါကိုမဖတ်နဲ့ဦး၊ ဒါကနောက်မှဖတ်၊ စသဖြင့် လမ်းညွှန်မှုများပေးခဲ့သည်။ မေမေ့လမ်းညွှန်မှုဖြင့် ကျွန်တော်သည် စာအုပ်များကို ကိုယ်တိုင် ရွေးချယ်ဖတ်ရှုလာနိုင်ခဲ့သည်။

မစန္ဒာ ၊ မိုးမိုး(အင်းလျား)၊ စမ်းစမ်းနွဲ့ (သာယာဝတီ) ၊ ဂျူး၊ ခင်ဆွေဦး၊ ခင်နှင်းယု၊ မင်းလူ၊ မောင်သာရ၊ ချစ်ဦးညို၊ တက္ကသိုလ်ဘုန်းနိုင်၊ မြသန်းတင့် စသဖြင့် ဖတ်ရှုလာခဲ့ရာ ဘာသာပြန်ဝတ္ထုတချို့ကိုပင် ဖတ်ရှုလာနိုင်ခဲ့သည်။ သို့သော်လည်း စစ်နှင့် ငြိမ်းချမ်းရေး ကဲ့သို့ ၀တ္ထုမျိုး၊ လေရူးသုန်သုန် ကဲ့သို့ ၀တ္ထုများကိုမူကား အသက်ဆယ်နှစ်၊ ဆယ့်တစ်နှစ်အရွယ် ကျွန်တော်၏ဦးနှောက်က လက်မခံနိုင်သေးသဖြင့် ဖတ်ရှုရန် မစွမ်းသာခဲ့။

ဘ၀သရုပ်ဖော် ၀တ္ထုတော်တော်များများကို ဖတ်ရှုခဲ့ပြီးနောက် မေမေသည် ကျွန်တော့်အား တစ်ဆင့်တက်၍ မဂ်ဂဇင်းစာအုပ်များပေးလာခဲ့သည်။ ထိုအချိန်က မှတ်မှတ်ရရ ကျွန်တော် ခုနှစ်တန်းကျောင်းသားအရွယ်။

မေမေပေးလာသော မဂ္ဂဇင်း စာအုပ်များကို ဖတ်ရှုကြည့်ရင်းမှ ၀တ္ထုတိုများကို ကျွန်တော်နှစ်ခြိုက်လာသည်။ တိုတို ရှင်းရှင်းနှင့် ပြောလိုသည်၊ သိစေလိုသည်များကို ထိထိမိမိရေးဖွဲ့ထားသည့် ၀တ္ထုတိုများက ကျွန်တော့်အာရုံကို များစွာဖမ်းစားနိုင်လေသည်။ သည့်နောက်ပိုင်းတွင် ကျွန်တော်သည် ၀တ္ထုတိုများကိုသာ မက်မက်စက်စက် ရှာဖွေ ဖတ်ရှုဖြစ်ခဲ့ပါသည်။ မဂ္ဂဇင်းများတွင် ဖော်ပြပါရှိသောဝတ္ထုတိုများကိုဖတ်ရုံနှင့် အားမရသောအခါ ၀တ္ထုတိုပေါင်းချုပ်များကိုပါ ရှာဖွေ ဖတ်ရှုခဲ့သည်။

ဝတ္ထုတိုများကို ဖတ်ရင်း ၀တ္ထုတို စာရေးသူများကို သဘောကျလာသည်။ ဘာမှမဟုတ်သည့် အကြောင်းအရာလေးများကို သူတို့၏ ၀တ္ထုအနုပညာဖြင့် သီကုံးခြယ်မှုန်းထားကြသည်မှာ  ဖတ်ရှု၍မ၀နိုင်အောင်ပင်။ ထိုဖတ်မ၀၊ ရှုမငြီးသည့်ဝတ္ထုတိုအလှအပများကို ဖတ်ရှုရင်း ကိုယ့်ပတ်ဝန်းကျင်မှ မြင်ရ၊ တွေ့ရ၊ ကြုံရ၊ ဆုံရသည်များကိုဝတ္ထုအဖြစ် ဖွဲ့သီချင်လာမိသည်။ ဤနေ၇ာတွင် လူထုထဲသို့ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိနိုင်မည့် ၀တ္ထုတိုများကိုသာ ကျွန်တော်ရွေးချယ်ခဲ့ပါသည်။

ကျွန်တော် ၀တ္ထုရေးချင်သည့် အဓိကအချက်မှာ စာဖတ်သူပြည်သူလူထုအား ပြည်သူလူထုအကြောင်းကိုပင် မျှဝေတင်ပြလို၍ဖြစ်သည်.။ လူထုထံသို့ ကျွန်တော် တင်ပြချင်သည့် အကြောင်းအရာများကို ၀တ္ထုတိုများအသွင် ပုံတူကူးယူပြီး မဂ္ဂဇင်းအချို့ကို ပို့ဖြစ်ခဲ့သည်။

ခေါင်းထဲတွင် အဆင်သင့် ရှိနေသော ဇာတ်လမ်းများကို ဒိုင်းဒိုင်း၊ ဒိုင်းဒိုင်းနှင့် ခုနှစ်ပုဒ်ခန့် ရေးပို့ဖြစ်ခဲ့သည်။ ခုနှစ်ပုဒ်ရေးပြီးသောအခါ ကျွန်တော့်တွင် ရေးစရာဇာတ်လမ်းမရှိတော့ပေ။ ရက်အတန်ကြာစဉ်းစားသော်ငြား ပေါ်မလာ။ တစ်ရက် ကျွန်တော်ကျောင်းသွားရင်း ရေးစရာဇာတ်လမ်းရခဲ့သည်.။ ထိုနေ့နံနက်က ကျွန်တော်သည် ပုံမှန်အတိုင်း အဖြူအစိမ်းဝတ်၊ လွယ်အိတ်ကလေးလွယ်ကာ စက်ဘီးလေးကိုစီးလျက် ကျောင်းသို့ သွားခဲ့ပါသည်။ လမ်းခုလတ်တစ်နေရာအရောက် စကားသံများကြားရသည်။ သေသေချာချာ နားစိုက်ထောင်သောအခါ မိန်းမတစ်ယောက်၏အသံ ။ဘာတွေပြောနေမှန်းလည်းမသဲကွဲပေ။ စကားလုံးတစ်လုံးနှင့် တစ်လုံး ၊ ၀ါကျ တစ်ကြောင်းနှင့် တစ်ကြောင်း အဆက်အစပ်မရှိ။

သို့နှင့် အသံက တစ်ဖြည်းဖြည်း နီးသည်ထက်နီးကပ်လာသည်။ ကျွန်တော်လည်း တောင်ကြည့်၊ မြောက်ကြည့်လျှောက်ကြည့်ရင်းမှ အသံရှင်ကို တွေ့ရသည်။ သံဆန်ကာများတပ်ထားသော အိမ်တစ်အိမ်အတွင်းရှိ  ထိုင်ခုံတစ်ခုံပေါ်၌ ထိုင်နေသော သနပ်ခါးဘဲကြားရိုက်နှင့် အသက် လေးဆယ်ကျော်ခန့် ရှိမည့် အမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ နှုတ်ခမ်းနီများ ရဲပတောင်းခတ်နေအောင် ဆိုးထားသည်။ မျက်လုံးများက တစ်နေရာတည်းကို စိုက်ကြည့်နေသည်.။ သူ့ပုံစံကိုကြည့်လိုက်သည်နှင့် ကျွန်တော်သည် သူဘာလဲဆိုတာ သိသွားသည်။ ထို့နောက် ကျွန်တော် ကျောင်းဆက်သွားသည်။

ထိုရက်နောက်ပိုင်း ကျွန်တော်ကျောင်းသွားတိုင်း သူမကို ဂရုပြုမိလာသည်။ နေ့စဉ်လိုလို မြင်တွေ့နေရသောအခါ သူ့အကြောင်းကို စိတ်ဝင်စားလာသည်။ တစ်ရက် စကားစပ်မိပြီး သူ့အကြောင်း ကျွန်တော့်အစ်မ၀မ်းကွဲတစ်ယောက်အား ပြောပြဖြစ်ရာမှ ကျွန်တော့်အစ်မက သူ့အကြောင်းဖောက်သည်ချတော့သည်။  သူ့နာမည်က ချစ်ချစ်၊  အသက်က လေးဆယ်ခန့် ရှိပြီ ဖြစ်သည်။သို့သော် သူမက ဦးနှောက်ဥာဏ်၇ည်မပြည့်ဝရှာ။

ကျွန်တော်က စာရေးရန် အကြောင်းအရာရှာနေချိန်တွင် ချစ်ချစ်အကြောင်းက ကျွန်တော့်အား စာရေးရန် ညှို့ငင်လေသည်။

ပထမ ကျွန်တော်ရေးလိုက်သည်က မောင်နှမသုံးယောက်။ အစ်ကိုနှစ်ယောက်နှင့် ချစ်ချစ်။ စိတ်ပြည့်သောအစ်ကို နှစ်ယောက်ကမိဘကို မသိတတ်ဘဲ စိတ်မူမမှန်သူ ချစ်ချစ်က မိဘကို ရိုသေ သိတတ်သည့် အကြောင်း ရေးလိုက်သည်။ ရေးပြီး ကိုယ့်ဖာသာ ပြန်ဖတ်ကာ စိတ်တိုင်းမကျ။ ဇာတ်လမ်းကို ဘ၀င်မကျ။ သူတကာတွေ ရေးဖူးပြီးသော၊ ဖန်တစ်ရာတေနေသော ဇာတ်လမ်းမျိုးဟု သုံးသပ်မိပြီး ဇာတ်လမ်းပြင်ဖို့ စိတ်ကူးသည်။

ဤနေရာတွင် ကျွန်တော် အချက်တစ်ချက် စဥ်းစားမိသည်.။

အချစ်.........................။

ဟုတ်သည်။ ချစ်ချစ်လို လူမျိုးမှာရော အချစ်မရှိနိုင်ဘူးလား။ ရှိနိုင်သည်ဟု ကျွန်တော်မြင်သည်.။ ထို့ကြောင့် ချစ်ချစ်အကြောင်းကို အချစ်ဝတ္ထုရေးရန်ဆုံးဖြတ်သည်။ ဟုတ်ပြီ။ အချစ်ဝတ္ထုအနေနှင့် ရေးတော့ ချစ်ချစ်ကို မည်သူက လာကြိုက်မည်နည်း။  ကြိုက်မည့်သူကတော့ ရှိမှာမဟုတ်။ ဒါပေမယ့် ချစ်ချစ်ကရော မကြိုက်နိုင်ဘူးလား။ ဒါကလည်း စိတ်မူမမှန်သူဆိုတော့ တပ်အပ်မပြောနိုင်။ ဒါဖြင့် ဘယ်လိုရေးရမလဲ။

ဇာတ်ကောင်တွေ့ပါလျက် ဇာတ်လမ်းမတွေ့သဖြင့် စဉ်းစားရသည်ကပင် တော်တော်ကြာသည်။ တစ်၇က်ကျတော့ ကျွန်တော်စိတ်ကူးတစ်ခုရလာသည်။ ခေါင်းထဲတွင် လက်ခနဲ ပေါ်လာသော အကြောင်းအရာလေးကို ကိုယ့်ဖာသာသဘောအကျကြီးကျလျက်  စာရေးဖို့ပြင်သည်။

ချစ်ချစ်ကို အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ၊ ဦးနှောက်ဥာဏ်ရည်မပြည့်ဝသူအဖြစ် သရုပ်ဖော်လိုက်သည်။ အစပထမတွင်ကလေးတွေနဲ့ ရောဆော့လိုဆော့၊ ငြင်းခုန်ရန်ဖြစ်လိုဖြစ်နှင့် နေလာရာမှ သူနှင့် သက်တူရွယ်တူ မိန်းကလေးတစ်ယောက်၏မင်္ဂလာဆောင်သို့ သွားသည့် အချိန်မှစ၍ ချစ်ချစ်ပြောင်းလဲလာသည်။ အ၇င်က ဂါဝန်ဖို့ရို့ဖားရားကြီးတွေချွတ်ပြီး  အမေ့ထဘီတွေ ကောက်ဝတ်၊ မိတ်ကပ်တွေလူးနှင့် ရှိုးတွေ ထုတ်လာသည်။  နောက်ပိုင်း တစ်ဖြည်းဖြည်းနှင့် မှိုင်တွေလာပြန်သည်။ ထမင်းလည်းမစားဘဲ တငေးငေး၊ တငိုင်ငိုင်၊ တမှိုင်မှိုင်၊ တတွေတွေလုပ်နေတော့ မိဘတွေက စိတ်ပူပြီး ၀ိုင်းမေးကြပြီ။ ဘာဖြစ်လို့လဲ၊ ဘာလိုချင်လို့လဲ၊ ဘာအရုပ်ဝယ်ပေးရမလဲ စသဖြင့်......။ ထိုသို့ ၀ိုင်းမေးကြတော့မှ ချစ်ချစ်က

“ ရှေ့အိမ်က သိင်္ဂီအောင်တောင် ယောက်ျားယူသွားပြီ။ မီးလဲ ယောက်ျားလိုချင်တယ် ”

ဟု ဖြေသည်။ မိခင်ဖြစ်သူက ငိုရင်းအလန့်တကြားလှမ်းဟန့်တော့ ချစ်ချစ်ပြောလိုက်သည်ကား-

“မရဘူး....မရဘူး......မီးလဲ ယောက်ျားလိုချင်တယ်။ မီးကို ယောက်ျားဝယ်ပေး....၊ ယောက်ျားဝယ်ပေး...။ အီးဟီး...ဟီး................”

ဟူ၍ ဖြစ်ပါသည်။ ကျွန်တော်က၀တ္ထုကို ထိုသို့ ရေးပြီး ဇာတ်သိမ်းလိုက်သည်။ ဇာတ်သိမ်းပြီး ခေါင်းစဉ်ကို “သီးချိန်တန်သီး ၊ ပွင့်ချိန်တန်ပွင့်” ဟုအမည်ပေးလိုက်သည်.။ဒါပေမယ့် စိတ်ထဲတွင် ခေါင်းစဉ်ကြီးက ရိုးစင်းလွန်းပြီး ရှည်နေသည်။ ဒီထက်ပိုရှင်းလင်းထိမိသော ခေါင်းစဉ်မျိုးဖြစ်ရန် ရွေးချယ်ရပြန်သည်။ ဘယ်မှာတွေ့ဆိုတော့ ဟိုရှေးခေတ်က ရုပ်ရှင်မျက်မှန်၊ ရုပ်ရှင်သစ္စာမဂ္ဂဇင်းများတွင်တွေ့သည်။ “ပွင့်ချိန်တန်လျှင် ရုပ်ရှင်ထုတ်လုပ်ရေး” ဟူသော စာသားကို သဘောအကျကြီးကျကာ  ကျွန်တော့်ဝတ္ထုလေးအား  ပွင့်ချိန်တန်လျှင် ဟုအမည်ပေးခဲ့သည်.။

ထို့နောက် ထိုဝတ္ထုလေးကို ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း၏ ကလောင်သစ်ကဏ္ဍ(ရေးကြည့်ပါကဏ္ဍ)သို့ ပို့လိုက်သည်။  ကျွန်တော်က ထိုဝတ္ထုလေးကို ပုံနှိပ်စာမျက်နှာထက်ရောက်ရှိရန် မျှော်လင့်ထားပြီး ဖြစ်သော်လည်း မြန်မြန်ဆန်ဆန်ကြီး အလုံးအထည်ပေါ်လာလိမ့်မည်ဟုတော့ မထင်မိခဲ့ချေ။ ကျွန်တော်က ဧပြီလကုန်ပိုင်းတွင် ပို့လိုက်သော ထို ၀တ္ထုလေးကို အယ်ဒီတာအဖွဲ့က ကျွန်တော်မျှော်လင့်ထားသည်ထက် ဆောလျင်စွာ ၂၀၀၈ခုနှစ်၊ ဇူလိုင်လတွင် ဖော်ပြပေးခဲ့သည်။

ထို ၀တ္ထုလေး ဖော်ပြခံရကြောင်းသိတော့ ၀မ်းသာလိုက်သည့် ဖြစ်ခြင်း ။ အသက်ဆယ့်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးအဖို့ ကြုံဖူးခဲ့သမျှ ပျော်ရွှင်မှုများထဲတွင် မည်သည်နှင့် မျှ အလဲအထပ်လုပ်မရသော ပျော်ရွှင်မှုမျိုးဖြစ်သည်။

တစ်ဆက်တည်း ချစ်ချစ်ကိုကျေးဇူးတင်မိသည်။ သူ့ကြောင့် ကျွန်တော် ဒီဝတ္ထုကို ရေးဖြစ်ခြင်း မဟုတ်ပါလော။  ကျွန်တော့်စိတ်ထဲ ချစ်ချစ်ကို ကျွန်တော့်ကျေးဇူးရှင်တစ်ယောက်ဟု သတ်မှတ်လိုက်သည်။ ကျွန်တော်က တစ်ဖက်သတ် သူ့ကို ၀တ္ထုလုပ်ရေး ၊  ၀တ္ထုပါလာတော့ ကျေးဇူးတွေ တင်နေမိသည်။ ချစ်ချစ်ကတော့ ကျွန်တော့်ကို ဖုတ်လေသည့် ငါးပိ ရှိသည်ဟုမျှ ထင်ရဲ့လားမပြောတတ်ပေ။

သည့်နောက်ပိုင်း ကျွန်တော်သည် ချစ်ချစ်တို့ အိမ်ရှေ့မှ ဖြတ်သွားတိုင်း  သူတို့ အိမ်ထဲသို့ လှမ်းကြည့်မိသည်။ သူတို့ အိမ်နားရောက်တိုင်း သရုပ်ဖော်ပုံနှင့်တကွ ဖော်ပြခံရသည့် ကျွန်တော့်ဝတ္ထုလေးအားမျက်စိထဲတွင် မြင်ယောင်ရင်း ပြုံးရွှင်ရယ်မောလျက် ချစ်ချစ်ကို ရှာဖွေတတ်မြဲပင် ။ တစ်ခါတစ်ခါ ချစ်ချစ်ကို သော့ခတ်ထားသော အိမ်တံခါးနောက်မှထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်လျက်တွေ့ရလေ့ ရှိပြီး တစ်ခါတစ်ခါ ချစ်ချစ်ကိုမတွေ့ ရ။ အိမ်တံခါး၊ ခြံတံခါးတွေကတော့ အမြဲ သော့ခတ်လျက်ပင်။ မခတ်လျှင် ချစ်ချစ်က အပြင်လျှောက်ထွက်သွားနိုင်သည် မဟုတ်ပါလား။

တစ်ရက် ကျွန်တော် ကျောင်းသွားရင်း  ချစ်ချစ်တို့ အိမ်ဘက်လှမ်းကြည့်မိသည်။ ချစ်ချစ်က အိမ်ထဲမှာမရှိ။ ခြံထဲဆင်း လမ်းလျှောက်နေသည်ကို တွေ့ရသည်.။ ချစ်ချစ်က လမ်းလျှောက်ရင်း ခြံအပြင်ဘက် လှမ်းကြည့်ရာမှ ကျွန်တော့်ကို မြင်သွားသည်။ ကျွန်တော်က ကိုယ့်ကျေးဇူးရှင်ဆိုသော သဘောဖြင့် ပြုံးပြလိုက်သည်။ ထိုအခါ ချစ်ချစ်မျက်နှာကြီး ပြုံးရွှင်သွားပြီး ခြံတံခါး သစ်သားတိုင်များအထိ ပြေးလာသည်။ ထိုနောက် အသံအကျယ်ကြီးနှင့် ခွအော်လေတော့သည်။

“ ကိုကိုရေ............ကိုကို................ကိုကိုးးးးး...............”

ကျွန်တော်လည်း နောက်ကိုလုံးဝလှည့်မကြည့်တော့ဘဲ စက်ဘီးကိုသာ သုတ်ခြေတင် နင်းပြေးရပါတော့သတည်း.......။                           ။


ဝေမိုးနိုင်(မုံရွာ)

Friday, February 10, 2012

မျှော်လင့်ခြင်းများစွာ

ပန်းချီဆရာမောင်နိုး၏ သရုပ်ဖော်ပုံ


၁။

“ခွပ်“
“၀ုန်း”
ရုတ်တရက် ၀ရုန်းသုန်းကား ဖြစ်သွားတဲ့ အခြေ အနေကို အမေက ဆောလျင်စွာ သဘောပေါက်လိုက်ပြီး အဖေ့ကို ထဆွဲတယ်။
အေးသီတာနဲ့ ၀င်းဇော်ထွန်းက ခဏကြောင်ကြည့် နေကြတယ်။ ပြီးတော့မှ လဲကျသွားတဲ့ သိန်းဇော်ထွန်းကို ပြေးထူမ ကြတယ်။ အဖေ့ မျက်ဝန်းထဲမှာ ဒေါသအရိပ် အယောင်တွေက မီးတောက် တစ်ခုလို ၀င်းဝင်းတောက်လို့။

သိန်းဇော်ထွန်းက အေးသီတာနဲ့ ၀င်းဇော်ထွန်း အကူ အညီနဲ့ ကုန်းရုန်း ထလိုက် နိုင်ပေမယ့် လူကယိုင်ထိုး နေတုန်း။ ကျွတ်နေတဲ့ ပုဆိုးကို လက်တစ်ဖက်က ဆွဲဆုပ်ထားရင်း ကျန်တဲ့ လက်တစ်ဖက်က ကုလားထိုင်ပေါ် ထောက်ပြီး ရပ်နေတယ်။ အေးသီတာက နောက်ကနေ ပခုံးကို ကိုင်ရင်း ထောက်ကန် ပေးထားရတယ်။ ၀င်းဇော်ထွန်းက အဖေနဲ့ သိန်းဇော်ထွန်း ကြားမှာ အသင့်အနေ အထားနဲ့ ရပ်လျက်။

“အဖေ ကျုပ်ကို ထိုးတယ်... နော်... အေ့”
“ဟုတ်တယ်၊ ငါထိုးတယ်၊ မင်းဘာလုပ် ချင်လဲ။

ဟင်း- လူကဖြင့် တစ်စက်မှ အသုံး မကျဘူး။ ဖအေကိုများ ဝေဖန် နေလိုက်သေး။ အလကားကောင် ငမူး”အမေက လေသံ တိုးလျလျနဲ့ အဖေ့ကို ဖျောင်းဖျတယ်။
“ကဲ တော်ပါတော့ ကိုထွန်းရယ်၊ လူကြားလို့လည်း မကောင်းပါဘူး။ ကဲ ၀င်းဇော်၊ သား အစ်ကိုကြီးကို သူ့အခန်းထဲ လိုက်ပို့လိုက်။ လာကိုထွန်း၊ လာထိုင်ပါတော့”

တင်းမာနေတဲ့ အခြေ အနေက ရုတ်ခြည်း ပြေလျော့သွားတယ်။ ဒါ အဖေ့ ဒေါသ အကုန်ပဲ။ ဒီလောက် ဒေါသထွက်တယ် ဆိုတာလည်း ရှားရှား ပါးပါးပဲ။ အေးသီတာ တစ်သက် အဖေ ဒီလောက် ဒေါသထွက် နေတာမျိုး ဒီတစ်ကြိမ် နဲ့မှ နှစ်ခါပဲ ကြုံဖူးသေးတယ်။ ပထမ တစ်ကြိမ်က သိန်းဇော်ထွန်း အရက်တွေ စသောက်လာတဲ့ နေ့ကပေါ့။ အဲဒီတုန်းက အေးသီတာမှ ရှိလှ အသက် ဆယ့်နှစ်နှစ်။ စသောက်သောက် ချင်းမှာပဲ ခေါင်းမဖော် နိုင်လောက်အောင် သောက်လာတဲ့ သိန်းဇော်ထွန်းကို အဖေက နောက်နေ့မနက် လင်းတာနဲ့ လက်သီးနဲ့ တစ်ချက်ထိုးပြီး ဆူတော့၊ ငေါက်တော့တာပဲ။ မျက်ဝန်းထဲမှာ ဒေါသအရိပ် အယောင်တွေ ပြည့်နှက် နေပေမယ့် မျက်ရည်စတွေ စွန်းထင်း နေတာကို အေးသီတာ မှတ်မိနေတယ်။

ခုတစ်ခါ မှာတော့ အဖေ့ မျက်ဝန်းက ဒေါသ အရိပ်အယောင် တွေပဲ လွှမ်းမိုးနေတယ်။ ရင်းမြစ်ချင်းမှ မတူတာကိုး။
တကယ်တော့ သိန်းဇော်ထွန်း အနေနဲ့ အဖေ့ကို ဒီလိုမပြော သင့်ဘူးလို့ အေးသီတာ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူကျ အလုပ် မလုပ်ဘဲ အရက်ဖိုးတောင်း၊ အရက်သောက်လာ၊ အိမ်ရှိတဲ့ ထမင်း၊ ဟင်းအဆင်သင့် စားနဲ့ တကယ်ဆို ဒီအိမ်မှာ သိန်းဇော်ထွန်း ဇိမ်အကျ ဆုံးပဲ။ အဖေက တားမရတော့ လွှတ်ထား ရတာပါ။ ဒါပေမဲ့ လွန်ကျူး လာရင်တော့ အဖေက ပြောတတ်တယ်။

ကဲ တကယ်ဆို သူ့ကို အရက်အလွန် အကျွံ မသောက်ဖို့ ပြောတာလေးနဲ့ အဖေ့ကို ဒီလို ပြောစရာလား။ အဖေ့ ကိစ္စက ဘာမှ ပြောပလောက်တာ မဟုတ်ဘူး။ အလုပ်ပျက်၊ အကိုင် ပျက်နေတာလည်း မဟုတ်။ အိမ်ထောင့်တာဝန် လစ်ဟင်း နေတာလည်း မဟုတ်။ သားကျွေးမှု၊ မယားကျွေးမှု ပျက်ကွက် နေတာလည်း မဟုတ်။ အိမ်စရိတ်ကို တိုက်စား ဖဲ့ခြွေ နေတာလည်း မဟုတ်။

ပြီးတော့ ဒီကိစ္စကို အဖေက အမေ သိန်းဇော်ထွန်းကို ကိုယ်ဝန် မဆောင်ခင် အိမ်ထောင်ဦး အစ ကတည်းက သူ့ရည်ရွယ်ချက် လေးနဲ့ သူ လုပ်ဆောင် လာခဲ့တဲ့ ကိစ္စ။ အဖေ့ရဲ့ မျှော်လင့်ချက် အိပ်မက်ကလေး။ ရောင်စဉ် အလင်းတန်းလေး။ တကယ်တမ်းကျတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖေတင် မဟုတ်၊ အမေ၊ အေးသီတာ၊ ၀င်းဇော်ထွန်းနဲ့ သိန်းဇော်ထွန်း ကိုယ်တိုင်ကို မျှော်လင့် ခဲ့ကြတာပါ။ ဒါပေမဲ့ မျှော်လင့် ထားတာက လွယ်လွယ် ကူကူ ပြည့်ဝ မလာတာရယ်၊ သူ့ကို ထိုးနှက်လာတဲ့ ဖိအား မြားဦးတွေကို မခံနိုင်တာရယ် ကြောင့် တမင်လမ်းလွှဲပြီး အဖေ့ကိစ္စကို လက် ညှိုးထိုးတာပါ။

ဒီတော့ အဖေ စိတ်ဆိုးပြီပေါ့။ ဒေါသထွက် ပြီပေါ့။ တကယ်ဆို အဖေ့ကိစ္စက အိမ်တွင်း ကတောက်ကဆတ် ဖြစ်ရတဲ့ အထိ ဖြစ်မလာ သင့်ဘူးလေ။
စဉ်းစားကြည့်။
ထီထိုးတယ် ဆိုတာ လူတကာ လုပ်နေကြတဲ့ ကိစ္စမို့လား။ အဖေ့ကို ဘယ်လိုမှ အပြစ်ယူလို့ မရဘူး။ ဒါကြောင့် အေးသီတာ ကတော့ သိန်းဇော်ထွန်း ကိုပဲ အပြစ်တင်မိတယ်။

၂။

အဖေ ထီထိုးတယ် ဆိုတာကလည်း တစ်လမှ ငွေနှစ်ရာတန် ထီလက်မှတ် တစ်စောင်တည်းပါ။ အဲဒီ တစ်စောင်ကလည်း ကကြီး၊ ခခွေး အက္ခရာ ကနေ သင်္ချာဂဏန်း အစ အဆုံးဟာ အဖေ့ စိတ်ကြိုက်ဖြစ်မှ ထိုးတာ။ သူများတွေက နှစ်လုံး၊ သုံးလုံး ထိုးပါလားဆို အဖေ ခေါင်းယမ်းတယ်။ ဥပဒေနဲ့ ငြိစွန်းတဲ့ အလုပ် ငါမလုပ် ဘူးတဲ့။ ထီပဲ ထိုးမယ်ဆိုပြီး တစ်မူထူးခြား ထီဂဏန်း တွက်တယ်။

ဂဏန်း အစအဆုံး သူ့စိတ်ကြိုက် တွက်လို့ပြီးပြီ၊ အိပ်မက် အတိတ်ကလေး၊ ဘာလေးနဲ့ တိုက်ဆိုင်ပြီးပြီ ဆိုမှ အဲဒီ နံပါတ်နဲ့ ထီအစောင်ကို လိုက်ရှာပြီး ထိုးတာ။ အဲဒီဂဏန်း မတွေ့ရင် အနီး စပ်ဆုံးကို ရှာထိုးတယ်။ နီးစပ်တာတွေ များနေရင် ဂဏန်း ပြန်တွက်ရ၊ ပြန်တွက်ပြီးမှ စိတ်ကြိုက် အတွေ့ဆုံးကို ရွေးထိုးတတ်တာ။

အဖေတို့ ကျောင်းက အဖေ့ လုပ်ဖော်ကိုင်ဖက် တွေက အဖေ့ကို ဦးဇော်ထွန်း လို့တောင် မခေါ် တော့ဘူး။ ဆရာထီ ဇော်ထွန်းတဲ့။ အဖေ့ထီထိုး သက်ကလည်း နည်းနည်းနောနော မဟုတ်ဘူး။ သိန်းဇော်ထွန်းကို ကိုယ်ဝန် မလွယ်ခင် ကတည်းက ဆိုတော့ တွက်ကြည့်။ ခုဆို သိန်းဇော်ထွန်းတောင် အသက်သုံးဆယ့် ငါးနှစ် ရှိနေပြီ။

ဒီလောက် ထီကို နှစ်ပေါက်အောင် ထိုးလာ ခဲ့ပေမယ့် အဖေ တစ်ခါမှ ထီမပေါက်ဘူး။ တစ်ခါ တစ်ခါ အေးသီတာ အဖေ့ကို သနားမိတယ်။ ထီဖွင့်ရက်ဆို ကျောင်းကို ဖြောင့်ဖြောင့် မသွားနိုင်ဘူး။ ထီပေါက်စဉ် တိုက်တာလေ။ စာရွက်အစ အဆုံး အပြန်ပြန် အထပ်ထပ် တိုက်ရှု စစ်ဆေးပြီးမှ သက်ပြင်း ကလေးချ၊ သူ့လက်စွဲတော် လွယ်အိတ် ကလေးလွယ်လို့ ကျောင်းကို ကုပ်ကုပ်ကလေး သွားရှာတာ။

ထီဖွင့်ရက်ဆို အေးသီတာ ကျောင်းသွားရတာ စိတ်မပါ လှဘူး။ အဖေ့ကို သနားပြီး ရင်ထဲမှာ မွန်းမွန်း ကျပ်ကျပ်ကြီး ခံစားရတယ်။ စိတ်ထဲ တအားမွန်းကျပ် လာတဲ့အခါ ကိုယ့်အနားက ဆရာမ အချင်းချင်း ရင်ဖွင့်ရတော့ သူတို့တွေတောင် ထီဖွင့်ရက်ဆို ကိုယ့်ကို နှစ်သိမ့် စကားလေး၊ ရယ်စရာ မောစရာ လေးတွေ ပြောကြပြီး စိတ်ဖြေ ပေးကြသေးတယ်။

ဝင်းဇော်ထွန်းလည်း အေးသီတာ လိုပဲ။ အဖေ့အကြောင်း တွေးမိရင်း စိတ်မကောင်း ဖြစ်ရတယ်။ တစ်ခါတလေ အေးသီတာနဲ့ ၀င်းဇော်ထွန်း စကားလက်ဆုံ ကျမိလို့ အဖေ့အကြောင်း ပြောဖြစ်ရင် ၀င်းဇော်ထွန်းက သက်ပြင်းကြီး ချပြီး လေသံ ခပ်လေးလေး တွဲ့တွဲ့ကြီးနဲ့ ပြောတတ်တယ်။

“ငါ အဖေ့ကို ထီတစ်ခါလောက် ပေါက်ဖူး စေချင်လိုက်တာ ညီမလေးရယ်။ ဆုကြီးကြီး မဟုတ်ရင်တောင် တစ်သောင်းဆုလေး၊ ငါးသောင်းဆုလေး ဖြစ်ဖြစ်ပေါ့ဟာ”

အဖေကလည်း သိန်းငါးရာလို ဆုကြီးမျိုး ပေါက်မှ မဟုတ်ပါ။ တစ်သောင်းဆုမျိုး၊ ငါးသောင်းဆုမျိုး ပေါက်ရုံနဲ့တင် သေပျော်ပြီလို့ ပြောတတ် သူမျိုးပါ။ အဖေက အဲဒီလို ပြောတိုင်း အမေနဲ့ အေးသီတာက မျက်ရည် ကျရတယ်။ သိန်းဇော်ထွန်း ကတော့ သိပ်ခံစား တတ်ပုံမပေါ်ဘူး။ ဒါပေမဲ့ အမူးပြေ နေတဲ့အချိန် အဖေ ထီတွက် နေတာမျိုး တွေ့ရင် သူလည်း မျက်ရည်ဝဲ ကြီးနဲ့ ရှောင်ရှောင် ထွက်သွားတာမျိုး အေးသီတာ မြင်ခဲ့ဖူးတယ်။

အချိန်တွေသာ ကြာလာတယ်။ ထီပေါက်ဖို့က ဝေလာ ဝေးနေတော့ သိန်းဇော်ထွန်းလည်း မူးနေတုန်း စိတ်အချဉ် ပေါက်ပြီး ပြောလိုက်တာပါ။ ဒါပေမဲ့ အဖေ့ မျှော်လင့်ချက်ကို စော်ကားလိုက် သလို ဖြစ်သွားတာပေါ့။
“အဖေက ကျုပ်ကိုသာ အရက်သောက်တာ ပြောနေ၊ အဖေကျ အေ့ ထီဖိုးတွေ ဖြုန်းပြီး၊ အေ့ပေါက်တာလည်း မဟုတ်”
စကား မဆုံးသေးဘူး၊ သိန်းဇော်ထွန်း လဲကျ သွားတော့တာပဲ။ အဖေလည်း ဒုတိယ အကြိမ် ကြီးကြီးကျယ်ကျယ် ဒေါသထွက်ခဲ့ တာပဲ။

၃။

ဒီလိုနဲ့ အဖေ အသက်ခြောက်ဆယ် ပြည့်လို့ ပင်စင် ယူရတယ်။ အဖေ ပင်စင်ယူပြီး နောက်နှစ်မှာပဲ ထီဆုတွေက သိန်းငါးရာ ကနေ သိန်းတစ်ထောင် ဖြစ်သွားတော့ အဖေ့ခမျာ ၀မ်းတွေသာလို့။ သူကိုယ်တိုင် ထီပေါက်နေတဲ့ အတိုင်းပဲ။ အရင်က ထီတစ်စောင်တည်း ထိုးရာကနေ နှစ်စောင်တွဲ ထိုးလာတယ်။ ဒါကတော့ ထီသည်တွေက တစ်စောင်ချင်း ခွဲမရောင်း လို့ပါ။ အရင်က ထီတစ်စောင် နှစ်ရာတုန်းက အဖေ့ လခက အပြည့်ရနေ သေးတော့ ထီဖိုးက အိမ်စရိတ်ကို ဘာမှ မထိခိုက်။ ခုကျတော့ တစ်စောင်သုံးရာနဲ့ နှစ်စောင်တွဲခြောက်ရာ။ အဖေ့ ပင်စင်လခက မူလ လခရဲ့ သုံးပုံတစ်ပုံ ဆိုတော့ အိမ်မီးဖို ချောင်က ဟင်းအိုးက နည်းနည်း စကား ပြောလာပြီ။

ဒီတော့ အဖေ ဘာလုပ်တယ် ထင်လဲ။ အရင်ကဆို ထမင်းဝိုင်းမှာ အဖေ့ဖို့ အမြဲတမ်း ဟင်းအစုံ ကို ဦးဦးဖျားဖျား စားစေရတယ်။ ခုကျတော့ စားချင်စိတ် မရှိဘူးလို့ အကြောင်းပြပြီး ငါးပိထောင်းနဲ့ အချဉ်ဟင်းမျိုး ရှိရင် ငါးဟင်းဖြစ်စေ၊ အသားဟင်း ဖြစ်စေ မနှိုက်တော့ဘူး။ အမေကဆို အဖေ့ကို ပြောပြောပြီး ငိုတာ။ အေးသီတာလည်း ဘယ်စိတ်ကောင်း ပါ့မလဲ။ ဒါပေမဲ့ အဖေက သူ့ခံယူချက်နဲ့ သူလုပ်ဆဲ၊ လုပ်မြဲပဲ။ တားမရတဲ့ အဆုံး အဖေ စိတ်ချမ်းသာ ပြီးရောဆိုပြီး လွှတ်ထား ရတော့တာပဲ။

ဒါပေမဲ့ ကံတရား ကြီးကလည်း အဖေ့ကို နည်းနည်းလေးမှ မျက်နှာသာ မပေးခဲ့။ အဖေ့ ခမျာ အလုပ်လည်း မရှိတော့ နေကုန်နေခန်း ထီဂဏန်း ထိုင်တွက်၊ စိတ်ကြိုက်ဖြစ်ရင် ရှာဖွေထိုး၊ ထီဖွင့်ရက်ဆို ထီပေါက်စဉ် အပြေးအလွှား သွားပြီး တိုက်ရနဲ့။ သူများတွေတော့ ပင်စင်ယူပြီး ခါစဆို ပင်စင်နာ ဖြစ်တတ်တယ် ကြားဖူးတာပဲ။ အဖေ့ကျတော့ ပင်စင်နာ ဆိုတာ ကြားကောကြား ဖူးရဲ့လားလို့ မေးရမလို ဖြစ်နေပြီ။ ဒါပေမဲ့ အေးသီတာ အတပ် ပြောနိုင်တာ တစ်ခုက အဖေ့မှာ ထီနာရောဂါ ဖြစ်နေပြီ ဆိုတာပဲ။

၎။

ထီကို အသည်းအသန် အစွဲအလမ်း ကြီးလှတဲ့ အဖေဟာ သေတော့လည်း ထီပေါက်စဉ် ကြည့်ပြီး ပြန်လာတဲ့ အချိန် သေသွားတာပဲ။ နေပူပူ ထဲက ပြန်လာပြီး ချက်ချင်းရေချိုး လိုက်တာ အပူရှပ်ပြီး သေသွား ပါလေရော။ ရိုးရိုး အပူရှပ်တာ လောက်ဖြစ်မယ် ထင်ထားပေမယ့် အဖျားကြီးပြီး အသက်ပါ ပါသွားတော့တယ်။ အေးသီတာတောင် အဖေ့နောက်ဆုံး ထွက်သက်ကို မမီလိုက်ဘူး။ နေ့လယ် တစ်နာရီ ထမင်းစားကျောင်း ဆင်းလို့ အိမ်ပြန်လာတော့ အဖေ့ ခန္ဓာကိုယ် ယဲ့ယဲ့ အလောင်းလေးက အေးသီတာကို ဆီးကြို နေတော့တာပဲ။

ရင်ထဲ မကောင်းလိုက်တာ။ အမေကဆို “ထီထ ထိုးပါဦးလား ကိုထွန်းရဲ့၊ ထီပေါက်စဉ်လေး ပြေးတိုက် ပါဦးလား ကိုထွန်းရဲ့” ဆိုပြီး ငိုတာ၊ ငိုတာ။ အေးသီတာလည်း ဘာထူးလဲ။ ငိုတာပေါ့။ ပါးစပ်က နေတော့ ဘာမှ ထုတ်မပြော ဖြစ်ပါဘူး။ ဒါပေမဲ့ ရင်ထဲမှာ ခံစား နေရတာ တွေက ဆုပ်ဆုပ်ခဲခဲ၊ နင့်နင့် နဲနဲကြီး။ ပါးစပ်က ထုတ်ပြောဖို့ကို အေးသီတာ အတွက် လေးလံ ဖိစီးလွန်း နေတယ်။

နောက်ဆုံးတော့လည်း တရားနဲ့ ဖြေရတော့တာပဲ။ အဖေ ၀ဋ်ကျွတ်သွားတာ ပေါ့လို့။ နို့မို့နောက်ထပ် ဘယ်နှနှစ် အထိ ထီဂဏန်း တွက်လိုက်၊ ထီလေး ပြေးထိုးလိုက်၊ ထီပေါက်စဉ်လေး ပြေးတိုက်လိုက် လုပ်နေရ ဦးမယ်မှ မသိတာလေ။ ဒီတော့လည်း စိတ်က ပြန်တည်ငြိမ်သွား ပြန်ရော။ အဖေ့ကို လွမ်းပေမယ့် အဖေ့ဝဋ် ဒုက္ခ ကြီးကို တွေးမိတိုင်း အဖေ့အစား ရင်အေးရ ပြန်တယ်။ ဒီလိုနဲ့ ရက်လည် ပြီးသွားတော့ အဖေ့ပစ္စည်း ပစ္စယတွေ ရှင်းကြ၊ လင်းကြရတယ်။ အဖေ့အလောင်း တင်ခဲ့တဲ့ နှစ်ယောက်အိပ် ခုတင်ကြီးကို ဆေးမယ်၊ ကြောမယ်ဆိုပြီး ဖျာလှန် ချလိုက်တော့-
“အို”
အေးသီတာ ပါးစပ်က အာမေဍိတ်က ထိန်းမနိုင် သိမ်းမရ ထွက်ကျလာတယ်။ အမေတို့၊ သိန်းဇော်ထွန်းတို့၊ ၀င်းဇော်ထွန်းတို့ ဆိုတာလည်း ကြက်သေသေလို့။

ထီလက်မှတ်တွေ၊ ထီလက်မှတ်တွေ။ လပေါင်းများစွာ စုစည်းခဲ့တဲ့ ထီလက်မှတ် တွေက အိပ်ရာပေါ်မှာ ရှိနေတယ်။ ဒေါင်လိုက် တစ်မျိုး၊ အလျားလိုက် တစ်သွယ် ညီညီညာညာ ခင်းထားလိုက်တာ။
အဖေ့ အသုဘ တုန်းက ထိန်းနိုင်ခဲ့တဲ့ အေးသီတာ ခုတော့ မနေနိုင် တော့ဘူး။ ရင်ထဲမှာ ထုထည် ကြီးကြီးနဲ့ တည်ရှိနေတဲ့ ဝေဒနာ အစိုင် အခဲကို ၀စီကံနဲ့ ဖွင့်အန်ငိုချ လိုက်တော့တယ်။
“အမလေး အဖေရဲ့၊ အဲသလောက်တောင် ထီကို စွဲလမ်း လှချေလား အဖေရဲ့”

ဝေမိုးနိုင်၊မုံရွာ၊
(ဖူးငုံဆယ်ကျော်သက်(Teen) မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)

Thursday, February 9, 2012

ကျေနပ်ရတဲ့၂၀၁၀အကယ်ဒမီ

 ၂၀၁၀ပြည့်နှစ်အတွက်ချီးမြှင့်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။
အားလုံးသိထားပြီးဖြစ်တဲ့ ဒီနှစ်ဆုရှင်တွေကိုပြန်လည်ဖော်ပြလိုက်ပ်ါတယ်။

အသံဆု-  ဆုချီးမြှင့်နိုင်ခြင်းမရှိပါ။
တေးဂီတဆု- မြန်မာပြည်ကျောက်စိမ်း (အငိုမျက်လုံး အပြုံးမျက်နှာ)
တည်းဖြတ်ဆု- ဦးမြင့်ခိုင် (ပင်လယ်ထက်က နေ၀န်းနီ)
ဓါတ်ပုံဆု- ပန်းချီစိုးမိုး (ပင်လယ်ထက်က နေ၀န်းနီ)
ဇာတ်ညွှန်းဆု- ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ )
အမျိုးသမီးဇာတ်ပို့ဆု- ၀ါဝါအောင် ( အမေ့ကျေးဇူးဆပ်ဖူးချင်တယ်)
အမျိုးသားဇာတ်ပို့ဆု- ဝေဠုကျော် ( ပင်လယ်ထက်က နေ၀န်းနီ)
ဒါရိုက်တာဆု- ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ)
ဇာတ်ကားဆု- အာဒမ်ရယ်...ဧ၀ရယ်...ဒဿရယ် ( Heart 'N Soul ရုပ်ရှင်ထုတ်လုပ်ရေး )
အမျိုးသမီးဇာတ်ဆောင်ဆု- သက်မွန်မြင့် (  အာဒမ်ရယ်...ဧ၀ရယ်...ဒဿရယ်)
အမျိုးသားဇာတ်ဆောင်ဆု- ပြေတီဦး (အာဒမ်ရယ်...ဧ၀ရယ်...ဒဿရယ်)

ဒီနှစ်အကယ်ဒမီမတိုင်ခင် ကျွန်တော့်ဆိုက်မှာ ကျွန်တော့်ထင်မြင်ချက်တွေကို အကယ်ဒမီ ဆိုပြီးရေးခဲ့ ပါတယ်။ ဆုထွက်လာတဲ့ အခါမှာ ကျွန်တော့်ခန့်မှန်းချက်နဲ့ မတူတဲ့ ဆုတွေ ရှိပေမယ့် ထိုက်တန်တဲ့ သူတွေ ဖြစ်တာကြောင့် ကျေနပ်ပါတယ်။ ဇာတ်ကားဆုကို အာဒမ်ဧ၀ဒဿ လို့ ကြေညာလိုက်တော့ စစချင်း တော်တော် အံ့သြသွားမိပါတယ်။ နောက်မှ ဇာတ်ကားရဲ့ ပရိသတ်ကိုပေးချင်တဲ့ message, Theme ကို ပြန်စဉ်းစားမိတော့ ပေးသင့်တယ်လို့ ယူဆလိုက်ပါတယ်။ အခုနောက်ပိုင်းပေးလာတဲ့ ဇာတ်ကားဆုအရည်အသွေးတွေအရ ပေးလို့ ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တည်းဖြတ်ဆုကိုလည်း ရုတ်တရက် အံ့သြသွားပေမယ့် အကွက်တွေ ထုတ်နုတ်ပြတဲ့အခါ နှစ်ဖက်ယှဉ်ပြတဲ့ နေရာမှာ သပ်ရပ်ပြီး ဘာပြောချင်တယ်ဆိုတာ ပီပြင်ပါတယ်။

 ဒီနှစ်မှာထူးခြားတဲ့ စင်အပြင်အဆင်တွေကို သဘောကျရပေမယ့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန ၊ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က န၀ရတ်ကိုးသွယ် အကကတော့ အကယ်ဒမီကို ကိုယ်စားပြုတယ်ဆိုပေမယ့် ဘာမှန်းမသိဘဲ ကြောင်တောင်တောင်နိုင်လွန်းလှပါတယ်။ အခမ်းအနားမှာ မြန်မာ့ဆိုင်းဝိုင်းကြီးတွေထည့်သွင်းပြီးတီးခတ်တဲ့ အစီအစဉ်ကိုတော့ သဘောကျပါတယ်။ အခမ်းအနားဖွင့်ပွဲ အော်တိုစနစ် မီးရှူးတွေကွန်ပျူတာအထူးပြုလုပ်ချက်တွေကတော့ အံ့သြစရာကောင်းလောက်အောင် လှပသပ်ရပ်တာကို တွေ့ရပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ဆုပေးဖို့ စင်ပေါ်တက်အသွား ဆုရှင်တွေက ၂၀၀၈ခုနှစ်အကယ်ဒမီမှာ ခန့်စည်သူ စတင်သန္ဓေတည်ပေးခဲ့တဲ့ မတ်တတ်ရပ်အရိုအသေပေးခြင်းလုပ်ဆောင်ဖို့ ပြင်တော့ ၀န်ကြီးက လက်ကာပြပြီး မရပ်ခိုင်းတာကလည်း အတန်အသင့် ကြည်နူးစေရပါတယ်။ အကယ်ဒမီကျေးဇူးတင်စကားများကိုလည်း မဖြတ်မတောက်ဘဲ ပြသခဲ့တဲ့ အတွက် ရုပ်သံလိုင်းများကိုကျေးဇူးတင်ရပါတယ်။ ဖျော်ဖြေရေးအစီအစဉ်မှာ နိုင်ငံကျော်အဆိုတော်များဖြစ်ကြတဲ့ နွဲ့ယဉ်ဝင်း၊ ဟေမာနေ၀င်း၊ ကဗျာဘွဲ့ မှူး၊ စည်သူလွင်၊ ဖိုးသောကြာ အစရှိသူများက ရုပ်ရှင်ဇာတ်ဝင်တေးများကိုချည်း ဖျော်ဖြေသွားတာကလည်း ကြားရနားဝချမ်းသာလှပါတယ်။

အံ့သြစရာကောင်းလောက်အောင် ခမ်းနားထည်ဝါတဲ့ စင်မြင့် အပြင်အဆင်ရယ်.....ဆုရွေးချယ်ပုံတွေရယ်.....ပြောင်းလဲလာတဲ့ အနေအထားတချို့ရယ်ကြောင့် ၂၀၁၀အကယ်ဒမီဟာ ကျွန်တော်နှစ်ခြိုက်သဘောကျရတဲ့ အကယ်ဒမီဆုပေးပွဲတွေထဲမှာ တစ်ပွဲ အပါအ၀င် ဖြစ်သွားပါပြီ။ ကျွန်တော်စမှတ်မိတဲ့ ၁၉၉၉ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကစလို့ ယခု၂၀၁၀အထိ အကယ်ဒမီဆုပေးပွဲပေါင်း (၁၂) ပွဲမှာ ဆုရွေးချယ်ပုံအရ နှစ်ခြိုက်မိတဲ့ ပွဲက၂၀၀၃၊၂၀၀၅၊၂၀၁၀တို့ပါ။ ၂၀၀၃နဲ့ ၂၀၀၅တို့က ဆုရွေးချယ်ပုံအရတင် ကျေနပ်ရတာ ဖြစ်ပြီး ၂၀၁၀ကတော့ စင်အပြင်အဆင်သာမက အခြားအနေအထားတွေအတွက်ပါ ကျေနပ်ရတဲ့ ပွဲ ဖြစ်ပါတယ်။ 
နောင်နှစ်နောင်နှစ်များမှာလဲ ဒီနှစ်လိုပဲ ကျေနပ်စရာကောင်းတဲ့ အကယ်ဒမီဆုပေးပွဲတွေ ဖြစ်ပါစေကြောင်းဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ.................။                      ။


ဝေမိုးနိုင်(မုံရွာ)


Monday, February 6, 2012

ဆရာဦးဝင်းငြိမ်းခန့်မှန်းတဲ့ အကယ်ဒမီ

ဆရာဦးဝင်းငြိမ်းဆိုရင် အားလုံးသိကြတဲ့အတိုင်း ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း(teen magazine) ၊ အလင်းတန်းဂျာနယ်တို့ရဲ့ ပဲ့ကိုင်ရှင် အယ်ဒီတာချုပ်ဖြစ်ပါတယ်။ ဆရာက ၆ရက်၊၂လ၊ ၂၀၁၂ခုနှစ်ရက်စွဲနဲ့ ထုတ်ဝေလာတဲ့ အလင်းတန်းဂျာနယ်မှာ ၂၀၁၀ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက သူ့စိတ်ကြိုက်ထူးချွန်သူများကို ထုတ်နုတ်ရွေးချယ်ပြလာပါတယ်။
အဲဒီသူတွေကတော့

ရုပ်ရှင်ဒါရိုက်တာဆုအတွက် ပင်လယ်ထက်ကနေ၀န်းနီဇာတ်ကားမှ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ် တို့ကို ခန့်မှန်းပြီး ၀ိုင်းကို အာဒမ်ဧ၀ဒသမှာ အကြောင်းအမျိုးမျိုးကြောင့် အမှတ်လျှော့ပေးထားတာဖြစ်ကြောင်းနဲ့ မမျှော်လင့်ဘဲ ဂုဏ်ထူးထွက်ချင်ထွက်နိုင်ကြောင်းပါ တစ်ဆက်တည်းပြောထားပါတယ်။
ရုပ်ရှင်တေးဂီတဆုအတွက် အငိုမျက်လုံးအပြုံးမျက်နှာက မြန်မာပြည်ကျောက်စိမ်းကို ရစေချင်ပါတယ်တဲ့။
အမျိုးသားဇာတ်ဆောင်ဆုအတွက် အာဒမ်ဧ၀ဒသမှ ပြေတီဦးကို ခန့်မှန်းပြီး ဒီကားမှာပဲ သက်မွန်မြင့်လည်းရနိုင်ကြောင်း၊ သို့ပေမယ့် အမေ့ကျေးဇူးဆပ်ဖူးချင်တယ် မှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရတာဖြစ်တဲ့ အပြင် မိခင်မေတ္တာဖော်ကျူးတဲ့ ဒရာမာဇာတ်ရုပ်မို့ အမေ့ကျေးဇူးနဲ့ ပိုရနိုင်ကြောင်း၊
အမျိုးသားဇာတ်ပို့ဆုအတွက် စိုင်းစိုင်းခမ်းလှိုင်ကို အာဒမ်ဧ၀ဒသ မှာရနိုင်ပေမယ့်  ဇာတ်ရုပ်က ပေါ့ပေါ့ပါးပါးသရုပ်ဆောင်ရတော့ ပင်လယ်ထက်ကနေ၀န်းနီက ဝေဠုကျော်က လေးလေးနက်နက်ဇာတ်ရုပ်မို့ ဝေဠုကျော်ဘက်ကို အလေးသာနိုင်ကြောင်းခန့်မှန်းပါတယ်။
ရုပ်ရှင်ဓါတ်ပုံဆုအတွက် ပင်လယ်ထက်က နေ၀န်းနီဇာတ်ကားမှ ပန်းချီစိုးမိုး ရရှိမယ်လို့ထင်ကြောင်း ခန့်မှန်းရေးသားထားပါတယ်ခင်ဗျာ............။
ရုပ်ရှင်၊ စာပေ၊ ဂီတ နယ်ပယ်စုံမှာ ကျွမ်းကျင်နှံ့စပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ခန့်မှန်းရေးသားချက်ဖြစ်တာမို့ စာဖတ်သူများစိတ်ဝင်စားကြမယ်လို့ ယူဆတာကြောင့် ဘလော့ဂ်ပေါ်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
မနက်ဖြန်မှာကျင်းပမယ့် အကယ်ဒမီဆုပေးပွဲ အပြီးမှာလည်း သတင်းအဖြစ်ရော၊ အမြင်မတော်တာတွေ၊ မကျေနပ်ချက်တွေကိုရော ပို့စ်အဖြစ်တင်ဦးမှာဖြစ်တာမို့ လာရောက်ဖတ်ရှုကြဖို့ လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။

အားလုံးကို ကြိုဆိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

                                ဝေမိုးနိုင်(မုံရွာ)

Sunday, February 5, 2012

ယနေ့မှစ၍


ပြဿနာကတော့ စပြီ။ ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိလို့ သေသေချာချာ ရှင်းထားပါလျက်နဲ့ ဒင်းကကပ်ကျန်နေတယ်။ ရှာပြန်တော့လည်း ဘယ်ချောင်ဝင်ကပ်နေမှန်းမသိဘူး။ ၀င်နေတယ်ဆိုလည်း ကိုယ့်ဖာသာ အေးအေးနေပေါ့။ သူများကို ဒုက္ခမပေးနဲ့လေ။ ခုဟာကဗျာ......တစ်လျှောက်လုံးငြိမ်နေပြီး လိုင်းဝင်တော့မှ လုပ်ငန်းစတယ်။ ဘယ်လောက် အကျင့် ပုပ်လိုက်သလဲ ဆိုတော့...........................။


@@@@@@@@@@@@@@@


ဖြစ်ပုံက ဒီလိုဗျ။ 
မူလအစ ကနဦးရင်းမြစ်ကနေ စပြောပြမယ်။ ရာသီကာလ အချိန်အခါသမယက နွေဦးကိုလေရူးကလေးနဲ့ ကြွလှမ်းလာချေတော့  ရာသီဥတု ပူပြင်းလွန်းလာတာပေါ့ဗျာ။ ဒီရာသီက ဒီလိုပူမြဲပဲဆိုပေမယ့် အညာဒေသက ကျွန်တော်တို့ မြို့လေးက နှစ်စဉ် အပူချိန် စံတင်မြဲပဲ။ လူတွေလည်း သုံးလလောက် ခြုံလွှမ်းခဲ့ ကြတဲ့ အညာစောင်ထူထူကြီးတွေ၊ လေးလေးလံလံ အနွေးထည်ကြီးတွေကို ခွာကြ၊ ချွတ်ကြပြီပေါ့။ သစ်ရွက်တွေ ဆိုတာလည်း သစ်ပင်တွေပေါ်မှာ နေရင်း နေအပူဒဏ်ကို မခံနိုင်ကြတော့ဘူးထင်ပါရဲ့။ မြေပြင်ကို သက်ဆင်းကြွေကျနေကြပြီ။ 

လူတွေကလည်း အနွေးထည်တင်ချွတ်ကြတာမဟုတ်ဘူး။ အင်္ကျီကို မ၀တ်နိုင်ကြတော့တာ။  ယောက်ျားတွေဆို  ကိုယ်တုံးလုံး မဖြစ်ရုံတစ်မည်ပဲ။ လူတွေတောင် အပူဒဏ်ကို မခံနိုင်ကြတာ တိရစ္ဆန်တွေတွေကကော ဘာသားနဲ့ ထုထားတာ မို့လို့လဲ။ ဒီတော့ ဟိုတွင်းထဲက ဟိုအကောင်ထွက်လိုက်၊ ဒီတွင်းထဲက ဒီအကောင်ထွက်လိုက်နဲ့ပေါ့။ 

အဲဒီလို လူလုံးပြ ( အဲ )  တိရစ္ဆန်လုံးပြထွက်လာကြတဲ့ အကောင်တွေအထဲ အထင်ရှားဆုံးကတော့ နီနီရဲရဲနဲ့ ဒင်းတို့တစ်တွေပေါ့။ ဒီလို နေပူပူ နွေရာသီဆိုရင်တွင်းတွေထဲကနေ ရဲရဲနဲ့ အုပ်လိုက် အတန်းလိုက် ထွက်လာကြပြီ။ ဘယ်ကောင်တွေ ဖြစ်ရမလဲဗျာ။ ပုရွက်ဆိတ်တွေပေါ့။

မြေ၀ါဝါ ရွှေအိမ်ဘုံနန်းကနေ အခန့်သားထွက်လာကြပြီး တွေ့သမျှ အချို၊ အအီ၊ အဆိမ့် ဒင်းတို့စားလို့ရသမျှ အကုန်တွယ်တော့တာပဲ။ ဒါကထားပါဗျာ။ သူတို့ ၀မ်းရေးပဲ ။ ငါ့ဝမ်းပူဆာမနေသာ ဆိုပြီး ကျွန်တော် ခွင့်လွှတ်တယ်။ နားလည်တယ်။ မုန့်ပဲ သရေစာလောက်နဲ့တော့ ကပ်သပ်ပြီး မပြောပါဘူး။ 

အခုဟာကတော့ ဗျာ။ ထမင်းအိုးထဲထိ ၀င်ကြတာဗျ။ ထမင်းအိုးဆိုလည်း အပြင်ပိုင်း အပေါ်ယံ လျှပ်ပြေးလေးလောက်ဆို သူတို့ ရှိနေတဲ့ အခြမ်းဖယ်ထုတ်ပြီး စားလို့ ရသေးတယ်။ သူတို့က မဟုတ်ဘူးဗျ။ ထမင်းတုံး အတွင်းပိုင်း၊ အပြင်ပိုင်း အကုန်လုံး ဒင်းတို့ချည်းပဲ။ ဒီတော့ စားလို့လည်း မဖြစ်ဘူး။ ပုရွက်ဆိတ်စားရင် မျက်လုံးပြူးတယ်ဆိုပြီး တချို့ကတော့ စားသဗျ။ ကျွန်တော်ကတော့ မစားပေါင်။ မျက်လုံးများ ဒီထက်ပြူးရရင် ဥသျှစ်သီးလောက် ရှိတော့မယ်။ ဒီတော့ ထမင်းတစ်တုံးလုံး လွှင့်ပစ်ရတော့တာပေါ့။  ပြီးတော့မှ ထမင်းအသစ် ထပ်ဝယ်ရတယ်။ ဒီတော့ အချိန်ကုန်၊ ငွေကုန်တာပေါ့ဗျာ။ 

ဒီလောက် ဒုက္ခပေးရတာလဲ မကျေနပ်သေးဘူးဗျ။ ထမင်းကနေ တစ်ဆင့်တက်ပြီး ဟင်းတွေထဲ နှိုက်ကြပြန်တယ်။ ကြောင်အိမ်ထဲ ထည့်ထားတာ မလုံခြုံလို့ ရေခဲသေတ္တာထဲ ထည့်တာကိုလည်း ဘယ်နေရာကနေ ၀င်ကြသလဲမပြောတတ်ဘူး။ တစ်ခါက ဆိတ်သားခြောက် အစိတ်သား အထုပ်လိုက် ထည့်ထားတယ်။ နောက်နေ့မနက် ရေခဲသေတ္တာဖွင့်ကြည့်တော့ တစ်ဆယ်သားလောက်ပဲ ကျန်တော့တယ်။ 

ဒါနဲ့ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်ဆိုပြီး ရေခဲသေတ္တာ၊ ကြောင်အိမ်အောက်က ရေခံခွက်တွေထဲ ပုရွက်ဆိတ် ဆေးမှုန့်တွေထည့်ထားတယ်။  အို............ဒီတော့လည်း အရင်လောက် မများတော့တာပဲ ရှိတယ်။ 

“ ပင်လယ်ကြီး x x x x ကိုယ်ဖြတ်သန်း  x x x x x  အကြင်နာဆိတ်သားတွေ x x x x x ” လို့များ သီချင်းညည်းပြီးလာကြသလားမပြောတတ်ဘူး။ 

တစ်ခါကျတော့ တီဗီအောက်က ခံထားတဲ့ ဖော့တုံးလေးတွေကို ကိုက်သဗျ။ ဘယ်လောက်ဆိုးဝါးလိုက်သလဲဆိုတော့ ။ အမှုန့်လေးတွေ ဖြစ်ပြီး အောက်ကို ကျကျလာမှ ကြည့်လိုက်တော့ ဒင်းတို့က ကိုက်စရာမရှိ ဖော့တုံးသွားကိုက်နေကြတာ။ 

အဆိုးဆုံးကတော့ဗျာ.....................။ အ၀တ်အစားတွေကို တက်တာပဲ။ အ၀တ်ပါးပါးဆို ကိုက်ဖောက်ပြီး အတွင်းအပြင်ပျော်ပွဲစားတောင်ထွက်နေလိုက်သေး။ ကိုက်မရတဲ့ အ၀တ်တွေကျတော့ အထဲထဲမှာ ၀င်အောင်းနေကြတယ်။  ဒီတော့ သေသေချာချာမကြည့်ပဲ ၀တ်မိရင် နာပြီသာမှတ်၊ အုပ်စုလိုက် ၀ိုင်းတွယ်တော့တာပဲ။ အင်္ကျီ၊ ဘောင်းဘီဆိုတာက ၀တ်ပြီးမှ သိလည်း အပြေးအလွှား ခါလို့ ၊ ပြုလို့ ရသေးတယ်။ အတွင်းခံဘောင်းဘီဆိုတာက ၀တ်ပြီးမှ သိလည်း ဘာမှ လုပ်မရဘူး။ လူကြားသူကြား ပြန်ချွတ်မရ၊ ပြုမရ၊ ကားယားယားနဲ့ လိမ်တွန့်တွန့်ကြီးပေါ့ဗျာ။

ပုရွက်ဆိတ် ကိုက်တာတော့ လူတိုင်းခံစားဖူးတာပေါ့။ ဒါပေမယ့် ဒါက ပိုဆိုးတယ်ဗျ။ ခံစားဖူးမှ သိတာ။


 @@@@@@@@@@@@@@@



အားလုံး သိကြတဲ့ အတိုင်း ကရာတေးကစားတယ်ဆိုမှတော့ အတွင်းခံဘောင်းဘီက မ၀တ်မဖြစ်ပေါ့ဗျာ။ ဒီတော့ ဘောင်းဘီကိုမ၀တ်ခင် သေသေချာချာ ကြည့်ရ၊ ခါရ၊ ရှင်းရတယ်ဗျ။ မကြည့်ပဲ ၀တ်မိရင် သွားပြီ။ 

ခုဟာကနှစ်ကောင်၊ သုံးကောင်တွေ့လို့ ဖယ်လိုက်တယ်။ ဒါကို တစ်ကောင်က ကပ်ကျန်နေတယ်။ ဘယ်နားမှန်းလည်း မသိ၊ ရှာလို့လဲ မတွေ့ဘူး။ သေချာအောင် ဘောင်းဘီကို ခပ်ကြမ်းကြမ်းလေးဆောင့်ခါလိုက်တယ်။ ဒီလောက်ခါမှတော့ ဒင်းလည်း ရှိတော့မှာမဟုတ်ဘူးဆိုပြီး ၀တ်လိုက်တယ်။ 

အံမယ်.........။ ကိုယ့်ကောင်က အေးဆေးပဲဗျ။ အကြောတွေ လျှော့ပြီးတဲ့ အထိ ရှိမနေတဲ့ အတိုင်းပဲ။ လိုင်းဝင်ပါပြီဆိုမှ လုပ်ငန်းစတာ။ လိုင်းဝင်တာတောင်ချက်ချင်းမစသေးဘူး။ လိုင်းဝင်ပြီး စက္ကန့်သုံးဆယ်လောက်ကြာမှ လုပ်ငန်းစတာ။ ကစားနေတုန်းဆိုရင် ခွင့်တောင်းပြီး အိမ်သာပြေး ဖြေရှင်းလို့ ရသေးတယ်။ ခုဟာက ကီထိုင်နေတုန်း ဒင်းက စလာတယ်။

ကီထိုင်တယ်ဆိုတာကလည်း မလှုပ်မယှက် တစ်နေရာတည်း စိုက်ကြည့်ပြီး ထိုင်ရတာ။ ဒီအချိန်ခွင့်တောင်းတာမျိုးကိုလည်း ဆရာတွေက မကြိုက်ဘူး။ ခွင့်မပြုဘူး။ ဒါကို ဒင်းက ကီထိုင်နေတုန်း လုပ်ငန်းစတယ်။ ပထမဆုံး ဟိုရွှေ့ ဒီရွှေ့ လျှောက်ရွှေ့တယ်။ သိပ်မကြာခင်မှာပဲ သူ့မှာရှိသမျှ အစွမ်းတွေ အကုန်ထုတ်ပြတော့တာပဲ။ 

ကျွန်တော်ဖြင့် ဒုက္ခကို အကြီးအကျယ်ရောက်တော့တာပါပဲဗျာ။  ဒင်းကိုက်တာကလည်းတစ်ချက်တစ်ချက် အသံတောင်ထွက်မိသဗျ။  တစ်နေရာထဲ လည်း အငြိမ်မနေဘူး။  ဟိုနားပြောင်းကိုက် ၊ ဒီနားပြောင်းကိုက်နဲ့။

ကီထိုင်ရတာက ဒူးတွေ၊ ခြေသလုံးတွေ နာရတဲ့ အထဲ ဒင်းလက်ချက်ကြောင့်  ချွေးသီးချွေးပေါက်တွေက တစ်ပေါက်ပေါက်နဲ့ လိမ့်ဆင်းလာတယ်။ မျက်လုံးထဲမှာလည်း မျက်၇ည်တွေ အလိုလို ၀ိုင်းလာတယ်။ ဒူးတွေက မခိုင်တော့ဘဲ  ခြေထောက်တွေက တဆတ်ဆတ်တုန်လာပြီး လှုပ်စိလှုပ်စိ ဖြစ်လာတယ်။ မျက်လုံးနှစ်လုံးကလည်း ကျီးကန်းတောင်းမှောက်သလို  ဟိုကြည့်၊ ဒီကြည့်နဲ့ လျှောက်ကြည့်နေမိတယ်။ မျက်နှာကြီးဆိုတာလည်း  ရှုံ့လိုက်၊ မဲ့လိုက်နဲ့။ အာခေါင်တွေခြောက်ကပ်လာလို့ တံတွေးမျိုချရတာလည်းအကြိမ်ကြိမ် ၊အခါခါ။

ငြိမ်သက်နေတဲ့ အုပ်စုကြားထဲက လှုပ်စိလှုပ်စိဖြစ်နေတော့ ဆရာကလည်း သတိထားမိသွားတယ်။ အနားကပ်ပြီး ပြောသွားတယ်။

“ အငြိမ်ထိုင် ”  တဲ့။

အခြေအနေဟန်ရင် ခွင့်တောင်းပြီး အိမ်သာပြေးမလို့ဟာ ဆရာ့မျက်နှာကြောင့် မပြောရဲတော့ဘူး။ “ကဲ ...ငါယောက်ျားပဲ ” လို့ ကိုယ့်ဟာကိုယ်ကြွေးကြော်ပြီး တင်းခံနေလိုက်တယ်။ တင်းခံနေမှန်း သိလို့လားမသိဘူး။ အောက်က ကောင်က ပိုကဲလာတယ်။ သူ့ကိုသူ နာဂစ်များ မှတ်နေလားမသိဘူး။ အသားကုန်ကို မွှေတော့တာပဲ။ ထွက်ဖို့ စိတ်တောင် ကူးပုံမပေါ်ဘူး။ 

သူက အတွင်းက အားရှိပါးရှိကိုက်၊ ကျွန်တော်က ရှိသမျှခွန်အားအကုန်ထုတ်သုံးပြီး တောင့်ခံနဲ့ နှစ်ဦးသား အပြင်းအထန် စစ်ဆင်နေကြတယ်။ ပုရွက်ဆိတ်နဲ့ တိုက်ပွဲ ဖြစ်ရတာလည်း ကျွန်တော်ပဲ ရှိမယ်ထင်ပါရဲ့။ 

ကီထိုင်လို့ ပြီးခါနီးတော့ နှုတ်ဆက်အကိုက်လားမသိဘူး။ ကိုက်ချသွားလိုက်တာ၊ ကျွန်တော်ဖြင့် မျက်လုံးတွေ ပြူး၊ ပါးစပ် အသံမထွက်အောင်ပိတ်ထားရနဲ့ ရုပ်ပျက်ဆင်းပျက်ကြီးကို ဖြစ်နေတော့တာပဲ။ အဲဒီနောက် ဒင်းက ငြိမ်သွားတယ်။ သူက ငြိမ်ပေမယ့် သူ့လက်ချက်က နာလိုက်တာဗျာ.............တော်တော်နဲ့ မပျောက်ဘူး။ 

ကီထိုင်လို့ လည်းပြီးရော......ကျွန်တော် ဆက်မကစားနိုင်တော့ဘူး။ အိမ်သာကို အပြေးအလွှားသွားရတော့တာ။ ဆီးခြံထဲ ရောက်မှ အမြန်ခါးပတ်ဖြည် ၊ ဘောင်းဘီ ကြိုးအမြန်ဖြည်ပြီး ဒင်းကို ရှာရတယ်။  မတွေ့ဘူးဗျာ။ ဘယ်ချောင် ၀င်ပုန်းနေလဲ မသိဘူး။  တွေ့ရင် သတ်ပစ်မယ်လို့ တွေးထားလိုက်တယ်။ တော်တော်နဲ့လည်း ရှာမတွေ့ဘူး။ ကြာတော့ ဒေါသက ထွက်လာပြီ။ 

“ ဟေ့ကောင်......ထွက်ခဲ့ကွာ...”

အံမယ်...။လူစကားများနားလည်သလားမသိဘူး။  ဘောင်းဘီ ချုပ်ရိုးကြားထဲကနေ လျှိုပြီးထွက်ချလာတယ်။ 

ဒေါသစိတ်နဲ့ လက်နဲ့ ဖိသတ်မယ်အလုပ်မှာ ဒင်းက လျှောခနဲ မြေပေါ်ဆင်းချသွားတယ် ။ သူ စိတ်ရှိလက်ရှိ အားရပါးရ ၀နေအောင် ဒုက္ခပေးပြီးမှ အနိုင်ပိုင်းပြီးဆင်းချသွားတယ်။ 

ဆီးခြံမြေဆိုတော့ သူများဆီးကွက်တွေနဲ့မို့ ဒင်းကို လိုက်ဖမ်းလို့ မရတော့.... ။ မိခါနီးလေးမှ  လက်စားချေခွင့် ရခါနီးလေးမှ  ဒင်းက ရှောင်လင်သိုင်း ထုတ်သုံးသွားတယ်။  အသည်းနာဖို့ကောင်းလိုက်တဲ့ ဖြစ်ခြင်း။ 


@@@@@@@@@@@@@@@


အဲဒီနေ့မှစ၍ ကျွန်တော်သည် ပုရွက်ဆိတ်များကိုတွေ့တိုင်း ပုရွက်ဆိတ်ဆေးမှုန့်နှင့် ဖြစ်စေ၊ ခြေလက်တို့နှင့် ဖြစ်စေ၊ မရ ရတဲ့နည်းဖြင့် အသေသတ်ရန် ကြိုးစားပါတော့သည်။                       ။


                         ဝေမိုးနိုင်(မုံရွာ)

Friday, February 3, 2012

အကယ်ဒမီမှာ အမြင်မတော်တာများ

                       
                                     ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ တင်လိုက်တဲ့ အကယ်ဒမီ ဆောင်းပါးကြောင့် ကျွန်တော့်ဆိုက်မှာ ၀င်ဖတ်တဲ့သူများလာပါတယ်။ ဒါကြောင့် လူတွေပိုဖတ်မိ ၊ ပိုသိမိပြီး ၊ သက်ဆိုင်သူများကို လက်တို့ သတိပေးနိုင်အောင် အကယ်ဒမီမှာ အမြင်မတော်တာများ လို့ ခေါင်းစဉ်တပ်ပြီးရေးလိုက်ပါတယ်။ အကယ်ဒမီ ဆောင်းပါးတုန်းကတော့  ဒီနှစ်ရုံတင်ဇာတ်ကားတွေ အပေါ် ကိုယ့် အမြင်ကို တင်ပြခဲ့တာ ဖြစ်ပြီး အတ္တကိုစွဲကိုင်တာမို့ လူတိုင်းနဲ့ အကြိုက်မညီပါဘူး။ ဒီဆောင်းပါးကတော့ ကျွန်တော်သာမက ရုပ်ရှင်ချစ်ပရိသတ်များအားလုံးလိုလိုရဲ့ မျက်စိထဲ အမြင်မတော်ဖြစ်နေတာတွေကို ထောက်ပြသွားမှာဖြစ်ပါတယ်။ ဒါကို ဖတ်မိတဲ့သူများထဲက အကယ်ဒမီပွဲနဲ့ နီးစပ်သူများ သတိထား၊ သတိမူမိ စေချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အမြင်မတော်လွန်းလို့ပါ။

@             @               @                @               @                 @                  


ပထမဦးဆုံးအချက်က  အကယ်ဒမီပွဲကို တက်ရောက်လာကြတဲ့ အနုပညာရှင်များ(အထူးသဖြင့်  မင်းသမီးများ) ရဲ့ ပွဲတက်ဖက်ရှင်များပဲ ဖြစ်ပါတယ်။ အကယ်ဒမီပွဲဆိုတာ နိုင်ငံတော်အဆင့် အနုပညာချီးမြှင့်ပွဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက တိုက်ရိုက်ကြည့်ရှု အားပေးနေတဲ့ ပွဲကြီးတစ်ပွဲမှာ မြင်မကောင်း၊ရှုမကောင်းအောင် ဖော်ချွတ်လာကြတာကတော့ အဆင်မပြေလှဘူးထင်ပါတယ်။ ဘယ်လိုမှ မသင့်တော်ပါဘူး။ ကိုယ့်ဖာသာ ၀ါသနာကြီးလွန်းလို့ ဖော်ချင်သပ၊ ချွတ်ချင်သပဆိုလဲ ဒီပွဲလေးကိုတော့ သည်းခံပေးပေါ့ဗျာ။ ခုတော့ မဟုတ်ပါဘူး။ အကယ်ဒမီပွဲ နဲ့ အော်စကာဆုပေးပွဲ နဲ့တောင် သိပ်မသဲကွဲချင်တော့ဘူး။ အဆိုးဆုံးက အေးမြတ်သူပါ။ နှစ်စဉ် ရိုးရာမပျက်ဖော်ချွတ်ရတာကို တော်တော် ၀ါသနာကြီးပုံရပါတယ်။ ဒီနှစ်လဲ ထုံးစံအတိုင်း ဖော်လာဦးမယ်ထင်ပါတယ်။ မြန်မာရိုးရာ ၀တ်စုံဆိုတာ ကမ္ဘာမှာ မတွင်ကျယ်လို့သာ ၊တကယ်တမ်းက မိန်းကလေးတွေရဲ့ အလှအပကိုတော်တော် ဖော်ကျူးပေးနိုင်တယ်လို့ ကျွန်တော်သိထားပါတယ်။ ဒီလို့ပွဲမျိုးမှာ မြန်မာ့ဝတ်စုံကို ၀တ်ဆင်ပြပြီး မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာက သိအောင် ဖော်ထုတ်ရမှာပါ။  မြန်မာဆန်ဆန်ဝတ်လို့ ဘယ်သူကမှ အချစ်လျော့မသွားပါဘူး။ ဒီမင်းသမီးလေး မြန်မာ့ ရိုးရာအစဉ်အလာကို ထိန်းသိမ်းသားပဲဆိုပြီး ချီးကျူး ဂုဏ်တင် ပိုအချစ်ဝင်ကြမှာပါ။ ဒါကိုနားမလည်ကြတာလား၊ ဒါမှ မဟုတ် ဒီလောက်ချမ်းအေးနေတဲ့ ရာသီ အချိန်အခါ ညကာလမှာ တမင်ကိုစတိုင်ထုတ်ပြီး ပါးပါးလှပ်လှပ်၊ တိုတိုကျပ်ကျပ်၊ ဖော်ဖော်ချွတ်ချွတ်တွေ ၀တ်လာကြသလားမသိပါဘူး။မဖော်မချွတ်တဲ့သူကျပြန်တော့  ဆံပင်ကို အတွန့်တက်တွေနဲ့ တခြားဂြိုဟ်ကလာတဲ့သူလိုလို၊ အရူးထောင်က ထွက်လာတာလိုလိုနဲ့ ကြည့်လို့ကိုမရ။ အကယ်ဒမီပွဲကိုတော့ ဆံထုံးလေးထုံးပြီးလာသင့်ပါတယ်ဗျာ။ ကိုယ့်ကိုယ်ကိုယ်လည်း ငါမြန်မာအမျိုးသမီးတစ်ဦးပါလားဆိုတာ ပြန်လည် အောက်မေ့ဆင်ခြင်ကြည့်သင့်ပါတယ်။ ဒါ့အပြင် မြန်မာအမျိုးသမီးတွေဟာ သူတို့ ချစ်တဲ့ အနုပညာရှင်ရဲ့ လွှမ်းမိုးမှုအောက်မှာသူတို့ ၀တ်သလို လိုက်ဝတ်ပြီးစတိုင်ထုတ်နေကြရင် ပြီးပါလေရော။ ခုကို လိုက်လုပ်တဲ့သူတွေ ရှိပါရဲ့။ လွန်လွန်ကျူးကျူးတွေသာ မတွေ့ရသေးတာ။
အမျိုးသမီးတွေက အ၀တ်အစားဒီဇိုင်းတွေ စတန့်ထွင်ကြတော့ အမျိုးသားတွေကလည်း လိုက်လုပ်ကြသဗျ။ ပုဆိုးမှာ စိန်စီရတဲ့သုနဲ့၊ တိုက်ပုံမှာ ရွှေချည်ငွေချည်ထိုးရသူနဲ့ ၊ အရုပ်တွေဆွဲလာတဲ့သူနဲ့ ။သိပ်လွန်လွန်ကျုးကျူးတွေတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ဘယ်တော့တွေ့လာရမလဲဆိုပြီး တွေးပူနေရသဗျ။ 

နောက်တစ်ချက်က အကယ်ဒမီပွဲမှာ သီချင်းဆိုကြတဲ့ ကိစ္စ။ ရုပ်ရှင်ထုးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ဇာတ်ဝင်တေးတွေကိုသာ အမှတ်တရအနေနဲ့ ပြန်လည်သီဆိုသင့်တယ်လို့ ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်နဲ့ ဆိုချင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း  အဓိပ္ပါယ်ရှိရှိ သီချင်းလေးတွေ ဆိုသင့်ပါတယ်။ ခုတော့ မဟုတ်ဘူး။ တွေ့ကရာ ပေါက်တတ်ကရ သီချင်းတွေ တက်ဆိုလိုဆို ၊ တာဝန်ရှိသူတွေကလည်း မဟန့်တားဘူးလားမသိပါဘူး။ ပြီးတော့ ဒီလိုပွဲမျိုးမှာသီချင်းဆိုတယ်ဆိုရင် ကိုယ့်အသံ အနေအထားလေးလဲ နည်းနည်းပါးပါး ပြန်နားထောင်သင့်ပါတယ်။ ခုတော့ ကီးကြောင်သံကြီးတွေနဲ့ သံစဉ်မညီမညာတက်ဆိုနေကြတာ နားမခံသာလှပါ။ ကျွန်တော်ကြည့်ရသလောက်သီချင်းဆိုသူတွေဟာ မင်းသားမင်းသမီး၊ အဆိုတော်တွေထက် အပြင်ကလူတွေ ၊ အနုပညာလောကထဲ ခြေချချင်သူတွေ ဆိုကြတာများပါတယ်။ ကြည့်ရတာ အစည်းအရုံးကို ပိုက်ဆံပေးပြီးဆိုကြပုံရပါတယ်။ အစည်းအရုံးမှာ အဲဒီလောက် ဘဏ္ဍာရေးချို့တဲ့နေရှာသလားမပြောတတ်ပါ။ တကယ်ဆိုဖြစ်သင့်တာက အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားမင်းသမီးအဆိုတော်တွေကို ရုပ်ရှင်ဇာတ်ဝင်တေးတွေ၊ အကယ်ဒမီပွဲမှာဆိုဖို့ သင့်တော်မယ့် သီချင်းမျိုးတွေ ရွေးချယ်သီဆိုခိုင်းသင့်ပါတယ်။ လုပ်ဖို့ ခဲယဉ်းမယ့် ကိစ္စတစ်ခုမဟုတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ သက်ဆိုင်သူများ စဉ်းစားစေချင်ပါတယ်။

နောက်တစ်ချက်က ပုဂ္ဂလိကရုပ်သံလွှင့်ဌာနများနဲ့ သက်ဆိုင်ပါတယ်။ အကယ်ဒမီဆုပေးပွဲ ပြီးပြီဆိုရင် ရုပ်သံလွှင့်ဌာနတွေက အကယ်ဒမီဆုပေးပွဲမှတ်တမ်းဆိုပြီး ခွေ ပြန်ထုတ်ကြပါတယ်။ အဲဒီခွေတွေကို ကျွန်တော်ကတော့ ရုပ်ရှင်ချစ်သူဆိုတော့ ၀ယ်ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ အမြင်မတော်တာ ဘာသွားတွေ့ရလဲဆိုတော့   အင်တာဗျူဝါတွေရဲ့ အမေးတွေ၊ အနုပညာရှင်တွေရဲ့  အဖြေတွေပါ။ အင်တာဗျူးသမားတွေအနေနဲ့ အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေကို တီးမိခေါက်မိရှိထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့ လဲဆိုတော့ မေးခွန်းတွေက တော်တော် ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေလို့ပါ။ ဓီရာမိုရ်ကိုမေးတာ“အကို့ကို အသံဆုအနေနဲ့ တစ်ပေးခြင်းခံရတဲ့ အပေါ် ဘယ်လိုခံစားရလဲ” တဲ့။ တစ်နှစ်ကလဲ မင်းမော်ကွန်း ဇာတ်ကားတစ်ကားမှ မရှိတာကို “အကယ်ဒမီရင်ခုန်သံကဘယ်လိုလဲ”မေးတော့ ဟိုက သူများတွေကိုအားပေးဖို့တက်လာတာပါဆိုတော့ အံ့အားသင့်သွားတဲ့ ပုံနဲ့ အကို့နာမည်လဲ ပါတယ်နော်ဆိုပြီးဇွတ်ပြောတာ။ ပြီး မေးတဲ့ မေးခွန်းက တစ်ချိန်ချိန်မှာ အကယ်ဒမီ ရမယ်ဆိုရင် ပထမဦးဆုံး ကျေးဇူးတင်မှာ ဘယ်သူ့ကိုလဲ တဲ့ ။ အဓိပ္ပါယ်မရှိတဲ့ မေးခွန်းတွေနဲ့ မေးနေ ကြတာကို အူလည်လည်တချို့ကလည်း ဖြေသဗျ။ တကယ်စိတ်ပျက်ဖို့ကောင်းတယ်။ တကယ်ဆို မေးခွန်းတွေကို ကြိုတင်ပြင်ဆင်ထားသင့်တယ်။ အကယ်ဒမီသတင်းထွက်သူဆို အကယ်ဒမီရင်ခုန်သံဘယ်လိုနေလဲ။ ရိုးရိုးပွဲတက်လာသူဆို ဘယ်သူတွေ ဆုရမယ်ထင်လဲ။ ဒီဖက်ရှင်ကဘယ်သူချုပ်ပေးတာလဲ။ ကိုယ်ကိုယ်တိုင်ရော အကယ်ဒမီအတွက် ဘယ်လို မျှော်လင့်ရင်ခုန်မှုတွေရှိလဲ။ဒါလောက်ပေါ့ ။ ခုဟာကတော့ မဟုတ်ပါဘူး။ အမြင်မတော်လွန်းအားကြီးတယ်။ 
@                          @                   @                         @                        @

အမြင်မတော်လွန်းလို့ ရေးလိုက်တာပါဗျာ။ ကျွန်တော်ဒီလို ရေးလို့ အပြစ်ရှိတယ်ထင်ရင်လည်း ခွင့်လွှတ်သည်းခံပေးကြဖို့ ၊ အမြင်မတော်တာ ဆုံးမပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ 

                                      
                                                 ရွှေပြည်စိုး (ဝေမိုးနိုင်-မုံရွာ)

Thursday, February 2, 2012

အကယ်ဒမီ

 ACADEMY AWARDS CEREMONY FOR THE YEAR 2010




၂၀၁၀ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲကြီးက နေပြည်တော်မှာ ၂၀၁၂ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ (၇) ရက်နေ့ မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၂၀၀၅ခုနှစ်ကစလို့ နေပြည်တော်မှာ အကယ်ဒမီဆုပေးပွဲကြီး ကျင်းပလာခဲ့တာ ယခုနှစ်ဟာဆိုရင် ခြောက်ကြိမ်မြောက် နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဒီနှစ်မှာ အကယ်ဒမီ အတွက် စာရင်းဝင်တဲ့ ဇာတ်ကားတွေက စုစုပေါင်း(၁၅)ကားတိတိရှိပါတယ်။ ဒီထဲမှာ အကယ်ဒမီအတွက် နာမည်ထွက်နေတဲ့ ဇာတ်ကားတွေက  ပင်လယ်ထက်က နေ၀န်းနီ၊ အငိုမျက်လုံး အပြုံးမျက်နှာ၊ အာဒံရယ်..ဧ၀ရယ်..ဒသရယ်..၊အမေ့ကျေးဇူးဆပ်ဖူးချင်တယ် စတဲ့ ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ ဒီလေးကားထဲက ဇာတ်ကားဆုအတွက် ချိန်နိုင်တာက ပင်လယ်ထက်က.....၊ အငိုမျက်လုံး......၊ အမေ့ကျေးဇူး.... တို့ပဲဖြစ်ပါတယ်။ ဒီထဲကနေမှ အမေ့ကျေးဇူး....က ရုပ်ရှင်ကြည့် ပရိသတ် တော်တော်များများ မကြည့် ရသေးပါဘူး။ အငိုမျက်လုံးက ဇာတ်တည်လာပုံက မဆိုးပေမယ့် ဇာတ်သိမ်းမှာတော့  ဘယ်လို စုတ်ပြတ်သတ်သွားမှန်းကို မသိပါဘူး။ ဒီလို ဇာတ်လမ်းမျိုးရိုက်ကူးထုတ်လုပ်ဖို့ စိတ်ကူးစီစဉ်ရိုက်ကူးနေပြီး ဒီလောက်သဘာဝမကျလွန်းတဲ့ ဇာတ်သိမ်းကို ဒါရိုက်တာအပါအ၀င် နီးစပ်သူများ သတိထားဖို့ ဦးနှောက်မှရှိတာကတော့ လွန်လွန်းအားကြီးပါတယ်။ ဒါပေမယ့် ဒီလို ဇာတ်လမ်းမျိုးရိုက်ကူးဖို့ စိတ်ကူးရတဲ့ ၊ ငွေကြေးအဓိက မထားတဲ့ စိတ်ဓါတ်ကိုတော့ လေးလေးစားစား ချီးကျူးပါတယ်။ ငွေကြေးရော၊ အနုပညာအရပါ မအောင်မြင် ဖြစ်ရတာကတော့ ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေ ရေစုန်မျောလိုက်ရသလိုပါပဲ။ ဒါပေမယ့် တေးဂီတ ပံ့ပိုးမှုအပိုင်းက တော်တော်လေး အားကောင်းတာမို့ မြန်မာပြည်ကျောက်စိမ်းအနေနဲ့  အကယ်ဒမီနဲ့ နီးစပ်နိုင်ချေ တော်တော်များပါတယ်။ သရုပ်ဆောင်များဖြစ်တဲ့ မင်းအုပ်စိုး၊လင်းဇာနည်ဇော်တို့ကိုတော့ အားမရပါဘူး။ ဒါပေမယ့် အလှည့်ကျဇယားအရ....သူတို့နှစ်ယောက်က အကယ်ဒမီ မရသေးဘဲ ရုပ်ရှင်လောက မှာ အတော်ကြာကြာ ကျင်လည်နေသူတွေ ဖြစ်တာမို့ ပေးချင်လည်းပေးနိုင်ပါတယ်။ ဇာတ်ပို့ထဲက မော့စ် လည်း မဆိုးပါဘူး။ ပေးမယ်ဆို ပေးလို့ ဖြစ်ပါတယ်။
ပင်လယ်ထက်က နေ၀န်းနီ ကတော့ ကြော်ငြာမှာ တော်တော် ၀ိတ်ပါတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ။် အကယ်ဒမီ ဒါရိုက်တာ လေးဦးရိုက်ကူးထားတဲ့ ကားဆိုပြီး တော်တော် ဟော့ဖြစ်သွားပါသေးတယ်။ တကယ်တော့ ဒါရိုက်တာသုံးဦးလို့တင်ပြောရမှာ ပါ။ ဘာလို့လဲ ဆိုတော့ ပန်းချီစိုးမိုးက ဓါတ်ပုံပိုင်းကိုသာတာဝန်ယူတယ်လို့ စာတန်းထိုးရာမှာ  သတိထားမိလို့ပါ။ ဒီကားက အကောင်းကြီးမဟုတ်ပေမယ့် ၀ါရင့်ဒါရိုက်တာကြီးတွေ ကွပ်ကဲတာဆိုတော့ သဘာဝယုတ္တိတော့ တန်ပါတယ်။ ဒါပေမယ့် ကြည့်ပျော်တဲ့ အဆင့်ထက်နည်းနည်းသာတဲ့ ရုပ်ရှင်ဇာတ်ကားအဆင့်ပဲ ရှိပါတယ်။ ဓါတ်ပုံရိုက်ချက်တွေက ဒီထက်ပို ကစားလို့ ၊ရိုက်ပြလို့ ရနိုင်လျက်နဲ့ တော်ရိရော်ရိ ရိုက်ထားတာမျိုးပါ။ ပေးစရာမရှိရင်တော့ မရှိ ရှိတဲ့ အကွက် ထုတ်နုတ်ပြီး ပေးချင်ပေးနိုင်ပါတယ်။ သရုပ်ဆောင်တွေထဲမှာ အထူးသတိထားမိတာက သရုပ်ဆောင်သစ် ဟန်လေးပါ။ မြန်မာပြည်မှာ သာ မျက်နှာသစ်သရုပ်ဆောင်ဆု ရှိမယ်ဆိုရင်  ဟန်လေး မလွဲမသွေ ရမှာပါ။ ကြောင်ကွက်၊ ဟာကွက်မရှိ ပိပိရိရိသရုပ်ဆောင်သွားတဲ့  အပြင် ဆလုံ သံဝဲတဲ့ နေရာမှာလဲ မင်းသားတွေ အရှုးံပေးရပါတယ်။ မင်းသားထဲမှာလဲ ဝေဠုကျော် သရုပ်ဆောင်မှု မဆိုးပါဘူး ။ ဇာတ်ကို ပံ့ပိုးပေးနိုင်စွမ်းရှိတယ်။ တေးဂီတလည်းကောင်းတယ။် တစ်ခါတစ်ခါ ပုလွေသံ စူးတာကလွဲလို့ တစ်ကားလုံးဟာ တေးဂီတနဲ့ လှုပ်ရှားအသက်ဝင်နေတယ်။
အာဒမ်ရယ်...ဧ၀ရယ်...ဒဿရယ် ကတော့ တော်တော်ကို ဟော့ ဖြစ်ပါတယ်။ ရုံတင်တုန်းကလည်း ၀က်ဝက်ကွဲ အောင်မြင်သလို အကယ်ဒမီအတွက်လည်း တော်တော် နာမည်ထွက်တဲ့ ဇာတ်ကားပါ။ ၀ိုင်းကို ဒါရိုက်တာဆု အဖြစ်ခန့်မှန်းချက်တွေ ၊ သက်မွန်မြင့်  ပြေတီဦး  စိုင်းစိုင်းခမ်းလှိုင် တို့ကို သရုပ်ဆောင်ဆုတွေ မှန်းထားကြပါတယ်။ တကယ်တော့ ဒါရိုက်တာဆုကိုသာ ၀ိုင်းကို ပေးလိုက်မယ်ဆိုရင် အကယ်ဒမီက လူရယ်စရာကြီးဖြစ်သထက် ဖြစ်တော့မှာပါ။ အထူးသဖြင့် ဒီနေ့ အချိန်အခါမျိုးမှာပေါ့။  အချစ်ကားမို့ မပေးသင့်ဘူး ပြောတာမဟုတ်ပါဘူး ။ ဟိုးအရင်တုန်းက ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးခဲ့တဲ့  ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ရုပ်ရှင်ဇာတ်ကားဟာ အချစ်ဇာတ်ကားပါ။ တကယ်ကို တင်ပြပုံတွေ ရိုက်ချက်တွေ ပီပြင်သပ်ရပ်ပြီး ဇာတ်လမ်းကို ဒါရိုက်တာ နိုင်နင်းကျွမ်းကျင်တယ်ဆိုရင် အချစ်ဇာတ်ကားပဲ ဖြစ်ဖြစ် ၊ ဒရာမာကားပဲ ဖြစ်ဖြစ်၊ အက်ရှင်ကားပဲ ဖြစ်ဖြစ် လူထုပေးတဲ့ အကယ်ဒမီအပြင် အဖွဲ့ အစည်းပေးတဲ့ အကယ်ဒမီကိုပါ ရရှိမှာ မလွဲသာပါဘူး ။ တကယ်တော့  အာဒမ်..ဧ၀..ဒဿ  ဟာ ပြစ်ချက်တွေ အများကြီးပါ။ ဒါတွေ ပြောနေရင်လည်း မကောင်းတာမို့  ပရိသတ်တွေ အင်မတန်နှစ်ခြိုက်နေကြတဲ့ အခန်းက မဟာ အမှားကြီးတစ်ရပ်ကိုပဲ ထုတ်နုတ်ပြပါမယ်။ ပြေတီဦးက စိုင်းစိုင်းကို သက်မွန်မြင့်ကို မင်းနမ်းရင် နမ်း ၊ မနမ်းရင် ငါနမ်းမယ်ဆိုပြီး နမ်းတဲ့ အခန်းမှာ စားပွဲ ကြီး ရွေ့ပြီးပါသွားတဲ့ အခန်းကို လူတော်တော်များများ သဘောကျနေကြပါတယ်။ တကယ်တော့ အဲဒီအခန်းမှာ စားပွဲဟာ မင်းသားလာပြီးမင်းသမီးကို နမ်းရင် ရွေ့သွားရအောင် တမင်ချထားတဲ့ စားပွဲကြီးပါ။ ဇာတ်လမ်းအရ သူ့ဖာသာရှိနေတာမဟုတ်ဘဲ ဒါရိုက်တာက မင်းသား၊မင်းသမီး လာရင် ရွေ့သွားရအောင် တမင်ချထားတဲ့စားပွဲကြီးပါ။ ဘာလို့လဲ ဆိုတော့ တခြားစားပွဲတွေမှာ ထိုင်ခုံအသီးသီး ရှိပါလျက်နဲ့ ဒီစားပွဲ ကျခါမှ ထိုင်ခုံတစ်လုံးမှ မရှိဘဲ အလွတ်ကြီးထိပ်ဆုံးမှာ သွားချထားပါတယ်။ တခြားစားပွဲတွေမှာ စားပွဲခင်းခင်းမထားပါဘဲလျက် ဒီစားပွဲကျခါမှ စားပွဲခင်းအဖြူကြီးခင်းလို့ ထားပါတယ်။ ရိုက်ပြတဲ့ ပုံစံအရ နိုင်ငံခြားကားလိုလို ဘာလိုလို နဲ့ မြန်မာကားတွေမှာတွေ့နေကြ ဇာတ်ကွက်မျိုးမဟုတ်တာကြောင့် လူတွေ ကြိုက်ကြတာပါလို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားဟာ ဘယ်လို နည်းနဲ့မှ ဒါရိုက်တာဆု မရနိုင်ဘူးလို့ ပြောချင်ပါတယ်။ ဒီလို ပြောနေတော့ ဒါရိုက်တာ ၀ိုင်းကို ကျွန်တော်က အငြိုးနဲ့ ဆော်နေသလို ထင်ကြပါလိမ့်မယ်။ မဟုတ်ပါဘူး။  အကယ်ဒမီ အတွက် ၀ိုင်းမှ ၀ိုင်းဆိုပြီး အသေခံငြင်းနေတဲ့ သူတွေ ရှိလို့ပါ။ သူတို့က ၀ိုင်းကို အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ချစ်ကြခင်ကြလို့ ရစေချင်တာဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ အနုပညာပစ္စည်းကိုပဲ ကြည့်ရပါလိမ့်မယ်။ ၀ိုင်းကို Ban That Scene ကြည့်ပြီးသဘောကျကာ အကယ်ဒမီလဲ ၀ိုင်းပဲ ရသင့်တယ်ဆိုပြီး ဟောကိန်းထုတ်နေကြတာပါ။ ကျွန်တော်ကတော့ Ban That Scene ကို  အားပါးတရ ထောက်ခံ သဘောကျပြီး အာဒမ်..ဧ၀..ဒဿ ကိုတော့ လက်ခံလို့ မရပါ။ ဒီဇာတ်ကားမှာထူးခြားတာက ဓါတ်ပုံရိုက်ချက်များပါပဲ။ ပင်လယ်ထက်က နေ၀န်းနီထက်ကို ဓါတ်ပုံရိုက်ချက်တွေက ပိုကောင်းပါတယ်။ နိုင်ငံခြားကားတွေမှာ မြင်ရလေ့ ရှိတဲ့ ဓါတ်ပု့ ရိုက်ချက်မျိုးဖြစ်ပြီး ယခုနှစ် ရုပ်ရှင်ဓါတ်ပုံဆုအတွက် ကျွန်တော် မျက်စိကျမိပါတယ်။  ပြေတီဦးသရုပ်ဆောင်ချက်တွေက တမင် လုပ်ယူထားတဲ့ သရုပ်ဆောင်မှုမျိုးတွေလို့ မြင်ပါတယ်။ သက်မွန်မြင့် ကတော့ မဆိုးပါဘူး။ ဇာတ်လမ်းနဲ့  အံဝင်ပါတယ်။ အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ဒီဇာတ်ကားနဲ့လည်းရင်ခုန်နိုင်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ကလည်း မဆိုးတော့ မဆိုးပါဘူး ။ ဒါပေမယ့် အကယ်ဒမီ ပေးရလောက်အောင်တော့လည်း......................။နောက်တစ်ခုကောင်းသေးတာက တည်းဖြတ်ပါ။ ဒါကြောင့်မို့ ဒီဇာတ်ကားဟာလည်း ဓါတ်ပုံ၊ တည်းဖြတ်၊ အမျိုးသမီးဇာတ်ဆောင်တို့ ခန့်မှန်းလို့ ရပါတယ်။
ကျွန်တော်ကတော့ ကျွန်တော့်ကြည့်ပြီးတဲ့ ဇာတ်ကားတွေထဲက ကျွန်တော့်စိတ်ကြိုက်တွေ ပြောလို့ ပြီးသွားပါပြီ။  အမေ့ကျေးဇူးဆပ်ဖူးချင်တယ်  ဇာတ်ကားကတော့ ကျွန်တော်မကြည့်ရသေးပါဘူး ။ဒါပေမယ့် ကြော်ငြာဘုတ်တွေအရ၊ ဇာတ်လမ်းသဘောအရ သက်မွန်မြင့်ကတော့ ဒီနှစ်အတွက် မလွဲလောက်ဘူးထင်ပါတယ်။ ပြေတီဦးလည်းပြောလို့တော့ မရပါဘူး။  ဒါအပြင် ဒီဇာတ်ကားက ဇာတ်ပို့ဆုတွေလည်း ချိန်လို့ရမယ်ထင်ပါတယ်။
ကဲ....................................ကျွန်တော်တို့ အထင်တွေ ၊ အမြင်တွေ၊ ရင်ခုန်သံတွေ၊ စည်းချက်တွေ၊ ဘယ်လို ကာရံညီ ကြမလဲ ဆိုတာကတော့ ဖေဖော်ဝါရီလ (၇)ရက်နေ့မှာ စောင့်မျှော်ရင်ခုန်ကြပါစို့လားခင်ဗျာ..............။