Tuesday, January 3, 2012

ချစ်ခြင်းမေတ္တာ၊ မိန်းမသား၊ မျိုးချစ်စိတ်ဓါတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု နှင့် ဒေါ်အောင်ဆန်းစုကြည်

                          ကျွန်တော်တို့သူငယ်ချင်းတစ်တွေ စုမိကြလျှင် ပြောကြသည့် အကြောင်းများက အကြောင်းအရာစုံလှသည်။ သူ့အကြောင်းကိုယ့်အကြောင်း၊ သူ့မိသားစုအရေး၊ ကိုယ့်မိသားစုအရေးများသာမက နိုင်ငံ့ရေးရာများကိုပင် ကြီးကြီးကျယ်ကျယ် ဆွေးနွေးတတ်ကြသေး၏။ တစ်ရက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြောဖြစ်ကြရင်း ဒေါ်အောင်ဆန်းစုကြည်အကြောင်းက ကပ်ပါလာခဲ့သည်။ ထိုအခါ ကျွန်တော့်သူငယ်ချင်းတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ စကားတစ်ခွန်းဆိုလာခဲ့ပါသည်.။
                          “ဒေါ်အောင်ဆန်းစုကြည်ကိုကွာ.....ငါ မကြိုက်တာက နိုင်ငံခြားသားနဲ့လက်ထပ်တာကိုကွ.။သူ နိုင်ငံ့အတွက် ဘယ်လောက်လုပ်ခဲ့၊ လုပ်ခဲ့ ၊ အဲဒါကို တွေးမိရင် သူ့ကို ဘ၀င်မကျဖြစ်ရတယ်. ။”
                         ထိုစကားကို ပြောလာသူ ကျွန်တော့်သူငယ်ချင်းအကြောင်းအနည်းငယ်မျှ ပြောပြလိုပါသည်။ သူ့အသက်က၁၉နှစ်ရှိပြီ ဖြစ်သည်။. အဘိုးဖြစ်သူက ကျောင်းပညာသင်ကြားရန်မလိုဟု တားမြစ်သဖြင့် ခုနှစ်တန်းအောင်ပြီး ကျောင်းနားခဲ့သည်။ နှစ်နှစ်ခန့်ကျောင်းနားပြီးမှ ကျောင်းပြန်တက်သောအခါ ကျွန်တော်တို့ အုပ်စုထဲတွင် အသက်အကြီးဆုံး ဖြစ်နေသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးလေးဘာသာဖြင့်အောင်မြင်ခဲ့ပြီး ယခုအခါ ဆေးတက္ကသိုလ်(မကွေး)တွင် ပညာသင်ကြားနေသူတစ်ဦးဖြစ်သည်။ သူသည် စာဖတ်ခြင်းကို ခုံမင်မြတ်နိုးသူတစ်ဦးတော့မဟုတ်။ သူ့အိမ်တွင်လည်း တရားစာအုပ်မှလွဲ၍ ဘာစာအုပ်မှ မရှိ။ မိဘများကလည်း စာဖတ်ခြင်းကို တားမြစ်သည်။
                         တချို့အကြောင်းအရာများအား လူငယ်များ မသိသည်မှာ လူကြီးများက လက်ဆင့်ကမ်းမျှဝေခြင်းမရှိသောကြောင့် ဟု ကောက်ချက်ချနိုင်သော်လည်း တချို့အကြောင်းအရာများကမူ လူကြီးများပြောမပြ၍ မသိရမည့် အကြောင်းအရာများ မဟုတ်ကြပါချေ။ မပြောလျှင် ပြောအောင်လုပ်ရမည်။ မသိလျှင်သိအောင်လုပ်ရမည်။ မေးခွန်းထုတ်ရမည်။ မိမိအား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောပြနိုင်မည့် စာအုပ်စာပေများကို ဖတ်ရှုရပေမည်။
                         ယနေ့ခေတ်လူငယ်များအဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မစိမ်းပါ။ သို့သော်..ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များနှင့်တော့ အတန်ငယ် စိမ်းနေကြပါသေးသည်။ တချို့က ဗိုလ်ချုပ်၏သမီးဆိုတာလောက်သာသိကြပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဟုသောဝိသေသကိုပင် မသိသူများက ဒုနဲ့ဒေးရှိနေသေးသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရကြောင်းသိသော်လည်း  ဘာကြောင့် ကျခံနေရသနည်းဆိုတာကိုရှင်းရှင်းလင်းလင်း နားမလည်သူတွေအများကြီးရှိနေကြသည်။
                          ကျွန်တော့်သူငယ်ချင်း၏စကားကို ကြားကြားချင်း ကျွန်တော် ဒေါသထွက်သွားသည်။ သူလိုလူက ဒီစကားပြောတာမဆန်းသော်လည်း၊ သူလိုလူက ဒီစကားပြောထွက်တာက ခံပြင်းစရာကောင်းလွန်းလှသည်။ ထို့အတွက်ကျွန်တော့် အမြင်ကိုတင်ပြရခြင်း ဖြစ်ပါသည် ။
                          ကျွန်တော့ အမြင်ဆိုရလျှင် မြန်မာနိုင်ငံသားများအဖို့ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထောင်ရေးအပေါ် ဘ၀င်မကျ ဖြစ်သင့်ပါသည်။ သာမန် မိန်းမသားတစ်ဦးအနေနှင့်ဆိုလျှင် ထူးမည်မဟုတ်သော်လည်း မြန်မာ့မြေကို မတရားသောနည်းဖြင့် ကျွန်ပြုကာ ဖိနှိပ်ချုပ်ချယ်ခဲ့သော အင်္ဂလိပ်တို့အား မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် တွန်းလှန်ဖယ်ရှားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ သမီး အနေနှင့် ကြည့်ပါက ဒေါ်အောင်ဆန်းစုကြည်၏အိမ်ထောင်ရေးသည် မြန်မာပြည်သားများအဖို့ ဘ၀င်မကျစရာဖြစ်နိုင်ကောင်းပါသည်။
                          သို့ပေမယ့် ဖြစ်စဉ်အစအဆုံးကို ရှုမြင်သုံးသပ်ဖို့ကလည်း လိုအပ်ပါသေးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထုအရေး၊ မြန်မာ့ဒီမိုကရေစီ အရေး ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဟုဆိုလျှင် မည်သူမှ ငြင်းရဲအံ့ မထင်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဒေါ်အောင်ဆန်းစုကြည်သည်  နေအိမ်အကျယ်ချုပ်အဖြစ် မကြာခဏဆိုသလို အမိန့်ချမှတ်ခံရပါသည်။ ဤသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ့အရေး၊ မြန်မာ့ဒီမိုကရေစီ အရေးအတွက် လှုပ်ရှားရင်း မိသားစု၊ သားသမီး၊ ခင်ပွန်းနှင့် ဝေးကွာနေရသည်မှာ ဆယ်စုနှစ် နှစ်စုကျော်ကြာ ရှိခဲ့ပြီ ဖြစ်သည်။
                        ကျွန်တော် တစ်ခု မေးပါမည်။ ဘယ်လိုမိန်းမမျိုးက သူ့လို ရဲဝံ့နိုင်မည်နည်း။ ဘယ်လိုမိန်းမမျိုးက သူလို ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်မည်နည်း။ ခင်ပွန်းသည်နှင့် ကွဲကွာနေရသည်က ထားချေဦး၊ မိမိ အသွေးအသားမှ ဖြစ်တည်လာခဲ့သော သားများနှင့် နှစ်ပေါင်းများစွာကွဲကွာခံပြီး ဘယ်လို မိန်းမသားမျိုးကနေနိုင်ပါမည်နည်း။ ဤသို့ မိသားစုနှင့်ဝေးကွာနေပြီး မြန်မာ့ နိုင်ငံရေးလှုပ်ရှားနေမှုများကို ဆွဲထုတ်ပြလိုပါသည်။ ဘယ်လိုအသည်းနှလုံးနှင့် မိခင်မျိုးက ထိုသို့ပြုမူနိုင်မည်နည်း။
                         လူဆိုသည်မှာ မိမိ ဘ၀၊ မိမိ မိသားစုကို အေးချမ်း တည်ငြိမ်အောင်မြင်ပျော်ရွှင်စွာ ဖြတ်သန်းချင်ကြသည်ချည်း ဖြစ်ပါသည်။. ဗိုလ်ချုပ်သော်မှ သူ့မိသားစုနှင့် အတူတကွ နေထိုင်ရသည့် ခဏတာအတွင်း သာယာပျော်ရွှင်သော အိမ်ထောင်ရေးကို  ဖန်တီးခဲ့သည်ပင် ဖြစ်၏။
                          ဒေါ်အောင်ဆန်းစုကြည်သည် ယောက်ျားသားတစ်ဦးမဟုတ်ပါ။ ယောက်ျားနှင့် မိန်းမ နှိုင်းယှဉ်ရာတွင် အမြဲတစေ နှိမ့်ချခံထားရသော မိန်းမသားထုထဲမှ မိန်းမသားတစ်ဦးပင် ဖြစ်ပါသည်။  မိန်းမဟူသည် အချစ်၊ မေတ္တာ ၊ သံယောဇဉ်တို့ကို ယောက်ျားသားများထက် ပိုမို နက်ရှိုင်းစွာ ခံစားတတ်သူများဖြစ်လေသည်။  သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏လုပ်ရပ်များသည် သူ့၌ရှိသော မြန်မာပြည်သူလူထုအပေါ်ထားရှိသည့် စေတနာနှင့် မြန်မာနိုင်ငံအား ချစ်မြတ်နိုးစိတ်တို့ကို ထင်ဟပ်ပြသနေပါသည်။
                          ထို့အပြင် ဖူးစာဆိုသောအရာသည် မြင်တွေ့နိုင်သော အရာမဟုတ်မှန်း  အားလုံးလက်ခံထားပြီး ဖြစ်ပါလိမ့်မည်။ ထို့အတူ ဖူးစာဆိုသည်မှာ ဆန်းကြယ်သည်ကိုလည်း နားလည်ကောင်း နားလည်ကြပါလိမ့်မည်။  နဖူးစာပါရင်ညားတတ်စမြဲ ဖြစ်ရာ လူတို့သည် မိမိတို့၏ အိမ်ထောင်ဖက်ကို ရွေးချယ်ခွင့်ရှိသည်ဟု ထင်ရသော်ငြား အမှန်မှာတော့ ရွေးချယ်ခွင့်မရှိကြဘဲ ကံကြမ္မာ၏အစီအရင်၊ အဆုံးအဖြတ်ကိုသာ နာခံနေကြရသူများဖြစ်သည်။ ထို့်ကြောင့်ပင် ရှေ့သွားနောက်လိုက် မညီသော၊ အမြီးအမောက်မတည့်သော လင်မယားစုံတွဲများကို ဒုနဲ့ဒေးမြင်တွေ့နေရခြင်း ဖြစ်ပါသည်။
                          ဤအချက်ကို လက်မခံစေဦးတော့၊ ခင်ပွန်းသည်နှင့်သားများကို ဆယ်စုနှစ်နှစ်စုကြာခွဲခွာနေပြီးနိုင်ငံ့အရေး   မျိုးချစ်စိတ်ဓါတ်ထက်သန်စွာ ဆောင်ရွက်နေခြင်းက ကျွန်တော့်သူငယ်ချင်းပြောသည့် နိုင်ငံခြားသားနှင့် လက်ထပ်ခြင်းကို လုံးဝဥဿုံ ဖုံးလွှမ်းသွားပြီ ဟု ကျွန်တော် ယူဆမိပါသည်။ ထို့အပြင် မြင်းမိုရ်တောင်နှင့်လာယှဉ်သော နှမ်းစေ့ပမာ သေးငယ်သွားသည်ဟု လည်း တင်စားချင်ပါသည်။
                          ကျွန်တော့်အယူအဆကို ယခုကဲ့သို့ တင်ပြနိုင်ရန် မိခင်တော်တော်များများအား ၎င်းတို့၏ ခံစားချက်ကို စုးစမ်းသည့်ဟန်ဖြင့် မေးခွန်းထုတ်ခဲ့ဖူးပါ၏။ အားလုံးကပင် တစ်ညီတစ်ညွတ်တည်း ထိုသို့မလုပ်နိုင်ကြောင်းဖြေကြားခဲ့ကြလေသည်.။ တစ်ဦးကဆိုလျှင် လွမ်းလွန်းလို့သေသွားမှာပေါ့ ဟုပင် ဖြေဆိုခဲ့သေး၏ ။ မိခင်တိုင်း၊ မိန်းမသားတိုင်းသာမက ယောက်ျားသားများပင် ဒေါ်အောင်ဆန်းစုကြည်နေရာမှ ၀င်ရောက်ခံစားကြည့်ရှုနိုင်ပါသည်။ အတွင်းပိုင်း နှလုံးသားထဲ၌ အသည်းတွေ မည်မျှ မွမွ ကြေနေမည်နည်း။ မိသားစုကို လွမ်းမောတသစိတ်ဖြင့် မည်မျှနာကျင်ခံစားနေရမည်နည်း။ မိသားစုကို လွမ်းဆွတ်တသ နေသည့်ေ ၀ဒနာကို အသည်းအူပြတ်မတတ် သိပ်သိပ်သည်းသည်း၊ နင့်နင့်နဲနဲ ခံစားနေရမည်ကို မှန်းဆကြည့်နိုင်ပါသည်။
                           ဤ နေရာတွင် ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘဲ တခြားအမျိုးသမီးတစ်ဦးသာဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ကျွန်တော် တွေးတောကြည့်မိပါသည်။ ယုံကြည်ချက် ကို ပယ်ဖျက်ကာ အသည်းနှလုံး၏ဆန္ဒကို လိုက်လျောပေလိမ့်မည်။
                          ဤမျှဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ဘ၀င်မကျမှုသည် အတန်ငယ်(သို့မဟုတ်) လုံးဝ ပြေပျောက်သွားနိုင်ကောင်းပါသည်။ ကျွန်တော်က အထက်ပါ ကျွန်တော့်အယူအဆကို ကျွန်တော့်သူငယ်ချင်းအား တစ်ဆင့်ချင်း ရှင်းပြပြောပြပါသည်။  သူလုံးဝလက်မခံပါ။ ရှိစေတော့ ။ဒါ သူ့အမြင်ဖြစ်သည်။ ကျွန်တော်ကလည်း ကျွန်တော့်အမြင်ကို တင်ပြခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တစ်ဦးတစ်ယောက်တည်း၏အမြင်မို့ အားနည်းချက်၊ ချို့ယွင်းချက်များ ရှိနိုင်ကောင်းပါသည်။ သို့ပေမယ့် အ ကျိုးသင့် ၊အကြောင်းသင့် တွေးတော ရှုမြင်ခဲ့ခြင်းဟုတော့  ခိုင်ခိုင်မာမာ ပြောရဲပါသည်။
                         ထို့အပြင် စာဖတ်သူများ ပိုမို ချင့်ချိန်တွေးခေါ်ရှုမြင်နိုင်ရန်“နွေဦး အိုးဝေ မွေးနေ့ကဗျာများ” စာအုပ်မှ ကဗျာဆရာ မိုဃ်းဇော် ၏ “ အမေ ” ကဗျာအား လက်ဆင့်ကမ်းမျှဝေလိုက်ရပါသည်။
                                  “ အမေ”
                         သမီးတစ်ယောက် အနေနဲ့ 
                         ဖခင်ကို စွန့်လွှတ်ခဲ့ရတယ်။
                         ဇနီးတစ်ယောက် အနေနဲ့ 
                         ခင်ပွန်းသည်ကို စွန့်လွှတ်ခဲ့ရတယ်။
                         မိခင်တစ်ယောက် အနေနဲ့ 
                         ရင်သွေးတွေကို စွန့်လွှတ်ခဲ့ရတယ်။
                         လူသားတစ်ယောက်အနေနဲ့ 
                         စည်းစိမ်တွေ စွန့်လွှတ်ခဲ့ရတယ်။
                         မိန်းမသားတစ်ယောက်အနေနဲ့ 
                         လွတ်လပ်ခွင့်တွေ စွန့်လွှတ်ခဲ့ရတယ်။
                         အသက်ရှင်လျက်နဲ့ စွန့််လွှတ်ခဲ့ရခြင်းများမှာ 
                         သူ လုံးဝ မစွန့်လွှတ်တာဆိုလို့ 
                         ငါတို့ပြည်သူ သန်းငါးဆယ်.....။              ။
                                            မိုဃ်းဇော်
                                                စာဖတ်သူများသည် စာရေးသူ၏ အတွေးအခေါ် ၊ အယူအဆ တို့ကို  သဘောတူထောက်ခံချင်သည်လည်း ရှိသလို ၊ ကွဲ ပြားဆန့်ကျင်လိုသည်လည်း အသေအချာရှိပါလိမ့်မည်။  ဤသည်ကိုစာဖတ်သူများက အရေးယူ ခွန်းတုံ့ပြန်ခြင်းမရှိဘဲ ရေငုံနှုတ်ပိတ်သာနေပါက စာဖတ်သူများဘက်မှ တာဝန်ကျေပွန်ခြင်းမရှိဟု  ထင်ပါသည်.။ ထို့အတွက် စာဖတ်သူတို့၏အမြင်များသည် ကျွန်တော်နှင့်တူညီသည်ဖြစ်စေ ၊ ဆန့်ကျင်သည်ဖြစ်စေ အကျိုးသင့် အကြောင်းသင့် အတွေးအခေါ် ၊ အယူအဆ ဖလှယ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။                   ။

                                                            ဝေမိုးနိုင်(မုံရွာ)

2 comments:

  1. လေးစားလောက်ပါတယ် ဒါပေမယ့် သူအဖေ
    စိတ်မျိုးနဲ့ဆိုရင်တော့ အဆဲခံရမှာသေ
    ချာတယ် ...။နိုင်ငံကိုချစ်တယ်ဆိုတာက သူ
    လိုပုံစံမျိုးနဲ့ ပေးဆပ်တာတော့မကြိုက်ဘူးးဗျာ
    (ကျနော်အမြင်ပါ ) ဘာကြောင့်မကြိုက်လဲ
    88 အစောပိုင်းလောက်က မှမိခင်နေမကောင်း
    လို့ မြန်မာပြည်ပြန်လာတယ် . နိုင်ငံေ၇းထ
    လုပ်တယ် . သူရဲနောက်ခံ Background က
    ကြီးတော့ သူ့အတွက်အားအင်တွေ အများကြီးရ
    ခဲ့တယ် သူ အထင်ကြီးလေးစားသလို အကြေနပ်
    ကြီး ကြေနပ်နေတယ်။ ဆန်ရှင်ကိစ္စကို ပြည်သူ
    တွေ ထိခိုက်တာသိသိကြီးနဲ့ အမေရိကန်ဘက်က
    လိုက်တယ်။ လူငယ်တွေ ပြည်သူ လူထုတွေ ပါစပ်
    ဖျားက မချပေမယ့် သူ မရှိတော့ရင် NLD မှာ
    သူနေရာကို ဆက်ခံနိုင်တဲ့ လူငယ်ရှိသလား
    အများကြီးပါဗျာ ...။ သူ ကို တစ်ခုတော့ကျနော်
    လေးစားတယ် ညဏ်ကောင်းတယ် ။
    ခုတော့ သူပြောခဲ့တဲ့စကား တွေ သူလုပ်နေတဲ့လုပ်
    ရပ်တွေပေါ်တော့မှာပါ ..စောင့်ကြည့်ကြတာပေါ့ ဗျာ။

    ReplyDelete
  2. ummm.. နိုင်ငံခြားမှာ ကြီးပြင်းပြီး ဘဝကိုဖြတ်သန်းလာရတဲ့သူတစ်ယောက်အနေနဲ့ နီးစပ်ရာလူမျိုးနဲ့ အကြောင်းပါတတ်ပါတယ်။ ပြီးတော့ ဖူးစာဆိုတာ ရှောင်လွှဲလို့ မရပါဘူး။ ဘာသာရေးအရကြည့်ရင်လည်း ဒါဟာ သူ့အကြောင်းကံပါပဲ။ ဒီလို .. သူများရဲ့ မကောင်းခဲ့တဲ့ အကြောင်းကံကို ကိုယ်ကလိုက်ပြီး အပြစ်တင်ဝေဖန်နေရင် ကိုယ့်မှာ အကုသိုလ်ဖြစ်ပါတယ်။ နောက်တစ်ခုက.. အပေါ်ကတစ်ယောက်ပြောတဲ့ကိစ္စပါ... မြန်မာနိုင်ငံ ခုလို ခြွတ်ခြုံကျရတာ sanctionတွေ ကြောင့်တော့ လုံးဝကြီး ပြောလို့မရပါ။ အုပ်ချုပ်ရေး ညံ့ဖျင်းပြီး လူတစ်စု ကောင်းစားရေးကိုသာ အခြေခံခဲ့လို့ ဖြစ်ရတာလို့ပဲ ယူဆပါတယ်။ sanction တွေမတိုင်ခင်ကရော မြန်မာပြည်ကြီးကောင်းမွန်တိုးတက်ခဲ့လို့လား?? "The Choice"ကိုကြည့်ပြီး၊ "The Lady" ကိုကြည့်ပြီး... ကြက်သီးထခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ ၁၀၀% ကို မှန်တယ်၊ သဘောတူတယ်မပြောပေမဲ့ "ကိုယ်သာဆိုလို သူ့လို ကိုယ့်ဘဝကို အနစ်မွန်းခံပြီး... စွန့်လွှတ်နိုင်၊ အနစ်နာခံ စွမ်းဆောင်နိုင်မှာမို့လား?"... လူပဲ .. ဘယ်သူ့မှ အမှား မကင်းပါဘူး။ ဒါပေမဲ့.... သူမရှိတော့ရင် ဆက်ခံမဲ့သူဆိုတဲ့ကိစ္စကိုတော့ သဘောတူပါသည်။

    (စကားချပ်။ ။ တွေးမြင်မိသမျှထဲမှ အနည်းငယ်ကို ဒီနေရာမှာ ဝင်ပြောကြည့်ပါသည်။ လွတ်လပ်စွာ သဘောကွဲလွဲ နိုင်ပါသည်။) =)

    ReplyDelete