Saturday, January 28, 2012

အမေတမ်းချင်းကဗျာများ (၂)

ကျွန်တော့်ဦးလေးရေးခဲ့တဲ့ အာခေရဒ်က ပြုံးပြပါ ကဗျာစာအုပ်ထဲက ကဗျာတွေကို ဒုတိယပိုင်းအဖြစ် ဆက်လက်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ပထမပိုင်းကို ဖတ်ချင်သူတွေကတော့  အမေတမ်းချင်းကဗျာများ မှာ ဖတ်ရှုနိုင်ပါတယ်။


ကောင်းကင်ဘုံထဲ ပြန်သွားပြီ


ကျောင်းရိပ်၊ ကန်ရိပ် ၊ထနောင်းရိပ်နဲ့
ဗောဓိရိပ် ပညောင်ရိပ်
ဆိတ်ငြိမ်အရပ် အေးမြတတ်လည်း
ရင်ခွင်မှေးအိပ် အမေ့ရိပ်ကို  မှီဘူးတဲ့.....။
မင်းတို့ရိပ်ငြိမ် မင်းတို့အိမ်တွေလည်း
အံ့သြဘနန်း ဟော်နန်းတမျှ
ခမ်းညားလှစေ ရွှေချလေလည်း
အမေမရှိရင် အသရေ မရှိ
အိမ်လို့ မမည်နိုင်ဘူးတဲ့.....။
တစ်ဖက်ရပ်တဲ အမိုးကျဲလည်း
လေးတိုင်စင်အောက် နေရိပ်ပြောက်လည်း
အကာကင်းမဲ့ ကြမ်းခင်းမဲ့စေ
အမေရှိရင် အသရေရှိ
အိမ်လို့မည်နိုင်ပါသတဲ့
မင်းတို့အတွက် ခံစားကုံလုံ
ပြီးပြည့်စုံမယ့်
ဂျန္နတ်ရိပ်မြုံ သုခဘုံသည်
အမေ့ခြေဖ၀ါး အောက်ဖက်နားမှာ
သားသားနားနားရှိနေသတဲ့...........။
ရှင်ကြီးဂေါတမ မြတ်ဗုဒ္ဓတောင်
အမေ့ကျေးဇူး ဆပ်ပေဘူးသည်
တရားဦးရေအေး တိုက်ကာကျွေးလည်း
နို့ကြွေးတစ်ဖက် ကျေဘူးတဲ့.......။
တမန်တော်ပြောခဲ့တဲ့စကား
ယေရှုဟောခဲ့တဲ့ တရား
ဘုရားသခင် ဖန်ဆင်းရှင်သည်
နေရာအနှံ့ ခြေမဆန့် နိုင်ရကား
သူ့ရဲ့ကိုယ်စား မိခင်များကို
ဖန်ဆင်းပေးထားခဲ့တာတဲ့.........။
ဒါဆိုရင်လေ...
တို့အမေကို
သူ့ရဲ့ အစား တို့များအတွက်
ခက်ခဲမရှိ ဆူးမငြိအောင်
ဘုရားသခင် တန်ခိုးရှင်က
ဖန်ဆင်းပေးထားခဲတာပေါ့နော်.............။
အော်.................ခုတော့ကြည့်စမ်း....
သမီးလေးယောက် သားရှစ်ယောက်ကို
ပေါက်မြောက်အောင်မြင် လူရာဝင်မှ
မရဏလမ်း သည်စခန်းကို
ဖြတ်သန်းကျော်လျှောက်
အမေတစ်ယောက်ထဲ  တို့ကိုခွဲပြီး
ကောင်းကင်ဘုံထဲ ပြန်သွားပြီ..............။                          ။

တင်ဝင်းချစ်၊သာစည်၊

ဂျန္နတ်  = နိဗ္ဗာန်


ဒီကဗျာထဲက သဘာဝမကျတာလေးတစ်ခု အမှားလို့ ဆိုရပါလိမ့်မယ်။ အဲဒါလေးတစ်ခုကတော့ “ရှင်ကြီး ဂေါတမ မြတ်ဗုဒ္ဓတောင် အမေ့ကျေးဇူး ဆပ်ပေဘူးသည် တရားဦးေ၇အေး တိုက်ကာကျွေးလည်း နို့ကြွေးတစ်ဖက် ကျေဘူးတဲ့......။ ” 
ဆိုတဲ့စာသားလေးကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ရေးထားတာမို့ ဗုဒ္ဓဘာသာဝင်တွေတောင် ကွဲကွဲ ပြားပြားမသိကြသေးတာမို့ ခွင့်လွှတ်လို့ရမယ်လို့ မျှော်လင့်ကြောင်းပါခင်ဗျား။


အမေ အကြွေစောလေပြီ


အမေ့အကြောင်း
သောင်းပြောင်းထွေလာ
သားသိသမျှ ပြောရရင်လေ
နှင်းမှုံတစ်စက် မြူမှုံဝက်မျှ
အပြစ် ဂွန္နာ မရှိပါလျက်
လူတွေ့တိုင်း မာ့ဖ် တောင်း
အပ်ကြောင်းထပ်အောင်တောင်းပန်
အကြောင်းကံကို ကြိုပြီး
အရင်သိခဲ့တာလားအမေ..........။
တစ်ထောင့်ကိုးရာ သေချာတွက်စစ်
သက္ကရာဇ်ရှစ်ဆယ် လေးစွန်းတွက်ကပ်
မတ်လကုန်ကျွမ်း ခြင်္သေ့လမ်းနဲ့
သုံးရက်ဆန်းစ ဧပြီလမှာ.........။
အသည်းကင်ဆာ မိုရင်ယာမင်
အစာမ၀င်တော့ဘူးလေ..................။
အဆုတ်ယောင်ဖော ဆိုလူကောတက်
ဟတ်(တ)အတက်(ခ်)တဲ့
မညှာမတာ အမေ့ခန္ဓာကို
ဝိုင်းဝန်းတိုက်ခိုက် ကံအမိုက်ကို
တုမိုက်မပြိုင်  အံကြိတ်ထိုင်ကာ
ဆဘာရ် လုပ်ရင်း သည်းခံရင်းနဲ့
အမေအကြွေစောလေပြီ.....................။              ။

ဇော်ဝင်းချစ်၊ရန်ကုန်၊

ဂွန္နာ      = အပြစ်
မာ့ဖ်     = ခွင့်လွှတ်မှု
ဆဘာရ် = သည်းခံခြင်း



ဂျွမ္မာအ် နေ့တိုင်းပြန်လာပါ

အာခေရဒ်နန်း အလ္လာ့လမ်းနဲ့
ဂျန္နတ်ရိပ်မြုံ သုခဘုံက
အလ္လာကြည်ဖြူ အ၀တ်ဖြူနဲ့
မြတ်နိုးဖွယ်သော အို......မိခင်..။
ဘုရားသခင် ဖန်ဆင်းရှင်ကို
ခယတောင်းပန် အသနားခံလို့
တန်ခိုးရှင်နားလည် ခွင့်ပြုတယ်ဆိုရင်
တိမ်ညွန့်တွေကြား လရထားစီး
ဒွန္နယာကြီးမှာ
သားတို့ရှစ်ယောက်
တစ်ယောက်မှ မခွဲ
လက်ချင်းတွဲပြီး
နမာဇ်တစ်ခု ၀တ်ပြုမှုကို
ဝမ်းသာရွှန်းအိ ပြုံးပီတိနဲ့
ကြည့်ချင်လှတယ်
မြင်ချင်တယ်ဆိုရင်
ကုရ်အာန်တစ်မက်
ပုတီးလက်နဲ့
သားတို့ရှိရာ ဒွန္နယာကို
ဂျွမ္မာအ်နေ့တိုင်း ပြန်လာပါ............။              ။

ကျော်ဝင်းချစ်၊တောင်ကြီး၊

ဂျွမ္မာအ်နေ့ = သောကြာနေ့
အာခေရဒ် = တမလွန်
ဂျန္နတ်      = နိဗ္ဗာန်
ဒွန္နယာ     = လောက
နမာဇ်      = ဘုရားဝတ်ပြုမှု
ကုရ်အာန်  = အစ္စလာမ်ဘာသာ၏ ကျမ်းစာ


မေမေအားမငယ်နဲ့နော်

မေမေ....မေမေ....မေမေရေ...လို့
သေချာဖွေရှာနေရာအနှံ့  စိတ်ခြေဆန့်ခဲ့ ပြီးလေပြီ.....။
ချစ်သောအမေ  မေမေရယ်လေ
စကြ၀ဠာ မဟာတံတိုင်း
အပြင်ဘက်ပိုင်းမှာ ထွက်ပြေးပုန်းရှောင်နေတာလား.........။
ချစ်သောမေမေ....မေမေရယ်လေ
သမုဒ္ဒရာ မဟာတံတိုင်း အတွင်းပိုင်းဝင်
ကြမ်းပြင်နက်ထဲ ငုပ်လျှိုးပုန်းအောင်းနေတာလား.......။
ချစ်သော မေမေ.....မေမေရယ်လေ
မဟာမြင့်မိုရ် ရွှေတောင်အိုရဲ့ အမြင့်ဆုံးနေရာ ထိုနေရာမှာ
ထွက်ပြေးပုန်းရှောင်နေတာလား..။
ခဲရာခဲဆစ် ရှစ်မျက်နှာအရပ် နှံ့စပ်ဖွေရှာ မောလှပါပြီ
ပြန်လာခဲ့တော့ ပြန်ခဲ့တော့နော်
ပန်းပေးပါပြီ အမေရယ်.............။
ပန်းပေးပြီးမှ သတိရသည်
ချစ်သောမေမေ...တို့မေမေသည်
အမိန့်တော်မြတ် ဦးထိပ်ပန်လျှက်
ခေါင်းညိတ်ခံယူသွားတဲ့ အကြောင်း.........။
တရားသက်ဝင်ဆင်ခြင်ကြည့်လည်း
သတိရမြဲ လွမ်းဆွတ်ဆဲပါ  ချစ်သောအမေ  မေမေရယ်
 လွမ်းဆွတ်နေမြဲ သတိရဆဲမို့ နေ့ညအခါ မမေ့ပါဘဲ
မေမေ့အတွက် ရည်စူးလျက်တည်
အလ္လာ အေဘာဒါသ်  မပြတ်ဆောင်ရွက် ပြုလုပ်လျှက်မို့
သုခရိပ်မြုံ အထက်ဘုံမှာ  လုံးဝအားမငယ်ပါနဲ့နော်....................။                      ။

လေးဝင်းချစ်၊သာစည်၊

အေဘာဒါသ် = ဘုရား တရား အလုပ်


အားငယ်လိုက်တာအမေရယ်

မမျှော်လင့်ဘဲ မိုးထဲမြေဖုံး
အပူလုံးကြွ သောကဖိစီး
ရင်မီးလောင်ကျွမ်း ပရမ်းပတာ
ကြမ္မာကံပြုန်း ဘ၀အလုံးကို
မျက်ရည်ဖုံးသည်သို့...........။
“အမေဆုံးပြီ” ဖုန်းသတင်းရောက်
ဆောက်တည်ရာမဲ့ ရှေ့တည့်တည့်မှာ
ကမ္ဘာနှစ်ခြမ်း ကွဲသွားသည်..........။
သားတို့ကျန်ခဲ့ တစ်ခြမ်းပဲ့ ကမ္ဘာ
ဒွန္နယာမှာ အမေ့နေရာ
ဘယ်သူလာပြီး အစားဝင်နိုင်မှာလဲ
အသည်းမှာ အတိအကျ သိလိုက်ရပြီ
အားငယ်လိုက်တာ အမေရယ်.........။
အသည်းငယ်ငယ် အားငယ်ငယ်နဲ့
အမေ့နံဘေး ကဘာရ် ဘေးမှာ
လက်အစုံမြှောက် ဒူးကိုထောက်ပြီး
အလ္လာအရှင် တန်ခိုးရှင်ထံ
သား   ဆုပန်သည်
ဂျန္နတ်ရိပ်မြုံသုခဘုံသည်
အမေ့နေရာ ဖြစ်စေသော်(၀်)..................။                    ။

ထွေးဝင်းချစ်၊မုံရွာ၊


ကဘာရ် = သင်္ချိုင်းမြေပုံ


အာခေရဒ်က ပြုံးပြပါ

ကွမ်းအစ်တစ်လုံး
သွားဖုံးရဲရဲ ဘီးကျဲကျဲနဲ့
ရှင်မတောင်သနပ်ခါး ရှံသားလက်ပြတ်
ပိန်ကပ်ကပ်နဲ့ .........
ဆံထုံးနက်မှောင် အရောင်လွင့်ပြယ်
သရက်ထည်နဲ့ နှစ်သက်ဖွယ်သော အို ............မိခင်...။
မိခင်အပြုံး စိတ်နှလုံးထား
ချမ်းငြိမ်းအေးမြလွန်းပါသည်။
သားတို့ဝင်အိပ် ရင်ခွင်ရိပ်လည်း
နူးညံ့သိမ်မွေ့လွန်းပါသည်။
အမေကသွေး အမေ့သွေးမို့
သားတို့ရဲ့ စိတ် အမေ့စိတ်တည့်
အမေသေလည်း သားရှိဆဲမို့
အမေသေသည် မမည်ပါ။
အမေရည်မှန်း ဘ၀လမ်းကို
မတ်မတ်တန်းတန်း လျှောက်မယ်အမေ............။
အမေ့မေတ္တာ စေတနာနဲ့
ကရုဏာမျိုးမေတ္တာမိုးကို
ဝေဖြိုးလေအောင်သားတို့ဆောင်မယ်............။
ဂျန္နတ်ရိပ်မြုံ သုခဘုံမှာ
စိတ်ချလက်ချ နေပါနော်.....။
သားရဲ့စကား အမေကြားလို့
သားရဲ့ ကတိ အမေသိလို့
ရွှင်လန်းဖျတ်လတ် စိတ်ကျေနပ်ရင်
အာခေရဒ်နန်း အလ္လာ့လမ်းမှ
အားရပါးရ ပြုံးပြပါ.............။                                  ။

တိုးဝင်းချစ်၊မုံရွာ၊

အမေ့အတွက်သာ ဖြစ်ပါစေ

ကြည်သာရွှင်အေး မျက်နှာပေးနဲ့
ရွှင်အေးကြည်သာ ပြုံး မျက်နှာနဲ့
သံယောဇဉ်အလှ သည်းသော တို့ အမေ
အကြီး အငယ် အရွယ် အလတ်
အယုတ် အမြတ် မရွေး .....ဇာတ်....။
မခွဲခြားဘဲဆက်ဆံ
လှူတန်လှူ  ပေးတန်ပေး
ကျွေးတန်ကျွေး မွေးတန်မွေး
သူ့ဝါသနာအထုံ  ရှိသမျှကုန်ရင်သာ ကုန်ပလေ့စေ
သေရင်ပါမှာ မဟုတ်ဘူးတဲ့လေ.........။
အလှူအတန်းရက်ရော
သဘောကောင်းမနောကောင်း
စိတ်ထားကောင်းလွန်းလှသော်လည်း
အမေကံမကောင်းဘူးဗျာ.............။
ဖြတ်ဖြတ်ဝင်းစက်  လျှပ်မီးလက်သို့
မိုးအောက်မြေပြင် ပတ်ဝန်းကျင်မှာ
သတင်းစကား ကြားလျှင် ကြားချင်း
မိုးကြီးကအောက်  မြေကြီး အပေါ်
ငလျှင်တော်သံ ဥပါဒ်ပျံလို့
အိပ်မက်အလား ၀ိုးတ၀ါးနဲ့
နားကြားများလွဲသလား...
ထင်မှတ်မှားခဲ့ပါသေးတယ်.........။
ကိုယ့်လက်ပြန်ဆိတ် လက်ထိပ်မှာနာ
ထိုအခါမှ ကြားရတဲ့ အခင်း အမေ့သတင်းကြောင့်
မိုးကြိုးဆယ်လက် ကြိုးနဲ့ဆက်၍
တစ်ချက်တည်းပစ်ခတ် အသည်းဆက်မှာ
ကျွဲခတ်သည်အမျှ နာရပါတယ်
မဖြေနိုင်ဘူးအမေရယ်............။
ဆွေးမပြေ ဖြေမနိုင်သော်လည်း
ငေးတွေတွေ ငိုင်မနေနဲ့
အမေ့ကိုချစ်တဲ့ အသိတရားနဲ့
အမေမှာသွားအမေ့စကားကိုနေ့တိုင်းကြား၍
နေ့တဓူဝ မပျက်ရအောင်
ယာစင်(မ်)စူရာ ဖတ်ရွတ်ပါတယ်
ရတဲ့ အမြတ်  အကျိုး စ၀ါဗ် အားလုံး
အမေ့အတွက် ဖြစ်စေသော်(၀်).............။                    ။

ဋ္ဌေးဝင်းချစ်၊မုံရွာ၊

ယာစင်(မ်)စူရာ = ကျမ်းတော်မြတ် အနှစ်ချုပ်



တကယ်တော့ ဒီစာအုပ်ထဲက ကဗျာတွေအားလုံးဟာ ဦးလေး ဦးနေ၀င်းချစ်တစ်ယောက်ထဲ ရေးထားတဲ့ ကဗျာတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့်  ဦးလေးက ညီအကိုတစ်တွေ နာမည်နဲ့ထုတ်ခဲ့ပါတယ်။ ကဗျာကိုးပုဒ်မှာ သူက နေ၀င်းချစ်၊သာစည်၊ နေ၀င်းချစ်၊နဂါးနီ၊ စတဲ့ ကလောင်နာမည် နှစ်မျိုးသုံးပြီးထည့်ကာ ကျန်တဲ့ကဗျာတွေကိုတော့  ညီအစ်ကိုတစ်တွေ နာမည်တပ်လိုက်တာပါ။
အားလုံး ခံစားလို့ဖြစ်မယ်လို့ ယူဆပါတယ်။ အာရဗီ ဘာသာစကားတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင်တော့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ...................။                              ။


လေးစားစွာဖြင့်
                        ဝေမိုးနိုင်၊မုံရွာ၊

2 comments:

  1. ခက်ဆစ် ရှင်းလင်းချက်လေးတွေနဲ့မို့ အားလုံးဖတ်ပြီးရင် နားလည်ကြမှာပါ..

    ReplyDelete
  2. အာရဗီ ဘာသာစကားတွေကြောင့် ပိုလို့ သဘောကျမိတယ်။ အစ်မ မသိသေးတာတွေ သင်ယူလိုက်ရ၊ သိခွင့်ရလိုက်လို့ပါ။ တကယ်ကို အနုပညာဝါသနာကြီးမားတဲ့ မျိုးရိုးက လာတာပဲနော်။ ဦးလေးရေးတဲ့ ကဗျာတွေကို ဖတ်သွားခဲ့တယ် မောင်လေး။

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete